“မင်း မြည်းမွေးတာက ငါ မြင်းမွေးတာထက် ပိုက်ဆံ ပိုကုန်နေသလိုပဲနော်...” ချူဖုန်းက အနည်းငယ် စပ်စုလိုက်သည်။
“ဟွန့်... ကိုကာကိုလာက ဂျာမန်ကလာတဲ့ အစားအစာပဲ စားတာ။ ရေဆိုရင်လည်း ဘုံဘိုင်ရေ သောက်လို့ မရဘူး။ ဗြိတိန်က ရေသောက်ရင် သူ့ရဲ့ အမွေးတွေ ကျွတ်ကုန်လိမ့်မယ်။ အကုန်လုံးက အထူး မှာယူထားရတာတွေချည်းပဲ...” ဟားဗက်ဇ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဒါကြောင့် မင်း ပိုက်ဆံ မစုနိုင်တာကိုး။ ဒါနဲ့... မင်းရဲ့ အွန်လိုင်းက ရည်းစားနဲ့ အပြင်မှာ တွေ့ပြီးပြီလား...”
ချူဖုန်းက ဟားဗက်ဇ်၏ ဖြူရော်နေသော နှုတ်ခမ်းများကို ကြည့်ကာ မေးလိုက်သည်။
“အင်း... သူ မန်ချက်စတာကို ရောက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်...” ဟားဗက်ဇ်က တိုးတိုးလေး ပြန်ဖြေသည်။
ဝက်စ်ဟမ်းယူနိုက်တက်နှင့် ပွဲတွင် သူ ခြေစွမ်းမပြနိုင်ခဲ့သည်ကလည်း တကယ်တမ်းတော့ ကောင်မလေးကြောင့် ဖြစ်ပေသည်။ ဒီအရွယ် လူငယ်တွေအတွက်ကတော့ ကိုယ့်ရဲ့ ဆန္ဒတွေကို ထိန်းချုပ်ဖို့ ခက်ခဲမှာပဲလေ။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေါ့ကွာ” ချူဖုန်းက ဟားဗက်ဇ်၏ ပခုံးကို ပုတ်ကာ အကြံပေးရုံသာ တတ်နိုင်တော့သည်။
အနာဂတ်တွင် ဟားဗက်ဇ်က အရပ်ရှည်လာရုံသာမက သူ့ရည်းစားကြောင့် လူရုပ်မပေါက်အောင် ပိန်ချုံးသွားသည်ကိုလည်း သူ မှတ်မိနေသေးသည်။
“စိတ်မပူပါနဲ့... သူ မကြာခင် ဂျာမနီကို ပြန်တော့မှာပါ...” ဟားဗက်ဇ်က ခေါင်းညိတ်ပြလိုက်သည်။
“ငါ သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။ ဘရူနိုက လေ့ကျင့်ရေးမှာ ကြိုးစားပြီး ခြေစွမ်းလည်း ပြနေတယ်။ သူက အသက်နည်းနည်း ကြီးပေမယ့် နည်းပြကြီးက အဲဒီလို ကစားသမားမျိုးကို သဘောကျတယ်...”
ချူဖုန်းက စိတ်ကို တည်ငြိမ်အောင် ထားကာ လေးနက်သော လေသံဖြင့် ဆက်ပြောသည်။ “အရင်တုန်းက ဒီဘရိုင်းနဲ့ ဆာလာတို့ကို စဉ်းစားကြည့်။ မင်းသာ ခြေစွမ်းမပြနိုင်ရင် နည်းပြကြီးက မင်းကို အငှားချပစ်လိမ့်မယ်... သတိထား...”
သူ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ မော်ရင်ညို၏ ဒေါသတွေ လျော့ကျသွားပြီဟု မထင်နေပါနှင့်။ သူက စည်းမျဉ်းကို ကျော်လွန်လာသည့် မည်သည့်အရာကိုမဆို သည်းခံမည် မဟုတ်ပေ။
ထိုအခါ ဟားဗက်ဇ်လည်း လေးလေးနက်နက် သဘောပေါက်သွားပြီး လက်ထဲမှ ဂေါ်ပြားကို အောက်ချလိုက်သည်။
“ကိုကာကိုလာ... ငါ ရှေ့လျှောက် နင့်ဆီ မကြာခဏ လာဖြစ်တော့မှာ မဟုတ်ဘူး။ အများကြီး စားဖို့၊ လေ့ကျင့်ခန်း လုပ်ဖို့၊ နေရောင်ခြည် ပိုခံဖို့ နဲ့ ရေများများသောက်ဖို့ မမေ့နဲ့နော်...”
“အား...အူး...အား...အူး” မြည်းလေးကလည်း တစာစာ အော်၍ ခေါင်းညိတ် လက်ခံပုံ ပေါ်လေသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။
လိဂ်ဖလား တတိယအဆင့် ပွဲစဉ်…
မန်ချက်စတာ ယူနိုက်တက်နှင့် ရော့ချ်ဒေးလ်…
မော်ရင်ညိုက အဓိက ကစားသမားများကို အနားပေးထားပြီး ပထမတန်းလိဂ် အသင်းနှင့် ကစားမည့်ပွဲတွင် လူငယ်အသင်းကို ပွဲထွက်ခွင့် ပေးလိုက်သည်။ သို့သော် သူတို့၏ စွမ်းဆောင်ရည်က အနည်းငယ် လက်ခံနိုင်စရာ မရှိပေ။
တာဟစ်ချောင်…
သူ၏ မိခင်ဘက်မှ အဘိုးက တရုတ်သွေး ၅၀% ပါဝင်သောကြောင့် ချူဖုန်းက သူ့ကို အမြဲတမ်း စီမံကိန်း စာရင်းထဲတွင် ထည့်သွင်းထားလေ့ရှိသည်။ ထို့ကြောင့် ချူဖုန်းသည် တာဟစ်ချောင်၏ ခြေစွမ်းကို အသေးစိတ် လေ့လာ အကဲခတ်နေပေသည်။
“သူ့ရဲ့ လူမည်း မျိုးရိုးဗီဇက အရမ်း သန်မာလွန်းတယ်။ သူက အင်ဒရူး ဂယ်ရစ်ဆန်နဲ့ တစ်ပုံစံတည်းပဲ...” ချူဖုန်းက ပွဲကြည့်စင်ပေါ်မှ လှမ်းပြောလိုက်သည်။
သေချာသည်ကတော့ သူ လူမျိုးရေး ခွဲခြားနေခြင်း မဟုတ်ပေ။ သူ့ခံစားချက်ကို ဖွင့်ထုတ်လိုက်ခြင်းသာ။
အဓိကအချက်က လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်က အရေးမကြီးပေ။ ဘောလုံးစွမ်းရည်ကသာ အရာအားလုံးကို ဆုံးဖြတ်ပေးမည့် အခြေခံအချက် ဖြစ်သည်။
တာဟစ်ချောင်က ချူဖုန်း၏ ခြေရာကို နင်းကာ လူငယ်အကယ်ဒမီမှ လူငယ်အသင်းသို့၊ ထိုမှတစ်ဆင့် မန်ချက်စတာ ယူနိုက်တက် ပထမအသင်းသို့ ရောက်ရှိလာရန် ဆန္ဒရှိနေသည်။ သို့သော် သူ့တွင် ထိုမျှ အထိ အရည်အချင်း မရှိပေ။
ပထမတန်းလိဂ် အသင်းနှင့် အချိန်ကြာမြင့်စွာ ရုန်းကန်ရပြီးနောက် နောက်ဆုံးတွင် ဂရင်းဝုဒ်က အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၇၆ မိနစ်တွင် သူတို့ ချေပဂိုး ပြန်ပေးလိုက်ရသည်။
ချေပဂိုး သွင်းယူသူက အင်ဒရူး...။
သူက အထက်တန်းကျောင်းသားလေး တစ်ယောက် ဖြစ်ပြီး လက်ရှိတွင် အသက် ၁၅ နှစ်သာ ရှိသေးသည်။ သူက အိုးထရက်ဖို့ဒ်ကွင်းတွင် ရော့ချ်ဒေးလ် အတွက် ချေပဂိုး သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အန်ဒရူးက ဂိုးသွင်းပြီးသည်နှင့် ကွင်းဘေးသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး အောင်ပွဲခံနေတော့သည်။
“ချူ... လူငယ်လေ့ကျင့်ရေး စခန်းက ဝိညာဉ်စွမ်းအင်တွေ အားလုံးကို မင်း စုပ်ယူလိုက်လို့ ထင်တယ်။ ဒါကြောင့် ငါတို့ မျိုးဆက်ထဲကနေ ပါရမီရှင်တွေ ထွက်ပေါ်လာတာ အရမ်းနည်းနေတာ...” စကော့က လတ်တလောတွင် ဘာသာပြန် စိတ်ကူးယဉ် ဝတ္ထုများကို အဖတ်များနေပုံ ရလေသည်။
ချူဖုန်း : “.......”
သို့သော် ဒါက တကယ်လည်း ဖြစ်နိုင်ပါသည်။ မဟုတ်လျှင် သူ့ထံသို့ စနစ်ကြီး အဘယ့်ကြောင့် ရောက်လာမည်နည်း…။
မိနစ် ၉၀ ကြာ ပြင်းထန်စွာ ယှဉ်ပြိုင်ကစားပြီးနောက် သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး မန်ချက်စတာယူနိုက်တက်က ပင်နယ်တီတွင် အနိုင်ရရှိသွားသည်။
နိုင်ပွဲကတော့ ရိုမီယိုနဲ့ ဘာမှ မဆိုင်ပါဘူး။ ပြိုင်ဘက် ကစားသမားက ဂိုးပေါက်လွဲအောင် ကန်လိုက်ရုံလေးပါ။
…………………
အောက်တိုဘာလက မန်ချက်စတာသို့ အအေးဓာတ်ကို ယူဆောင်လာပြီး အိုးထရက်ဖို့ဒ်ကွင်းသည် နောက်ထပ် ရင်းနှီးသော မျက်နှာတစ်ခုကို ကြိုဆိုရပြန်သည်။
အာဆင်နယ်…
ယူရိုပါလိဂ် ဘုရင်ကြီး ဟု တင်စားခံရသော အူနိုင်း အမ်မရီ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် မီကေးလ် အာတီတာက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သူက ဂွါဒီယိုလာ လက်အောက်တွင် နှစ်အတော်ကြာ ဆည်းပူးလေ့လာပြီးနောက် အာဆင်နယ်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
သူ၏ ရည်မှန်းချက်ကတော့ အမြောက်တပ်သားများကို ပြန်လည် အသက်သွင်းရန်နှင့် အာဆင်နယ်ကို ဥရောပစင်မြင့်ထက်သို့ ပြန်လည် ပို့ဆောင်ပေးရန် ဖြစ်လေသည်။
အိုးထရက်ဖို့ဒ်ကွင်း၏ ကစားသမား ဥမင်လိုဏ်ခေါင်း…
ချူဖုန်းက သူ၏ သူငယ်ချင်းဟောင်း ဒေးဗစ်လူးဝစ်ကို တွေ့လိုက်ရသဖြင့် တင်းကျပ်စွာ ပွေ့ဖက် နှုတ်ဆက်လိုက်ပြီး “အာဆင်နယ်မှာ အခြေအနေ ဘယ်လိုလဲ...” ဟု မေးလိုက်သည်။
“အတော်လေး ကောင်းပါတယ်ကွာ... အာတီတာက အကြံဉာဏ်ကောင်းတွေ ရှိတဲ့သူပါ။ သူက လူငယ်ဗားရှင်း ဂွာဒီယိုလာနဲ့ နည်းနည်း တူတယ်လို့ ငါထင်တယ်...”
ဒေးဗစ်လူးဝစ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးခဲ့ပြီးနောက် အာတီတာတွင် အာဆင်နယ်ကို ချန်ပီယံလုပွဲထဲသို့ ပြန်လည် ခေါ်ဆောင်လာနိုင်သည့် နည်းဗျူဟာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု အကြံအစည်များ တကယ်ကို ရှိနေသည်။
သေချာသည်ကတော့ ယခုရာသီတွင် မျှော်လင့်ချက် မရှိပေ။
ဘယ်နည်းပြချုပ်ကများ ရာထူးစလက်ခံတာနဲ့ ချက်ချင်း ချန်ပီယံဆု ရဖူးလို့လဲ။
တကယ်တမ်းတော့ အဲဒီလို ဖြစ်ခဲ့ဖူးပါတယ်။
မော်ရင်ညိုက အကြိမ်အနည်းငယ်လောက် လုပ်ပြနိုင်ခဲ့ဖူးသည်။ သို့သော် ယင်းက ရှားရှားပါးပါး ဖြစ်ရပ်ပင်…။
“ဝါး.......”
ရုတ်တရက်... ဘောလုံးကောက်သည့် ကလေးမလေး တစ်ဦး၏ ငိုသံက လေထဲတွင် ထွက်ပေါ်လာသဖြင့် ချူဖုန်းက မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။
ချစ်စရာကောင်းသော ကလေးမလေး တစ်ယောက်က မျက်ရည်များကို သုတ်နေသည်။
အဟမ်း... သူမ၏ ဘေးတွင် ရပ်နေသူကတော့ အာဆင်နယ်၏ ကျောနံပါတ် ၇၇ – ဆာကာ ဖြစ်သည်။
“ဘာလို့ ငိုနေတာလဲ”
ချူဖုန်းက ထိုကလေးမလေးကို မှတ်မိသည်။ သူမက မန်ယူပရိသတ် တစ်ဦး၏ ကလေး ဖြစ်သည်။ ယခင် လက်မှတ်ရေးထိုးပွဲ တစ်ခုတွင် သူ့ထံမှ လက်မှတ်ပင် လာတောင်းခဲ့ဖူးသည်။
“သူက ရုပ်ဆိုးတယ်... အီးဟီး...”
ကလေးမလေးက ရှိုက်ငိုရင်း ပြောလိုက်သည်။
ဆာကာ : “.......”
လူမျိုးရေး ခွဲခြားတာလား။
မဟုတ်ပါဘူး။ ဒါက ရုပ်ရည်သွင်ပြင်နဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ သက်သက်ပါ။
ချူဖုန်းနှင့် ဆာကာတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။ ချူဖုန်းကတော့ အပြင်မှ ထုတ်မပြောသော်ငြား ဆာကာမှာ တကယ်ကို နည်းနည်းလေး ရုပ်ဆိုးတယ်လို့ အတွေးဝင်မိသွားသည်။
ကလေးမလေး လန့်ငိုသွားတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ။
ဆာကာ တစ်ယောက် ဆွံ့အသွားသော်လည်း သိပ်တော့ ဂရုမစိုက်လှပေ။ အဘယ်ကြောင့်ဆိုသော် သူက စိတ်ထား အလွန်ကောင်းမွန်သူ ဖြစ်သောကြောင့်ပင်။
“ဒါဆို... သမီးက ဘယ်သူနဲ့ အတူတူ ကွင်းထဲ ထွက်ချင်လဲ...” ချူဖုန်းက ကြင်နာသော လေသံဖြင့် မေးလိုက်သည်။
ကလေးမလေးက ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်လိုက်ပြီး ပို၍ပင် အော်ငိုလိုက်ပုံရသည်။
အူဘာမီယန်း၊ နီကိုလပ်စ် ပီပီ၊ ဂွမ်ဒူဇီနဲ့ တော်ရဲရားတို့ အားလုံးက လူမည်းတွေ ဖြစ်မနေရင်တောင် ရုပ်ဆိုးနေကြတယ်လေ။
ချက်ချင်းဆိုသလိုပင်... သူမက ချိန်ဘာကို မြင်သွားသည်။
ချိန်ဘာသည် အာစင်ဝင်းဂါး စတိုင်လ် ကစားသမား ဖြစ်သည်။ ဤနေရာတွင် မေးစရာ တစ်ခု ရှိလာ၏။
‘အာစင်ဝင်းဂါး စတိုင်လ်’ ကစားသမား ဆိုတာ ဘာလဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာပေမယ့် တန်ကြေးက သိပ်မမြင့်ဘူး။ ခြေစွမ်းကလည်း သာမန်ပဲ။ အာဆင်နယ်မှာ ကစားနေလို့သာ ခြေစွမ်းကောင်းသလို ထင်နေရတာမျိုး ဖြစ်သည်။
သို့သော် ချိန်ဘာက ရုပ်ချောသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူတွေထဲမှာ ပရီးမီးယားလိဂ်၏ အချောဆုံး ကစားသမား စာရင်း၌ သူက အဆင့် ၅ နေရာမှာ ရှိနေလေသည်။
ဒါဆို ပထမ လေးယောက်က ဘယ်သူတွေလဲ ဟု မေးစရာ ရှိလာပြန်၏။
ပထမနေရာက ချူဖုန်း… တကယ်တမ်းကျတော့ ချူဖုန်းက ဘက်ခမ်းတို့လို ရုပ်ချောသူမျိုးတော့ မဟုတ်ပေ။ သို့ရာ၌ သူ့တွင် နေရောင်ခြည်ကဲ့သို့ နွေးထွေး တောက်ပသော အပြုံးတို့ ရှိလေသည်။ သူ၏ ခြေစွမ်းကိုပါ ပေါင်းစပ်လိုက်သောအခါ သူသည် ပထမနေရာသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ဒုတိယနေရာက ချီဝဲလ်… သူက ဘက်ခမ်းနှင့် နည်းနည်း ဆင်သည်။
တတိယနေရာကတော့ ဟယ်ရီကိန်း… စတုတ္ထနေရာကတော့ အလီ ဖြစ်ပေသည်။
***