ကလေးမလေး၏ ပြဿနာလေး အပြီးမှာတော့...
နှစ်သင်းစလုံးမှ ကစားသမားများ ကွင်းထဲသို့ ဝင်ရောက်လာကြပြီး ပွဲကြို ပြင်ဆင်မှုများကို စတင်ကြသည်။
“အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ”
“ကျွန်တော်တို့ အခု ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ရာသီရဲ့ ပွဲစဉ် ၇ ကို တိုက်ရိုက် ထုတ်လွှင့်နေပါပြီ...”
“မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်...”
နဗီးလ်က အခြေအနေများကို အတိုချုပ် ရှင်းပြလိုက်ပြီးနောက် ပွဲထွက်စာရင်းကို ဖန်သားပြင်ပေါ်တွင် ပြသလိုက်သည်။
“ယေဘုယျအားဖြင့် ပြောရရင် အာဆင်နယ်က ပြီးခဲ့တဲ့ရာသီက ပေါင် ၇၂ သန်းတန် နီကိုလပ်စ် ပေပေလို ကစားသမားမျိုးကို ခေါ်ယူဖို့ ငွေအများကြီး သုံးခဲ့ပါတယ်။ ဒါပေမယ့် ရာသီအစမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က အလယ်အလတ်အဆင့်မှာပဲ ရှိနေတယ်။ လီဗာပူးနဲ့ တော်တင်ဟမ်တို့လို အသင်းကြီးတွေကို တစ်ပွဲမှ မနိုင်ခဲ့သလို အသင်းငယ်တွေနဲ့ တွေ့ရင်လည်း မကြာခဏ အမှားတွေ လုပ်တတ်တယ်...”
“လူငယ်နည်းပြ အာတီတာ ရာထူးလက်ခံပြီးနောက်ပိုင်းမှာလည်း သွားရမယ့်ခရီးက အများကြီး ကျန်နေသေးပုံရပါတယ်...”
“ပွဲကြည့်စင်ပေါ်က အာဆင်နယ် ပရိသတ်တွေ လွှင့်ထူထားတဲ့ ‘အာတီတာ... သူ့ကို ရာထူးက ထုတ်လိုက်’ ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါတယ်...”
“ဟားဟား... အာဆင်နယ် ပရိသတ်တွေက နောက်ပြောင်တဲ့ နေရာမှာ တကယ် တော်တာပဲ...”
“ကဲ... ဒိုင်လူကြီး ခရာမှုတ်လိုက်ပါပြီ။ ပွဲကို စတင်လိုက်ပါပြီ ခင်ဗျာ”
ကင်မရာက စိမ်းလန်းသော မြက်ခင်းပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
အခုချိန်မှာ အာဆင်နယ်က သန်မာနေပြီလား။
မသန်မာပါဘူး။ နည်းနည်းလေးတောင် အားနည်းနေသေးတယ်။
ဘယ်အသင်းမဆို နည်းပြချုပ် အပြောင်းအလဲ လုပ်ပြီးရင် ပြန်လည်တည်ဆောက်ဖို့ အချိန်တစ်ခု လိုအပ်တာပါပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ ပြဿနာတစ်ခုလေ။
ကံကောင်းထောက်မစွာဖြင့် အာတီတာက အာဆင်နယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သောကြောင့် အဝတ်လဲခန်းအတွင်း အချင်းချင်း ပွတ်တိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်စရာ မလိုပေ။
မန်ချက်စတာ ယူနိုက်တက်၏ အဓိက ကစားသမားများက လိဂ်ဖလားပြိုင်ပွဲတွင် မကစားခဲ့ရသဖြ်င့ အနားယူချိန် ရရှိထားခဲ့ကြသည်။ ထို့ကြောင့် သူတို့က အလွန် တက်ကြွ လန်းဆန်းနေကြသည်။
ချူဖုန်း၏ ဦးဆောင်မှုဖြင့် သူတို့က ဓားပြများကဲ့သို့ ရူးသွပ်စွာ ကြားဖြတ် လုယူရင်း အဆက်မပြတ် တိုက်စစ်ဆင်နေကြပေသည်။ အာဆင်နယ်၏ နောက်တန်းမှစ၍ ကစားကွက် တည်ဆောက်မှုက မန်ချက်စတာ ယူနိုက်တက်၏ ကွင်းလယ်ကိုပင် မကျော်နိုင်ချေ။
ဤသည်ကား အာဆင်နယ်ပရိသတ်တို့ကို ပို၍ ဒေါသထွက်လာစေလေသည်။ အိုးထရက်ဖို့ဒ်၏ အဝေးကွင်း ပွဲကြည့်စင်ရှိ အာဆင်နယ် ပရိသတ်များက အာဆင်နယ် ကစားသမားများကို စတင် ဆူပူလာကြသည်။
သို့သော် မတတ်နိုင်ချေ။ အမ်မရီ၏ ဒဿနက နောက်တန်းမှနေ၍ အလွှာလိုက် ဘောလုံးဖြန့်ဝေမှုကို အလေးပေးပြီး နောက်ခံလူများ၏ အဝေးပေးပို့မှုများကို တားမြစ်ထားလေသည်။ ထို့ကြောင့် အာဆင်နယ် ကစားသမားများက အရိုးစွဲနေသော ကစားဟန် အတိုင်း ကစားမိနေခြင်း ဖြစ်၏။
သို့သော်လည်း အာတီတာ တစ်ယောက် အာဆင်နယ်နည်းပြ ရာထူးကို လက်ခံပြီးနောက် ပထမဆုံး လုပ်ဆောင်ချက်မှာ ဤသို့ အလွှာလိုက် ရှေ့တက်သည့် နည်းဗျူဟာကို ဖျက်သိမ်းပစ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဂွါဒီယိုလာပင်လျှင် သူ၏ ကစားကွက်ထဲတွင် တန်ပြန်တိုက်စစ် နည်းဗျူဟာများကို စတင် ထည့်သွင်း အသုံးပြုနေပြီ ဖြစ်သောကြောင့်ပင်။
အာတီတာက အာဆင်နယ်၏ လက်ရှိ ကစားဟန်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ တစ်ချိန်ထဲ၌ အာဆင်နယ်သည် ပရီးမီးယားလိဂ်၏ ထိပ်သီး ခြောက်သင်း အနက် အဆင့်နိမ့် အသင်းတစ်သင်း ဖြစ်နေပြီ ဆိုသည်ကို သဘောပေါက်သွားလေပြီ။
ဤရာသီတွင် သူတို့အသင်း၏ ပစ်မှတ်က အဆင့်လေး အတွင်း ဝင်ရန်သာ ဟု သူ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။
လူတစ်ယောက် လုပ်နိုင်တဲ့ အဖိုးတန်ဆုံး အရာက ကိုယ့်ကိုယ်ကိုယ် သိဖို့ပါပဲ။
အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်၏ ဖိအားပေးမှု စနစ်အောက်တွင် အနည်းငယ် ရုန်းကန်နေရသည်။ သို့သော် မိမိတို့၏ ကွင်းဘက်ခြမ်းတွင် ဘောလုံးပေးပို့မှု အမှားအယွင်း မရှိတော့ဘဲ မန်ချက်စတာ ယူနိုက်တက်ကို ဂိုးမပေးရခြင်းကပင် အာတီတာကို ကျေနပ်စေခဲ့သည်။ ဂိုးမပေးရမခြင်း သူတို့အသင်းသည် ဤပွဲ၌ အနိုင် (သို့မဟုတ်) သရေရလဒ်ကို ရယူနိုင်သည် ဟူသော ခံစားချက်ကိုလည်း သူ ခံစားနေရသည်။
“ဒေးဗစ်လူးဝစ်ရဲ့ တိကျတဲ့ ခြေစွမ်းက အာဆင်နယ်ရဲ့ ကွင်းဘက်ခြမ်းကနေ ဘောလုံး ဖြန့်ဝေတဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်ပြီ”
“သူက ဆာကာဆီကို တိုက်ရိုက် ပေးပို့လိုက်ပြီ”
“ဝိုး... အာဆင်နယ် လူငယ်အကယ်ဒမီက ထွက်ပေါ်လာတဲ့ ဆာကာက အရမ်း မြန်တာပဲ”
ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဘောလုံးဖျက်ထုတ်သူ ဝမ်ဘစ်ဆာကာနှင့် ရင်ဆိုင်ရချိန်တွင် ဆာကာက ထိတ်လန့်နေသည့် အရိပ်အယောင် လုံးဝ မပြပေ။ သူ၏ ထိုးဖောက်မှုများက လှပ သေသပ်သော လူလိမ်ခေါက်ကွက်များ မပါချေ။
အရှိန်အဟုန်ကို ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ယိမ်းနွဲ့ခြင်းဖြင့် ပြိုင်ဘက်၏ ခန္ဓာကိုယ် ဗဟိုချက်ကို ရွှေ့ပြောင်းစေပြီးနောက် အားနည်းသော ဘက်မှနေ၍ အရှိန်တင်ကာ ရုန်းထွက်ခြင်း ဖြစ်လေသည်။
“ခြေထောက်ကို အလွယ်တကူ လျှောထိုး မပစ်လိုက်နဲ့”
သီယာဂိုက ဝမ်ဘစ်ဆာကာ၏ လျှောထိုးဖျက်ထုတ်မှု လွဲချော်သွားသည်ကို မြင်သောအခါ ဘောလုံး လုယူရန် အလျင်အမြန် ပြေးလာသည်။
မာလ်ဒီနီက တစ်ခါက ပြောခဲ့ဖူးသည်။ “ငါ လျှောထိုးဖျက်ထုတ်လိုက်ပြီ ဆိုကတည်းက ငါ အမှားလုပ်မိသွားပြီ ဆိုတာကို သက်သေပြလိုက်တာပဲ...”
ဝမ်ဘစ်ဆာကာက တစ်ဖက်လူ ငယ်ရွယ်သည်ကို ကြည့်ပြီး အထင်သေးကာ သတိလက်လွတ် ဖြစ်သွားခြင်းပင်။
သူ့ကို သေသေချာချာ ဆုံးမစကား ပြောပေးရမယ်။
သီယာဂိုက ဆာကာ၏ ခြေထောက်ထဲမှ ဘောလုံးကို အဝေးသို့ ကန်ထုတ်လိုက်ပြီးနောက် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ “မင်းက လျှောထိုး မဖြတ်ထုတ်ပဲနဲ့ သူ့နောက်ကို လိုက်သွားရင် အလွန်ဆုံး ထောင့်ကန်ဘောလောက်ပဲ ပေးရမှာ။ ဒါပေမယ့် ငါသာ အကာအကွယ်ပေးဖို့ ရောက်မလာခဲ့ရင် ကျောနံပါတ် ၇၇ က ပင်နယ်တီ ဧရိယာထဲကို ချိုးဝင်ပြီး ဂိုးကန်သွင်းသွားနိုင်တယ်”
မန်ချက်စတာ ယူနိုက်တက်သို့ ရောက်ရှိလာသည်မှာ တစ်လကျော်သာ ရှိသေးသော်လည်း သူက ခံစစ်ပိုင်းတွင် အဓိက အရေးပါသူ ဖြစ်နေပြီ ဖြစ်သည်။
“ကျွန်တော့် အမှားပါ။ နောက်တစ်ခါ သတိထားပါ့မယ်...” ဝမ်ဘစ်ဆာကာက ငြင်းဆန်ခြင်း မပြုပေ။
မန်ချက်စတာယူနိုက်တက်အတွင်းရှိ မပြောဘဲ သိထားကြသော စည်းမျဉ်းတစ်ခုမှာ ကိုယ့်အမှားကို ဝန်ခံရမည် ဖြစ်ပြီး အပြစ်ပေးခံရပါက မတ်မတ်ရပ်ခံရမည် ဟူ၍ပင်။ ချူဖုန်းပင်လျှင် ခြွင်းချက် မဟုတ်ချေ။
ထို့ကြောင့် မည်သူမျှ အထူးအခွင့်အရေး မရပေ။ ထိုသို့လုပ်ရဲသူ မည်သူ့ကိုမဆို အသင်းမှ ထုတ်ပယ်ပစ်ရမည်။ ဤအတွက် ပေါ့ဘာက အကောင်းဆုံး ဥပမာပင်…။
အဆူခံရပြီးနောက် ဝမ်ဘစ်ဆာကာမှာ ပို၍ တည်ငြိမ်လာသည်။
ဆာကာတွင် စူပါစတားတစ်ဦး ဖြစ်လာနိုင်သည့် အလားအလာ ရှိသော်လည်း သူက အသက် ၁၈ နှစ်သာ ရှိသေးသည်။ ငယ်ရွယ်သည် ဆိုသည်မှာ အတွေ့အကြုံ နုနယ်သေးသည်ဟု ဆိုလိုခြင်းပင်။ သူ့အနေဖြင့် မန်ချက်စတာ ယူနိုက်တက်၏ ခံစစ်ကြောင်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ချေ။
တစ်ချိန်တည်းမှာပင် တန်ကြေး ၇၂ သန်း ရှိသော ပေပေမှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သော အက်ရှ်လေယန်း၏ ဖိအားပေးမှုကို ခံနေရလေသည်။
အာဆင်နယ်၏ တောင်ပံနှစ်ဖက်စလုံးမှ တိုက်စစ်များကို ထိန်းချုပ်လိုက်နိုင်သည်နှင့် အရာအားလုံးက ရိုးရှင်းသွားပြီ ဖြစ်သည်။
မန်ချက်စတာယူနိုက်တက်၏ ကွင်းလယ်ခံစစ် ကစားသမား သုံးဦးက ရှေ့သို့ တက်လာသဖြင့် ချာကာမှာ သူ၏ နေရာယူမှုကို ပြောင်းလဲရန် ဖိအားပေးခံရပြီး အာဆင်နယ် ကွင်းလယ်မှာ တဖြည်းဖြည်းနှင့် နောက်သို့ ဆုတ်သွားရသည်။
ဂွမ်ဒူဇီနှင့် တော်ရဲရားတို့မှာလည်း တောင်ပံကစားသမားများနှင့် အစွန်နောက်ခံလူများ ကြားရှိ နေရာလွတ်များကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် နေရာလွတ်များကို အကာအကွယ်ပေးရန် ချိန်ဘာမှာ ရှေ့သို့ တက်လာရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ဤသည်က ဆိုကရေးတီး အပေါ် ဖိအားများ ရုတ်တရက် မြင့်တက်လာစေခဲ့သည်။
ပထမပိုင်း ပွဲချိန် ၂၉ မိနစ်သို့ ရောက်ရှိလာသည်။
ဂရီးလစ်ရှ်က တောင်ပံမှ ဖောက်ထွက်လာပြီး ဆိုကရေးတီးကို သူ့နေရာမှ ဆွဲထုတ်လိုက်သည်။ ချူဖုန်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ကန့်လန့်ဖြတ် ချိုးဝင်လာသည်။
ဒေးဗစ်လူးဝစ်က ထိုအရာကို စောစီးစွာ သတိထားမိပြီး ကာကွယ်ရန် ချက်ချင်း ဝင်ရောက်လာသည်။ သို့သော် ဂရီးလစ်ရှ်က ဘောလုံးကို ပေးပို့လိုက်ပြီ ဖြစ်သည်။
“သူ့ကို လှည့်ပြီး ကန်ခွင့် မပေးလိုက်နဲ့” လီနို တစ်ယောက် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည်။
ချူဖုန်း၏ ဂိုးကန်သွင်းနိုင်စွမ်းကို သူ မျက်မြင်ကိုယ်တွေ့ ကြုံဖူးသည်။ ထို့ကြောင့် သူက ချူဖုန်းကို ကန်သွင်းခွင့် မပေးလိုချေ။
ဒေးဗစ်လူးဝစ်ကလည်း သူ၏ သတိထားမှုကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်သည်။
သူက ချူဖုန်း၏ အသင်းဖော်အဖြစ် တစ်ရာသီခွဲကြာ ကစားခဲ့ဖူးသဖြင့် ဒီကောင်လေးက ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကို ကောင်းကောင်း သိထားသည်။ တစ်ဦးချင်း ရင်ဆိုင်ရမည့် အခြေအနေတွင် သူ့အနေဖြင့် ယုံကြည်မှု မရှိပေ။
သို့သော် သူသည် ယခုအချိန်၌ ချူဖုန်းနှင့် တစ်ဦးချင်း ရင်ဆိုင်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
“သူလည်း လူပဲ။ တစ်ခါတလေတော့ လွဲဦးမှာပေါ့”
ဒေးဗစ်လူးဝစ်က သူ့ဘာသာ တိတ်တဆိတ် အားပေးလိုက်ပြီး ရုတ်တရက် ရှေ့သို့ ပြေးထွက်ကာ ခန္ဓာကိုယ်ချင်း ယှဉ်တိုက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွားတော့သည်။
ချူဖုန်းက ဒေးဗစ်လူးဝစ်ကို ခန္ဓာကိုယ်ဖြင့် မှီထားလိုက်ပြီး သူ၏ ညာခြေဖြင့် ဘောလုံးကို လေထဲသို့ ကျွမ်းကျင်စွာ ပင့်တင်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင်…
သူ၏ တစ်ကိုယ်လုံးကို လေထဲတွင် ကန့်လန့်ဖြတ် အနေအထား ဖြစ်အောင် ဝဲပျံလိုက်ပြီး ညာခြေက မြေပြင်နှင့် အပြိုင်နီးပါး ဖြစ်နေသည်။ ပြီးပြည့်စုံလှသည့် ကပ်ကြေးကန်ချက်ပုံစံပင်…။
“သောက်ကျိုးနည်း... ”
ဒေးဗစ်လူးဝစ် တစ်ယောက် လုံးဝ ကြက်သေသေသွားသည်။ ချူဖုန်း ဒီလိုလုပ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အိုးထရက်ဖို့ဒ်ကွင်းအတွင်းမှ အံ့သြတကြီး ရေရွတ်သံများကြားတွင်...
ချူဖုန်းက သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ဆန့်ထုတ်ကာ ဘောလုံးကို ပြင်းထန်စွာ ကန်လိုက်၏။
***