ပွဲချိန် မိနစ် ၂၀ အကြာတွင်တော့...
အေဂျက်စ်တို့ ဖိအားပေး ကစားလာပြီး ကွင်းလယ်တွင် ဘောလုံးကို ကြားဖြတ်လုယူရန် ကြိုးပမ်းလာကြသည်။ ထို့နောက် ချက်ချင်း တန်ပြန်တိုက်စစ် ဆင်ကြသည်။
သို့သော် မန်ချက်စတာယူနိုက်တက်က အခြား ဘောလုံးအသင်းများနှင့် မတူပေ။ သူတို့က ကွင်းလယ်မှတစ်ဆင့် အကူးအပြောင်း လုံးဝ မလုပ်ကြပေ။
မက်ဂွိုင်းယားက ဘောလုံးကို စကော့ မက်တော်မီနေးထံ ပေးပို့လိုက်သည်။
မက်တော်မီနေးက ခေါင်းမော့ကာ အသင်းဖော်များနှင့် ပြိုင်ဘက်များ၏ နေရာယူမှုများကို အကဲခတ် လိုက်ပြီး ဝမ်ဘစ်ဆာကာ တစ်ယောက် ဘေးတောင်ပံသို့ လျင်မြန်စွာ ပြေးထွက်သွားသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ဘောလုံးကို ထောင့်ဖြတ် ကန်တင်ပေးလိုက်သည်။
မူလက ဝမ်ဘစ်ဆာကာသည် ပရီးမီးယားလိဂ်၏ တံစဉ်ကြီး တစ်လက် ဖြစ်ပြီး သူမြင်သမျှ လူတိုင်းကို မဆိုင်းမတွ ဝင်ရောက် ဖျက်ထုတ်တတ်သူ ဖြစ်သည်။
ယခုတော့ အရာရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ။
သူက ခံစစ်ပိုင်းတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ရုံသာမက အသင်း၏ တိုက်စစ်များတွင်လည်း စတင် ပါဝင်လာခဲ့သည်။ တကယ်တမ်းတွင် သူ၏ ပေါက်ကွဲအားက ရှေ့သို့ ပြေးထွက်ရန် သဘာဝအလျောက် သင့်လျော်နေသည်။
အာဂျင်တီးနားမှ နောက်ခံလူ တာဂလီယာဖီကိုမှာ သတိမထားမိပါက ဝမ်ဘစ်ဆာကာ၏ လိမ်ခေါက် ဖြတ်ကျော်မှုကို အလွယ်တကူ ခံရနိုင်သည်။
ချူဖုန်းကလည်း လေပြေလေညင်းလေး တစ်ခုလို တစ်ဖက်တည်းသို့ ရွှေ့လျားလာသည်။
သူက အေဂျက်စ်၏ ညာဗဟိုနောက်ခံလူကို ဖိအားပေးပြီး တောင်ပံများကို အကာအကွယ်ပေးရန် ရွေ့လျားမှုကို နှေးကွေးအောင် လုပ်ရမည်။
မျှော်လင့်ထားသည့်အတိုင်းပင်…
မန်ချက်စတာယူနိုက်တက်၏ ကျောနံပါတ် ၇ သူ့ထံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ လီဆန်ဒရို မာတီနက်ဇ်၏ ခန္ဓာကိုယ် ချက်ချင်း တင်းမာသွားပြီး သူ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေလိုက်သည်။
ဝမ်ဘစ်ဆာကာ ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်မှ လိုက်ပါလာသော တာဂလီယာဖီကိုကို ခါချလိုက်သည်။ သို့သော် သူက ဘောလုံးကို ဧရိယာထဲ မဖြတ်တင်လိုက်ပေ။ အနီးဆုံးရှိ ဘရူနို ဖာနန်ဒက်စ်ထံသာ ပေးလိုက်၏။
သူ့ကို တောင်ပံတစ်လျှောက် အတက်အဆင်း လုပ်ခိုင်းတာက ကိစ္စမရှိပေမယ့် တိုက်စစ်ကစားကွက်တွေ ဖန်တီးပေးဖို့တော့ မျှော်လင့်လို့ မရဘူးလေ။
ဘရူနို ဖာနန်ဒက်စ်က ဘောလုံးမလက်ခံမီ အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ဗန်ဒီဘိခ် နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
“လှလိုက်တာဗျာ...”
“ဘရူနို ဖာနန်ဒက်စ်က ဗန်ဒီဘိခ်ရဲ့ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိရှိနဲ့ အပေါ်မိုးပျံဘော တစ်လုံး ပေးပို့လိုက်ပြီ”
ထိုခဏမှာပင် လီဆန်ဒရို မာတီနက်ဇ်၏ တင်းမာနေသော အာရုံကြောများ ပြတ်တောက်သွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းက ထောင့်ချိုးတစ်ခုမှ ပြေးထွက်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်…။
ချူဖုန်းက ပထမဆုံး ဘောလုံးလက်ခံမည့်ဟန်ဖြင့် ညာဘက်သို့ ရွေ့လျားလိုက်သော်လည်း တကယ်တမ်းတွင်မူ ပင်နယ်တီ ဧရိယာအတွင်းသို့ ထောင့်ဖြတ် ဝင်ရောက်ရန် အခွင့်အရေးကို ရှာနေခြင်း ဖြစ်ပေသည်။
လီဆန်ဒရို မာတီနက်ဇ်မှာ သူ၏ အရပ် ၁၇၅ စင်တီမီတာသာ ရှိသည်ကိုသာ နောင်တရနေမိတော့သည်။ အရပ် နည်းနည်းလေးသာ ပိုရှည်ခဲ့လျှင် လေထဲကနေ ကြားဖြတ် ဖြတ်ထုတ်နိုင်မည် ဖြစ်သော်လည်း လူပုလေးကတော့ လူပုလေးသာ ဖြစ်နေဆဲပင်။
နောက်တန်းတွင် ကစားနေသော ကန်တေ တစ်ယောက် ကံကြမ္မာတူ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
နေဦး... ဒါ မမှန်သေးဘူး။ သူက အနည်းဆုံး အရပ် ၁၇၅ စင်တီမီတာ ရှိပြီး ငါက ၁၆၈ စင်တီမီတာပဲ ရှိတာလေ။ ကံကြမ္မာတူတဲ့ လူကို သွားသနားနေလို့ ဘာထူးမှာလဲ။
ချူဖုန်းက ဘောလုံး၏ လမ်းကြောင်းကို အကဲခတ်ရန် လှည့်ကြည့်လိုက်ပြီး ဘောလုံးကို မြေပေါ်ကျခွင့် မပေးတော့ပေ။
လေထဲတွင်ပင် သူ၏ ညာခြေက ရုတ်တရက် လွှဲရိုက်လိုက်သည်။
ဘုန်း...
အိုနာနာက ကြိုတင်ခန့်မှန်းပြီး ကာကွယ်ရသည်ကို အကျင့်ပါနေသူ ဖြစ်သည်။ အောင်မြင်စွာ ကာကွယ်နိုင်လျှင် ကမ္ဘာ့အဆင့်မီ ကာကွယ်မှု ဖြစ်သွားပြီး လွဲချော်သွားပါက ကြီးမားသော အခြေခံအမှားကြီး ဖြစ်သွားမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် သူ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
“လှလိုက်တာဟေ့...” အိုနာနာ မတ်တပ်ရပ်ကာ လက်သီးဆုပ်ပြီး ဟိန်းဟောက်လိုက်သည်။
တကယ်တမ်းတော့ တန်ဟက်ဂ်နှင့် ဗန်ဒီဘိခ်တို့ကဲ့သို့ပင် မန်ချက်စတာယူနိုက်တက်တွင် ကစားရန်မှာ သူ၏ ကလေးဘဝ အိပ်မက်တစ်ခု ဖြစ်ခဲ့သည်။ ဂိုးသမားတစ်ယောက်အနေဖြင့် ဘောလုံးကို ကာကွယ်နိုင်ခြင်းက သူတို့၏ အလုပ် ဖြစ်သော်လည်း ဘယ်သူ ကန်သွင်းလိုက်တာလဲ ဆိုသည့်အပေါ်တွင်လည်း မူတည်၍ အောင်ပွဲခံသင့်သည် မဟုတ်ပါလား…။
“တောင်ပံတွေကနေ ဆက်ပြီး ဖြန့်ကစားကြ...”
ချူဖုန်းက သိပ်ပြီး ဂရုမစိုက်ပေ။
သူက အိုနာနာကို နောက်ပြောင်နေသော်လည်း တကယ်တမ်းတွင်တော့ အိုနာနာ ညံ့သည်ဟု မထင်ထားပေ။ ဘာပဲပြောပြော သူက အေဂျက်စ်၏ ပွဲထွက်ဂိုးသမား မဟုတ်ပါလား။ သူသာ အရည်အချင်း မရှိလျှင် တန်ဟက်ဂ်က သူ့ကို အစားထိုးပစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ပွဲက ဆက်လက် လည်ပတ်နေသည်။
မော်ရင်ညိုက ကွင်းဘေးတွင် လက်ပိုက်ရပ်ကာ ကွင်းအတွင်းရှိ အခြေအနေများကို အေးဆေးတည်ငြိမ်စွာ အကဲခတ်နေသည်။
“နည်းပြကြီး... အရည်အချင်းရှိတဲ့ ကစားသမား အနည်းငယ် ရှိတယ်ထင်တယ်။ သူတို့ကို စောင့်ကြည့်စာရင်းထဲ ထည့်ထားလိုက်ရမလား...”
ဖာရီယာက ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်သည်။
“အင်း... အရင်ထည့်ထားလိုက်ပေါ့။ အရမ်း ငယ်လွန်းနေသေးတော့ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ကြည့်ရဦးမယ်...” မော်ရင်ညိုက ခေါင်းညိတ်ပြလိုက်သည်။
သူ၏ ကျယ်ပြန့်သော ကစားသမား အချက်အလက်များက မန်ဒက်စ်ထံမှသာမက ပွဲစဉ်များအတွင်း ကိုယ်တိုင် အကဲခတ်မှုများမှလည်း ရရှိလာခြင်း ဖြစ်သည်။ ဤကဲ့သို့ ကင်းထောက်ခြင်းက အနည်းငယ် အချိန်ယူရသော်လည်း သူက အမည်ခံ ဒေတာ အချက်အလက်ကြီးတွေထက် သူ့ကိုယ်ပိုင် မျက်လုံးတွေကို ပိုယုံကြည်သည်။
သေချာသည်ကတော့ ဒေတာတွေက အသုံးမဝင်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ ကစားသမားအချို့၏ အခန်းကဏ္ဍနှင့် ဝိသေသလက္ခဏာများကို အေးစက်စက် ဂဏန်းအရေအတွက်များဖြင့် ပြသ၍ မရနိုင်သောကြောင့် ဖြစ်သည်။
ဘေးဘက်ရှိ တန်ဟက်ဂ်ကလည်း အလားတူပင် လိုက်လုပ်နေသည်။
ဘောလုံးလောကတွင် ဆွဲဆောင်မှုအရှိဆုံး နည်းပြချုပ်များမှာ ဂွါဒီယိုလာနှင့် မော်ရင်ညိုတို့ ဖြစ်သည်ဟု သူ ယုံကြည်ထားသည်။
ရုတ်တရက်...
တန်ဟက်ဂ်၏ ပြောင်ရှင်းနေသော ခေါင်းပေါ်တွင် အလင်းရောင် တစ်ချက် လက်သွားပြီး ကွင်းအတွင်းရှိ အခြေအနေများက ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
မန်ချက်စတာယူနိုက်တက်က တောင်ပံများမှတစ်ဆင့် တိုက်စစ်ကို ဆက်လက် ဆင်နွှဲလာသည်။
ဝမ်ဘစ်ဆာကာက နောက်မှ လိုက်ပါလာသော သီယာဂိုထံ ဘောလုံး ပေးပို့လိုက်သည်။ ဘရာဇီးလ် ဗဟိုနောက်ခံလူက အံ့မခန်း ခြေစွမ်းကို ပိုင်ဆိုင်ထားသည်။ သူက ချက်ချင်း ဘောလုံးက ဘယ်ဘက်တောင်ပံသို့ ခုတ်တင်ပေးလိုက်၏။
ဆန်ဒရိုက ဘောလုံးကို ထိန်းချုပ်ပြီး အတွင်းသို့ ချိုးဝင်လာသည်။ သို့သော် သူက ပင်နယ်တီ ဧရိယာ ထိပ်မှ နေ၍ မမျှော်လင့်ဘဲ ဘောလုံးကို နောက်ပြန် ဖနောင့်ပေါက် ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင်...
မန်ချက်စတာယူနိုက်တက်၏ ကျောနံပါတ် ၇ ၏ ပုံရိပ်က မြင်ကွင်းဗဟိုတွင် ပေါ်လာသည်။
ဘောလုံးရှေ့တွင် သူ၏ ညာခြေကို မြင့်မားစွာ လွှဲလိုက်သည်။ ထို့နောက် အရှိန်အပြည့်ဖြင့် ဘောလုံးကို ကန်ထည့်လိုက်သည်။
အမြောက်ဆံတစ်လုံးကဲ့သို့ ဘောလုံးက ဂိုးပေါက်ဆီသို့ ဟိန်းဟောက် ပြေးဝင်သွားသည်။
ယခုတစ်ကြိမ်တွင်မူ အိုနာနာ ဘယ်လောက်ပဲ ကြိုတင်ခန့်မှန်းနိုင်ပါစေ... အချည်းနှီးသာ ဖြစ်သွားတော့သည်။
“ဒီတစ်ခေါက် ပင်နယ်တီ ဧရိယာအပြင်ဘက်က ပြင်းထန်တဲ့ ကန်ချက်က အောက်ကို စိုက်ဆင်းသွားရုံသာမက ထောင့်ကလည်း အရမ်း ကျလွန်းခဲ့ပါတယ်”
“မန်ချက်စတာယူနိုက်တက်တို့ မကြာသေးခင်က အသင်းလိုက် တွဲကစားမှုတွေမှာ အားထုတ်မှု အများကြီး လုပ်ထားပုံရတယ်”
“ပွဲချိန် ၃၄ မိနစ်မှာ ချူဖုန်းက ဒီရာသီအတွက် သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို သွင်းယူသွားခဲ့ပါပြီ”
အားကစားကွင်းအတွင်းရှိ အေဂျက်စ် ပရိသတ်များမှာ တဖြည်းဖြည်း စိတ်ပျက်အားငယ်လာကြသည်။
ပြီးခဲ့သည့်ရာသီက သူတို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့သဖြင့် ထိပ်သီးကလပ်ဆိုသည်မှာ ဤမျှသာ ဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် မန်ချက်စတာယူနိုက်တက်၏ ပြင်းထန်လှသော သွင်းဂိုးများက သူတို့နှစ်သင်းကြားရှိ ကွာဟချက်ကို နားလည်သဘောပေါက်သွားစေခဲ့သည်။
တကယ်တမ်းတော့ သူတို့က အရမ်းသန်မာလွန်းနေတာ မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်က အရမ်းအားနည်းလွန်းနေခဲ့တာကိုး။
***