ပွဲတစ်ဝက် ပြီးချိန်တွင် မန်ချက်စတာယူနိုက်တက် ကစားသမားများ အဝတ်လဲခန်းသို့ ပြန်ရောက်လာကြသည်။
“အေဂျက်စ်က တကယ်ကို အထာကျတာပဲ... သူတို့ရဲ့ ကွင်းလယ်နဲ့ ခံစစ် နေရာတွေမှာ ရှေ့တက် ဖိအားပေး ကစားတဲ့ ပုံစံက ပရီးမီးယားလိဂ် အဆင့်အတန်းနဲ့ ယှဉ်ရင်တောင် အရမ်းကို ပြင်းထန်တယ်လို့ ပြောလို့ရတယ်...”
မာတစ်က အနည်းငယ် အံ့သြနေပုံရသည်။
မန်ချက်စတာယူနိုက်တက်နှင့် အေဂျက်စ်တို့ ယခင်က ကစားခဲ့ဖူးသော်လည်း ထိုစဉ်က ခြေစမ်းပွဲသာ ဖြစ်သောကြောင့် သူတို့၏ အစစ်အမှန် အဆင့်အတန်းကို ခန့်မှန်းရ ခက်ခဲခဲ့သည်။
“သူတို့က ဒတ်ချ်လိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်ပြီး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့ဖူးတဲ့ သမိုင်းကြောင်းလည်း ရှိတယ်လေ...”
ချူဖုန်းက ဖိနပ်ကို ချွတ်လိုက်သည်။
တန်ဟက်ဂ်၏ အင်တာဗျူးများကို သူ ယခင်က ကြည့်ဖူးသည်။ ဗဟိုချက်မကို လျှော့ချပစ်သည့် အကြံအစည်က တကယ်ကို ကောင်းမွန်ပါသည်။
သို့သော် သူတို့က ဘာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးမသွင်းနိုင်ခဲ့တာလဲ။
ကစားသမားများ၊ နည်းဗျူဟာများ၊ စီမံခန့်ခွဲမှု အစရှိသည့် အကြောင်းပြချက်များစွာ ရှိသည်ဟုသာ ဆိုရမည်။
“ကဲ... အားလုံး လုပ်လက်စတွေ ချထားလိုက်ကြဦး...”
မော်ရင်ညိုက နည်းဗျူဟာ သင်ပုန်းကို ခေါက်လိုက်သည်။ “ငါတို့ ဒုတိယပိုင်းမှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ လုပ်ဖို့ လိုတယ်။ အဓိကအားဖြင့် ရှေ့တန်းက တိုက်စစ်ကို ပစ်မှတ်ထားရမယ်။ ငါတို့ ကွင်းလယ်မှာပဲ နေပြီး အေဂျက်စ်ရဲ့ ခံစစ်ကို ရှေ့ထွက်လာအောင် ဆွဲထုတ်ရမယ်။ ပြီးရင် လူကျွံဖမ်းတဲ့ မျဉ်းကို သေချာ ကာကွယ်ထားဖို့ပဲ လိုတယ်။ ငါတို့ရဲ့ နောက်တန်းမှာ အခွင့်အရေး ယူခံရမှာကို စိုးရိမ်စရာ မလိုဘူး...”
ယခင်က ဒေးဗစ်လူးဝစ်နှင့် မက်ဂွိုင်းယား အတွဲဆိုလျှင် ခံစစ်အတွက် နောက်မှာပဲ ကုပ်နေရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးက အလျင်အမြန် လှည့်မပြေးနိုင်သဖြင့် ပြိုင်ဘက်၏ အပေါ်မှ ကျော်ချသည့် အဝေးပေးပို့မှုတိုင်းက အမြဲတမ်း တိကျနေတတ်သောကြောင့် ဖြစ်သည်။
ယခုတော့ အခြေအနေများက ကွာခြားသွားပြီ ဖြစ်သည်။
သီယာဂို ဆေးလ်ဗားက အသက်ကြီးပြီ ဖြစ်သော်လည်း သူက သွက်လက်ဖျတ်လတ်ပြီး ဉာဏ်ရည် ထက်မြက်ကာ နောက်သို့ လိုက်ပါ ဖျက်ထုတ်ရာတွင်လည်း မြန်ဆန်သည်။ ထို့ကြောင့်ပင် မော်ရင်ညိုက ကွင်းလယ် တိုက်စစ်ကို အာရုံစိုက်ရန် ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
မကြာမီ မိနစ်ဆယ့်ငါးမိနစ် ကုန်လွန်သွားပြီး ယိုဟန် ခရိုက်ဖ် အားကစားကွင်းကြီးက ထုံးစံအတိုင်း ပြန်လည် ဆူညံလာတော့သည်။
ပွဲကစားနေစဉ်အတွင်း တန်ဟက်ဂ်၏ အပြောင်းအလဲ လုပ်နိုင်စွမ်းက ဘယ်လောက် ကောင်းသလဲ။
အေဂျက်စ်၏ အပြောင်းအလဲများက ၎င်းကို သက်သေပြနေသည်။ သူတို့၏ တောင်ပံနောက်ခံလူ နှစ်ဦးက မန်ချက်စတာ ယူနိုက်တက်၏ တောင်ပံမှတစ်ဆင့် တိုက်စစ်ဆင်မှုများကို တန်ပြန်ရန် မကြာခဏ ရှေ့သို့ တက်လာကြသည်။
ဆန်ဒရိုကတော့ အဆင်ပြေပါသည်။ သို့သော် ဝမ်ဘစ်ဆာကာ၏ တိုက်စစ်စွမ်းရည်က ကန့်သတ်ချက် ရှိနေပြီးသား ဖြစ်သဖြင့် ယခု သူက ခံစစ်ကိုသာ အာရုံစိုက်နေရတော့သည်။
သို့သော် တန်ဟက်ဂ် တစ်ယောက် တစ်ခုခု မှားယွင်းနေပြီကို မကြာမီ သတိပြုမိသွားသည်။
ကန်တေ၊ စကော့နှင့် မာတစ် ဆိုသည့် ကွင်းလယ်ခံစစ် ကစားသမား သုံးဦးက ကစားကွက် ဖန်တီးသည့် အခန်းကဏ္ဍကို တာဝန်ယူကာ ရှေ့သို့ စနစ်တကျ တက်လာကြသည်။
ကန်တေ အကြောင်းကတော့ ထပ်ပြောနေစရာ မလိုတော့ပေ။
သူက ကွန်တီ လက်အောက်တွင် သူ၏ စွမ်းရည်များကို အဆက်မပြတ် သွေးခဲ့ပြီး အောင်မြင်မှု အချို့ကို ရရှိခဲ့သူ ဖြစ်သည်။
မာတစ်ကလည်း တိုက်စစ်နှင့် ခံစစ် နှစ်ခုစလုံးတွင် ထူးချွန်သော ကစားသမား တစ်ဦး ဖြစ်သည်။
နှစ်ရာသီကြာ အာရုံစိုက် လေ့လာပြီးနောက် စကော့သည်လည်း ကစားကွက် ဖန်တီးရှင် တစ်ဦး၏ အရည်အသွေး အချို့ကို ရရှိလာခဲ့ပြီ ဖြစ်သည်။
ဘရူနို ဖာနန်ဒက်စ်၏ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးအနေဖြင့် ကွင်းအတွင်း အဆက်မပြတ် ပြေးလွှားလှုပ်ရှားမှုများက သူတို့ ရှေ့တက်ရန် အတွက် နေရာလွတ်များ ပိုမို ဖန်တီးပေးနိုင်ခဲ့သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ မန်ချက်စတာယူနိုက်တက်က အေဂျက်စ်၏ နယ်မြေကို တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာသည်။ အေဂျက်စ်သည်မူ အဆက်မပြတ် ဖိအားပေးခံနေရသည့် စပရိန်တစ်ခုနှင့် တူနေသည်။ နောက်ဆုံးတွင် ဖိအားကို မခံနိုင်တော့ဘဲ တစ်စစီ ပြိုကျသွားတော့မည် ဖြစ်သည်။
ဒုတိယပိုင်း ၆၃ မိနစ်…
ဗန်ဒီဘိခ်နှင့် မာဇာရာဝီတို့ ကွင်းဘေးစည်းတွင် ဝမ်းတူး လုပ်နေရင်း ရုတ်တရက် ကန်တေ၏ ကြားဖြတ် လုယူမှုကို ခံလိုက်ရသည်။ ကန်တေက ချက်ချင်းပင် ပြတ်သားသော မျှောထိုးပေးပို့မှု တစ်ခုကို ပြုလုပ်လိုက်သည်။
ချူဖုန်း ဘောလုံးလက်ခံပြီး လှည့်မထွက်နိုင်မီ လီဆန်ဒရို မာတီနက်ဇ်က အတင်း ဝင်ရောက် ဖိအားပေးလာသည်။
မြန်နှုန်းဖြင့် ကစားသမားများကို နည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်း၊ ကိုယ်ကာယ သန်မာသော ကစားသမားများကို နည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်း၊ ဉာဏ်ရည်နိမ့်သော ကစားသမားများကို ဉာဏ်ရည်ဖြင့် ယှဉ်ပြိုင်ခြင်းက ချူဖုန်း၏ အလေ့အကျင့် တစ်ခု ဖြစ်သည်။
ယခုလည်း သူက ကိုယ်ချင်းယှဉ်တိုက်ရန် ဆုံးဖြတ်ထားပြီး လီဆန်ဒရို မာတီနက်ဇ်ကို အင်အားသုံးကာ ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။
“သောက်ရမ်း သန်တာပဲ...”
လီဆန်ဒရို မာတီနက်ဇ်မှာ ပြန်လည် စဉ်းစားချိန်ပင် မရလိုက်ဘဲ ရှေ့သို့ ထပ်မံ ပြေးဝင်သွားရသည်။ သူ၏ ခံစစ်နည်းဗျူဟာက နံရံတစ်ခုလို ကပ်တွယ်နေရန်သာ ဖြစ်သည်။
မင်း ငါ့ကို ဘယ်နှစ်ခါပဲ ဘေးကို တွန်းထုတ်တွန်းထုတ်... ငါက အမြဲတမ်း ပြန်လာပြီး ဘောလုံးကို လုယူနိုင်တယ်ကွ...
သို့သော် ချူဖုန်းက ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လာမည်ကို သူ စိုးရိမ်နေခဲ့သည်။
သူက ကိုယ့်နေရာကိုယ် ထိန်းချုပ်ရန် သတိမထားမိလိုက်ပေ။
ဖတ်...
ဘောလုံးကို ထိလိုက်သည့် ပြတ်သားသော အသံကို ကြားလိုက်ရချိန်တွင် တစ်ခုခု မှားယွင်းသွားပြီမှန်း လီဆန်ဒရို မာတီနက်ဇ် သိလိုက်သည်။
သူ့ပေါင်ကြားထဲကနေ ဘောလုံး အဖောက်ခံလိုက်ရပြီ။
တစ်နည်းအားဖြင့် ပြောရလျှင် လီဆန်ဒရို မာတီနက်ဇ်က အရပ်ပုသဖြင့် လှည့်ပြေးသည့် အမြန်နှုန်းက နှိုင်းယှဉ်ချက်အရ မြန်ဆန်သည်။ အကယ်၍ မက်ဂွိုင်းယားဆိုလျှင် ချူဖုန်း အောင်ပွဲခံသည့် အချိန်အထိ သူ လှည့်ကြည့်မိမည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် သူ ချူဖုန်း၏ လှည့်စားမှုကို လုံးဝ ခံလိုက်ရပြီ ဖြစ်သည်။ ပြန်လှည့်ကြည့်လိုက်ချိန်တွင် ဘောလုံးက မရှိတော့ပေ။
ချူဖုန်းက ဘယ်ခြေဖြင့် ညာတောင်ပံ၌ လွတ်နေသော မာရက်ဇ်ထံ ပေးပို့လိုက်လေပြီ။ လီဆန်ဒရို မာတီနက်ဇ် တစ်ယောက် ငိုချင်သွားသည်။
လက်ရွးစင်အသင်းမှာတုန်းက မက်ဆီကတောင် သူ့ကို ယခုလို အရူးမလုပ်နိုင်ခဲ့ပေ။
“မာရက်ဇ်… ညာဘက်တောင်ပံကနေ ပြေးထွက်သွားပြီ”
“ဘေးကို ဆွဲလိုက်ပြီ။ ကန်သွင်းလိုက်ပြီ”
“ဝိုး... တခြားလူတွေ အားလုံး ဘောလုံးကစားလို့ ပြီးသွားချိန်မှ အိုနာနာက အခုမှ ကွင်းထဲက ထွက်လာသလိုပဲ”
“ဂိုး.....”
“မန်ယူအသင်းက ပြိုင်ဘက်ရဲ့ ခံစစ်ဧရိယာထဲမှာ အသင်းလိုက် ဖိအားပေးမှုကနေတစ်ဆင့် အေဂျက်စ်ရဲ့ ကစားကွက်ကို ပျက်ယွင်းသွားစေခဲ့တဲ့ လှပတဲ့ တိုက်စစ်ဆင်မှုပါပဲ...”
“ဒီလို ကစားဟန်က အသုံးချဖို့ နေရာလွတ် အများကြီး ဖြစ်သွားစေတယ်...”
“အေဂျက်စ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား နှစ်ယောက် နေရာလွတ်သွားတဲ့ အချိန်မှာတင် ဒီဂိုးက သေချာပေါက် ဝင်ဖို့ ဖန်လာခဲ့တာပါပဲ”
ယိုဟန် ခရိုက်ဖ် အားကစားကွင်းအတွင်း…
မန်ချက်စတာယူနိုက်တက် ပရိသတ်များ၏ အားပေးသံများက အိမ်ရှင် ပရိသတ်များ၏ အသံကို တဖြည်းဖြည်း လွှမ်းမိုးသွားသည်။
“ချူ... ကျေးဇူးပဲကွာ...” မာရက်ဇ်က သူ့ကို တင်းကျပ်စွာ ဖက်လိုက်သည်။
ချူဖုန်းနှင့် ပေါင်းသင်းရသည်မှာ ကောင်းမွန်သော အရာတစ်ခုဟု သူ ခံစားလိုက်ရသည်။ အကြောင်းမှာ ချူဖုန်းက ဘောလုံးပေးရမည့် အချိန်တွင် ပေးရန် ဘယ်သောအခါမှ မတွန့်ဆုတ်တတ်သောကြောင့် ဖြစ်လေသည်။
သေချာသည်ကတော့ တိုက်စစ်မှူးများ အနေဖြင့် ဂိုးသွင်းလိုစိတ် ပြင်းပြရန် လိုအပ်သည်မှာ အမှန်ပင်။ ဤသည်က တိုက်စစ်မှူး တစ်ဦးတွင် မဖြစ်မနေ လိုအပ်သော စိတ်ဓာတ်ပင်…။
သို့သော် အသင်းဖော်များက ပိုကောင်းသော နေရာများတွင် ရှိနေပါလျက် မိမိတစ်ယောက်တည်း အတင်းအဓမ္မ ကန်သွင်းနေခြင်းမျိုးကလည်း မလုပ်သင့်ပေ။ ဤသည်က တစ်ကိုယ်ကောင်း ဆန်သော လုပ်ရပ် ဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ချူဖုန်းသည်လည်း ထိုသို့ ကန်သွင်းနိုင်သော်လည်း တကယ်တမ်းတွင် ထိုသို့လုပ်ရန် မလိုအပ်ပေ။
သူက မာရက်ဇ်ကို ပြောလိုက်သည်။ “အသင်းငယ်တွေနဲ့ ကစားတဲ့အခါ ပင်နယ်တီလေး ဘာလေး ပိုရအောင် လုပ်စမ်းပါ။ ငါ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းတဲ့သူ ဖြစ်လာအောင်လို့...”
“ဒီကိစ္စအတွက် ငါ့ဆီ မလာသင့်ဘူး...”
မာရက်ဇ်က ပခုံးတွန့်လိုက်သည်။ “ဂရီးလစ်ရှ်က အသင့်တော်ဆုံးပဲ။ ဘာလို့လဲတော့ မသိဘူး... သူ့ကို မြင်လိုက်တာနဲ့ ကန်ကျောက်ချင်စိတ် ပေါက်လာတာပဲ...”
ချူဖုန်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အရန်ခုံတန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ဂရီးလစ်ရှ်ကလည်း သူ၏ ညီအစ်ကိုများကို လက်မထောင်ပြကာ သူတို့ ကစားတာ အရမ်း လှပကြောင်းနှင့် သူကိုယ်တိုင် ဝင်ကစားချင်စိတ် တားမရဆီးမရ ဖြစ်နေကြောင်း အမူအရာ ပြနေသည်။
ချန်ပီယံလိဂ်…
သူက ချန်ပီယံရှစ်နှင့် ပရီးမီးယားလိဂ်တို့တွင် နှစ်ပေါင်းများစွာ ကစားခဲ့သော်လည်း ချန်ပီယံလိဂ်တွင် တစ်ခါမှ မကစားခဲ့ဖူးပေ။ ထို့ကြောင့် ချန်ပီယံလိဂ်တွင် ကစားခွင့် ရရန်မှာ သူ၏ အိမ်မက်ပင်…။
“ခဏနေရင် မင်း ဝင်ကစားရတော့မှာပါ...”
မော်ရင်ညိုက ဂရီးလစ်ရှ်၏ အမူအရာကို သတိထားမိလိုက်သည်။
“နည်းပြကြီး... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်” ဂရီးလစ်ရှ် တစ်ယောက် ပျော်လွန်း၍ ခုန်ပေါက်မတတ် ဖြစ်သွားသည်။
လတ်တလောတွင် သူက လိဂ်ပွဲများနှင့် ချန်ပီယံလိဂ်ပွဲများအတွက် ပြင်ဆင်ရန် ဘားများသို့ သိပ်မသွားဖြစ်တော့ပေ။ ဤသည်က ညကလပ် မင်းသားလေးကို မွန်းကျပ်စေခဲ့သည်။
ယခုတော့ သူ့အနေဖြင့် ဘောလုံးကစားခြင်းဖြင့် စိတ်ဖိစီးမှုများကို ဖြေလျှော့ရန် လိုအပ်နေပြီ ဖြစ်သည်။
ကွင်းထဲတွင် ပွဲက ဆက်လက် လည်ပတ်နေသည်။
အေဂျက်စ်က အဓိက ကစားသမား နှစ်ဦးကို ရောင်းချခဲ့သော်လည်း တန်ဟက်ဂ်က လုံးဝ ထိခိုက်မှု မရှိဟု ဆိုခဲ့သည်။
သို့သော်... အဲဒါ ဖြစ်နိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ပါ။
အကောင်းဆုံး လူငယ် ကစားသမားများပင်လျှင် တိုးတက်လာရန် အချိန်လိုအပ်သည်။
ချူဖုန်းလို လူမျိုးကတော့ ချွင်းချက်ပေါ့။
မန်ချက်စတာယူနိုက်တက်က ပွဲကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့ပြီး နောက်ဆုံးတွင် ၇၅ မိနစ်သို့ ရောက်ရှိလာသည်။ မာရက်ဇ်က တောင်ပံမှတစ်ဆင့် အလယ်သို့ ဖြတ်တင်ပေးလိုက်သည်။
ချူဖုန်းက ဘောလုံးကို လက်ခံရန် လာပြီးနောက် လီဆန်ဒရို မာတီနက်ဇ်ကို ထပ်မံ ခေါင်းစားစေရန် ဂိုးကန်သွင်းမည့် ဟန်ပြုလိုက်သည်။
သနားစရာ လီဆန်ဒရို မာတီနက်ဇ်လေးမှာ နောက်တစ်ကြိမ် လှည့်စားခံလိုက်ရပြန်သည်။
မတတ်နိုင်ဘူးလေ။
ချူဖုန်း၏ လှည့်စားမှုက အလွန် သဘာဝကျလွန်းလှပြီး တကယ် မကန်သွင်းလိုက်သည်ကလွဲ၍ အစစ်အမှန်နှင့် ခွဲခြား၍မရသလောက်ပင် တူနေသည်။
ထို့အပြင် လက်ရှိ၌ မာတီနက်ဇ်က အရမ်း ငယ်လွန်းနေသေးသည် မဟုတ်ပါလား။
ဟာလန်းကို ကစားစရာ အရုပ်တစ်ရုပ်လို ဆက်ဆံနိုင်သည့် အဆင့်အထိ သူ ကြီးပြင်းလာချိန်မှသာ ဘောလုံးကွင်းထဲတွင် ချူဖုန်းနှင့် တကယ်တမ်း ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
***