မန်ချက်စတာယူနိုက်တက်က နည်းဗျူဟာ ပြောင်းလဲလိုက်ပြီး ပြစ်ဒဏ်ဘောများ ရရှိရန် စတင် ကြိုးစားလာသည်။ ပြစ်ဒဏ်ဘော ရယူရာတွင် နာမည်ကြီးသော ဂရီးလစ်ရှ်က ဖရက်ဒရစ်၏ ဖျက်ထုတ်မှုကို ခံလိုက်ရသည်။
အဝါကတ် တစ်ကတ်နှင့်အတူ အလွန် ကောင်းမွန်သော နေရာမှ အလွတ်တည်ကန်ဘော ရရှိသွားသည်။
“ဟားဗက်ဇ် ကန်လိမ့်မယ်ဗျ။ ဒီလူငယ်လေးရဲ့ ခြေစွမ်းက ယုံကြည်ရပါ့မလား...”
“ဒါပေမယ့် သူကလွဲရင် တခြားသူ မရှိတော့ဘူး ထင်ပါတယ်...”
“ချူ၊ စကော့နဲ့ တခြားလူတွေ အားလုံးက ပင်နယ်တီ ဧရိယာထဲမှာ ရောက်နေကြတယ်။ ဟားဗက်ဇ်ကလည်း သိပ်မသန်မာဘူးဆိုတော့ ပရီးမီးယားလိဂ်က လူထွားကြီးတွေကို သူ ဘယ်လိုများ ယှဉ်နိုင်မလဲ...”
နဗီးလ်က နောက်ပြောင်လိုက်သည်။
မကြာမီမှာပင် ဟားဗက်ဇ်က ဖြတ်တင်ဘော တစ်လုံး ကန်တင်ပေးလိုက်ပြီး ဘောလုံးက ပင်နယ်တီ အမှတ်ဆီသို့ တည့်တည့် ပြေးသွားသည်။
“သောက်ကျိုးနည်း...”
အော့ဘွန်နာနှင့် ဒီယော့ပ်တို့ နှစ်ဦးစလုံးက အရပ် ၁၉၀ စင်တီမီတာကျော် မြင့်မားသော လူထွားကြီးများ ဖြစ်သော်လည်း ချူဖုန်းနှင့် အားပြိုင်ရာတွင် အသာစီး မရခဲ့ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့်...
မြေပြင်ပေါ်မှ စပရိန်တစ်ခုလို ခုန်ထွက်လာသော ချူဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခေါင်းတိုက်ချက်ကို သူတို့ ရပ်ကြည့်နေလိုက်ရသည်။
စွမ်းအား အပြည့်အဝတော့ မသုံးထားပေ။
သို့သော် ဘောလုံးက ကွေးညွတ်သော လမ်းကြောင်းဖြင့် ဖေဘီယန်စကီး၏ လက်ဖျားများကို ကျော်လွန်ကာ ဝက်စ်ဟမ်းယူနိုက်တက် ဂိုးပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ။
“တကယ်ကို လှပတဲ့ ဂိုးပါပဲဗျာ...”
“ချူ... ”
“လူစားဝင်လာပြီး မိနစ်နှစ်ဆယ် အကြာမှာပဲ မန်ချက်စတာ ယူနိုက်တက်အတွက် ချေပဂိုး သွင်းယူပေးလိုက်ပါပြီ”
“ကာရင်တန် လေ့ကျင့်ရေးကွင်းကနေ ထွက်ပေါ်လာတဲ့ ဒီပါရမီရှင်လေးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး အရေးကြီးတဲ့ အချိန်တိုင်းမှာ အမြဲတမ်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်”
နဗီးလ်က အပျက်သဘောဆောင်သော ဝေဖန်မှုများကို မလုပ်တော့ဘဲ ချူဖုန်းကို ချီးကျူးခြင်းဖြင့် ပရိသတ်၏ အာရုံစိုက်မှုကို ရယူရန်သာ ကြိုးစားနေတော့သည်။ မည်သို့ပင်ဆိုစေ ထိုစကားများက သူ၏ ရင်ထဲမှ လာသော စကားများပင်။
မန်ချက်စတာယူနိုက်တက် သမိုင်းတစ်လျှောက်တွင် သို့မဟုတ် မကြာသေးမီ နှစ်များအတွင်း ချူဖုန်းက ပါရမီအရှိဆုံး ကစားသမား ဖြစ်သည်ဟု သူ ခံစားမိသည်။ သူတို့ ဂုဏ်ယူရသော Class of 92 မျိုးဆက်များပင်လျှင် ချူဖုန်းလောက် မကောင်းခဲ့ပေ။
ရိုက်စ် တစ်ယောက် ချူဖုန်း အောင်ပွဲခံနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်သည်။ သူတို့နှစ်ဦးက လူငယ်အသင်းမှသည် ပထမအသင်းအထိ ရှစ်နှစ်ကျော်ကြာ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြသည်။
ပထမအဆင့် : တန်းတူရည်တူ။
အလယ်အဆင့် : ရိုက်စ်က ပိုကောင်းတယ်။
နောက်ဆုံးအဆင့် : ချူဖုန်းက အပြတ်အသတ် အနိုင်ရသွားတယ်။
ပရီးမီးယားလိဂ် (ခ) တွင် ကစားခဲ့ဖူးသော ချူဖုန်း တစ်ယောက် ၂နှစ်ကျော် ကာလအတွင်း မန်ချက်စတာ ယူနိုက်တက်ကို ယခုလို ဂုဏ်သိက္ခာ ကြီးမားသော အောင်မြင်မှုများဆီ ဦးဆောင်သွားနိုင်လိမ့်မည်ဟု ရိုက်စ် တစ်ခါမှ မတွေးဖူးခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူကတော့ ဝက်စ်ဟမ်းယူနိုက်တက် မနစ်မြုပ်သွားစေရန် သနားစရာ ကောင်းလောက်အောင် ရုန်းကန်နေရသည်။
သူတို့နှစ်ဦးက ကလေးဘဝကတည်းက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြလို့များလား မသိ။ မန်ချက်စတာ ယူနိုက်တက်၏ ကမ်းလှမ်းမှုကို သူ မသိစိတ်က လက်မခံချင်ခဲ့ပေ။
သူတို့နှစ်ယောက်က တစ်သက်တာ ပြိုင်ဘက်တွေ ဖြစ်သင့်တယ်လေ။
“စိတ်မပျက်ကြနဲ့ဟေ့... ပွဲက အခုမှ စတယ်လို့ပဲ သဘောထားလိုက်။ ငါတို့ ဂိုးသွင်းဖို့ အခွင့်အရေး ရှိပါသေးတယ်”
ရိုက်စ်ကလည်း ခေါင်းဆောင် တစ်ယောက်၏ တာဝန်ကို ယူကာ အော်ဟစ် အားပေးလိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ လွှမ်းမိုးနိုင်စွမ်းက ချူဖုန်းနှင့် မယှဉ်နိုင်ပေ။
မန်ချက်စတာယူနိုက်တက်က ကြိုးတစ်ချောင်းတည်းလို စည်းလုံးသွားပြီး အစွမ်းကုန် အားထုတ်ကာ အပြည့်အဝ တိုက်စစ်ဆင်လာကြသည်။ ဝက်စ်ဟမ်းယူနိုက်တက်တို့ မည်မျှပင် ရော်ဘင်ဟုဒ် စိတ်ဓာတ် ရှိနေပါစေ ထိုဖိအားကိုတော့ မခံနိုင်ခဲ့ပေ။
ပွဲချိန် ၈၃ မိနစ်…
ချူဖုန်းက အလယ်မှနေ၍ ဆက်တိုက် ထိုးဖောက်သွားပြီးနောက် ဂရီးလစ်ရှ်ထံသို့ ဘောလုံးကို ချက်ချင်း ပေးပို့လိုက်သည်။
ဂရီးလစ်ရှ်က ဘောလုံး ရသည်နှင့် ဝက်စ်ဟမ်း၏ ဂိုးဧရိယာ အတွင်းသို့ ပြေးဝင်သွားသည်။ ထိုအချိန်၌ ဖရက်ဒရစ်က ခြေဆန့်ထုတ်ကာ သူ့ကို ဝင်တားသည်။
ဖရက်ဒရစ်က တကယ်ပဲ သူ့ခြေထောက်ကို ထိမိသွားသည်။ သို့သော် အားက ထင်ထားသလောက် မပြင်းထန်ပေ။ သို့တိုင်အောင် ဂရီးလစ်ရှ်က ဂိုးသွင်းမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မြက်ခင်းပြင်ပေါ်သို့ ရုတ်တရက် လဲချလိုက်ပြီး နာကျင်စွာဖြင့် လိမ့်နေတော့သည်။
ဒိုင်လူကြီးက ကန့်ကွက်စရာ မလိုလောက်အောင် ပင်နယ်တီ ပေးလိုက်သည်။
“အဲဒီညက မှန်ပြတင်းပေါက်က ကောင်မလေးတွေနဲ့ ငါ ကော့စ်ပလေး ကစားခဲ့တာလေ... ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဟောလိဝုဒ် အဆင့်ထိ တက်သွားပြီကွ...” ဂရီးလစ်ရှ်က ခေါင်းခါရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
ချူဖုန်းက ဘောလုံးကို ကိုင်ကာ ဆွံ့အသွားသည်။ နည်းလမ်းကြောင့် မဟုတ်ဘဲ ဂရီးလစ်ရှ်၏ မျက်နှာပြောင်တိုက်လွန်းသော အကျင့်စရိုက်ကြောင့် ဖြစ်သည်။
ဒီကောင်က ဘယ်လိုလုပ်ပြီး လူတွေမြင်တာနဲ့ ကန်ကျောက်ချင်စိတ် ပေါက်အောင် လုပ်နိုင်ရတာလဲ။
အာဆင်နယ် ဂိုးသမားဟောင်း ဖေဘီယန်စကီးနှင့် ရင်ဆိုင်ရချိန်တွင် ချူဖုန်းက သူ၏ ပင်နယ်တီ ကန်သွင်းသည့် ပုံစံကို ပြောင်းလဲလိုက်သည်။
ပထမဆုံးအနေဖြင့် ခြေလှမ်း သေးသေးလေးများဖြင့် လျင်မြန်စွာ ပြေးတက်သွားပြီး နောက်ဆုံး ခြေလှမ်းတွင် ရပ်တန့်လိုက်သည်။ ဂိုးသမား၏ ဗဟိုချက် မည်သည့်ဘက်သို့ ရွှေ့သွားသလဲဆိုတာကို အကဲခတ်လိုက်သည်။
ထို့နောက် ဘောလုံးကို ဆန့်ကျင်ဘက်သို့ တွန်းပို့ကာ ဂိုးသွင်းယူလိုက်သည်။
သူ ဒါကို နေမာ ကစားတာကို ကြည့်ပြီး သင်ယူခဲ့တာဖြစ်ပြီး အချိန်ပိုတွေ အများကြီး ပေးပြီး လေ့ကျင့်ခဲ့တာ ဖြစ်သည်။
၁ : ၂
ဖေဘီယန်စကီး တစ်ယောက် မြက်ခင်းပြင်ပေါ် လဲကျနေရင်း ဒီလိုကန်ချက်မျိုးက လုံးဝ အဖြေရှာမရဘူးဟု တွေးနေမိသည်။
မန်ချက်စတာယူနိုက်တက်၏ သေချာသလောက် ရှိနေသော ဤဂိုးက ပွဲ၏ ရင်ခုန်စရာ အခြေအနေ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ဆုံး ပွဲသိမ်းခရာ မှုတ်ချိန်အထိ ရလဒ်က ပြောင်းလဲမသွားတော့ပေ။
မန်ချက်စတာ ယူနိုက်တက်တို့ ရှုံးနိမ့်မည့် အရေးမှ သီသီလေး လွတ်မြောက်သွားပြီး အဝေးကွင်းမှနေ၍ သုံးမှတ် အပြည့် ရယူသွားနိုင်ခဲ့သည်။
ပွဲစဉ် ၆ ပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားက အောက်ပါအတိုင်း ဖြစ်သည်။
မန်ချက်စတာယူနိုက်တက် - ၁၈ မှတ်
လီဗာပူး - ၁၈ မှတ်
မန်ချက်စတာစီးတီး - ၁၆ မှတ်
လီဗာပူးအသင်းက ကစားသမား အသစ်များ အများကြီး မခေါ်ခဲ့သော်လည်း သူတို့၏ လူစာရင်းက အချိတ်အဆက် မိမိဖြင့် ပြီးပြည့်စုံနေပြီ ဖြစ်သည်။ သူတို့က ချယ်လ်ဆီးကို ၂-၁ ဖြင့် အနိုင်ရခဲ့သည်။
အာနိုးလ်နှင့် ဖာမီနိုတို့ တစ်ဂိုးစီ သွင်းယူခဲ့ကြပြီး အာနိုးလ်က လတ်တလောတွင် ခြေစွမ်း အလွန် ကောင်းမွန်နေသည်။ ၄-၄-၂ မဂ္ဂဇင်း အဆင့်သတ်မှတ်ချက်တွင် ညာနောက်ခံလူများထဲ၌ သူက တတိယနေရာတွင် ရပ်တည်နေသည်။
ပရီးမီးယားလိဂ်တွင် နာမည်ကြီးသော လမ်းမကြီး ၆၆က ဘာကြောင့် ထိပ်ဆုံး သုံးယောက်စာရင်းမှာ ပါဝင်နေရတာလဲဟု ပရိသတ်များက မေးခွန်းထုတ်ခဲ့ကြသည်။
ရရှိလာသော အဖြေမှာ ခံစစ်က ညံ့သော်လည်း တိုက်စစ်က ကောင်းသောကြောင့် ဖြစ်သည်။ ထို့အပြင် မကြာသေးမီက အာနိုးလ်၏ ခံစစ်စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်လာခဲ့ပြီး ၎င်းမှာ သူ မည်မျှအထိ ကြိုးစားပမ်းစား လေ့ကျင့်နေသည်ကို သက်သေခံနေလေသည်။
“အလက်ဇန်းဒါး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး။ နေမကောင်းရင် ရပ်လိုက်ပါ...”
ကလော့ပ်က လေးနက်စွာ ပြောလိုက်သည်။
ပြီးခဲ့သည့်ရာသီက မန်ချက်စတာယူနိုက်တက်ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးကတည်းက အာနိုးလ် တစ်ယောက် စွဲလမ်းမှု တစ်ခုခု ဖြစ်နေပုံရသည်။ အရက်သောက်ခြင်း၊ ပျော်ပါးခြင်း အစရှိသည်တို့ အားလုံးကို သူ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
“ကျွန်တော် သိပါတယ်...”
အာနိုးလ်က အတင်း ပြုံးပြလိုက်ပြီးနောက် လေ့ကျင့်ရေးကို ဆက်လုပ်နေသည်။
သူက ပရီးမီးယားလိဂ်တွင် ချူဖုန်းကို အမုန်းဆုံး ကစားသမားဟု ဆိုနိုင်သည်။
လွန်ခဲ့သော နှစ်ရာသီက သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံချိန်တွင် လမ်းမကြီး ၆၆ ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော အမည်ပြောင်ကို ရရှိခဲ့သည်။ ပြီးခဲ့သည့် ရာသီကဆိုလျှင် ပရိသတ်များက သူတို့နှစ်ဦးကို နှိုင်းယှဉ်ခြင်းပင် မပြုကြတော့ပေ။
ထိုအတွက် အာနိုးလ် ဒေါသထွက်သည်။ မကျေမနပ်ဖြစ်သည်။ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ချူဖုန်းက သူ့ကို ဆက်လက် ရှေ့ဆက်ရန် တိုက်တွန်းနေသော ဆူးငြောင့်ခလုတ်တစ်ခုလို သူ ခံစားရသည်။
“အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကစားမယ့် အင်္ဂလန် ဒါဘီပွဲကျရင် တစ်ကမ္ဘာလုံးကို ငါ့ကိုယ်ငါ သက်သေ ပြမယ်...” အာနိုးလ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
လူတော်တော်များများကလည်း လီဗာပူး မင်းသားလေးနှင့် အတွေးတူနေကြသည်။
သူတို့အမြင်တွင် ချူဖုန်းသည် မင်းသမီးလေးကို ပြန်ပေးဆွဲသွားသော မိစ္ဆာဘုရင်ကြီး ဖြစ်ပြီး သူတို့ကတော့ ရဲရင့်စွာ တိုက်ခိုက်မည့် သူရဲကောင်းများ ဖြစ်ကြသည်။
“ချူ သစ္စာဖောက်ကို သတ်ပြီး ချန်ပီယံဆုကို လုယူကြ” ဆိုသော စကားစုက ပရီးမီးယားလိဂ်၏ အဓိက အတွေးအခေါ် တစ်ခု ဖြစ်လာတော့သည်။
ချူဖုန်းကတော့ သူသည် လူထုရန်သူ နံပါတ်တစ် ဖြစ်နေပြီဆိုသည်ကို မသိရှာပေ။ လောလောဆယ်တွင် ဆင်ခြေဖုံးရှိ ခြံတစ်ခြံတွင် ဟားဗက်ဇ်၏ မြည်းလေး မွေးဖွားရာတွင် သူ ကူညီပေးနေသည်။
ဟုတ်ပါသည်။
ဟားဗက်ဇ်၏ အခြား မြည်းမလေး တစ်ကောင်ကလည်း ကလေးမွေးတော့မည် ဖြစ်သည်။
ဒီတစ်ကြိမ်တော့ သူက ချူဖုန်း၏ လှည့်စားမှုကို မခံရတော့ဘဲ မြည်းကလေးကို ဖန်တာ ဟု အမည်ပေးလိုက်သည်။ နောက်နောင် မြည်းလေးတွေ ထပ်မွေးလာရင်... စပရိုက်တို့ ၊ မီရင်ဒါတို့ပဲ ပေးလိုက်တော့မယ်လေ။
ချူဖုန်းကလည်း မြင်းတစ်ကောင် မွေးထားပြီး လေပြေး ဟု အမည်ပေးထားသည်။ အဓိကကတော့ သူ နာမည်ပေးရမှာ ပျင်းလို့ပါ။
***