“ချူက ဘောလုံးလက်ခံဖို့ ဘယ်ဘက်ကို ဆုတ်လာတယ်”
“ဆဲလ်ဘက် ရက်ဘူးလ်က တကယ်ကို ကြမ်းတမ်းလွန်းပါတယ်။ ချက်ချင်းပဲ လူသုံးယောက်က သူ့ကို ဝိုင်းရံလိုက်ပြီ”
တစ်ဦးချင်း ရန်ဖြစ်ရတာထက် အုပ်စုဖွဲ့ ချရတာက ပိုပြီး အားရစရာ ကောင်းတယ် မဟုတ်လား။
ချူဖုန်းက လူသုံးယောက် ဝိုင်းရံထားသည့် ကြားမှ ကွက်လပ်တစ်ခုကို ရှာတွေ့သွားပြီး မာတစ်ထံသို့ ဘောလုံးကို နောက်ပြန် ပေးပို့လိုက်သည်။ မာတစ်က ဘေးစည်းတစ်လျှောက် မျှောထိုးပေးပို့မှု တစ်ခုကို ပြုလုပ်လိုက်ရာ ဘောလုံးသည် ဆန်ဒရိုဆီ ရောက်ရှိသွား၏။
တိုက်စစ်အားသန် ဘယ်အစွန်နောက်ခံလူ ဆန်ဒရိုက ရက်စမတ်ကို ကျော်ဖြတ် ပြေးထွက်သွားပြီး ဂိုးစည်းအနီးမှနေ၍ အဝေးတိုင်ဘက်သို့ ပင့်တင်ပေးလိုက်သည်။
ဂရီးလစ်ရှ်…
ထိုအချိန်မှာပင် ဂရီးလစ်ရှ်က ရှေ့သို့ ပြေးထွက်လာပြီး လျှောထိုး ကန်သွင်းရန် သူ၏ ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်သည်။
“ဝိုး... လိမ့်ထွက်သွားတယ်။ ဂိုးတိုင်နဲ့ နည်းနည်းလေး လွဲသွားတာ”
“မန်ချက်စတာယူနိုက်တက်တို့ ပွဲအစောပိုင်းမှာတင် အခွင့်အရေး တစ်ခု ရခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး...”
“ဒါပေမယ့် မန်ချက်စတာယူနိုက်တက်တို့ အရမ်းကို စိတ်အေးလက်အေး ရှိနေတယ် ဆိုတာကိုတော့ ခင်ဗျားတို့ သတိထားမိမှာပါ...”
ဆဲလ်ဘက် ရက်ဘူးလ် ကစားသမားများ သက်ပြင်းချလိုက်နိုင်ကြသည်။
“ဘာဖြစ်လို့လဲ... ဘလွန်းဒီအောဆုရှင်ကြီး ငါ့ကို ကျော်ဖြတ်ဖို့ ကြောက်နေတာလား...”
မီနာမီနိုက ချူဖုန်း အနားသို့ ချဉ်းကပ်လာကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
“သောက်ရူးလေး...”
ချူဖုန်းက နောက်ကိုပင် လှည့်မကြည့်ဘဲ လှည့်ထွက်ကာ သူ၏ နေရာသို့ ပြန်သွားလိုက်သည်။
‘မင်း ခံစားရမယ့် အချိန် ရောက်လာဦးမှာပါ...’
မီနာမီနို၏ မျက်နှာက ပြာနှမ်းသွားသည်။ ချူဖုန်းကို ဆွပေးပြီး မာတာရာဇီလို လှည့်ကွက်မျိုး သုံးရန် သူ စဉ်းစားထားခဲ့သည်။
သို့သော် ချူဖုန်းက ပြန်မတုံ့ပြန်လိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ မာရှီ၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းလာသည်။
သူတို့အသင်းမှာ အန္တရာယ်ရှိသော နေရာများတွင် ဘောလုံး ဖျက်ထုတ်နိုင်ရန် ရုန်းကန်နေရပြီး အလယ်ဗဟိုမှတစ်ဆင့် ထိုးဖောက်ရန် ကြိုးပမ်းမှုများမှာလည်း အများအားဖြင့် အလုပ်မဖြစ်ခဲ့ပေ။ ဟာရဲရား၊ ကန်တေနှင့် မာတစ်တို့၏ ကွင်းလယ်ခံစစ် အတွဲအဖက်က ဆဲလ်ဘက်၏ တိုက်စစ်ကို လုံးဝ ဟန့်တားထားနိုင်ပေသည်။
ဟာလန်းမှာ ဘောလုံးနှင့် မထိတွေ့ရသည်မှာ အတော်ကြာနေပြီ ဖြစ်ပြီး ဘောလုံးရလာချိန်တွင်လည်း သီယာဂို ဆေးလ်ဗား၏ တားဆီးမှုတို့ကို ချက်ချင်း ခံလိုက်ရသည်။ သူက သီယာဂို ဆေးလ်ဗားကို လုံးဝ ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
တစ်ဖက်တွင် မန်ချက်စတာယူနိုက်တက်ကတော့ ပွဲချိန်ကြာလာသည်နှင့်အမျှ ဖြည်းညှင်းစွာ ပိုမို ကောင်းမွန်လာပြီး ပွဲ၏ အရှိန်အဟုန်ကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့သည်။
“ဝမ်ဘစ်ဆာကာ...”
“ဒီဖျက်ထုတ်မှုကြောင့် မီနာမီနို လဲကျသွားပေမယ့် ဒိုင်လူကြီးက ပွဲဆက်ကစားဖို့ အချက်ပြလိုက်ပါတယ်”
“တောင်ပံကနေ ဖောက်ထွက်လာတယ်... ဟင်... အဝေးပေးပို့မှု တိုက်ရိုက် လုပ်လိုက်တာလား...”
ချူဖုန်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် မကျေမနပ် ညည်းတွားလိုက်မိသည်။
‘သောက်ကျိုးနည်း... အားက နည်းနည်း ပြင်းလွန်းနေတယ်”
သူ ဘောလုံးကို ထိန်းချုပ်လိုက်ချိန်တွင်...
ရက်ဘူးလ် ဆဲလ်ဘက်တို့ ခံစစ်အင်အား ဖြည့်တင်းမှုကို ပြီးစီးသွားခဲ့ပြီး ပင်နယ်တီ ဧရိယာအတွင်း တင်းကျပ်သော ခံစစ်မျဉ်း တစ်ခုကို တည်ဆောက်ထားလိုက်ကြပြီ ဖြစ်သည်။
ရှေ့တန်းမှ ဟွမ်ဟီချန်ပင်လျှင် နောက်သို့ ပြန်ပြေးလာခဲ့သည်။
ဟွမ်ဟီချန်နှင့် အူလ်မာတို့၏ ပူးပေါင်း ခံစစ်ကို ရင်ဆိုင်ရချိန်တွင် ချူဖုန်းက နေရာတွင်ပင် ဘောလုံးကို နင်းထားကာ ခံစစ်ကို စမ်းသပ်လိုက်သည်။
မလှုပ်ရှားဘူး။
ခံစစ်ကစားသမား နှစ်ယောက် ရှိနေ၍များလား မသိ။ နှစ်ယောက်စလုံးက တည်ငြိမ်စွာပင် သူ့ကို အကဲခတ်နေကြသည်။
ဒါကို ဖြတ်ကျော်နိုင်သရွေ့တော့ အခွင့်အရေး ရှိတာပဲ။
ချူဖုန်က အပြင်ဘက်မှ ဖောက်ထွက်မည့် ဟန်ဖြင့် ညာခြေဖြင့် ဘောလုံးအပေါ်မှ ခုန်ကျော်လိုက်သည်။
အူလ်မာကလည်း အလိုအလျောက်ပင် နောက်မှ လိုက်ပါသွားသည်။
သို့သော် နောက်တစ်ခဏမှာပင်...
ချူဖုန်းက သူ၏ ညာခြေကို နောက်တစ်ကြိမ် လှည့်ကာ သူ့ကို လွယ်ကူစွာ ခါချသွားသည်ကို သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူ၏ အသင်းဖော်များကိုသာ မျှော်လင့်ချက် ထားရတော့မည်။
ဟွမ်ဟီချန်က စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်းပင် လျှောထိုး ဖျက်ထုတ်လိုက်သည်။
အကွာအဝေးက လုံလောက်အောင် နီးကပ်နေသဖြင့် ချူဖုန်း၏ ခြေထောက်ထဲမှ ဘောလုံးကို တားဆီးနိုင်လိမ့်မည် ဟု သူ ယုံကြည်ထားပေသည်။
‘ဆယ်ထုတ်လို့ မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး...’
“သောက်ကျိုးနည်း”
ဟွမ်ဟီချန်က သူ၏ ခန္ဓာကိုယ်ကို လှဲချလိုက်သော်လည်း ချူဖုန်းက ပို၍ လျင်မြန်သော အရှိန်ဖြင့် ဘောလုံးအား တစ်ချက် ထိကာ ရွေ့လျားသွားသည်ကို တွေ့လိုက်ရသည်။
ချူဖုန်းက ဂိုးသွင်းရန် နေရာလွတ် တစ်ခုကို ဖန်တီးလိုက်နိုင်လေပြီ။
“မြေလှိမ့် ကန်လိုက်ပြီ”
“ဝင်သွားပြီဟေ့... ”
ဟွမ်ဟီချန် တစ်ယောက် ဘောလုံး ပိုက်ကွန်ထဲသို့ ဝင်သွားသည်ကို ကြည့်ကာ ရှက်ရွံ့မှုနှင့် ဒေါသများ ရောယှက်ပြီး မြက်ခင်းပြင်ကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်။
‘ဒီဘောလုံးကို ဘယ်လိုများ ဖျက်ထုတ်လို့ မရခဲ့တာလဲ...’ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
ချူဖုန်းက ဟွမ်ဟီချန်ကို လျစ်လျူရှုလိုက်ပြီး မီနာမီနို ဘေးမှ ဖြတ်သွားချိန်တွင် လှောင်ပြောင်သော အမူအရာကို ပြသလိုက်သည်။
‘ဒီကောင်နဲ့ စကားများနေရတာက ငါ့အဆင့်အတန်း ကျတယ်...’
“ချူက ပိုပိုပြီး ကောင်းလာပါလား”
ဟာလန်းက အနည်းငယ် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူသာ အသည်းအသန် ကြိုးစားလျှင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို လျှော့ချနိုင်လိမ့်မည် ဟု သူ အစက ထင်ထားခဲ့သည်။ သို့သော် အခုလေးတင် ချူဖုန်း ပြုလုပ်သွားခဲ့သော တိကျသည့် ဘောလုံး ထိတွေ့မှု နှစ်ခုက သူ နောက်ထပ် နှစ်အနည်းငယ်လောက် လေ့ကျင့်ရင်တောင် လုပ်နိုင်ဖို့ မသေချာသည့် အရာများပင် ဖြစ်သည်။
“ကိစ္စမရှိပါဘူး... ငါတို့က ငယ်ပါသေးတယ်...” ဆိုဘိုဆလိုင်းက နှစ်သိမ့်စကား ပြောလိုက်သည်။
“ဒါပေမယ့် ချူလည်း အသက်ကြီးတာမှ မဟုတ်တာ။ သူက အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ ငါတို့ထက် နှစ်နှစ်ပဲ ကြီးတာလေ”
ဟာလန်းက သူ၏ အနာဂတ် မှေးမှိန်နေပြီဟု ခံစားလိုက်ရသည်။
ဘောလုံးကစားသူတိုင်းတွင် တူညီသော အိပ်မက်တစ်ခု ရှိကြသည်။ အဲဒါကတော့ ဘလွန်းဒီအောဆုပင် ဖြစ်သည်။
“သူ ပိုသန်မာနေလို့ ငါတို့ ကြိုးစားဖို့ မလိုတော့ဘူးလို့ မဆိုလိုပါဘူး...”
ဆိုဘိုဆလိုင်းက လေးနက်စွာ ပြောလိုက်သည်။ “သူက တောင်တန်းကြီး တစ်ခုလို ဖြစ်နေရင်တောင် ငါတို့က သူ့ကို ကျော်လွှားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာပေါ့”
ထိုစကားကို ကြားသောအခါ ဟာလန်း၏ စိတ်အခြေအနေ ပြန်လည် တည်ငြိမ်သွားသည်။ ထို့နောက် သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
သူက ချူဖုန်းရဲ့ အသင်းဖော် မဖြစ်ချင်ဘူး... ချူဖုန်းရဲ့ ပြိုင်ဘက်ပဲ ဖြစ်ချင်တယ်…
တစ်သင်းတည်းမှာ အတူတူ ရှိနေရင် သူက ချူဖုန်းကို ဘယ်တော့မှ ကျော်နိုင်တော့မှာ မဟုတ်ဘူး…
ကိုယ့်အခွင့်အရေး ကိုယ်ရှာဖို့ ဘာလို့ အပြင်မထွက်ရမှာလဲ…
***