ဘုန်း...
တုံးတိတိ အသံကြီးက ပင်နယ်တီ ဧရိယာအတွင်းရှိ ကစားသမားများကို တင်းမာသွားစေသည်။
ဘောလုံးက ဂိုးပေါက်၏ ညာဘက်ခြမ်းဆီသို့ တည့်တည့် ပြေးဝင်သွားသည်။ ထောင့်မကျသော်ငြား အရှိန်ကတော့ လုံလောက်အောင် မြန်ဆန်လှသည်။
လီနိုသည် ချက်ချင်း ဒိုင်ဗင်ထိုးလိုက်သော်လည်း မကာကွယ်နိုင်ခဲ့ပေ။
၁-၀
မြေပြင်ပေါ် ကျရောက်ပြီးနောက် ချူဖုန်းက ထလာပြီး ဒေးဗစ်လူးဝစ်၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက အပြုံးတစ်ပွင့်ဖြင့် အဝေးသို့ ပြေးထွက်ကာ အောင်ပွဲခံလေတော့သည်။
“ငါ အရှုံးပေးပါတယ်ကွာ...”
ဒေးဗစ်လူးဝစ်ကမူ ချူဖုန်းကို လုံးဝ အထင်ကြီးသွားသည်။
ဟူး... ချူရဲ့ အသင်းဖော် ဖြစ်ရတာ အရမ်းကောင်းတာပဲ။ ငါ လုပ်ရမှာက ခံစစ်ကို ထိန်းချုပ်ဖို့ပဲလေ။
အာဆင်နယ်က အူဘာမီယန်းကို ကြည့်လိုက်ဦး...။ ဒေးဗစ်လူးဝစ် ညည်းတောင် မညည်းညူချင်တော့ပေ။
“နည်းပြကြီး... ကျွန်တော် ဒီအကွက်ကို သင်ချင်တယ်” ဝမ်ဘစ်ဆာကာ တစ်ယောက် အပြေး ရောက်လာပြီး သွားရည်ကျမတတ် အားကျနေသည်။
ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ခံစစ်ကစားသမားတိုင်းမှာ ဂိုးသွင်းချင်တဲ့ နှလုံးသား ရှိကြတယ်တဲ့။
ဝမ်ဘစ်ဆာကာကလည်း ချွင်းချက်တော့ မဟုတ်ပေ။
“တကယ်ကို လှတာပဲ”
သီယာဂို က မချီးကျူးဘဲ မနေနိုင်တော့ပေ။
တကယ်တမ်းတော့ သူက ဂြိုဟ်သားကြီး ရော်နယ်ဒို၏ အသင်းဖော်အဖြစ် တစ်လခန့် ကစားခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ရော်နယ်ဒိုမှာ ကိုယ်အလေးချိန် ကီလိုဂရမ် ၁၀၀ ရှိနေပြီ ဖြစ်ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့စဉ်ကလို ဂြိုဟ်သား တစ်ယောက်၏ ဟန်ပန်မျိုး မရှိတော့ပေ။
သို့သော် လေ့ကျင့်ရေးကွင်းတွင်တော့ မှော်ဆန်မှု တစ်မျိုး ရှိနေဆဲပင်။
သီယာဂို တစ်ယောက် ဂြိုဟ်သား ရော်နယ်ဒို၏ ထူးခြားသော ဘောလုံး ဆွဲပြေးသည့် ရစ်သမ်ကို မည်သည့်အခါမျှ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။ ယခုတော့ ရော်နယ်ဒိုနှင့် ကစားဟန် ဆင်တူသော်လည်း ပိုမို မြန်သော ၊ ပိုမို အားကောင်းသော ကစားသမား တစ်ဦးကို တွေ့နေရလေပြီ။
ဝေဖန်ရေး အခန်းတွင်းမှ နဗီးလ်ကလည်း အော်ဟစ် အားပေးနေသည်။
“စိတ်ကူးယဉ်ဆန်တဲ့ သွင်းဂိုးပါပဲဗျာ... ဒါက အနုပညာ လက်ရာ တစ်ခုပဲ”
“ချူ ဘောလုံးကစားတာကို ကြည့်ရတာ တကယ့်ကို အရသာ တစ်ခုပါပဲ”
မကြာမီ ပွဲ ပြန်စလေသည်။
ဆာကာက သူ၏ စွမ်းရည်ဖြင့် မန်ယူအသင်း၏ ညာတောင်ပံ ခံစစ်ကြောင်းကို ဖောက်ထွက်နိုင်ရန် အသင်းဖော်များထံမှ ဘောလုံးကို မကြာခဏ တောင်းယူနေသည်။
ကံမကောင်းစွာဖြင့် ဝမ်ဘစ်ဆာကာက အလွန် တည်ငြိမ်နေသည်။ သူက ခန္ဓာကိုယ်ချင်း ထိတွေ့မှုကို အချိန်ပြည့် ထိန်းသိမ်းထားသော်လည်း ဘောလုံး လုယူရန် ခြေထောက်ကို မဆန့်ထုတ်ပေ။
ထို့ကြောင့် ဆာကာမှာ ဝမ်ဘစ်ဆာကာကို မကျော်ဖြတ်နိုင်တော့ပေ။ နောက်ဆုံးတော့ စံညွှန်းမမီသော ဖြတ်တင်ဘော တစ်လုံးဖြင့်သာ အဆုံးသတ်သွားရသည်။
“ဘောလုံးကို ဒီထက် စောစော ပေးလို့ မရဘူးလားကွာ။ ငါ နေရာယူထားတာ လွတ်နေပြီလေ”
အူဘာမီယန်းက ဒေါသထွက်နေသည်။ သူ့အသင်းဖော်များက သူ့အား ထောက်ပံ့ပေးနိုင်မှုက အလွန် ကန့်သတ်ချက် ရှိနေသည်။
တစ်ချိန်က ဗန်ပါစီ တစ်ယောက် ဘာတွေ တွေးနေခဲ့သလဲ ဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။
ဗန်ပါစီက တစ်ခါက ပြောခဲ့ဖူးသည်။ ဒီကမ္ဘာပေါ်မှာ အာဆင်နယ်ကို သစ္စာရှိတဲ့သူ တစ်ယောက်ပဲ ရှိတယ် ဆိုရင်... အဲဒီလူက ငါပဲတဲ့။
နောက်ပိုင်းတွင်တော့ သူက မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သည်။ ယင်းအတွက် အကြောင်းပြချက်မှာ တစ်ခုတည်းသာ…။ ယင်းက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်ပင်…။
ဗန်ပါစီသည် သူ မျှော်မှန်းထားသည့်အတိုင်းလည်း မန်ချက်စတာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရအောင် ယူနိုင်ခဲ့ပေသည်။
အူဘာမီယန်းကလည်း မန်ချက်စတာယူနိုက်တက်သို့ ပြောင်းချင်သည်။ သူ၏ စာချုပ်က နောက်နှစ်တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း သူ၏ အေးဂျင့်က မန်ချက်စတာ ယူနိုက်တက်ထံ သွားရောက် ချဉ်းကပ်ခဲ့သည်။
“ငါတို့ဆီမှာ ချူ ရှိနေမှတော့... မင်းကို ဘာလုပ်ဖို့ ခေါ်ရမှာလဲ...” ဤသည်က နာကျင်စရာ ကောင်းပေမယ့် တကယ့် အမှန်တရားပင်…။
အသက် ၃၀ အရွယ် တိုက်စစ်မှူး တစ်ယောက်အတွက် အလုပ်ရှာဖို့ လွယ်ကူသော်ငြား ထိပ်သီးကလပ် တစ်ခုဆီ ပြောင်းရွှေ့နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်…။ အကြောင်းမှာ ထိပ်သီးအသင်းများသည် တိုက်စစ်မှူးသစ် တစ်ဦးကို ဝယ်ယူရာတွင် ခြေစွမ်းခြေစ အပြင် အသက်ကိုပါ ထည့်တွက်ကြသောကြောင့် ဖြစ်လေသည်။
ဆာကာ : “.......”
သူက ဖြန့်မပေးချင်တာ မဟုတ်ပါဘူး... ဘောလုံးက ဖြန့်ဖို့ကို အခွင့်အရေး မရှိလို့ပါ။
သို့သော် သူ အသင်းခေါင်းဆောင်နှင့် အငြင်းမပွားချင်ပေ။
လက်ရှိ၌ အာဆင်နယ်၏ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသော အူဘာမီယန်းသည် ၈၃ပွဲ ပွဲထွက်ကစားခဲ့ပြီး ၅၂ ဂိုး သွင်းယူထားရာ အာဆင်နယ် သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ဂိုး ၅၀ အမြန်ဆုံး ပြည့်မြောက်သည့် ကစားသမားအဖြစ် အွန်နရီကို ကျော်ဖြတ်ကာ စံချိန်သစ် တင်ထား၏။ ထို့အပြင် သူသည် အွန်နရီ ပြီးနောက် ပရီးမီးယားလိဂ်တွင် နှစ်ရာသီ ဆက်တိုက် ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သော ဒုတိယမြောက် အာဆင်နယ် ကစားသမားလည်း ဖြစ်သည်။
ထို့ကြောင့် ဆာကာအနေဖြင့် အူဘာမီယန်းနှင့် အငြင်းပွားလျှင် အရန်ခုံ ရောက်သွားနိုင်ပေသည်။
အာတီတာက ကစားသမားများ အငြင်းပွားနေသည်ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် နားထင်ကို ပွတ်သပ်လိုက်သည်။
ဘယ်လိုလုပ်ရမလဲ။
သူ့မှာ မော်ရင်ညိုလို ပြတ်သားမှုမျိုး မရှိပေ။ ထို့ကြောင့် သူက အာဆင်နယ်၏ ရိုးရာ အစဉ်အလာအတိုင်း လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ယင်းသည်ကား အသင်းခေါင်းဆောင်ကို ရောင်းပစ်၍ သူ့ဩဇာကို လိုက်နာမည့် အသင်းခေါင်းဆောင် အသစ် တစ်ယောက်ကို ခန့်အပ်ရန်ပင်…။
အာတီတာ အနေဖြင့် စနစ်သစ် တစ်ခု တည်ဆောက်လိုလျှင် ကစားသမားဟောင်း များစွာကို စွန့်ပစ်ရမည် ဖြစ်ပြီး အူဘာမီယန်းကလည်း ထိုကစားသမားများထဲ၌ ပါလေသည်။ သို့သော် ယခုရာသီတွင်တော့ အလောတကြီးဖြင့် ရောင်းထုတ်၍ မရသေးပေ။
အာတီတာက နည်းဗျူဟာများကို စဉ်းစားနေစဉ်မှာပင် ကွင်းအတွင်း အခြေအနေများက ထပ်မံ ပြောင်းလဲသွားသည်။
ဟားဗက်ဇ်က ချူဖုန်း၏ စေတနာပါသော အကြံပေးချက်ကို နားထောင်ကာ သူ၏ ရည်းစားနှင့် တွေ့ဆုံမှု အကြိမ်ရေကို လျှော့ချလိုက်သည်။ သူ၏ စွမ်းရည်များက သိသိသာသာ မြင့်တက်နေသည်။
အာဆင်နယ်၏ ရှေ့တက် ဖိအားပေးမှုက အစကတည်းက မမြင့်မားသဖြင့် ဟားဗက်ဇ်အတွက် ဘောလုံးကိုင်တွယ်ရန် အလွန် သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
သူက ချာကာနှင့် ထိပ်တိုက် တွေ့ချိန်တွင် ခန္ဓာကိုယ်အား လှည့်ကာ ဘောလုံးကို ဆွဲယူလိုက်ပြီးနောက် နောက်သို့ ဆွဲယူသည့် လှုပ်ရှားမှု တစ်ခုကို ဆက်တိုက် ပြုလုပ်လိုက်သည်။ သူက ချာကာကို ကျော်ဖြတ်ပြီးနောက် ချက်ချင်းပင် နောက်ထပ် မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်လိုက်သည်။
ဘောလုံးက အာဆင်နယ်၏ ခံစစ်ကြောင်းကို ထိုးဖောက်ကာ ပင်နယ်တီ ဧရိယာအတွင်းသို့ ရောက်ရှိသွားသည်။ ဒေးဗစ်လူးဝစ်နှင့် ဆိုကရေးတီးတို့က ချက်ချင်း ပြေးဝင်လာပြီး ချူဖုန်းကို နှစ်ယောက် ညှပ်ပိတ်လိုက်ကြသည်။
ကြွက်သားများ ရိုက်ခတ်သွားသည့် တုံးတိတိ အသံကြီးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ ပရိသတ်များက လူနှစ်ယောက်က နွားသိုးတစ်ကောင်ကို အတင်း ဆွဲထားသလို မြင်ကွင်းကို မြင်လိုက်ကြရလေသည်။
ချူဖုန်းသည် ဒေးဗစ် လူးဝစ်နှင့် ဆိုကရေးတီးတို့ နှစ်ဦးကို လက်နှစ်ဖက်ဖြင့် တွန်းထားပြီး ရှေ့သို့ အတင်း တိုးဝင်နေလေသည်။
“ချူဖုန်းက အာဆင်နယ်ရဲ့ ဗဟိုနောက်ခံ နှစ်ယောက်ကို တပြိုင်ထဲ ဖြတ်ကျော်နိုင်ပါ့မလား...”
နဗီးလ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်တော့သည်။
“သူက အာဆင်နယ်ရဲ့ ခံစစ်ကို အကြမ်းပတမ်း ထိုးဖောက်သွားပြီး ဘောလုံးကို မှီအောင် ချက်ချင်း အရှိန်တင်လိုက်ပြီ”
“လီနို… လီနို… သူ ရှေ့ကို ပြေးထွက်ဖို့ ရွေးချယ်လိုက်ပြီ”
“ချူဖုန်းက ချိန်သီးလို ခန္ဓာကိုယ်ကို လွှဲပြီး လီနိုကို ကျော်ဖြတ်သွားပြီ”
“လွတ်နေတဲ့ ဂိုးပေါက်ထဲကို အသာအယာ ကန်သွင်းလိုက်ပြီ”
“ပထမပိုင်း ပြီးခါနီးမှာပဲ ချူက အာဆင်နယ်ရဲ့ ဂိုးပေါက်ကို နောက်တစ်ကြိမ် ထပ်ပြီး ဖောက်ထွက်နိုင်ခဲ့ပါပြီ”
“လှလိုက်တာဗျာ...”
ချူဖုန်းက ဂိုးသွင်းပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့သော ကိုယ်ကာယချင်း ယှဉ်တိုက်မှုများသည် လူသားတို့၏ ခံစားချက်များကို လှုံ့ဆော်ပေးရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
ထို့နောက် သူသည် ရူးသွပ်စွာ ပြေးလွှားသွားပြီး လေထဲသို့ လက်သီးဖြင့် ထိုးလိုက်လေသည်။ သူ့ကို မန်ချက်စတာယူနိုက်တက် ပရိသတ်များ၏ ဒေါသတကြီး ဟိန်းဟောက် အားပေးသံများက ဆီးကြိုနေကြသည်။
“ဟူး... ဟူး... ဟူး...”
ကွင်းဘေးတွင် အာတီတာ တစ်ယောက် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားသည်။ ဘောလုံးလောကတွင် မဖြစ်နိုင်တာ ဘာမှ မရှိဘူး ဆိုပေမယ့်...
အင်အားချင်း အရမ်း ကွာနေရင်တော့ ရလဒ်ကောင်း ရဖို့ မလွယ်ဘူးလေ။
အာဆင်နယ်က အခု အခြေအနေ မကောင်းပေ။ ကစားသမားတွေ၊ နည်းဗျူဟာ၊ တိုက်ပွဲဝင် စိတ်ဓာတ်တွေ... မည်သည့်ဘက်က ကြည့်ကြည့် မန်ချက်စတာ ယူနိုက်တက်ကို မယှဉ်နိုင်ချေ။
ဘေးဘက် နည်းပြခုံတန်းပေါ်တွင်မူ မော်ရင်ညိုက တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ မျက်နှာပေါ်၌ ခပ်ရေးရေး အပြုံးတစ်ပွင့် ရှိနေလေသည်။
တကယ်တမ်းတွင် သူသည် အာဆင်နယ်နှင့် ပွဲအတွက် အထူးနည်းဗျူဟာ ဟူ၍ မစီမံထားပေ။ ထိုအစား ကစားနေကျအတိုင်း ကစားရန်နှင့် ချူဖုန်းအား တိုက်စစ်ကို ဦးဆောင်ရန်သာ အမိန့် ပေးထားလေသည်။
မော်ရင်ညိုက ရုတ်တရက် အာစင်ဝင်းဂါးကို လွမ်းသွားသည်။ ‘အဘိုးကြီးသာ ဒီမှာ ရှိနေသေးရင် ဘယ်လိုနေမလဲ’ဟု သူ တွေးလိုက်မိသည်။
ပိုကောင်းလာမလား... ပိုဆိုးသွားမလား။
ကံမကောင်းစွာဖြင့် ဝင်းဂါး တစ်ယောက် အာဆင်နယ်သို့ ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။
ပွဲတစ်ပိုင်းနားချိန် ပြီးနောက်...
မန်ချက်စတာ ယူနိုက်တက်တို့ တောင်ပံများကို အာရုံစိုက်ကာ တိုက်စစ်ဆင်လာကြသည်။
အာဆင်နယ်သည်မူ အဝေးကွင်း၌ မန်ချက်စတာ ယူနိုက်တက်၏ တိုက်စစ်ဆင်မှုများကို တောင့်ခံနိုင်ရန် ရုန်းကန်နေရသည်။ ကံမကောင်းစွာဖြင့် ပွဲချိန် ၇၆ မိနစ်တွင် မန်ချက်စတာယူနိုက်တက်က ထောင့်ကန်ဘော အခွင့်အရေးကို အသုံးချသွားနိုင်ခဲ့သည်။
မက်ဂွိုင်းယား၏ ခေါင်းတိုက်ချက်ကို လီနို ပုတ်ထုတ် ကာကွယ်လိုက်နိုင်သည်။ သို့သော် ဘောလုံးက ချူဖုန်း၏ ခြေအောက်သို့ တည့်တည့် ရောက်လာပြီး သူက ပိုက်ကွန်ထဲသို့ အသာအယာ ကန်သွင်းလိုက်သည်။
ဤသို့ဖြင့် ပွဲအပြီးတွင် မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၃-၀ ဖြင့် အနိုင်ရရှိသွားခဲ့သည်။
***