နောက်တစ်နေ့။
ချူဖုန်း အားကစားခန်းမမှ အထွက်တွင် ဂရီးလစ်ရှ်ကို တွေ့လိုက်ရသည်။
ဂရီးလစ်ရှ်၏ ခြေထောက်များက ပျော့ခွေနေပြီး လည်ပင်းတွင်လည်း အမှတ်အသားများ ရှိနေသည်။ မနေ့ညက အများကြီး ရုန်းကန်ခဲ့ရပုံပဲ။
“ဘယ်လိုလဲ...” ချူဖုန်းက အဖြေသိလျက်နှင့် မေးလိုက်သည်။
“အဟမ်း... မန်ချက်စတာနဲ့ ဘာမှ မကွာပါဘူးကွာ... ငါက စမ်းကြည့်ရုံလေးပါ...”
ဂရီးလစ်ရှ်က ဟန်ရေးပြကာ သူ၏ ဆံပင်ကို သပ်တင်လိုက်သည်။ “ငါ့လို ရုပ်ချောတဲ့သူ တစ်ယောက်က ဘားထဲကို လွယ်လွယ်ကူကူ ဝင်သွားပြီး ကောင်မလေး နှစ်ယောက်လောက် အသာလေး ခေါ်ထွက်လာလို့ ရတယ်လေ...”
“ဒါဆို ငါရော ဘယ်နှစ်ယောက်လောက် ခေါ်သွားနိုင်မယ် ထင်လဲ...” ချူဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်၏။
ဂရီးလစ်ရှ်က ချူဖုန်းကို အကဲခတ်ကြည့်ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ လေးနက်စွာ ပြောလိုက်သည်။ “မင်းကတော့... တခြားနည်းပြ တစ်ယောက်ယောက်ရဲ့ သမီးကို ထပ်ဆွဲထားနိုင်လောက်တယ်...”
မန်ချက်စတာသို့ ပြန်ရောက်ပြီးနောက်...
စက်တင်ဘာလ တစ်ဝက်ကျော်က နိုင်ငံတကာ ပွဲစဉ်ရက်များ ဖြစ်သောကြောင့် ပွဲစဉ်ဇယားက အရမ်း မကျပ်တည်းလှပေ။ အားလုံးက လိဂ်ပွဲစဉ် (၆) အတွက် ပြင်ဆင်နေချိန်တွင် ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်နေကြသည်။
ခရစ္စမတ်ကာလ ရောက်မှ ကြံ့ခိုင်မှု ပြဿနာများ မကြုံရစေရန် ဤလေ့ကျင့်ခန်းများကို စောစော စတင်လေ ပိုကောင်းလေပင်။
ဂရီးလစ်ရှ်ကတော့ နေ့တိုင်း အရမ်း ပင်ပန်းနေသဖြင့် ဘားသို့ပင် မသွားချင်တော့ပေ။
ပရီးမီးယားလိဂ် ပွဲစဉ်ရက်က လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဝက်စ်ဟမ်း ယူနိုက်တက်က မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းတွင် ဧည့်ခံ ကစားမည် ဖြစ်သည်။
………………….
ချူဖုန်းနှင့် မာရက်ဇ်တို့က မေးစေ့ကို လက်ဖြင့်ထောက်ကာ စိမ်းလန်းသော မြက်ခင်းပြင်ဆီသို့ ငေးကြည့်နေကြသည်။
သူတို့နှစ်ဦးစလုံး မကြာခဏ ပွဲထွက်ကစားခဲ့ရသဖြင့် လုံလောက်သော အနားယူမှု လိုအပ်နေသည်။ ထို့ကြောင့် မော်ရင်ညိုက သူတို့ကို အရန်ခုံတွင် ထိုင်ခိုင်းထားခြင်း ဖြစ်သည်။
“မင်း သိလား... ရိုက်စ်က တကယ်ကို ကောင်းတာပဲ။ အထူးသဖြင့် နောက်တန်းကနေ ဘောလုံးပေးပို့ပြီး ကစားကွက် တည်ဆောက်တဲ့ နေရာမှာပေါ့...”
ချူဖုန်း၏ အသံက အနည်းငယ် စိတ်ပျက်နေပုံရသည်။
ရာသီအစကတည်းက မန်ချက်စတာယူနိုက်တက်က ရိုက်စ်ကို ကမ်းလှမ်းခဲ့သော်လည်း ဝက်စ်ဟမ်း ယူနိုက်တက်က ငြင်းပယ်ခဲ့သည်။ မဟုတ်လျှင် ရိုက်စ်ကို ကန်တေ၏ နေရာဆက်ခံသူအဖြစ် သေချာပေါက် ပျိုးထောင်၍ ရနိုင်သည်။
ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူးလေ။
ကန်တေ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အတော်လေး ရှည်လျားခဲ့သည်။ ကစားသမားဘဝ နှောင်းပိုင်းတွင် ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသော်လည်း အလွန်အကျွံ အသုံးမချသရွေ့တော့ အဆင်ပြေပါသည်။
“ငါက မင်းနဲ့ တွဲကစားရတာ အကျင့်ပါနေပြီ။ အခု ဂရင်းဝုဒ်ကို ကြည့်လိုက်ပါဦးကွာ...”
မာရက်ဇ်က နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။
သူက လူငယ်ကစားသမားများကို အထင်သေးနေခြင်း မဟုတ်ပေ။ သို့သော် ချူဖုန်းနှင့် ဂရင်းဝုဒ်တို့ နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းနေသည်။
လမင်းကြီးနှင့် ပိုးစုန်းကြူးလေးလိုမျိုး ကွာခြားလွန်းနေသည်။
အနှီ အကြောင်းကြောင့်များလား မသိ... ဂရင်းဝုဒ် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ဖိအားများစွာ ခံစားနေရပုံရပြီး သူ၏ စွမ်းဆောင်ရည်များက ကျေနပ်စရာ မကောင်းလှပေ။
ပထမပိုင်း ကုန်ဆုံးလုနီးပါး အချိန်အထိ ရလဒ်က ၀-၀ သာ ဖြစ်နေဆဲပင်။
ဤသည်က မန်ချက်စတာယူနိုက်တက် ပရိသတ်များကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ဝက်စ်ဟမ်း ယူနိုက်တက်က အဲဒီလောက် တောင့်တင်းလို့လား။
တောင့်တင်းတယ်လို့တော့ သတ်မှတ်ရမှာပေါ့။ အထူးသဖြင့် သူတို့ရဲ့ အမည်ပြောင်က ရော်ဘင်ဟုဒ် ဖြစ်နေတာကို ထည့်တွက်ရမယ်လေ။
ရုတ်တရက်... ကွင်းအတွင်း အခြေအနေများ ကြီးမားစွာ ပြောင်းလဲသွားသည်။
ဂရီးလစ်ရှ်က ဘယ်ဘက်တောင်ပံမှ ဖောက်ထွက်လာပြီး ရိုက်စ်နှင့် တစ်ဦးချင်း ရင်ဆိုင်ရချိန်တွင် ဟန့်တားခံလိုက်ရသည်။
ဖရက်ဒရစ်က လျှောထိုးဖျက်ထုတ်ကာ ဘောလုံးကို ဘေးထွက်မသွားအောင် ကယ်တင်လိုက်သည်။
တန်ပြန်တိုက်စစ်…
ဝက်စ်ဟမ်းယူနိုက်တက်၏ လက်ရှိနည်းပြဖြစ်သူ မန်နျူရယ် ပယ်လီဂရီနီကို ပရိသတ်များက အင်ဂျင်နီယာကြီး ဟု အမည်ပြောင် ပေးထားကြသည်။ အကြောင်းမှာ သူ၏ နည်းဗျူဟာများက အလွန် စေ့စပ်သေချာလွန်းလှသောကြောင့်ပင်…။
ဝက်စ်ဟမ်းယူနိုက်တက်က ဘေးစည်းတစ်လျှောက် လျင်မြန်စွာ ပြေးတက်လာပြီး ကွင်းလယ်တွင် ဆက်တိုက် ဘောလုံးပေးပို့မှုများ ပြုလုပ်လိုက်သည်။
ဖရက်ဒရစ်... နိုဘယ်… အန်ဒါဆန်… ယာမိုလန်ကို…
သူတို့က မန်ချက်စတာယူနိုက်တက်၏ ကွင်းလယ်ခံစစ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး အလွန်ကောင်းမွန်သော ဂိုးသွင်းအခွင့်အရေး တစ်ရပ်ကို ဖန်တီးလိုက်သည်။
ယူကရိန်း ကစားသမား ယာမိုလန်ကိုက ပင်နယ်တီ ဧရိယာထဲမှ နေ၍ အဝေးတိုင်ထောင်သို့ ကန်သွင်းလိုက်သည်။ ဒီဂီယာက သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ဆန့်ထုတ်ကာ ကာကွယ်လိုက်သော်လည်း ဘောလုံးက ဂိုးပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ။
၁ : ၀
အိမ်ကွင်းတွင် ကစားနေသော ဝက်စ်ဟမ်းယူနိုက်တက်က ဦးဆောင်ဂိုး စတင်ရရှိသွားသည်
လန်ဒန် အားကစားကွင်းကြီးအတွင်းရှိ ဝက်စ်ဟမ်းပရိသတ်များ၏ ကျယ်လောင်သော အော်ဟစ်အားပေးသံများ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
ဖလား ၇လုံးရ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခြင်းက ဘာကို ဆိုလိုသလဲ။
မန်ချက်စတာ ယူနိုက်တက်က ဤပွဲစဉ်၌ အရန်ကစားသမားများကို အသုံးပြုခဲ့သော်လည်း ယခုလို ဦးဆောင်ခွင့် ရခြင်းကပင် လုံလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပင်။
တကယ်တမ်းတွင် မန်ချက်စတာယူနိုက်တက်၏ ကြီးစိုးမှုခေတ်က အစပျိုးနေပြီဖြစ်ရာ အခြား အသင်းများ အားလုံး၏ စိတ်ထဲတွင် မန်ချက်စတာ ယူနိုက်တက်ကို နိုင်ချင်ကြသည်။
ပယ်လီဂရီနီလည်း စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ကာ အောင်ပွဲခံလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူ၏ အပြုံးများ ပျောက်ကွယ်သွားတော့သည်။
အကြောင်းမှာ ချူဖုန်းက လေ့ကျင့်ရေးအင်္ကျီကို ဝတ်ဆင်ကာ သွေးပူလေ့ကျင့်ခန်း လုပ်ရာနေရာတွင် လေ့ကျင့်နေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်…။
“သောက်ကျိုးနည်း...”
ပယ်လီဂရီနီက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
လွန်ခဲ့သော သုံးနှစ်က သူသည် ငွေပိုရှာနိုင်ရန် မျှော်လင့်ချက်ဖြင့် တရုတ်စူပါလိဂ်တွင် ဟဲပေချိုင်းနားဖော်ကျွန်း အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ရလဒ်က ဘာဖြစ်သွားလဲ။
နှစ်နှစ်အကြာမှာပဲ အလုပ်ပြုတ်သွားခဲ့သည်။
တရုတ် ပထမတန်းလိဂ်၏ နောက်ဆုံး ရှစ်ပွဲဆက်တိုက်တွင် ဟဲပေချိုင်းနားဖော်ကျွန်းက ၂၄ မှတ် အပြည့်ရယူနိုင်ခဲ့ပြီး ယွီဟန်ကို အနိုင်ယူကာ တရုတ်စူပါလိဂ်သို့ တန်းတက်နိုင်ခဲ့သည်။ သို့သော် သူသည် အသင်း၏ တာဝန်ရှိသူများနှင့် သဘောထားချင်း မတိုက်ဆိုင်သဖြင့် အသင်းကနေ ထွက်ခွာခဲ့ရ၏။
တီ… တီ…
မကြာမီမှာပင် ဒိုင်လူကြီးက ခရာမှုတ်လိုက်ပြီး ပထမပိုင်း ပြီးဆုံးသွားသည်။
အဝတ်လဲခန်းသို့ ပြန်ရောက်သောအခါ...
“မင်းတို့ ပထမပိုင်းမှာ ကစားတာ သောက်ရမ်း ဆိုးတယ်။ တိုက်စစ် ဧရိယာမှာ ဂိုးကန်သွင်းတဲ့ အချိန်မှာရော ၊ ကွင်းလယ် အကူးအပြောင်းမှာရော၊ နောက်တန်း ခံစစ်မှာရော အကုန် ပြဿနာတွေချည်းပဲ...”
မော်ရင်ညိုက လုံးဝ သနားညှာတာမှု မပြပေ။
သူက နောက်ကောက်ကျနေချိန်တွင် ကစားသမားများကို ဖော်ဖော်ရွေရွေ နှစ်သိမ့်ပေးတတ်သော အန်ဆယ်လော့တီ မဟုတ်ပေ။
မင်း အမှားလုပ်ရင် မင်း အဆဲခံရမှာပဲ။ ဒါက မော်ရင်ညိုရဲ့ ဘောလုံးဒဿန ဖြစ်သလို သူ့ရဲ့ ဘဝဆောင်ပုဒ်လည်း ဖြစ်တယ်။
“ဝက်စ်ဟမ်းယူနိုက်တက်က ဖျက်ထုတ်မှုတွေ အများကြီး လုပ်နိုင်ခဲ့တယ်... ဆိုလိုတာက သူတို့ ပွဲကို ထိန်းချုပ်သွားနိုင်တယ်...”
မော်ရင်ညိုက ထိုကိစ္စကို ဆက်လက် အပြစ်မတင်တော့ဘဲ ပွဲအခြေအနေကို ပြန်လည် သုံးသပ်ပြလေသည်။
“ဒုတိယပိုင်းမှာ မင်းတို့ရဲ့ ကစားအားကို မြှင့်တင်ဖို့ လိုတယ်။ ခံစစ်၊ တိုက်စစ်၊ ခန္ဓာကိုယ်ချင်း ယှဉ်တိုက်တာတွေနဲ့ ဘောလုံး ဖျက်ထုတ်တာတွေ လုပ်ပြီး ပွဲရဲ့ အရှိန်အဟုန်ကို ပြန်လည် ပုံဖော်ရမယ်...”
“ချူ...”
မော်ရင်ညိုက ချူဖုန်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ရှေ့တန်းမှာ နေပြီး ဝက်စ်ဟမ်းရဲ့ ခံစစ်ကို ဖိအားပေးရမယ်။ ပြီးရင် မင်းရဲ့ အသင်းဖော်တွေ ပိုကောင်းကောင်း ကစားနိုင်အောင် တိုက်စစ် ဧရိယာက နေရာလွတ်တွေကို ချဲ့ကားပေးရမယ်။ ပြိုင်ဘက်ရဲ့ ခံစစ်နဲ့ ကွင်းလယ်ခံစစ် ကြားက ဆက်သွယ်မှုကို ငါတို့ ဖြတ်တောက်နိုင်သရွေ့ အန္တရာယ်ရှိတဲ့ နေရာတွေကို ငါတို့ နေရာယူနိုင်လိမ့်မယ်။ အဲဒီအခါကျရင် ဂိုးရဖို့ဆိုတာ အချိန်ပဲ လိုလိမ့်မယ်”
“နားလည်ပါပြီ...” ချူဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ကမ္ဘာပေါ်တွင် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးတည်းအဖြစ် ကစားရဲသော အသင်း ဟူ၍ သိပ်မများလှပေ။ မော်ရင်ညိုပင်လျှင် ထိုသို့ ကစားရဲမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ကစားခြင်းက ကစားသမားအပေါ် တောင်းဆိုမှု အရမ်း မြင့်မားလွန်းသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ကန်တေဆိုလျှင် လေကြောင်းရန် ကာကွယ်နိုင်စွမ်း အားနည်းပြီး စကော့ ဆိုလျှင်လည်း ရွေ့လျားနိုင်စွမ်း အားနည်းသည်။
သို့သော် ရိုက်စ်ကတော့ ကဏ္ဍစုံတွင် ကျွမ်းကျင်ပေသည်။ ထို့ကြောင့် ဝက်စ်ဟမ်း ယူနိုက်တက်က သူ့ကိုသာ တစ်ဦးတည်းသော ကွင်းလယ်ခံစစ် ကစားသမား အဖြစ် တာဝန်ပေးထားလေသည်။
ပွဲတစ်ပိုင်းနားချိန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး လန်ဒန် အားကစားကွင်းကြီးက ထုံးစံအတိုင်း ပြန်လည် ဆူညံလာတော့သည်။
ဝက်စ်ဟမ်းယူနိုက်တက်က ယခင် ရန်လိုသော ကစားဟန်ကို ပြောင်းလဲလိုက်ပြီး သူတို့၏ ကွင်းတစ်ဝက်တွင် ဘတ်စ်ကား ပိတ်ရပ်ခြင်းကို စတင်လိုက်သည်။
မတတ်နိုင်ဘူးလေ။ ပယ်လီဂရီနီကလည်း လူမိုက်မှ မဟုတ်တာ။
ချူဖုန်း ဘယ်လောက် ကောင်းသလဲ ဆိုတာ သူ ကောင်းကောင်း သိသည်။ ရိုက်စ်က ဆက်တောင့်မခံနိုင်တော့မှာ သေချာသည်။
ဒီလို အခြေအနေမျိုးမှာ ဘတ်စ်ကား ပိတ်ရပ်ပြီး ရထားတဲ့ ဦးဆောင်ဂိုးကို ထိန်းထားတာက အကောင်းဆုံးပဲ။ အဲဒီလိုဆိုရင် မန်ချက်စတာယူနိုက်တက်ကို အနိုင်ရဖို့ အခွင့်အရေးတောင် ရှိလာနိုင်တယ်။
မန်ချက်စတာယူနိုက်တက်က ဒုတိယပိုင်း ပြန်စချိန်တွင် ခြိမ်းခြောက်မှုမျိုး ဆက်တိုက် မလုပ်ခဲ့ဘဲ ပင်နယ်တီ ဧရိယာ အပြင်ဘက်တွင်သာ ဘောလုံး ပေးပို့နေရသည်။
ရိုက်စ်ကတော့ တကယ်ကို ပါရမီရှင်ပါပင်…။ သူက နောက်တန်းမှနေ၍ ခံစစ်ကို စီမံခန့်ခွဲခြင်း၊ ဖိအားပေးမှုများကို ညှိနှိုင်းခြင်းနှင့် ဘောလုံး ဖြန့်ဝေခြင်းများကို ထူးခြားစွာ လုပ်ဆောင်နိုင်ခဲ့သည်။
ဤသို့ဖြင့် ဒုတိယပိုင်း ၆၇ မိနစ်သို့ ရောက်ရှိလာသည်။
***