“သိုးလွိနန်းတော်” ဟု ရေးထိုးထားသည့် ဆိုင်းဘုတ်ကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏမျှ အတွေးနက်သွားမိသည်။
နောက်မှ အခြားသူများနှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
သူတို့အားလုံး အမုန်းတရားမဲ့ကောင်းကင်ဘုံမှထွက်ခွာလာပြီးနောက် အဆုံးမရှိသော ဗလာနယ်အာကာသထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။
“ထူးထူးခြားခြား ခံစားရတာမျိုး ရှိနေလို့လား”
ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းလိုက်သည်။
စောစောက ရန်ကျောက်ကဲ၏အမူအရာကိုကြည့်ပြီး သူ အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရသည်ကို သူမ ချက်ချင်း ရိပ်မိလိုက်သည်။
ဒြပ်စင်ငါးပါးတောင်ခြေတွင် ချီထျန်းမဟာသူတော်စင်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ဤဖြစ်ရပ်များနောက်ကွယ်တွင် လောင်ကျွင်း တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သည်ဟု ရန်ကျောက်ကဲ သံသယဝင်ခဲ့မိသည်။
ယခု သူကိုယ်တိုင် အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်သို့ လာရောက်ခွင့်ရခဲ့ပြီ။ သို့သော် ကံကြမ္မာဖန်သည်လားမသိ ၊ လောင်ကျွင်းနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
“ဘာမှ ထူးခြားတာ မရှိပါဘူး”
ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။
ဖန်းယွင်ရှန်းက အံ့အားသင့်သွားပြီး...
“ဘာမှမထူးခြားဘူး... ဟုတ်လား”
ရန်ကျောက်ကဲက တစ်ယောက်တည်း ရေရွတ်သည့်ဟန်ဖြင့် စကားဆိုလိုက်သည်။
“ဟုတ်တယ်... ဘာမှ မထူးခြားတာကပဲ ပိုပြီးထူးဆန်းနေသလားလို့”
ဖန်းယွင်ရှန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမ အတန်ကြာ စဉ်းစားပြီးမှ...
“ရွှမ်တုကိုယ်တော်ကလည်း ရှင့်ကိုကြည့်တဲ့အကြည့်တွေမှာ ဘာမှထူးဆန်းတဲ့အမူအရာမျိုး မရှိဘူးနော်”
ရန်ကျောက်ကဲက...
“ချီထျန်းမဟာသူတော်စင်က လောင်ကျွင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတာမို့လို့ တခြားသူတွေ မမြင်နိုင်တာကို သူ သိမြင်နိုင်တာ ဖြစ်လိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ချီထျန်းမဟာသူတော်စင်က လောင်ကျွင်းနဲ့ တွေ့ဆုံတဲ့ အကြိမ်ရေက ရွှမ်တုကိုယ်တော်လောက်တော့ မများနိုင်ဘူး မဟုတ်လား”
ဖန်းယွင်ရှန်းက...
“ကျွန်မတို့ တစ်ခုခုလွဲနေတာမျိုးလည်း ဖြစ်နိုင်တယ်”
သူမက ဆက်ပြီး ခန့်မှန်းကြည့်လိုက်သည်။
“ရွှမ်တုကိုယ်တော်က သိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး တောင်ပိုင်းချန်စန်းဧကရာဇ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဒီလူကလည်း အတော်လေး သံသယဖြစ်စရာကောင်းတယ်”
သူက အတွေးများကို လက်စသတ်လိုက်ပြီး...
“ဘာမှမဆုံးဖြတ်နိုင်ခင်အထိတော့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့”
အမုန်းတရားမဲ့ကောင်းကင်ဘုံမှ ထွက်ခွာလာပြီးနောက် အားလုံး လမ်းခွဲခဲ့ကြသည်။
ယန်ကျန်းသည်လည်း တစ်ခြားကိစ္စတစ်ခုခု ရှိနေပုံရပြီး သိုးလွိနန်းတော်မှ ထွက်ခွာသွားခဲ့၏။
“ခဏလောက် စောင့်ပါဦး... ကျွန်တော် မေးစရာလေး တစ်ခုရှိလို့ပါ”
ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် ယန်ကျန်းအား စကားလှမ်းပြောလိုက်သည်။
“ကောင်းပြီ...”
ယန်ကျန်းက အသံပို့လွှတ်စနစ်ဖြင့် ပြန်ပြောလိုက်သော်လည်း အခြားသူများ မရိပ်မိအောင် အမူအရာမပျက် ရှေ့ဆက်ထွက်ခွာသွားသည်။
ကျန်လူများအားလုံးကို မျက်ခြေဖြတ်နိုင်ပြီဆိုတော့မှ သူက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ရန်တိနှင့် ရွှီဖေးတို့အား မတ်တတ်ရပ်လျှက် စောင့်ဆိုင်းနေလိုက်၏။
ယန်ကျန်းက...
“ဘာကိစ္စရှိလို့လဲ ကျောက်ကဲ”
ထို့နောက် သူက ပြုံးလိုက်ပြီး...
“ဒါနဲ့ စကားမစပ်... မင်းရဲ့နာမည်က ဘာအဓိပ္ပာယ်လဲဆိုတာ ငါသိချင်နေတာ ၊ ကြည့်ရတာ တစ်ယောက်ယောက်ကို အခွင့်ကောင်းယူထားတဲ့ နာမည်မျိုးနဲ့တူနေသလိုပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ရန်တိကို လှမ်းကြည့်လိုက်သည်။
ရန်တိနှင့် အခြားသူများက ရယ်မောလိုက်ကြလေသည်။
ရန်ကျောက်ကဲက ရယ်ကျဲကျဲဖြင့်...
“ကျွန်တော်ငယ်ငယ်က အောက်ဘုံကမ္ဘာတစ်ခုမှာ ကြီးပြင်းခဲ့တာပါ ၊ အဲဒီမှာ ‘ရန်ကျောက်’ လို့ခေါ်တဲ့ ဒေသတစ်ခုရှိတယ် ၊ အဲဒီမှာနေထိုင်တဲ့သူတွေက သတ္တိရှိပြီး တရားမျှတမှုကို မြတ်နိုးကြသလို သူရဲကောင်းတွေအတွက် စပ်ဆိုထားတဲ့ တေးသီချင်းတွေကိုလည်း သီဆိုရတာဝါသနာပါတယ် ၊ အဲဒါကြောင့် အဖေက ကျွန်တော့်ကို အဲဒီနာမည်ပေးခဲ့တာ”
ယန်ကျန်းက ပြုံးလိုက်ပြီး...
“အဲဒီလိုကိုး... ဟုတ်ပါပြီ ၊ ဆိုတော့... အဓိကအကြောင်းအရာကို ပြန်သွားရအောင် ၊ မင်း ငါ့ကို ဘာမေးစရာရှိလို့လဲ”
ရန်ကျောက်ကဲက မျက်နှာကို ပြန်တည်လိုက်ပြီး...
“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အော်မီတော်ဖော်တာအိုဗုဒ္ဓကို ကူညီပြီး အရှေ့ဧကရာဇ်ကို တားဆီးပေးခဲ့တယ် ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်လဲ”
ယန်ကျန်းက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...
“မင်းစိတ်ထဲမှာ တစ်ခုခု ခန့်မှန်းထားပြီးသား မဟုတ်လား”
ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...
“ခင်ဗျားလည်း ကျွန်တော့်လိုပဲ သံသယဝင်နေတယ် မဟုတ်လား”
“အရင်က နတ်ဘုရားသုတ်သင်ဓားကိစ္စနဲ့ဆိုရင်ရော... ဒီအဖြစ်အပျက်နှစ်ခုက ဆက်စပ်နေနိုင်မလား”
လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်ဓားကို လိုက်လံရှာဖွေစဉ်က ထိုဓားက သိုးလွိနန်းတော်တွင် အစောကြီးကတည်းက ရှိနေခဲ့သည်။
ထိုစဉ်က ယန်ကျန်းက မြေကမ္ဘာဘုရင်မအဖြစ် ဟန်ဆောင်ပြီး နတ်ဘုရားသုတ်သင်ဓားကို အသုံးပြုကာ အခြားသူများကို အာရုံလွှဲခဲ့သည်။
ထို့နောက် သူက ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ သွားရောက်ပြီး ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ကို သွားရောက် ယူငင်ခဲ့သည်။
နောက်ပိုင်း သူက ထိုမီးအိမ်ကို တာအိုသခင်’လုယာ’ ထံမှ ဟောင်းနွမ်းနေသော ‘ဖုရှီဗျပ်စောင်း’ ဖြင့် လဲလှယ်ခဲ့သည်။
ယနေ့တိုက်ပွဲတွင် ထိုဗျပ်စောင်းက အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။
သို့သော် နတ်ဘုရားသုတ်သင်ဓားက နဂိုကတည်းက သိုးလွိနန်းတော်တွင် ရှိနေခဲ့ခြင်း မဟုတ်ပေ။
မဟာကပ်ဘေးကြီးကာလတွင် ကွမ်းချန်ထျန်းကျွင်း ကျဆုံးသွားခဲ့ပြီး နတ်ဘုရားသုတ်သင်ဓားသည်လည်း ငရဲကိုးထပ်ကလ်ထဲသို့ ရောက်ရှိသွားခဲ့သည်။
နောက်ပိုင်း ငရဲကိုးထပ်က သိုးလွိနန်းတော်နှင့် အပေါးအယူလုပ်ခဲ့ပြီး နတ်ဘုရားသုတ်သင်ဓားကို တာအိုဝါဒသို့ ပြန်လည်ပေးအပ်ခဲ့သည်။
ထိုအပေးအယူကိစ္စအားလုံးကို ရွှမ်တုကိုယ်တော်က ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပြီး ယန်ကျန်းသည်ပင် ထိုကိစ္စကို အသေးစိတ် သိရှိခဲ့ခြင်း မရှိပေ။
သို့သော် သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ခု ခန့်မှန်းထားခဲ့မိသည်။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက တာအိုအဓိပတိတစ်ပါး ဖြစ်သည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်နှင့် အပေးအယူပြုလုပ်ရန် ထိုက်တန်သောပစ္စည်းဆိုသည်က အလွန်တရာ ရှားပါးသည်။
အရင်က ယန်ကျန်းကိုယ်တိုင်လည်း သူ၏ခန့်မှန်းချက်အပေါ် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သည်။
သို့သော် အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးတို့က မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကို မည်သို့စည်းရုံးခဲ့သနည်းဟု ပြန်လည်စဉ်းစားကြည့်လျှင် သူတို့ပေးလိုက်ရသည့်တန်ဖိုးမှာလည်း သေချာပေါက် အလွန်ကြီးမားပေမည်။
ထိုနှစ်ချက်ကို ဆက်စပ်ကြည့်လိုက်တော့ သူတို့အားလုံးစိတ်ထဲ အဖြေတစ်ခု ထွက်ပေါ်လာသည်။
ငရဲကိုးထပ်ကို စည်းရုံးနိုင်သည့်အရာ များစွာရှိသော်လည်း မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုပင် စည်းရုံးနိုင်လောက်အောင် လေးနက်သည့်အရာမှာ အလွန်ပင် ရှားပါးလှသည်။
ရွှီဖေးက တည်ကြည်လေးနက်သောအသံဖြင့်...
“ထိုက်စန့်ကောင်းကင်နတ်ဆိုး... ပြီးတော့...”
“... သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး...”
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိနှင့် ယန်ကျန်းတို့အားလုံး တိတ်ဆိတ်သွားကြသည်။
မူလက ငရဲကိုးထပ်တွင် ဘိုးဘေးမဟာနတ်ဆိုး (၆) ပါး ရှိခဲ့သည်။
သို့သော် ထိုက်ချင်ဘိုးဘေး ‘ထိုက်စန့်လောင်ကျွင်း’ နှင့် အနောက်ဒေသမှ ‘အော်မီတော်ဖော်တာအိုဗုဒ္ဓ’ တို့က သူတို့၏ တန်ခိုးစွမ်းအားနှင့် ဉာဏ်အလင်းကို အသုံးပြုကာ ထိုနတ်ဆိုးနေရာနှစ်ခုကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြသည်။
ထို့ကြောင့် သူတို့က ကနဦးကောင်းကင်ကာလကတည်းက ထိုနတ်ဆိုးများ၏ ကံကြမ္မာကို ဖြတ်တောက်နိုင်ခဲ့ကြသည်။
ထိုသို့ဖြင့် ထိုက်စန့်လောင်ကျွင်း၏ကိုယ်ပွားက တတိယမြောက် ဘိုးဘေးနတ်ဆိုးဖြစ်သော “ထိုက်စန့်ကောင်းကင်နတ်ဆိုး” ဖြစ်လာခဲ့ပြီး အော်မီတော်ဖော်တာအိုဗုဒ္ဓ၏ နတ်ဆိုးကိုယ်ပွားကတော့ စတုတ္ထမြောက် ဘိုးဘေးနတ်ဆိုးဖြစ်သော “သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး” ဖြစ်လာခဲ့သည်။
ထိုနတ်ဆိုးများက ကိုယ်ပွားဆိုသော်လည်း ကိုယ်ပွားသက်သက် မဟုတ်ကြပေ။
အတိအကျပြောရလျှင် ဤဘိုးဘေးနတ်ဆိုးများသည် အမှန်တကယ် သီးခြားတည်ရှိနေသည့် သက်ရှိများ မဟုတ်ကြချေ။
ရန်ကျောက်ကဲ၏ အမြင်အရဆိုလျှင် ထိုနတ်ဆိုးများမှာ ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်တာအိုဗုဒ္ဓတို့၏ ရုပ်သေးရုပ်များဟုခေါ်လျှင် ပို၍မှန်ကန်ပေမည်။
ဤသည်က တာအိုဆရာ’ကျူးထီ’ က ဗောဓိဘိုးဘိုးအဖြစ် ကိုယ်ပွားရယူပြီး နောက်ပိုင်း တထာဂတဿတာအိုဗုဒ္ဓဖြစ်လာသကဲ့သို့ ဖြစ်၏။
သို့သော်လည်း အပြင်လောကမှ မသိမြင်နိုင်သည့် နက်နဲရှုပ်ထွေးသော အချက်အလက်များစွာ ရှိနေသေးသည်။
ရှေးယခင်အချိန်က အချို့သူများက ထိုက်စန့်ကောင်းကင်နတ်ဆိုးဆိုသည်မှာ ထိုက်စန့်လောင်ကျွင်း လောကကိုကျော်လွန်သွားပြီးနောက် လောင်ကျွင်းက ကိုယ်ပွားနေရာ ရယူထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် ချီထျန်းမဟာသူတော်စင်၏ ပြောပြချက်အရ ထိုအယူအဆမှာ လုံးဝမှားယွင်းနေကြောင်း ရန်ကျောက်ကဲ သိရှိခဲ့ရသည်။
ငရဲကိုးထပ်က ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့ကို အငမ်းမရ လိုချင်နေကြသည် ဆိုသော်လည်း သူတို့က ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်တာအိုဗုဒ္ဓတို့ကို သူတို့၏နေရာများမှ ဖယ်ရှားပေးရန် တောင်းဆိုခြင်း မဟုတ်ပေ။
အကြောင်းမှာ ထိုနေရာများကို သိမ်းပိုက်ထားပြီးသား ဖြစ်နေသောကြောင့်ပင်။
ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်တာအိုဗုဒ္ဓတို့ သက်ရှိထင်ရှား ရှိနေသရွေ့ ငရဲကိုးထပ်သည် အခြားတာအိုအဓိပတိ နှစ်ပါးကို အလိုအလျောက် ထပ်မံ ထွက်ပေါ်လာစေနိုင်မည် မဟုတ်ချေ။
သို့ပေသိ ငရဲကိုးထပ်အနေဖြင့် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့နှင့် သက်ဆိုင်သည့် “အခွင့်အာဏာ” ကိုတော့ ပြန်လည်ရယူနိုင်ကြသည်။
ငရဲကိုးထပ်အနေဖြင့် ထိုဘိုးဘေးမဟာနတ်ဆိုးနှစ်ပါး၏ အခွင့်အာဏာကို ပြန်လည်ရယူနိုင်သည့်တိုင် ထိုဘိုးဘေးနတ်ဆိုးများ အမှန်တကယ် ဆင်းသက်လာအောင် မလုပ်ဆောင်နိုင်သေးပေ။
သို့သော် သူတို့အတွက် အလွန်တရာ အကျိုးသက်ရောက်မှုရှိသော လျှို့ဝှက်ချက်တစ်ခု ရှိနေပေသည်။
“မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အမှန်ပဲ... ငရဲကိုးထပ်က ထိုက်စန့်ကောင်းကင်နတ်ဆိုးနဲ့ သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့ရဲ့ အခွင့်အာဏာကို အသည်းအသန် လိုချင်နေတဲ့အကြောင်းရင်းက မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်ကို ဖော်ဆောင်ဖို့ပဲ ၊ ဒီအစီအရင်နဲ့သာဆိုရင် သူတို့ရဲ့ နတ်ဆိုးရောင်ဝါကို မြှင့်တင်ပေးနိုင်ရုံတင်မကပဲ ယွမ်စီကောင်းကင်နတ်ဆိုးကိုပါ ချိတ်ပိတ်ထားရာက နိုးထအောင် လုပ်နိုင်လိမ့်မယ်”
မိစ္ဆာနတ်ဘုရား (၁၂)ပါး အစီအရင်...။
နာမည်အတိုင်းပင် မိစ္ဆာနတ်ဘုရား (၁၂)ပါး၏ ပေါင်းစပ်စွမ်းအားဖြင့် ဖော်ဆောင်ရသော အစီအရင်ဖြစ်၏။
တာအိုအဆင့်ရှိသည့် ဘိုးဘေးမဟာနတ်ဆိုး(၆)ပါးနှင့် ကောင်းကင်နတ်ဘုရား အထွတ်ထိပ်အဆင့်ရှိသည့် ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးတို့၏ စွမ်းအားများ ပေါင်းစပ်ဖွဲ့စည်းထားသည့် အစီအရင်တစ်ခု ဖြစ်ပေသည်။
တွေးကြည့်ရုံရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှပေသည်။
လောလောဆယ်မှာတော့ အသံကြားရုံဖြင့် ထိတ်လန့်တုန်လှုပ်စရာကောင်းသော ထိုအစီအရင်မှာ စာအုပ်ထဲမှ နိယာမတစ်ခုအဖြစ်သာ ရှိနေသေးသည်။
ယွမ်စီကောင်းကင်နတ်ဆိုးသာ ချိတ်ပိတ်ခံထားရာမှ လွတ်မြောက်လာပြီး ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး ဤလောကသို့ ဆင်းသက်လာမည်ဆိုလျှင်တောင်မှ ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးကတော့ ရုပ်အလောင်းသာလျှင် ကျန်ရှိတော့မည် ဖြစ်သည်။
ထို့ပြင် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့မှာလည်း အမှန်တကယ် ထွက်ပေါ်လာနိုင်မည် မဟတု်ပေ။
ထို့ကြောင့် ဤအစီအရင်ကို အကောင်အထည်ဖော်နိုင်သည့်တိုင် စွမ်းအားအပြည့် ထုတ်ဖော်ရန်ကတော့ မဖြစ်နိုင်သလောက်သာပင်။
ရန်ကျောက်ကဲက အလေးအနက် တွေးလိုက်ရင်း...
“ငရဲကိုးထပ်က ယွမ်စီကောင်းကင်နတ်ဆိုးရဲ့ စည်းတံဆိပ်ကို ဖြေဖျောက်ဖို့နဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်ဖို့အတွက် ဒီအစီအရင်ကို ယန္တရားတစ်ခုအနေနဲ့ သုံးချင်တာ ဖြစ်ရမယ်”
“အဲဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ ၊ ငရဲကိုးထပ်က အမြဲတမ်း အခွင့်အရေးကိုချောင်းနေတာ ၊ သူတို့တွေ တကျော့ပြန်အင်အားကြီးလာဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့ တကယ်လုပ်မယ်ဆိုရင်တောင် ရှေ့ဆက်လျှောက်ရမယ့်လမ်းက အဝေးကြီးကျန်ပါသေးတယ်”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“တကယ်တော့ ရှေးခေတ်ကာလကတည်းက အင်အားစုအားလုံးက ငရဲကိုးထပ်ရဲ့လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြတာပဲလေ ၊ ငရဲကိုးထပ် အသည်းအသန်လိုချင်နေတဲ့ အခွင့်အရေးဆိုတာ တခြားသူတွေလည်း သူတို့နည်းသူတို့ဟန်နဲ့ ရယူချင်နေကြတဲ့ အခွင့်အရေးမျိုးပဲ မဟုတ်လား”