“အို... ကံကောင်းသွားတယ်ဗျာ... လက်တစ်လုံးစာလေး လွဲသွားတာ...”
“ရှမိုက်ကယ်ကြီးက မန်ချက်စတာယူနိုက်တက်မှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး ၁၉၉၈-၉၉ ရာသီ ဖလားသုံးလုံး အပါအဝင် အသင်းကို ဆုဖလား အများအပြား ရရှိအောင် ကူညီပေးခဲ့သူပါ...”
“အခု သူ့ရဲ့သားဖြစ်သူ ရှမိုက်ကယ်လေးက မန်ချက်စတာယူနိုက်တက်ကို ဆန့်ကျင်ပြီး လုံးဝ ပြောင်မြောက်တဲ့ ကာကွယ်မှု တစ်ခုကို လုပ်ပြသွားခဲ့ပါပြီ...”
“ဒါက အချိန်ကာလရဲ့ သံသရာလည်မှု တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...”
ပရိသတ်များ၏ သက်ပြင်းချသံများကြားတွင် မာရက်ဇ်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ရှမိုက်ကယ်ကို လက်မထောင်ပြလိုက်သည်။ တကယ်ကို လှပသော ကာကွယ်မှုပါပဲ။
ဖီဖာ ဗိုင်းရပ်စ် (နိုင်ငံတကာပွဲစဉ်များကြောင့် ကစားသမားများ ပင်ပန်းနွမ်းနယ်လာခြင်း) ကူးစက်ခံထားရသောကြောင့်လား မသိ။ မန်ချက်စတာယူနိုက်တက်၏ စွမ်းဆောင်ရည်က သိပ်မကောင်းလှပေ။
သေချာသည်ကတော့ လက်စတာစီးတီးမှာလည်း အခြေအနေ သိပ်မထူးခြားလှပေ။ အချိန်တွေက တဖြည်းဖြည်း ကုန်လွန်လာပြီး ပွဲချိန် ၃၇ မိနစ်သို့ ရောက်ရှိလာသည်။
လက်စတာစီးတီး၏ ကွင်းလယ်ခံစစ် တစ်ဦးတည်း ကစားသည့် နည်းဗျူဟာက ပြောင်းပြန် အကျိုး သက်ရောက်သွားသည်။ ကန်တေမှာ သူ၏ တိုက်စစ်စွမ်းရည်များကို မြှင့်တင်ပြီးကတည်းက ရှေ့တန်းသို့ မကြာခဏ ပြေးဆင်းကာ ကစားလာခဲ့သည်။ ထို့ကြောင့် ကွင်းလယ်တိုက်ပွဲ၌ မန်ယူအသင်းက အသာစီး ရလာသည်။
မန်ချက်စတာယူနိုက်တက်က ကွင်းလယ်တွင် လူအင်အား သာလွန်မှု ရရှိစေရန် ဆက်တိုက် ဘောလုံးပေးပို့မှုများကို အသုံးပြုလာသည်။ လက်စတာစီးတီး၏ ပထမ ခံစစ်ကြောင်းကို မျက်စိတစ်မှိတ် အတွင်း ထိုးဖောက်သွားပြီးနောက် ရန်သူကို အန္တရာယ် အရှိဆုံး နေရာသို့ ပို့ဆောင်လိုက်သည်။
“ဟားဗက်ဇ်...”
“ဂျာမန် လူငယ်ပါရမီရှင်လေးက မန်ချက်စတာယူနိုက်တက်မှာရော သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်မလား...”
ယခုအချိန်၌ ဟားဗက်ဇ်သည် အရပ်မရှည်သေးသလို သူ၏ နည်းစနစ်ပိုင်း အရည်အသွေးကလည်း ကမ္ဘာ့အဆင့် မရောက်သေးချေ။ သို့သော် သူ့တွင် ပါရမီ ရှိပေသည်။
ပါရမီ
သူ ဘောလုံးကစားတာကို ကြည့်လိုက်ရင် သူ့ရဲ့ ပါရမီကို တကယ် ခံစားရပါလိမ့်မယ်။
သူက တောင်ပံရှိ ဆန်ဒရိုနှင့် တွဲကစားမည့်ဟန် ပြုလုပ်လိုက်သော်လည်း တကယ်တမ်းတွင်မူ ဘောလုံးကို ပင်နယ်တီ ဧရိယာ အစွန်သို့ ဖနောင့်ဖြင့် တောက်တင်ပေးလိုက်သည်။
မန်ယူ ပရိသတ်များ ချက်ချင်း တက်ကြွလာကြသည်။ အီဗန်စ်က လက်ကို နောက်ပစ်ကာ အလျင်အမြန် ဝင်ရောက် ပိတ်ဆို့လိုက်သည်။
လက်စတာစီးတီး၏ ခံစစ်ထောက်တိုင် ဖြစ်သော မော်ဂန် အသက်ကြီးလာသဖြင့် မက်ဂွိုင်းယားကို မန်ချက်စတာ ယူနိုက်တက်က အရှက်မရှိ ခေါ်ယူသွားခဲ့သည်။ ထို့ကြောင့် သူတို့မှာ လစ်လပ်နေသော နေရာများကို ဖြည့်တင်းရန် အီဗန်စ်ကိုသာ ခေါ်ထားရလေသည်။
အီဗန်စ်နှင့် တွဲကစားနေသည်မှာ လူငယ်လေး တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် အီဗန်စ်က ညာဘက်ရှိ နေရာလွတ်ကိုပင် သတိမထားမိလိုက်ပေ။
ချူဖုန်းက ပုခုံးယိမ်း လူလိမ်ခေါက်ကွက်ဖြင့် အီဗန်စ်ကို လိမ်ခေါက်ဖြတ်ကျော်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင်...
ဝုန်း...
ချူဖုန်းက ဘောလုံး၏ ဗဟိုချက်ကို ညာခြေဖမိုးဖြင့် ပြင်းပြင်းထန်ထန် ကန်ခွဲလိုက်သည်။
ဘောလုံးက မြေကို လျှောတိုက်၍ ဝါးလုံးထိုး ဂိုးပေါက်ဆီ တိုးဝင်သွားသည်။ ရှမိုက်ကယ်သည် ယခုအခါ ဖိလစ်ပိုင် လက်ရွးစင်အသင်း၏ ဂိုးသမားဖြစ်နေပြီ ဖြစ်သော သူ၏ ကလေးဘဝ သူငယ်ချင်းကို သတိရသွားသည်။
ငါ့ကို လက်စားချေခွင့်လေး တစ်ကြိမ်လောက်တော့ ပေးပါကွာ...
သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ဆန့်ထုတ်ကာ ကာကွယ်လိုက်သော်လည်း ထိုဂိုးကိုမူ မတားဆီးနိုင်ခဲ့ပေ။ မန်ချက်စတာယူနိုက်တက်၏ ကျောနံပါတ် ၇ ကစားသမား ခုန်တက်ပြီး လေထဲသို့ လက်သီးပုန်း ထိုးကာ အောင်ပွဲခံနေသည်ကို မြက်ခင်းပြင်ပေါ် လဲကျနေရင်းမှသာ သူ ကြည့်နေလိုက်ရသည်။
ဝေါင်း...
နားကွဲမတတ် အော်ဟစ်အားပေးသံကြီးက အိုးထရက်ဖို့ဒ်ကွင်း တစ်ခွင် ပဲ့တင်ထပ်သွားသည်။
ကွင်းဘေးတွင် ရပ်နေသော မော်ရင်ညိုက မေးစေ့ကို ပွတ်သပ်ရင်း လက်စတာစီးတီး၏ ကျောနံပါတ် ၁၀ ကစားသမားကို အတန်ကြာ စိုက်ကြည့်နေလိုက်သည်။
ထိုအခါ ရော်ဂျာ တစ်ယောက် အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားသည်။ လက်စတာစီးတီးက မန်ချက်စတာ ယူနိုက်တက်၏ ဒုတိယအသင်းလို ဖြစ်နေပြီမဟုတ်လား။
သူတို့ဆီကနေ အခုလိုမျိုးပဲ ကစားသမားတွေကို ဆက်ပြီး ညှစ်ထုတ်နေမယ်ဆိုရင် တကယ် တန်းဆင်းသွားရတော့မှာပဲ။
နောက်ဆုံးတွင်...
မန်ချက်စတာ ယူနိုက်တက်က လက်စတာစီးတီးကို ၂-၀ ဖြင့် အနိုင်ရရှိသွားသည်။ ချူဖုန်းနှင့် လူစားဝင် ကစားသမား ဂရီးလစ်ရှ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြလေသည်။
………..
“မစ္စတာ တန်ဟက်ဂ်... အေဂျက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကစားဖို့ သုံးရက်ပဲ လိုတော့တဲ့ အချိန်မှာ မန်ယူအသင်းနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်ကို သိပါရစေ...”
အေဂျက်စ် လေ့ကျင့်ရေးကွင်း အဝင်ဝတွင် Guardian သတင်းထောက်တစ်ဦးက မိုက်ကရိုဖုန်းကို လှမ်းပေးရင်း မေးလိုက်သည်။
“အင်း...”
တန်ဟက်ဂ်က သူ၏ ပြောင်ရှင်းနေသော ခေါင်းကို ပွတ်သပ်လိုက်သည်။ “ချန်ပီယံလိဂ်ကို နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲထားတယ်။ အင်္ဂလန်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဖလား ၇လုံး ချန်ပီယံအသင်း... မန်ချက်စတာယူနိုက်တက်က ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး...”
“သေချာပါတယ်... ခင်ဗျားတို့ ဘာကို စိတ်ဝင်စားနေလဲဆိုတာ ကျွန်တော် သိပါတယ်။ ချူက အံ့မခန်း ကစားသမား တစ်ယောက်ပါ။ တိုက်စစ်ပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ဘယ်သူမှ မယှဉ်နိုင်ဘူး... အနည်းဆုံးတော့ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲမှာပေါ့...”
“ဒါပေမယ့် ကျွန်တော် ပိုပြောချင်တာက သူ့ရဲ့ နည်းဗျူဟာပိုင်း နားလည်နိုင်စွမ်းပဲ။ သူက ကျွန်တော့်ကို ခရိုက်ဖ်ကို သတိရစေတယ်။ နည်းနည်း ချဲ့ကားပြီး ပြောရရင် ချူသာ အေဂျက်စ်မှာ ရှိခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ကျွန်တော်တို့ ရနိုင်တယ်...”
“နောက်သုံးရက်နေရင် ကစားမယ့် ပွဲအတွက်ကတော့ ကျွန်တော် အတော်လေး ယုံကြည်မှု ရှိပါတယ်...”
“ဘာဖြစ်လို့လဲဆိုတော့ ခေတ်သစ် ဘောလုံးလောကမှာ အလိုအပ်ဆုံးက ဗဟိုချက်မကို လျှော့ချပစ်ဖို့ပဲ။ လူတစ်ယောက်တည်း အပေါ် ဝန်ထုပ်ဝန်ပိုးတွေ အကုန်ပုံချတာက မိုက်မဲတဲ့ လုပ်ရပ်ပဲ...”
“ဘာ... တကယ်လို့ ကျွန်တော်သာ မန်ယူကို ကိုင်ရရင် ဘာလုပ်မလဲ ဟုတ်လား...”
“ပထမဆုံး ကျွန်တော် အန်တိုနီကို ခေါ်မယ်။ အာ... မဟုတ်ဘူး မဟုတ်ဘူး... ဘတ်စကက်ဘော အသင်းက အန်တိုနီ ဒေးဗစ်တို့ ဘာတို့ကို ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့ဆီက အန်တိုနီ ဆန်းတို့စ်ကို ပြောတာ...”
“သူက တောင်ပံကနေ ဒေါင်လိုက် ထိုးဖောက်နိုင်စွမ်း အရမ်းကောင်းတယ်။ ဒါက ချူ အတွက် နေရာလွတ်တွေ အများဆုံး ဖန်တီးပေးနိုင်လိမ့်မယ်...”
Guardian သတင်းထောက်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။
တန်ဟက်ဂ် တစ်ယောက် ဈေးကွက်ရှာနေမှန်း သူ နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ကိုယ့်ကစားသမားကို ကိုယ်ဈေးတင်ပြီး ပိုက်ဆံပိုရအောင် လုပ်နေတာ မဟုတ်လား။
ဒါက ဥရောပက လူလိမ်ဆိုင်များ အများဆုံးသုံးသည့် နည်းလမ်းပင် ဖြစ်သည်။ သူတို့က ကစားသမားများကို မီဒီယာများတွင် ချီးကျူးရုံသာမက အချက်အလက်များကိုပါ ဖောင်းပွလာအောင် လုပ်ဆောင်ကြသည်။
ဘောလုံးအကြောင်း ကောင်းကောင်းနားမလည်သူ တစ်ယောက်က ထိုသို့သော အထင်ကြီးစရာ အချက်အလက်များကို မြင်လိုက်လျှင် တကယ်ပဲ ယူရို သန်းတစ်ရာ တန်တာပဲ ဟု ထင်သွားတတ်သည်။
ရလဒ်ကတော့... ဝယ်ပြီးမှ ကိုယ့်အသင်းရောက်တော့ လည်ချာလည်ချာနဲ့ အသုံးမဝင်တော့တာပါပဲ။
“အနာဂတ်မှာရော မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ဖို့ အစီအစဉ် ရှိလား...” သတင်းထောက်က နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။
“သေချာပေါက် ရှိတာပေါ့”
တန်ဟက်ဂ်က အလွန် စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေသည်။ “မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ရဖို့က ကလေးဘဝကတည်းက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ...”
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ ၁၉၇၀ ပြည့်နှစ်တွင် ဒတ်ချ်မြို့ငယ်လေး ဟက်စ်ဘီဂန်၌ သူ မွေးဖွားခဲ့ပြီး သူ၏ ဖခင်က အကြီးဆုံး အေဂျင်စီနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီကို ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်မှာ သူသာ ဘောလုံး မကစားလျှင် မိသားစု စည်းစိမ်ကို မဖြစ်မနေ ဆက်ခံရမည် ဖြစ်သည်။
သူ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝက သိပ်မအောင်မြင်ခဲ့သော်လည်း နည်းပြဘဝကတော့ ချောမွေ့ခဲ့သည်။ တွမ်တီးမှ ဂိုးအဟတ်အီးဂဲလ်သို့၊ ထိုမှတစ်ဆင့် ဘိုင်ယန်မြူးနစ် အရန်အသင်းသို့ ရောက်ရှိခဲ့သည်။
အိုး... ဟုတ်သားပဲ။
သူက ဂွါဒီယိုလာ၏ လက်ထောက်နည်းပြလည်း ဖြစ်ခဲ့ဖူးသေးသည်။ ဂွါဒီယိုလာထံမှ နည်းဗျူဟာများကို သင်ယူခဲ့ရုံသာမက ပြောင်ရှင်းနေသော ကတုံးကိုပါ သူ ဆက်ခံလာခဲ့သည်။
တန်ဟက်ဂ်က ထိပ်သီးကလပ် တစ်ခုကို ကိုင်တွယ်ရန် အမြဲ အိပ်မက်မက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ကိုင်တွယ်ရခြင်းက သူ၏ ဘဝတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီး သူ၏ ဘောလုံးဒဿနကို ကမ္ဘာကြီးက အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သောကြောင့်ပင်။
“စုစုပေါင်း တန်ကြေး ယူရို သန်း ၁၆၀ ရှိတဲ့ ကစားသမားတွေ အသင်းပြောင်းသွားတာက အေဂျက်စ်အပေါ် သက်ရောက်မှု ရှိနိုင်မလား...”
သတင်းထောက်က ရုတ်တရက် စိတ်ဝင်စားသွားသည်။
“ဆန့်ကျင်ဘက်ပါပဲ...”
တန်ဟက်ဂ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ “အဓိက ကစားသမားတွေ ဆုံးရှုံးသွားလို့ အသင်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမသွားပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒတ်ချ်လိဂ်မှာ ပိုပြီးတော့တောင် ကြီးစိုးနိုင်ပါသေးတယ်...”
“ဒါက ကျွန်တော့် နည်းဗျူဟာ ဒဿနရဲ့ အားသာချက်ပဲ။ ဘယ်ကစားသမား တစ်ယောက်အပေါ်မှ အမှီအခို မပြုဘူး။ မှန်ကန်စွာ ပေါင်းစပ်နိုင်သရွေ့ အလုပ်ဖြစ်တယ်”
Guardian သတင်းထောက်၏ စိတ်ထဲတွင် လေးစားမှုများ ပြည့်နှက်သွားသည်။ အနာဂတ် နည်းဗျူဟာ မာစတာကြီး တစ်ဦးကို အင်တာဗျူးနေရသည်ဟု ရုတ်တရက် သူ ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ်... အပြင်ထုတ် မပြောသင့်ပေ။
ပရိုဂရမ်မာများက ဆံပင်နည်းလေ ပိုတော်လေဟု ဆိုကြသကဲ့သို့ ဘောလုံးလောကတွင်လည်း အလားတူ မပြောဘဲ သိထားကြသော စည်းမျဉ်းတစ်ခု ရှိသည်။ တန်ဟက်ဂ်၏ ပြောင်ရှင်းနေသော ခေါင်းကြီးက စွမ်းအား၏ သင်္ကေတ တစ်ခုပင် မဟုတ်ပါလား။
***