မော်ရင်ညိုက တန်ဟက်ဂ်၏ အင်တာဗျူးကို ကြည့်ပြီးနောက် ချူဖုန်းကို လှမ်းပြောလိုက်သည်။ “တန်ဟက်ဂ်ရဲ့ နည်းဗျူဟာ အဆင့်အတန်းက တကယ် ကောင်းပါတယ်။ မဟုတ်ရင် ပြီးခဲ့တဲ့ရာသီက သူတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်လာမှာ မဟုတ်ဘူး။ ငါတို့ အဝေးကွင်းပွဲအတွက် သေသေချာချာ ပြင်ဆင်ရမယ်...”
တကယ်တမ်းတော့ မော်ရင်ညို ငယ်ငယ်ကလည်း တန်ဟက်ဂ်ကဲ့သို့ပင် ဗဟိုချက်မ လျှော့ချခြင်း နည်းဗျူဟာ ဒဿနကို လက်ကိုင်ထားခဲ့ဖူးသည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ ရှုပ်ထွေးသော နည်းစနစ်များကို ထပ်မံ မဖန်တီးချင်တော့ပေ။
မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ပြီးနောက် သူ အနားယူသွားနိုင်ခြေ ရှိသည်။ ထိုသို့ မဟုတ်လျှင်လည်း ပေါ်တူဂီ လက်ရွေးစင်အသင်းကို ကိုင်တွယ်နိုင်ခြေလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် နည်းစနစ် အသစ်များကို တီထွင်ရန် စိတ်မဝင်စားတော့ချေ။
“စိတ်မပူပါနဲ့ ဆရာကြီး...”
ချူဖုန်းက ကော်ဖီခွက်ကို ချလိုက်သည်။ “အေဂျက်စ်ရဲ့ နည်းဗျူဟာတွေကို ကျွန်တော် နားလည်ပါတယ်။ သူတို့က အဓိကအားဖြင့် ဗန်ဒီဘိခ်နဲ့ လီဆန်ဒရိုတို့ကို အခြေခံပြီး လည်ပတ်နေတာပါ။ သူတို့က အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ် ဗဟိုချက်တွေလေ...”
ချူဖုန်း၏ လက်ရှိ နည်းဗျူဟာ နားလည်နိုင်စွမ်းက မော်ရင်ညိုလောက် မကောင်းသေးပေ။ သို့သော် ဥရောပ ထိပ်သီးလိဂ် ငါးခုရှိ အလယ်အလတ် အသင်းတစ်သင်းကို ကိုင်တွယ်မည်ဆိုလျှင်တော့ အသင်းကို တန်းဆင်းဇုန်မှ လွတ်မြောက်အောင် ကူညီပေးနိုင်လိမ့်မည်မှာ သေချာသလောက်ပင်။
ဟုတ်ပါသည်...။ ကစားသမားများနှင့် နည်းပြများ၏ အမြင်များက ကွဲပြားကြသဖြင့် ပေါ့ပေါ့တန်တန်တော့ ဆုံးဖြတ်ချက်ချ၍ မရပေ။
“အင်း... မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ တောင်ပံ နှစ်ဖက်စလုံးကနေ ဖြန့်ထွက်ကစားတာ အကောင်းဆုံးပဲ...” မော်ရင်ညိုက ခေါင်းညိတ် ထောက်ခံလိုက်သည်။
......
ချန်ပီယံလိဂ် ပွဲစဉ်ရက်က လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ယိုဟန် ခရိုက်ဖ် အားကစားကွင်း…
လွန်ခဲ့သော သုံးနှစ်က ဘောလုံးလောကအပေါ် ကြီးမားသော သက်ရောက်မှုများ ပြုလုပ်နိုင်ခဲ့သည့် ယိုဟန် ခရိုက်ဖ် ကွယ်လွန်သွားခဲ့သည်။ တစ်နှစ်အကြာတွင် အမ်စတာဒမ် အားကစားကွင်းကို ယိုဟန် ခရိုက်ဖ် အားကစားကွင်း ဟု အမည်ပြောင်းလဲခဲ့သည်။
ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှုများ ပြုလုပ်နိုင်ခဲ့သည့် အကြီးကျယ်ဆုံး ကစားသမား တစ်ဦးအနေဖြင့် သူ၏ ကစားသမားဘဝနှင့် နည်းပြဘဝ အဆင့်အတန်း နှစ်ခုစလုံးက ယုံမှားသံသယဖြစ်စရာ မရှိပေ။
သူ၏ ဒဿနမှာ တစ်သင်းလုံးတိုက် ၊ တစ်သင်းလုံးပြန်ဆင်းပင် ဖြစ်လေသည်။
သို့သော် ဘောလုံးလောက ပြင်ပတွင်မူ သူ၏ ဆေးလိပ်ကြိုက်မှုက ဘောလုံးလောကတွင် အဆိုးဆုံး ဟုပင် ဆိုနိုင်သည်။ အဆိုးရွားဆုံး အခြေအနေတွင် တစ်နေ့လျှင် ဆေးလိပ် အလိပ် ၈၀ အထိ သောက်ခဲ့ဖူးသည်။
၁၉၇၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ပွဲတစ်ပိုင်းနားချိန်တွင်ပင် ခရိုက်ဖ်က အဝတ်လဲခန်းထဲ၌ ဆေးလိပ်သောက်နေခဲ့သည်။
သို့သော် ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလား... ပွဲတစ်ပိုင်းနားချိန် ဆေးလိပ်တစ်လိပ် သောက်ရတာက နတ်ဘုရားဖြစ်ရတာထက် ပိုကောင်းတယ်တဲ့။
အဘယ်ကြောင့်ဆိုသော် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ဆေးလိပ်တစ်လိပ် သောက်ရခြင်း၏ သာယာမှုက လိင်ကိစ္စထက်ပင် ပိုကောင်းသည်ဟု ဆိုကြသောကြောင့်ပင်။ သို့သော် ခရိုက်ဖ်လို လူမျိုးကတော့ တကယ်ကို ရှားပါးလှပါသည်။
“ဟေ့ကောင်တွေ ကြည့်စမ်း... ခရိုက်ဖ်ရဲ့ ရုပ်တုဟ။ တစ်နေ့ကျရင် အိုးထရက်ဖို့ဒ် အပြင်ဘက်မှာ ငါ့ရုပ်တုရော ထားပေးလောက်မလားဟင်...”
မက်ဂွိုင်းယားက ကလေးတစ်ယောက်လို ကားပြတင်းပေါက်တွင် မျက်နှာအပ်ကာ မေးလိုက်သည်။
“မင်းတော့ တကယ် တွေးလွန်နေပြီကွာ...”
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... တကယ်လို့ မင်းသာ အနာဂတ်မှာ မန်ယူနည်းပြ ဖြစ်လာပြီး အသင်းကို တတိယမြောက် ခေတ်တစ်ခုဆီ ခေါ်သွားနိုင်ရင်တော့ မင်းဘာသာမင်း ရုပ်တု လုပ်လို့ရပါတယ်...” ဒီဂီယာက ဝင်နှိမ်လိုက်သည်။
“ထားလိုက်ပါကွာ...”
မာရက်ဇ်က နှုတ်ခမ်းတွန့်လိုက်သည်။ “ဒီကောင့် ခေါင်းကြီးတာကို ကြည့်ပြီး အထင်မကြီးနဲ့။ တကယ်တမ်းကျတော့ ဦးနှောက် သိပ်ရှိတာ မဟုတ်ဘူး...”
“ချူ... မင်းတို့ဆီမှာ စကားပုံတစ်ခု ရှိတယ်မလား။ သုံးရက်လောက် မတွေ့ရရင်... အဲဒီနောက်က ဘာဆက်ပြောတာလဲ...” မက်ဂွိုင်းယားက ခေါင်းကို ကုတ်ရင်း ဦးနှောက်စားစွာ စဉ်းစားနေသည်။
“သုံးရက်လောက် ခွဲခွာနေရရင်တောင်မှ တခြားသူတွေကို အမြင်သစ်နဲ့ ကြည့်သင့်တယ်။ ဒါက လူတွေရဲ့ တိုးတက်မှုနဲ့ အပြောင်းအလဲက မြန်ဆန်တယ်ဆိုတာကို ပြတာပဲ...” ချူဖုန်း တစ်ယောက် တရုတ်စာဆရာ ချက်ချင်း ဖြစ်သွားတော့သည်။
“ဟုတ်တယ်... ငါ စောစော အနားယူဖြစ်ရင် မင်းတို့ကို နည်းပြ လာလုပ်ပေးရမလားပဲ...” မက်ဂွိုင်းယား၏ ယုံကြည်မှုများက ဘယ်ဆီက ရောက်လာမှန်း မသိပေ။
ချက်ချင်းဆိုသလိုပင် ကားထဲတွင် ရယ်မောသံများ ပြည့်နှက်သွားပြီး အားလုံးက မက်ဂွိုင်းယား၏ ကြီးမားလှသော ရည်မှန်းချက်များကို လှောင်ပြောင် ချီးကျူးလိုက်ကြသည်။
အက်ရှလေယန်းက အော်ပြောလိုက်သည်။ “ရှေ့ဆက်သွား ဟယ်ရီ။ မင်းသာ နည်းပြဘဝကို ဝင်မယ် ဆိုရင် ငါကတော့ နောက်ထပ် ငါးနှစ် ခြောက်နှစ်လောက် ကစားဦးမှာပဲ။ မင်းကို နည်းပြကြီး လို့ ခေါ်ရမယ့် နေ့ကို စောင့်နေမယ်ကွာ”
သိပ်မကြာမီမှာပင်...
အဖွဲ့သားများ အားလုံး ယိုဟန် ခရိုက်ဖ် အားကစားကွင်းအတွင်းသို့ ဝင်ရောက်လာကြပြီး ပွဲကြို သွေးပူလေ့ကျင့်ခန်းများကို စတင် လုပ်ဆောင်ကြသည်။
“သောက်ကျိုးနည်း... ဒီမြက်ခင်းက အရမ်း ချော်တာပဲ။ ဒါကို တစ်နှစ်ကို အကြိမ် ၃၀ လောက် လဲရသေးတယ် ဟုတ်လား...” ဂရီးလစ်ရှ် တစ်ယောက် ခြေချော်ပြီး လဲကျမတတ် ဖြစ်သွားသည်။
“ခဏနေရင် အားလုံး FG ကန်ဖိနပ်တွေ လဲစီးကြမယ်...”
ချူဖုန်းက မြေပြင်ကို နှစ်ချက်လောက် ဆောင့်နင်းလိုက်သည်။ ဒါက အေဂျက်စ်ဘက်က တမင် သုံးထားသော ညစ်ပတ်သည့် နည်းဗျူဟာ တစ်ခုများလားဟု သူ တွေးလိုက်မိသည်။
ည ၈ နာရီ ၃၀ မိနစ်တွင် ချန်ပီယံလိဂ် ဇာတ်ဝင်တေးသံကြီး ထွက်ပေါ်လာသည်။ ကစားသမားများ အားလုံး ဒိုင်လူကြီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကစားသမား ဥမင်လိုဏ်ခေါင်းထဲမှ ထွက်လာကြသည်။
“လီဆန်ဒရို... မန်ယူရဲ့ ကျောနံပါတ် ၇က မက်ဆီလောက် ကောင်းတယ်လို့ မင်း ထင်လား...”
ဗန်ဒီဘိခ်က ချူဖုန်းကို အားကျသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
တန်ဟက်ဂ်ကဲ့သို့ပင် သူသည်လည်း မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရန် အိပ်မက် မက်နေသူ ဖြစ်သည်။ ဤကာလအတွင်း ညသန်းခေါင်ယံတွင် သူ အိပ်မက် မကြာခဏ မက်လေ့ရှိသည်။ မန်ချက်စတာယူနိုက်တက်၏ ကျောနံပါတ် ၇ အဖြစ် ကစားပြီး အနီရောင် သရဲနီများ၏ ခေတ်သစ်တစ်ခုကို သူ ဖန်တီးနေသည်ဟု အိပ်မက်မက်ခြင်း ဖြစ်သည်။
“ကောင်းလောက်ပါတယ်...” လီဆန်ဒရို မာတီနက်ဇ်က သူ ဆက်ပြောမည့် စကားကို မြိုချလိုက်သည်။
ခံစားချက် အရဆိုလျှင် မက်ဆီက သေချာပေါက် ပိုကောင်းပါသည်။ သို့သော် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင်တော့ ချူဖုန်းက ပိုကောင်းသည်ဟု သူ ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးက အသက်အရွယ် ကွာခြားနေသောကြောင့်ပင်။ တစ်ယောက်က ကစားသမားဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိခါစ ဖြစ်ပြီး နောက်တစ်ယောက်က ကစားသမားဘဝ နေဝင်ချိန်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
“ထားလိုက်ပါ... နောက်ကျရင် အခွင့်အရေးရရင် ငါတို့နှစ်ယောက်လုံး မန်ချက်စတာယူနိုက်တက်ကို သွားကြမယ်လေ...”
ဗန်ဒီဘိခ်က ပါးစပ်ကို အုပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ရှေ့တန်းမှာ ချူ ရှိမယ်။ ကွင်းလယ်မှာ ငါ ရှိမယ်။ ခံစစ်မှာ မင်း ရှိမယ်... ဒါဆို ငါတို့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး. မိုက်တယ်မလား”
တန်ဟက်ဂ် တစ်ယောက် မန်ယူသို့ မသွားရသေးခင်မှာပင် သူ၏ တပည့်များက အသင်းပြောင်းရန် စဉ်းစားနေကြပြီ ဖြစ်ကြောင်းကို သူ မသိခဲ့ရှာပေ။ ဗန်ဒီဘိခ်၏ အကြည့်ကို သတိထားမိသောအခါ ချူဖုန်းက ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။
သူ ဒီကောင်လေးကို မှတ်မိသည်။
စကားတစ်ခွန်းတည်း ပြောရရင်... ငွေလိမ်ခံရတာပဲ
စကားနှစ်ခွန်း ပြောရရင်... လုံးဝ ငွေလိမ်ခံရတာပဲ
ဗန်ဒီဘိခ်က ယူရို သန်း ၄၀ ဖြင့် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီး ၄ နှစ်အတွင်း ၆၂ ပွဲ ကစားခဲ့သည်။ သို့သော် ထိုအချိန်အတွင်း ကလေးနှစ်ယောက်ပင် ရသွားခဲ့သေးသည်။
လီဆန်ဒရို မာတီနက်ဇ်ကတော့ မဆိုးလှပေ။ အရပ်ပုသော်လည်း သူ၏ ခံစစ်အဆင့်အတန်းက အလွန် မြင့်မားသည်။ လီဆန်ဒရို မာတီနက်ဇ်က ဟာလန်းကိုပင် အသံတိတ်သွားအောင် ကစားနိုင်ခဲ့သည်ကို ချူဖုန်း ဝေဝါးဝါး မှတ်မိနေသေးသည်။
“အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ”
“ကျွန်တော်တို့ အခု ၂၀၁၉-၂၀ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမအကျော့ကို တိုက်ရိုက် ထုတ်လွှင့်နေပါပြီ...”
“အေဂျက်စ်က အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်...”
“အခု နှစ်သင်းစလုံးရဲ့ ပွဲထွက်စာရင်းကို မိတ်ဆက်ပေးပါမယ်။ အဖြူရောင်ဂျာစီ ဝတ်ဆင်ထားတာက အေဂျက်စ် ဖြစ်ပါတယ်။ တန်ဟက်ဂ် က ၄-၂-၃-၁ တိုက်စစ်အပြည့် ခံစစ်အပြည့် ကစားကွက်ကို အသုံးပြုလာပါတယ်။ ဂိုးသမားကတော့...”
“ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ဒီလစ်နဲ့ ဒီဂျောင်တို့ကို ရောင်းချလိုက်ပေမယ့် အေဂျက်စ်က သွေးသစ်တွေနဲ့ ချက်ချင်း အင်အားဖြည့်တင်းထားနိုင်ပါတယ်...”
“မော်ရင်ညိုကတော့ ၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဂိုးသမားကတော့ ဒီဂီယာ ပါ...”
“ယခင်ပွဲစဉ်တွေနဲ့ ယှဉ်ရင် သိပ်ပြီး ကွာခြားမှုတော့ မရှိပါဘူး...”
“အဝေးကွင်းပွဲ ဖြစ်တာကို ထည့်သွင်းစဉ်းစားပြီး ဘရူနို ဖာနန်ဒက်စ်ကို ပွဲထွက် ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ရွေးချယ်ထားပုံရပါတယ်။ ဘာလို့လဲဆိုတော့ သူက ခံစစ်စွမ်းရည် ပိုကောင်းလို့ပါပဲ...”
“တစ်သင်းက ဥရောပ ဘောလုံးလောကရဲ့ မြင်းနက်အသင်း ဖြစ်ပြီး နောက်တစ်သင်းက ဥရောပ ဘောလုံးလောကရဲ့ ဘုရင် ဖြစ်ပါတယ်...”
“မြင်းနက် အေဂျက်စ်အသင်းကပဲ အံ့အားသင့်အောင် လုပ်ပြသွားမလား... ဒါမှမဟုတ် ချန်ပီယံကပဲ သူ့ရဲ့ ကြီးစိုးမှုကို ဆက်လက် ထိန်းသိမ်းသွားမလား...”
“စောင့်ကြည့်ကြတာပေါ့ဗျာ”
ကျန်းကျွင်းက အတိုချုပ် မိတ်ဆက်ပေးလိုက်သည်။
မီဂူ စပေ့ါတ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပရိသတ်များက မှတ်ချက်များကို ရူးသွပ်စွာ ရေးသားနေကြသည်။
- 【လူငယ်မုန်တိုင်း နဲ့ လူငယ်မုန်တိုင်း အားပြိုင်ပွဲဟေ့】 - 【အိုနာနာရဲ့ ဘောလုံးပေးပို့နိုင်စွမ်းက အတော်လေး ကောင်းတယ်။ နူအာကိုတောင် သွားသတိရမိတယ်...】 - 【သူ့တင်ပါးကြီးက အရမ်းကြီးတာပဲ... အဲဒါ မွေးရာပါ လက်ဆောင်လား...】 - 【မဟုတ်ဘူး... တိုက်စစ်ကစားသမားတွေအတွက် တင်ပါးကြီးတာက ပေါက်ကွဲအား ကောင်းတာကို ပြပေမယ့် ဂိုးသမားတွေအတွက်ကတော့ တင်ပါးကြီးတာက မြေပြင်ရွေ့လျားမှု နှေးကွေးစေပြီး အလွယ်တကူ အပေါက်အပြဲ ဖြစ်တတ်တယ်...】 - 【ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို မချိုးနိုင်ခဲ့တဲ့ ရှောင်ချူ ဒီရာသီမှာတော့ စံချိန်ကို ချိုးဖို့ အားထုတ်ရတော့မယ်】 - 【ဟုတ်တယ်... ပြီးတော့ လိဂ်ပွဲတွေလည်း ရှိသေးတယ်။ မက်ဆီရဲ့ ၉၁ ပွဲဆက် နိုင်ပွဲစံချိန်ကို ချိုးဖို့ ကြိုးစားကြစို့】 - 【......】
တီ… တီ…
ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲကို တရားဝင် စတင်လိုက်ပြီ
နယ်သာလန် ပရိသတ်များ၏ အားပေးမှုက အလွန် ကောင်းမွန်လှသည်။ အေဂျက်စ်၏ ကစားဟန်ကလည်း အလွန် ကြမ်းတမ်းပါသည်။
နှစ်သင်းစလုံးက ရာသီ၏ ပထမဆုံး ချန်ပီယံလိဂ်ပွဲ ဖြစ်သောကြောင့် သတိကြီးကြီးထားကာ စတင်ခဲ့ကြသည်။
***