ကမ္ဘာလောက ဖြစ်ပေါ်မလာခင် ကနဦးဟင်းလင်းပြင်ကာလ တိုက်ပွဲများနှင့် ဖန်ဆင်းခြင်းစတင်သည့် ကမ္ဘာဦကာလတိုက်ပွဲများက ယခုခေတ်တိုက်ပွဲများထက် များစွာပိုမိုပြင်းထန် ရက်စက်သည်။
ထိုစဉ်က ကနဦးကောင်းကင်မှ ရှေးဦးသက်ရှိများနှင့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ သေကြေပျက်ဆီးခဲ့ရုံသာမက တာအိုအဓိပတိကြီးများသည်ပင် ကျဆုံးခဲ့ကြရသည်။
ထိုသို့ သေမြင်းအရိပ်လွှမ်းမိုးသည့် အချိန်ကာလတစ်လျှောက်လုံး စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများ၏ တည်ရှိမှုနှင့် ဂုဏ်သတင်းမှာ အလွန်ပင် ထင်ရှားကျော်ကြားခဲ့၏။
ရှေးခေတ်ကာလတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၊ တာအိုသခင်'လုယာ' နှင့် အခြားသော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ တစ်ယောက်ပြီးတစ်ယောက် တာအိုဝါဒသို့ ဝင်ရောက်လာကြပြီး လမ်းမှန်တာအိုဝါဒ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။
နတ်ဘုရားများအပ်နှင်းခြင်းစစ်ပွဲကြောင့် တာအိုဝါဒအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့သည့်တိုင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ကို တည်ထောင်နိုင်ခဲ့ပြီး တာအိုဝါဒ၏အရှိန်အဝါက ကောင်းမွန်နေဆဲ ဖြစ်သည်။
သို့သော် စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများက ရှေးခေတ်ကာလ အဆုံးသတ်တွင် အတူတကွ လောကကိုကျော်လွန်သွားခဲ့သည်။
ဆရာဘိုးဘိုးများ လောကကိုကျော်လွန်သွားခြင်းက ရှေးခေတ်ကာလနှင့် အလယ်ခေတ်ကြား တာအိုဝါဒ ဆုတ်ယုတ်ကျဆင်းခြင်း၏ အစပြုကာလပင် ဖြစ်သည်။
အလယ်ခေတ်အစမှသည် မဟာကပ်ဘေးကြီးအချိန်အထိ တာအိုဝါဒ အထွတ်ထိပ်အခြေအနေမှ တဖြည်းဖြည်းယိုယွင်းလာခဲ့သည်။
လက်ရှိအချိန်မှာတော့ တာအိုဝါဒ ပြန်လည်ဦးမော့လာမည်လား ၊ ဆက်လက်ဆုတ်ယုတ်သွားမည်လားဆိုသည်က ရန်ကျောက်ကဲတို့ မျိုးဆက်သစ်များအပေါ်တွင်သာ မူတည်သည်။
ယနေ့ နတ်ဘုရားသုတ်သင်အစီအရင်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းက တာအိုဝါဒ တိုးတက်ရေးအတွက် လမ်းစဖွင့်လိုက်ခြင်းသာပင်။
ရှေ့ဆက်ရမည့်လမ်းတွင် မြင်တွေ့ရသည့်အလင်းရောင်က သေးငယ်သော မီးပွားလေးမျှသာမဟုတ်ဘဲ မီးရှူးတန်ဆောင်ကြီးတစ်ခု ဖြစ်နေပေသည်။
သို့ပေသိ ထိုအလင်းရောင်က ဆက်လက်တောက်ပနေမည်လား သို့မဟုတ် ခဏမျှလင်းလက်ပြီး ပြန်လည်ငြိမ်သက်သွားမည်လားဆိုသည်ကတော့ အနာဂတ်တွင်သာ မူတည်ပေမည်။
မည်သို့ပင်ဖြစ်စေ ယနေ့တိုက်ပွဲ အနိုင်ရလိုက်ခြင်းက သမိုင်းဝင်သည့် ထူးခြားချက်ပင် ဖြစ်၏။
ယွင်ရှောင်းနတ်သမီးက ရွှမ်တုကိုယ်တော်လက်ထဲမှ ကြိုးများအားလုံး ပြတ်တောက်နေသော ဖုရှီဗျပ်စောင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူမက...
"ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးနဲ့ ဖုရှီဧကရာဇ်တို့လို အင်အားကြီးတဲ့သူတွေတောင် သေဆုံးခဲ့ရတာဆိုတော့ ငါတို့လည်း ကိုယ့်အောင်မြင်မှုအပေါ်မှာ သိပ်ပြီး မာန်တက်မနေသင့်ဘူး"
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
ယွင်ရှောင်းနတ်သမီးပြောသည့် တာအိုအဓိပတိနှစ်ယောက်လုံး ရှေးခေတ် ကမ္ဘာဦးကာလကတည်းက ကျဆုံးသွားကြခြင်း ဖြစ်သည်။
ကနဦးကောင်းကင်ကာလကတည်းက နတ်ဆိုးများက အခြားသောအင်အားစုများ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ကြသည်။
သူတို့အား တာအိုဝါဒမှ စန်းချင်း(၃)ပါး ၊ ရှေးခေတ်ဧကရာဇ်(၃)ပါးနှင့် အနောက်ဘက်မဟာယာနဗုဒ္ဓဘာသာဂိုဏ်းမျ အကြီးအကဲနှစ်ယောက်တို့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
နောက်ပိုင်းတွင် ဖုရှီဧကရာဇ်က လူအများ၏ ရန်သူဖြစ်လာခဲ့ပြန်သည်။
အချိန်ကြာလသည်နှင့်အမျှ ဖုရှီဧကရာဇ်၏ ကနဦးကောင်းကင်နက္ခတ်ပညာမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်တိုင် ၎င်း၏ကျော်ကြားမှုက ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ်သည်။
နက္ခတ်ပညာတွင် အစွမ်းထက်လွန်းသဖြင့် တာအိုအဓိပတိတစ်ပါးဖြစ်သော ဖုရှီဧကရာဇ်မှာ လူအများ၏ကြောက်ရွံ့ခြင်းကိုခံရရန် ကံပါလာခဲ့ပုံရသည်။
သူက အခြားသော တာအိုအဓိပတိများ၏ အနာဂတ်ကို အပြည့်အဝ သိမြင်နိုင်ခြင်းမရှိသည့်တိုင် အရိပ်အမြွက်မျှ သိမြင်ရုံဖြင့်ပင် ထိုသူများ၏ ရန်ငြိုးထားခြင်းကိုခံရရန် လုံလောက်နေပေပြီ။
တာအိုအဓိပတိများဆိုသည်က သူ့ထက်သူ လူစွမ်းကောင်းဖြစ်ရန် အချင်းချင်း ပြိုင်ဆိုင်နေကြရသည် မဟုတ်ပါလား။
ထို့ကြောင့် နက္ခတ်ပညာတွင် ကျွမ်းကျင်လွန်းသော ဖုရှီဧကရာဇ်က အခြားတာအိုအဓိပတိများ၏မျက်လုံးထဲတွင် ဖယ်ရှားရမည့်ရန်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဒဏ္ဍာရီများအရဆိုလျှင် နွီဝါးဧကရီနှင့် အော်မီတော်ဖော်တာအိုဗုဒ္ဓမှလွဲပြီး အရှေ့ဧကရာဇ်’ထိုက်ယိ’ အပါအဝင် တာအိုအဓိပတိအားလုံးက ဖုရှီဧကရာဇ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
ဖုရှီဧကရာဇ်က လောက၏ အတိတ်နှင့်အနာဂတ်ကို တွက်ချက်နိုင်သလို အခြားသော တာအိုအဓိပတိများသည်လည်း ထိုပညာရပ်ကို တတ်မြောက်ကြသည်။
သူတို့က ဖုရှီဧကရာဇ်ကို မမီသည့်တိုင် ကွာဟချက် ကြီးမားလွန်းသည်တော့မဟုတ်ပေ။
အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် နောက်ဆုံးတော့ ဖုရှီဧကရာဇ် ကျဆုံးခဲ့ရသည်။
ထိုဖြစ်ရပ်ကြောင့်ပင် ဖုရှီဗျပ်စောင်းသည်လည်း ပျက်ဆီးယိုယွင်းသွားခဲ့ပြီး ထိုဗျပ်စောင်းကို အရှေ့ဧကရာဇ်'ထိုက်ယိ' က သိမ်းဆည်းထားခဲ့သည်။
နောက်ပိုင်း ထိုဗျပ်စောင်းက တာအိုသခင်'လုယာ' ထံသို့ ရောက်ရှိသွားကာ ထိုမှတစ်ဆင့် ယန်ကျန်းထံသို့ ရောက်ရှိလာသည်။
နောက်ဆုံး ယနေ့တိုက်ပွဲတွင် ထိုဗျပ်စောင်းကိုအသုံးပြုပြီး အော်မီတော်ဖော်တာအိုဗုဒ္ဓ ဆင်းသက်မလာစေရန် တားဆီးထားနိုင်ခဲ့၏။
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ဒီ ဖုရှီဗျပ်စောင်းကို ကျွန်တော်တို့ဆီ လဲလှယ်ပေးလိုက်တုန်းက တာအိုသခင်’လုယာ’ က ဘယ်လိုစိတ်ကူးရှိခဲ့လဲတော့ မသိဘူး ၊ ဒါပေမဲ့ ဒီရတနာက ဒီနေ့တိုက်ပွဲမှာတော့ အစားထိုးလို့မရတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့တာပဲ"
ဝိညာဉ်ခြောက်ဖြာအလံရှည်က တာအိုအဓိပတိ(၃)ပါးကို တပြိုင်တည်းဟန့်တားနိုင်သော်လည်း တစ်ပါးတည်းကို (၃)ကြိမ်တိုင်တိုင် ဟန့်တားနိုင်စွမ်း မရှိပေ။
ဖုရှီဗျပ်စောင်း၏ ကျန်ရှိနေသော စောင်းကြိုး(၄)မျှင်က တာအိုအဓိပတိ(၄)ပါး တပြိုင်တည်းဆင်းသက်လာသည်ကို မတားဆီးနိုင်သော်လည်း အော်မီတော်ဖော်တာအိုဗုဒ္ဓ တစ်ပါးတည်းကို ကိုင်တွယ်ရာတွင် (၄)ကြိမ်တိုင်တိုင် ထိရောက်မှု ရှိစေခဲ့သည်။
တာအိုအဓိပတိများ စစ်မြေပြင်သို့ ဆင်းသက်မလာစေရန် ဤရတနာနှစ်ခုက တားဆီးပေးနိုင်ခဲ့သဖြင့် လမ်းမှန်တာအိုဝါဒက နတ်ဘုရားအဆုံးသတ်ဓားကို သိမ်းပိုက်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဖုရှီဗျပ်စောင်းမှ စောင်းကြိုးအားလုံး ပြတ်တောက်သွားပြီဖြစ်ရာ အံ့ဖွယ်စွမ်းအားများ ဆုံးရှုံးသွားပြီး အသုံးမဝင်သည့် ဗျပ်စောင်းအစုတ်တစ်လက်သာ ဖြစ်သွားခဲ့ပေပြီ။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုကတော့ ဖုရှီဗျပ်စောင်းကို ဦးညွှတ်ဂါရဝပြုလိုက်ကြပြီး...
“နောက်ကျရင် ဒီရတနာကို သိုးလွိနန်းတော်မှာပဲ သိမ်းဆည်းထားပြီး သူနဲ့ထိုက်တန်နတဲ့ ငြိမ်းချမ်းမှုမျိုး ရရှိစေချင်ပါတယ်”
ဖုရှီဧကရာဇ်ကို နှိမ်နင်းရာတွင် တာအိုဝါဒမှ စန်းချင်း(၃)ပါး ဆရာဘိုးဘိုးများ ပါဝင်ခဲ့ကြသည်။
ယခု ဖုရှီဗျပ်စောင်းက တာအိုဝါဒ ရှေ့ဆက်နိုင်ရန် အရေးပါသည့်ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တွေးမိသည့်အခါ ရန်ကျောက်ကဲတို့ရင်ထဲ ခံစားချက်များ ရှုပ်ထွေးသွားရသည်။
ခဏကြာတော့ ယန်ကျန်းက စကားဆိုလာသည်။
"ဖုရှီဗျပ်စောင်းအပြင် ဝိညာဉ်ခြောက်ဖြာအလံရှည်ပေါ်မှာ နာမည်ရေးထိုးဖို့ တာအိုအဆင့် အဓိပတိတစ်ပါးရဲ့ အကူအညီလိုအပ်တယ် ၊ ဒီအလုပ်ကို လောင်ကျွင်းကလွဲပြီး တခြားသူ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”
စကားဆုံးသွားသည်နှင့် သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်၏။
ယန်ကျန်း ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သဖြင့် ရန်ကျောက်ကဲ မချိပြုံးပြုံးလိုက်သည်။
“ချီထျန်းမဟာသူတော်စင်က မဟာမာရူယိကို ခုခံပေးနိုင်ခဲ့ပေမယ့် နောက်ဆက်တွဲပြဿနာတွေ အများကြီး ကျန်နေသေးတယ် ၊ အချိန်အတော်ကြာတဲ့အထိ ချီထျန်းမဟာသူတော်စင် ပြန်ထွက်ပေါ်လာနိုင်မှာ မဟုတ်သေးဘူး ၊ ပြောရရင် ရာစုနှစ်ပေါင်းများစွာတောင် ကြာသွားနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ချီထျန်းမဟာသူတော်စင်ရဲ့ ရုပ်ခန္ဓာ အစစ်အမှန်ကို အသုံးချနိုင်မယ်ဆိုရင်တောင် မြေကြီးအမြုတေကျောက်တုံးနဲ့တော့ အချိန်အတော်ကြာအောင် ပေါင်းစပ်နိုင်မှာ မဟုတ်သေးဘူး”
ထိုစကားကြားတော့ အားလုံး သက်ပြင်းချလိုက်မိသည်။
ရန်ကျောက်ကဲက လက်နှစ်ဖက် ဖြန့်ကားရင်း...
"တာအိုသခင်'လုယာ' ရဲ့ မြားခုနစ်စင်းကျိန်စာလိုမျိုး တစ်ခေတ်မှာ တစ်ခါပဲ သုံးလို့ရတာမျိုးမဟုတ်ပေမယ့် လောလောဆယ်တော့ အဲဒါကို မျှော်လင့်ချက်ထားလို့ မရသေးဘူး ၊ ကံကောင်းတာက ကျွန်တော်တို့ဆီမှာ နတ်ဘုရားသုတ်သင်အစီအရင် ရှိနေတာပဲ”
“ပြီးတော့ ရန်သူတွေ အကြီးအကျယ် အထိနာသွားတဲ့အချိန် စစ်ပွဲကရလိုက်တဲ့ အကျိုးအမြတ်တွေလည်း အများကြီးရှိတယ်လေ”
ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
“တာအိုရောင်းရင်း’ကောင်း’ ... မင်းအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ”
ထိုစကားကြားတော့ တောင်ပိုင်းချန်စန်းဧကရာဇ်က ခပ်ပါးပါး ပြုံးလိုက်သည်။ သူက အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရာ အတွင်းမှ ကောင်းဟန် ခုန်ထွက်လာသည်။
ကောင်းဟန်၏လက်ထဲမှာတော့ ခရမ်းရောင်၊ အဖြူရောင်နဲ့ ရွှေရောင် အလင်းတန်းများ ဝန်းရံနေသည့် ဘူးသီးခြောက်တစ်လုံး ကိုင်ထားသည်။
ဤသည်က တာအိုသခင်'လုယာ' ရဲ့ နတ်ဘုရားသတ်ဖြတ်ဓားပျံပင် ဖြစ်သည်။ ဓားပျံထည့်ထားသည့် ဘူးသီးခြောက်ကို ကျောက်စိမ်းကျိုင်းတံဖြင့် ချိတ်ပိတ်ထားခြင်း ဖြစ်၏။
ရန်ကျောက်ကဲ၏ အဓိပ္ပါယ်ပါပါ ပြုံးနေသည့်မျက်နှာကိုကြည့်ပြီး ကောင်းဟန်က ပွင့်ပွင့်လင်းလင်းပင် စကားဆိုလိုက်သည်။
“ငါလည်း အသက်နဲ့ရင်းခဲ့ရတာပါကွာ... သိတယ်မလား... အဲဒီနေရာမှာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေ အများကြီး ရှိနေတာလေ ၊ ကံကောင်းလို့ အောင်မြင်သွားတာ ၊ လူငယ်ကောင်းကင်ဘုံအရှင်က ငါ့အပေါ် ကရုဏာထားတာ ကျေးဇူးတင်ရမှာပါပဲ”
ကြယ်စင်မြစ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် တိုက်ပွဲဝင်နေသူများက အခြားကိစ္စများကို အာရုံမစိုက်နိုင်ကြပေ။
ထိုအချိန် ကောင်းဟန်က ကြယ်စင်မြစ်ထဲသို့ တိတ်တဆိတ်ဝင်လာခဲ့ပြီး စစ်မြေပြင်နှင့် ခပ်လှမ်းလှမ်းတွင် နေရာယူထားခဲ့သည်။
သူက ပုန်းအောင်းရင်း နတ်ဘုရားသတ်ဖြတ်ဓားပျံက ကျောက်စိမ်းကျိုင်းတံဖြင့် ချိတ်ပိတ်ခံရကာ လှိုင်းထနေသည့် ကြယ်စင်မြစ်ထဲ ပြုတ်ကျသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
နတ်ဘုရားသုတ်သင်အစီအရင်က မြစ်ဝါကိုးကွေ့အစီအရင်ကို ချေမှုန်းလိုက်သည်နှင့် ကောင်းဟန်က အခွင့်အရေးကို အမိအရဖမ်းဆုတ်ပြီး ထိုဘူးသီးခြောက်ကို ရယူလိုက်ခြင်းပင် ဖြစ်၏။
သို့သော် ကြယ်စင်မြစ်တစ်ခုလုံး နတ်ဘုရားသုတ်သင်အစီအရင်၏ ဆွဲငင်ခြင်းကိုခံရသည့်အခါ ကောင်းဟန်သည်လည်း အစီအရင်ထဲသို့ ပါသွားခဲ့သည်။
ကံကောင်းသည်မှာ တောင်ပိုင်းချန်စန်းဧကရာဇ်က သူ့ကိုကာကွယ်ပေးခဲ့သဖြင့် အမုန်းတရားမဲ့ကောင်းကင်ဘုံသို့ အတူရောက်ရှိလာနိုင်ခဲ့သည်။
ရန်ကျောက်ကဲက...
"အန္တရာယ်များလေ အကျိုးအမြတ်များလေဆိုတာ ဒါမျိုးပေါ့... မင်း ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ငါ နားလည်ပါတယ်”
ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်ကို တစ်လှည့်စီကြည့်လိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်ကိုကြည့်နေသည့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကတော့ တည်ငြိမ်နေဆဲဖြစ်သည့်တိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က ဘူးသီးခြောက်ကိုချိတ်ပိတ်ထားသည့် အလင်းတန်းများကို ဖယ်ရှားလိုက်သည့်အခါ အလင်းတန်းများက ရောင်စဉ်(၃)မျိုး တောက်ပနေသည့် ကျောက်စိမ်းကျိုင်းတံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က...
“ဒီရတနာပစ္စည်းက ကျုပ်အတွက် အရမ်းအရေးကြီးတဲ့ အဓိပ္ပါယ်တစ်ခု ရှိနေလို့ပါ ၊ ကျေးဇူးပြုပြီး နားလည်ပေးကြပါ ၊ ဒီပစ္စည်းကို ကျုပ် ယူသွားချင်ပါတယ်”
“ဒီပစ္စည်းကလွဲလို့ စစ်ပွဲကရလာတဲ့ တခြားရတနာပစ္စည်းတွေကို တစ်ခုမှ ကျုပ် မယူပါဘူး”
စကားဆုံးသွားသည်နှင့် သူ့ရှေ့တွင် ငါးရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် အတွင်းမှ ပုလဲတစ်လုံး ထွက်ပေါ်လာသည်။
ထိုပုလဲက ဗလာနယ်ကြီးတစ်ခုလုံးကို ထမ်းပိုးထားသည့်ပမာ အလွန်လေးလံပုံရသည်။
ထိုပုလဲက အခြားမဟုတ် ၊ ပင်လယ်ငြိမ်သက်ပုလဲပင် ဖြစ်သည်။