ကျောက်စိမ်းကျိုင်းတံက ယွိချင်ဆရာဘိုးဘိုး ‘ယွမ်စီထျန်းကျွင်း’ ပိုင်ဆိုင်ခဲ့သော အဖိုးမဖြတ်နိုင်သည့် ရတနာပစ္စည်း ဖြစ်သည်။
ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက် ထိုကျောက်စိမ်းကျိုင်းတံကို မျိုးဆက်သစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည်။
သို့သော် မဟာကပ်ဘေးကြီး ဆိုက်ရောက်လာပြီး တာအိုဝါဒတစ်ခုလုံး ပျက်သုဉ်းလုနီးပါး ဆုတ်ယုတ်သွားချိန်တွင် ထိုရတနာမှာလည်း ပျောက်ဆုံးသွားခဲ့သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က စကြာဝဠာတစ်ခွင် မြေလှန်ရှာဖွေခဲ့ပြီးမှ ထိုကျောက်စိမ်းကျိုင်းတံကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို တည်ထောင်ရာတွင် သူက ထိုကျောက်စိမ်းကျိုင်းတံ၏စွမ်းအားကို အသုံးပြုခဲ့သည်။
သို့သော် သူ့ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပေ။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံး၏ ဖိအားပေးမှုကြောင့် ထိုရတနာက မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က ကောင်းဟန်၊ လင်ချင်းတို့နှင့်အတူ ထိုရတနာကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့ဖူးသည်။
စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းချိန် ၊ ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာကို နှစ်ပိုင်းခွဲလိုက်ချိန် ကောင်းဟန်နှင့် လင်ချင်းတို့က တောင်ပိုင်းချန်စန်းဧကရာဇ်အတွက် ကျောက်စိမ်းကျိုင်းတံကို ပြန်လည်လုယူရန် ကြိုးစားခဲ့ကြသေးသည်။
သို့သော် ထိုစဉ်ကလည်း ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရ၏။
ယခု တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် ဤကျိုင်းတံကို ပြန်လည်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရရှိလာပြီဖြစ်ရာ လက်လွှတ်ခံနိုင်မည် မဟုတ်တော့ပေ။
သို့ပေသိ သူက ယနေ့စစ်မြေပြင်တွင် အဓိကဦးဆောင်သူ မဟုတ်သောကြောင့် သူ၏စကားတစ်ခွန်းတည်းဖြင့် အဆုံးအဖြတ်ပေး၍မရသော အရေးကြီးကိစ္စများစွာ ရှိနေခဲ့သည်။
အထူးသဖြင့် တာအိုဝါဒတစ်ခုလုံး တညီတညွတ်တည်းရှိရန်လိုအပ်နေချိန်တွင် သူက အခြားသူများ ငြိုငြင်ခံရမည်ကို မလိုလားပေ။
ထို့ကြောင့် ကောင်းဟန်တစ်ဘောက် ကြယ်စင်မြစ်ထဲသို့ခိုးဝင်ပြီး ရတနာချောင်းမြောင်းရှာဖွေနေသည့်လုပ်ရပ်မှာ အနည်းငယ်တော့ ကြည့်ရဆိုးပေသည်။
ဝူတန့်မယ်တော် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်က နတ်ဘုရားသုတ်သင်အစီအရင်ကို ထိန်းချုပ်လိုက်ကြသည်။
ကြယ်စင်မြစ်ကို အစီအရင်ထဲဆွဲသွင်းစဉ်က ကောင်းဟန်သာ ရှိမနေခဲ့လျှင် နတ်ဘုရားသတ်ဖြတ်ဓားပျံနှင့် ကျောက်စိမ်းကျိုင်းတံတို့မှာ ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့၏ လက်ထဲသို့ ရောက်ရှိလာပေမည်။
ရန်ကျောက်ကဲက ရှောက်ကျွင်းဟွမ်၊ ရွှယ်ချူးချင်တို့၏ အဆက်အနွယ်ဖြစ်လေရာ ကျောက်စိမ်းကျိုင်းတံကို တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ အတင်းအဓမ္မ လုယူထားမည် မဟုတ်ပေ။
သို့သော် ဧကရာဇ်နှင့် ကောင်းဟန်က ရာနှုန်းပြည့်သေချာစေရန် ဤသို့သောနည်းလမ်းမျိုး အသုံးပြုခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤကိစ္စတွင် တောင်ပိုင်းချန်စန်းဧကရာဇ်ဘက်မှ အားနာစရာဖြစ်သွားလေရာ ရန်ကျောက်ကဲကို တန်ဖိုးရှိသော ရတနာပစ္စည်းတစ်ခုခုဖြင့် ပြန်လည်လျော်ကြေးပေးရန် လိုအပ်လာသည်။
ရန်ကျောက်ကဲနောက်ကွယ်တွင် ဖန်းယွင်ရှန်း၊ ရန်တိနှင့် ရွှီဖေးတို့ကဲ့သို့ အင်အားကြီးသူများ ရှိနေလေရာ ဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲနှင့် ရန်ငြိုးဖွဲ့လိုခြင်းမရှိပေ။
ထို့ကြောင့် ပင်လယ်ငြိမ်သက်ပုလဲကို ပေးအပ်လိုက်ခြင်းက ရန်ကျောက်ကဲအတွက် လျော်ကြေးနှင့် တောင်းပန်မှုပင် ဖြစ်၏။
ပြီးတော့ သူက နတ်ဘုရားသတ်ဖြတ်ဓားပျံကိုလည်း ယူဆောင်မထားဘဲ ယန်ကျန်းထံသို့ ပေးအပ်လိုက်သည်။
ဤသည်က လူတိုင်းမျှော်လင့်ထားသည့် ကိစ္စသာပင်။
တကယ်တော့ တာအိုသခင်’လုယာ’ ၏ လျှို့ဝှက်သိုင်းပညာမပါဘဲ နတ်ဘုရားသတ်ဖြတ်ဓားပျံကို မည်သူမျှ အသက်သွင်းနိုင်မည် မဟုတ်ပေ။
နောက်ပိုင်း အသုံးပြုလာနိုင်မည့်သူ ပေါ်လာနိုင်သော်လည်း လက်ရှိမှာတော့ ဤရတနာကို မည်သူမှ မမက်မောကြပေ။
သို့ပေသိ ထိုလက်နက်က ယန်ကျန်းကို လုံးဝဥဿုံ အနိုင်ယူနိုင်သည့်လက်နက် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။
သို့ဖြစ်ရာ ထိုဓားပျံကို တစ်ယောက်ယောက်က ယူသွားမည်ဆိုလျှင် ယန်ကျန်း၏ အထင်လွဲမှားမှုကို ခံရပေမည်။
တစ်ဖက်မှာတော့ ဤလက်နက်ကို ယန်ကျန်းလက်ထဲ ထားရှိခြင်းကလည်း အသုံးဝင်လှသည်တော့ မဟုတ်ပေ။
ယန်ကျန်းကဲ့သို့သောလူမျိုးသည်ပင် မနှိမ်နင်းနိုင်သည့် ရန်သူမျိုးထွက်ပေါ်လာပါက ဤနတ်ဘုရားသတ်ဖြတ်ဓားပျံသည်လည်း ဘာမှအရာထင်မည် မဟုတ်ပေ။
ယန်ကျန်းက ထိုနတ်ဘုရားသတ်ဖြတ်ဓားပျံကိုကြည့်ရင်း ပြုံးလိုက်ပြီး...
“ကျုပ်ကတော့လေ... လုယာရဲ့ ဒီရတနာပစ္စည်းနဲ့ကို ရေစက်ပါနေပုံရတယ်”
သူက ဤလက်နက်အပေါ် အနည်းငယ်စိုးရိမ်စိတ်ရှိခဲ့သော်လည်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သူက ငြင်းဆန်ခြင်းမပြုဘဲ တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ ဘူးသီးခြောက်ကို ပြုံးရွှင်စွာပင် လက်ခံလိုက်သည်။
ထို့နောက် ယန်ကျန်းက လက်ဖဝါးကိုဖြန့်လိုက်ရာ ရောင်စဉ်ငါးမျိုးအလင်းတန်းများရစ်သိုင်းနေသည့် ပင်လယ်ငြိမ်သက်ပုလဲတစ်လုံး ထွက်ပေါ်လာသည်။
သူက ပြုံးလိုက်ပြီး...
“ကျုပ်က သိုးလွိနန်းတော်မှာ မနေရင် ဗလာနယ်ထဲ လှည့်လည်သွားလာနေတာ ၊ အခုထိ ကိုယ်ပိုင်ကျောက်ဂူအိမ်တော်တစ်ခု ပြန်လုပ်ဖို့ ဆုံးဖြတ်ချက် မချရသေးဘူး ၊ ဒီတော့... ဒီပင်လယ်ငြိမ်သက်ပုလဲက ကျုပ်အတွက် သိပ်ပြီး အသုံးမဝင်လှပါဘူး ၊ လိုအပ်တဲ့သူကိုပေးလိုက်တာက ပိုကောင်းမယ်ထင်တယ်”
သူက ဝူတန့်မယ်တော်ကို လှမ်းကြည့်လိုက်ပြီး...
“မယ်တော်က ကျုပ်တို့တာအိုဝါဒအတွက် အနစ်နာခံပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ် ၊ အခုချိန်မှာ အနားယူပြီး ဆေးကုသဖို့ အာရုံစိုက်သင့်တယ် ၊ မယ်တော်ရဲ့ ကျန်းမာရေးအတွက် သီးခြားနယ်မြေတစ်ခု တည်ဆောက်တာပဲဖြစ်ဖြစ် ၊ စန့်ချင်ကျိုးဂိုဏ်းရဲ့ မျိုးဆက်သစ်တွေကို ပညာသင်ပေးတာပဲဖြစ်ဖြစ် ဒီရတနာပစ္စည်းက မယ်တော့်အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်”
ယနေ့တိုက်ပွဲတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးတိတိ ဆုံးရှုံးခဲ့သည်။ ထိုပုလဲများက နတ်ဘုရားသုတ်သင်အစီအရင် ကြယ်စင်မြစ်ကိုဝါးမျိုစဉ် ပါသွားခဲ့ခြင်း မဟုတ်ပေ။
ထိုပုလဲများကို ယန်ကျန်း၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ဖန်းယွင်ရှန်း၊ စောမင်ကျန့်၊ ရွှမ်တုကိုယ်တော်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က တစ်လုံးစီ ရရှိခဲ့ကြသည်။
ယနေ့တွင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အတိတ်ရန်ငြိုးများကိုဘေးဖယ်ကာ အရေးကြုံချိန်တွင် လာရောက်ကူညီခဲ့သည်။
သို့သော် သူ့လက်ထဲမှ ကျောက်စိမ်းကျိုင်းတံက ရန်သူ့လက်တွင် မဆုံးရှုံးရဘဲ ကိုယ့်အချင်းချင်းကြားတွင် ဆုံးရှုံးခဲ့ရသည်။ ဤသည်က သူ့အတွက် မတရားသလို ဖြစ်နေပေသည်။
သို့ပေသိ အတိတ်တစ်ချိန်က သူ ကျောက်စိမ်းကျိုင်းတံကို ရယူခဲ့စဉ်ကပင် သူနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့၏ဆက်ဆံရေးက ရှုပ်ထွေးသောအခြေအနေသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ယခု သူ၏အခြေအနေက ထိုစဉ်က တောင်ပိုင်းချန်စန်းဧကရာဇ်၏ အခြေအနေနှင့် ထပ်တူဖြစ်နေတော့သည်။
သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးက အလွန်နက်ရှိုင်းလှသဖြင့် အခြားသူများ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ပင်လယ်ငြိမ်သက်ပုလဲကိုရရှိလိုက်ခြင်းက မြောက်ပိုင်းကြယ်စင်ဧကရာဇ်အတွက် အနည်းငယ် နှစ်သိမ့်မှု ဖြစ်စေနိုင်သည်။
ယခုတစ်ကြိမ်တွင် တာအိုဝါဒတစ်ခုလုံးအနေဖြင့် နတ်ဘုရားသုတ်သင်အစီအရင် အပြည့်အစုံကို ပြန်လည်ရရှိခဲ့သဖြင့် အားလုံးအတွက် အကျိုးရှိခဲ့သည်။
ထိုအထဲတွင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း ချွင်းချက် မဟုတ်ခဲ့ပေ။
ဝူတန့်မယ်တော်က ယန်ကျန်းပေးသည့် ပင်လယ်ငြိမ်သက်ပုလဲကို လက်ခံယူလိုက်သည်။
ရွှမ်တုကိုယ်တော်ကလည်း သူရရှိထားသည့် ပင်လယ်ငြိမ်သက်ပုလဲကိုထုတ်ယူပြီး ယွင်ရှောင်းနတ်သမီးကို ပေးလိုက်သည်။
"ဒီ ပင်လယ်ငြိမ်သက်ပုလဲက ငါ့အတွက်လည်း အသုံးမဝင်ပါဘူး"
သူက ဆက်ပြောလိုက်သည်။
“မင်း နတ်မိမယ်ကျွန်းကို ပြန်လည်တည်ထောင်တဲ့အခါ ဒီပုလဲကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်ပါတယ်”
ယွင်ရှောင်းနတ်သမီးကလည်း ဟန်ဆောင်ပန်ဆောင်ပင် ငြင်းဆန်ခြင်းမပြုဘဲ ထိုပုလဲကို လက်ခံယူလိုက်သည်။
ငါးရောင်ခြယ်အလင်းတန်းများ သူမ၏မျက်နှာထက် ဖြာကျလာချိန် ယွင်ရှောင်း ခဏမျှငေးငိုင်သွားသည်။
တကယ်တော့ ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံး၏ မူလပိုင်ရှင်မှ စန့်ချင်ကျိုးဂိုဏ်းမှ ထိပ်တန်းတန်ခိုးစွမ်းအားရှင် ‘ကျောက်ကုန်းမင်’ ဖြစ်သည်။
ယခင်က ကျောက်ကုန်းမင်နှင့် ယွင်ရှောင်းနတ်သမီးတို့က မောင်နှမရင်းချာများပမာ ခင်မင်ရင်းနှီးခဲ့ကြဖူးသည်။
ကျောက်ကုန်းမင် သေဆုံးသွားပြီးနောက် ပင်လယ်ငြိမ်သက်ပုလဲအားလုံးက မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓဟု လူသိများသော မငြိမ်းသောမီးအိမ်တာအိုဆရာလက်ထဲသို့ ကျရောက်သွားခဲ့သည်။
ယွင်ရှောင်းနတ်သမီးမှာ လက်ထဲမှ ပင်လယ်ငြိမ်သက်ပုလဲကိုကြည့်ရင်း အတိတ်ဟောင်းများ ရင်ထဲသို့တိုးဝှေ့လာကာ အစ်ကိုဖြစ်သူ’ကျောက်ကုန်းမင်’ ကို လွမ်းဆွတ်လာမိသည်။
သူမက သက်ပြင်းဖွဖွ ချလိုက်ရင်း...
“အခုဆို စန်းရှောင်းဧကရီ(၃)ပါးမှာ ကျွန်မတစ်ယောက်ပဲ ကျန်တော့တယ် ၊ ဂိုဏ်းတူအစ်မ ‘ဝူတန့်မယ်တော်’ က လည်း ဒဏ်ရာရထားတော့ နတ်ဘုရားသုတ်သင်အစီအရင်ကို ထိန်းသိမ်းဖို့ ကျွန်မပဲ တာဝန်ယူရလိမ့်မယ် ၊ ဂိုဏ်းတူအစ်မ ပြန်နေကောင်းလာပြီး တာဝန်ကိုလွှဲပြောင်းယူနိုင်တဲ့အချိန်ကျမှ ကျန်တဲ့ကိစ္စတွေ စဉ်းစားပါတော့မယ်”
သူမစကားကြောင့် ဘေးနားမှလူများအားလုံး သူမအပေါ် စာနမိကြသည်။
စန်းရှောင်းနတ်မိမယ်(၃)ပါး ဖြစ်ကြသည့် ယွင်ရှောင်း၊ ပိရှောင်း နှင့် ချုန်ရှောင်းတို့အနက် ယခု ယွင်ရှောင်းတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်တော့သည်။
မဟာကပ်ဘေးကြီးကျရောက်ပြီး မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော် ပျက်သုဉ်းသွားချိန်တွင် အချို့က လွတ်မြောက်ခဲ့ကြသော်လည်း အချို့ကတော့ ကောင်းကင်ဘုံနန်းတော်နှင့်အတူ ထာဝရချုပ်ငြိမ်းသွားခဲ့ကြသည်။
ထိုသို့သေဆုံးသွားသူများထဲတွင် ပိရှောင်းနှင့် ချုန်ရှောင်းလည်း ပါဝင်ခဲ့ကြသည်။
စန်းရှောင်းနတ်မိမယ် ညီအစ်မ(၃)ဖော်မှာ အချင်းချင်း အလွန်ချစ်ခင်ကြသည်ဖြစ်ရာ ယွင်ရှောင်းမှာ သေဆုံးသွားသည့် ညီမငယ်နှစ်ယောက်အကြောင်းတွေးမိတိုင်း ဝမ်းနည်းပူဆွေးရသည်ပင်။
ယွင်ရှောင်းနတ်သမီးက စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး...
“နတ်ဘုရားသုတ်သင်အစီအရင်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့လိုတယ် ၊ အစီအစဉ်ဆွဲပြီးတာနဲ့ ကျွန်မ ချက်ချင်း အကောင်အထည်ဖော်ပါ့မယ် ၊ ဒါပေမဲ့... အားလုံးပဲ... ကျွန်မကို ကူညီပေးဖို့တော့ လိုအပ်တယ်”
အားလုံးကလည်း တစ်ညီတစ်ညွတ်တည်းပင်...
“ငါတို့အားလုံး သေချာပေါက် ကူညီပေးပါ့မယ်... ၊ နတ်သမီး ကူညီပေးတာကိုလည်း ကျေးဇူးတင်ပါတယ်”
တစ်ဖက်မှာတော့ ရန်ကျောက်ကဲက တောင်ပိုင်းချန်စန်းဧကရာဇ်ပေးလာသော ပင်လယ်ငြိမ်သက်ပုလဲကို သိမ်းဆည်းလိုက်သည်။
ထိုပုလဲအတွင်းပိုင်းတွင် နက်ရှိုင်းဆန်းပြားသော စွမ်းအားများကိန်းအောင်းနေသည်။
အပြင်ပန်းကြည့်လျှင် သေးငယ်သည်ထင်ရသော်လည်း လက်ထဲတွင် ဆုပ်ကိုင်လိုက်သည့်အခါ အလွန်ပင် လေးလံလှ၏။
ပင်လယ်ငြိမ်သက်ပုလဲ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်မည်ဆိုပါက ၎င်း၏ထုထည်မှာ တောင်တန်းကြီးများထက်ပင် ပိုမိုကြီးမားပေမည်။
ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးနှင့်ယှဉ်လျှင် တစ်လုံးတည်းက ဘာမှမဟုတ်သလို ထင်မှတ်ရသော်လည်း ၎င်းမှ ထွက်ပေါ်လာသော ငါးရောင်ခြယ်အလင်းတန်းများက ရန်သူကို အလစ်အငိုက်မိစေနိုင်ပြီး မည်သည့်ခံစစ်ကိုမဆို ထိုးဖောက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ပုလဲတစ်လုံးတည်းဖြင့်ပင် ရန်သူပေါင်းများစါာကို ဖိနှိပ်ရန် လုံလောက်သည်။
သို့သော် ဤရတနာပစ္စည်းက စောမင်ကျန့်ကိုတော့ မဖိနှိပ်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော စောမင်ကျန့်၏တန်ခိုးစွမ်းအားက အတိုင်းအဆမဲ့ ကြီးမားသန်မာလွန်းသောကြောင့် ဖြစ်၏။
ထူးခြားသည်မှာ ဤပုလဲက တိုက်ခိုက်ရေးအတွက်သာ အသုံးဝင်သည် မဟုတ်ပေ။
ဤပုလဲအတွင်းမှ ဟင်းလင်းပြင်ကို ဖွင့်ချလိုက်မည်ဆိုပါက ကမ္ဘာတစ်ခုနှင့် အတိုင်းအတာတူညီသော သီးခြားနယ်မြေတစ်ခု ထွက်ပေါ်လာမည်ဖြစ်ပြီး ၎င်း၏အကျယ်အဝန်းက ထျန်းစူးစကြာဝဠာထက်ပင် သာလွန်နိုင်သည်။
ထို့ပြင် ထိုသီးခြားနယ်မြေတွင် ရုပ်ဝတ္ထုများစွာ ထွက်ရှိနိုင်သဖြင့် ရေတွက်မကုန်နိုင်သော သယံဇာတများလည်း ရရှိမည် ဖြစ်သည်။
စနစ်တကျ ပြုပြင်ဖန်တီးမည်ဆိုပါက ပြင်ပလောကကို အားကိုးရန်မလိုဘဲ မိမိဖာသာရပ်တည်နိုင်သည့် ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်ပေမည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓတွင် ကောင်းကင်ဘုံ (၂၄)ခုရှိသည်ဆိုသော ဆိုရိုးစကားမှာ ဤအချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်၏။
ယခု ဖန်းယွင်ရှန်းတစ်လုံး ရန်ကျောက်ကဲတစ်လုံး ရရှိထားပြီးဖြစ်ရာ ထျန်းစူးစကြာဝဠာအတွက် အလွန်ပင် အကျိုးအမြတ်ကြီးပေသည်။