လူငယ်ကစားသမားများ၏ ရင်ထဲတွင် သူသည် ကြီးကျယ် မြင့်မြတ်လှသော ပုံရိပ်တစ်ခု ဖြစ်လာနေပြီကိုမူ ချူဖုန်း လုံးဝ မသိရှာပေ။ သူက အဝေးကြီးမှ လာရောက် အားပေးကြသော မန်ချက်စတာယူနိုက်တက် ပရိသတ်များနှင့်အတူ သူ၏ သွင်းဂိုးကို အောင်ပွဲခံနေသည်။
“နည်းပြကြီး... ရက်ဘူးလ် ဆဲလ်ဘက်မှာ လူငယ် ကစားသမားကောင်း တချို့ ရှိတယ်။ သူတို့ကို စောင့်ကြည့်စာရင်းထဲ ထည့်ထားသင့်တယ်လို့ ထင်တယ်...” ဖာရီယာက သူ၏ မှတ်စုစာအုပ်ကို မကိုင်ဘဲ မနေနိုင်တော့ပေ။
“သူများရဲ့ လူငယ်ကစားသမားတွေကိုချည်းပဲ အမြဲတမ်း စိတ်ဝင်စားမနေပါနဲ့ကွာ။ ဒီနည်းဗျူဟာက သင်ယူသင့်တယ်လို့ ငါထင်တယ်”
မော်ရင်ညိုက မေးစေ့ကို ပွတ်သပ်လိုက်သည်။
လတ်တလောတွင် သူ အနည်းငယ် ဖိအားများနေသည် ဟု ခံစားနေရသည်။ အကြောင်းမှာ ပြိုင်ဘက်အသင်း အများအပြားသည် သူတို့အသင်း၏ တိုက်စစ်ကို နည်းဗျူဟာကျကျ ပိတ်ဆို့ထားနိုင်သည်အား သူ မြင်ခဲ့ရသောကြောင့်ပင်…။
အကယ်၍ ချူဖုန်းနှင့် မာရက်ဇ်တို့ကဲ့သို့ အရည်အသွေးမြင့် တိုက်စစ်ကစားသမားများသာ မရှိနေလျှင် သူတို့သည် နိုင်ပွဲများကို ယခုလို ရနေမည် မဟုတ်ချေ။
မန်ချက်စတာယူနိုက်တက်၏ ခံစစ်အားသန် ကွင်းလယ်လူ သုံးဦးက အလွန် ကောင်းမွန်သော ခံစစ်ကို တည်ဆောက်နိုင်သော်လည်း ဤသည်က တိုက်စစ်စွမ်းအားကို လျော့ကျသွားစေသည်။
ကမ္ဘာ့အဆင့်မီ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး ရှိနေလျှင်တော့ ကိစ္စမရှိပေ။ သို့သော် မန်ချက်စတာ ယူနိုက်တက်တွင် ထိုသို့သော ကစားသမား မရှိပေ။ ထို့ကြောင့်လည်း ချူဖုန်းကို ကစားကွက် ဖန်တီးရှင် အဖြစ် သုံးနေရခြင်းပင်…။
“အရေအတွက် သာလွန်မှုကို နေရာလွတ် သာလွန်မှုအဖြစ် ပြောင်းလဲပြီး ကွင်းလယ်နဲ့ တိုက်စစ်ကြောင်း ကြားမှာ အချိတ်အဆက်တွေ ဖန်တီးပေးဖို့...”
မော်ရင်ညိုက ဆဲလ်ဘက်၏ ကစားဟန်ကို သူ့အသင်း၌ သွတ်သွင်းရန် ဖြစ်နိုင်ခြေ ရှိသည်ဟု တွေးမိလေသည်။ ထို့ကြောင့် ကျန်ပွဲချိန်များတွင် ရက်ဘူးလ် ဆဲလ်ဘက်၏ နည်းဗျူဟာများကို သူ သေသေချာချာ စောင့်ကြည့်နေခဲ့သည်။
ကင်မရာက စိမ်းလန်းသော မြက်ခင်းပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ချူဖုန်းက တောင်ပံတွင် ဘောလုံးကို ထပ်မံ လက်ခံရရှိချိန်တွင် ဆဲလ်ဘက် ရက်ဘူးလ်တို့ ဆက်လက် တောင့်မခံနိုင်တော့ပေ။ ခံစစ်မျဉ်းကို မဖြစ်မနေ ရွှေ့ပြောင်းရမည်။
မဟုတ်လျှင် တိုက်ရိုက် ပေါက်ကွဲထွက်သွားလိမ့်မည်။
နောက်တစ်စက္ကန့်တွင် ချူဖုန်းက ကွင်းလယ်သို့ မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်လိုက်သည်။ ဘောလုံး၏ ဦးတည်ချက်သည်ကား ဘရူနို ဖာနန်ဒက်စ်ပင်…။
မကြာသေးမီက ဘရူနို ဖာနန်ဒက်စ်၏ ပခုံးတွန့်ပြီး သက်ပြင်းချတတ်သော အကျင့်ကို ချူဖုန်းက အပြည့်အဝ ပြုပြင်ပေးခဲ့ပြီး ဖြစ်သည်။ ဖာနန်ဒက်စ်က ဤအရာသည် အသင်းဖော်များကို အမိန့်ပေးသည့် နည်းလမ်းတစ်ခုဟု ရှင်းပြခဲ့သော်လည်း...
ချူဖုန်း၏ အဖြေက ရိုးရှင်းပါသည်။
မင်းက အမိန့်ပေးဖို့ မလိုဘူးတဲ့။
ထို့ကြောင့် ၂၃ ရက်အတွင်း ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ပခုံးတွန့်ပြီး အားပေးတတ်လာရုံသာမက အလေ့အကျင့်ကောင်း တစ်ခုကိုပါ တည်ဆောက်တတ်လာခဲ့သည်။
“လှလိုက်တဲ့ ပေးပို့မှုပဲ”
ချူဖုန်း မကြားမည်ကို စိုးရိမ်သည့်အလား ဘရူနို ဖာနန်ဒက်စ်က ကျယ်လောင်စွာ အော်ဟစ် ချီးကျူးလိုက်သည်။ ဘောလုံးကို လက်ခံရရှိပြီးနောက် ဘရူနို ဖာနန်ဒက်စ်သည် တုံ့ဆိုင်းမနေဘဲ ကွင်းလယ်ဗဟိုရှိ နေရာလွတ်ထဲသို့ တိုးဝင်သွားသည်။
ထို့နောက် ဘရူနို ဖာနန်ဒက်စ်သည် ရှေ့သို့ အလိုက်သင့် တက်လာသော အန်ဒါ ဟာရဲရားနှင့် ဝမ်းတူး တွဲကစားပြီးနောက် ဧရိယာထဲသို့ တိုးဝင်သွားလေသည်။ ဂရီးလစ်ရှ်ကလည်း ချက်ချင်း ဂိုးဧရိယာ အတွင်းသို့ ဝင်ပြေးသည်။
ဆဲလ်ဘက် ရက်ဘူးလ်၏ ခံစစ်က အကြိမ်ကြိမ် ဆွဲဖြဲခံနေရသည်။ မုန်တိုင်းထဲမှ သစ်ပင်ငယ်လေးများကဲ့သို့ပင် သူတို့ လဲကျသွားရန် သိပ်မဝေးတော့ပေ။
“ဘောလုံး ငါ့ကိုပေး”
ချူဖုန်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ ပင်နယ်တီ ဧရိယာအတွင်းသို့ ထောင့်ဖြတ် ပြေးဝင်သွားပြီး အလွန် ကောင်းမွန်သော နေရာလွတ် တစ်ခု၌ အသင့် နေရာယူလိုက်သည်။
ထိုအချိန်၌ ဘရူနို ဖာနန်ဒက်စ်က အန်ဒါ ဟာရဲရား၏ ပေးပို့မှုကို လက်ခံထားလေသည်။ ဘရူနို ဖာနန်ဒက်စ်က ကနဦး၌ ကိုယ့်ဘာသာကိုယ် ကန်သွင်းရန် ဆုံးဖြတ်ထားသော်ငြား ချူဖုန်း၏ အော်သံကို ကြားသည်နှင့် ချက်ချင်း ပြန်ထိုးပေးလိုက်သည်။
‘ဖတ်...’
ဘောလုံးက ချူဖုန်းဆီသို့ လိမ့်သွားသည်။ ချူဖုန်းက ပြေးလွှားနေမှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်မှ လိုက်လာသော ခံစစ်ကစားသမားကို ခါချလိုက်သည်။
ချက်ချင်းဆိုသလိုပင်...
ဆဲလ်ဘက် ဂိုးသမား ချီကန်က ချူဖုန်း ဝေးရာတိုင်ဘက်သို့ ကန်သွင်းမည်ဟု မျှော်လင့်ထားသဖြင့် ဘယ်ဘက်သို့ ကြိုတင် ရွှေ့လျားထားသည်။ သို့သော် ချူဖုန်းက အဝေးတိုင်သို့ ကန်သွင်းမည့် ဟန်ပြုပြီးနောက် အနီးတိုင်သို့ ကန်ထည့်လိုက်လေသည်။
ဘုန်း…
“လှလိုက်တာဗျာ... လှလိုက်တာ”
“အဝေးတိုင်ကို ချိန်ရွယ်ပြီး အနီးတိုင်ကို ကန်သွင်းသွားတဲ့ ဂန္ထဝင်မြောက် သွင်းဂိုးပါပဲ... ဒါက ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ရဲ့ စွမ်းရည်ပဲ...”
ဝိုး...
အသင်းနှင့်အတူ လိုက်ပါလာသော မန်ချက်စတာယူနိုက်တက် ပရိသတ်များ ကျယ်လောင်စွာ အော်ဟစ် အားပေးလိုက်ကြသည်။
ပထမပိုင်းပင် မပြီးသေးမီ ချူဖုန်းက နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီ။
သူ ဟက်ထရစ် ဆက်တိုက် သွင်းယူနိုင်မယ့် အခွင့်အရေးများ ရှိနေမလား။
ပရိသတ်များသာ ထိုသို့ တွေးနေခြင်း မဟုတ်ဘဲ ချူဖုန်းကိုယ်တိုင်လည်း ထိုဆန္ဒကို ခံစားနေရသည်။
ဆိုရိုးစကား ရှိတယ်မလား... ဗိုလ်ချုပ် မဖြစ်ချင်တဲ့ စစ်သားဟာ စစ်သားကောင်း မဟုတ်သလို... ဂိုးမသွင်းချင်တဲ့ တိုက်စစ်မှူးဟာလည်း တိုက်စစ်မှူးကောင်း မဟုတ်ဘူးတဲ့လေ။
ချူဖုန်း၏ ဂိုးသွင်းချင်စိတ်က မော်ရင်ညို၏ နိုင်ပွဲရချင်စိတ်လိုပဲ ပြင်းပြလေသည်။
ခပ်လှမ်းလှမ်းတွင်... ဟာလန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ ချူဖုန်း၏ ပထမ သွင်းဂိုးက တစ်ဦးချင်း စွမ်းရည်ကို သက်သေပြခဲ့သည် ဆိုလျှင်... ယခုတစ်ကြိမ်တော့ သူ၏ ဘောလုံး ဉာဏ်ရည်ဉာဏ်သွေးကို သက်သေပြလိုက်ခြင်းပင်…။
ခံစစ်မျဉ်းကို ဆွဲဆန့်ရန် တောင်ပံများသို့ ထွက်ကစားပြီးနောက် ပေါ်လာသော နေရာလွတ်များဆီသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်လာသည်။ သူ၏ ကန်ချက်ကလည်း ယုံနိုင်စရာ မရှိလောက်အောင် တည်ငြိမ်လွန်းလှသည်။
ဟာလန်း တစ်ယောက် သူ့ကိုယ်သူ အတွင်းစိတ်မှ နတ်ဆိုးများ ဖမ်းစားခံထားရသလို ခံစားနေရ၏။ ထိုအချိန်တွင်ပင် သူ၏ သူငယ်ချင်း ဆိုဘိုဆလိုင်းက အလျင်အမြန်ပင်... “မင်းသာ သူ့အဆင့်ကို ရောက်နိုင်ရင် မင်း ဘလွန်းဒီအောဆု ရမှာပေါ့... ဒါကြောင့် သူ့ခြေလှမ်းအတိုင်း ကြိုးစားဖို့သာ စဉ်းစားထား…” ဟု ဝင်ပြောလိုက်သည်။
ဆိုဘိုဆလိုင်းက နောက်ထပ်တစ်ကြိမ် ဟာလန်းကို စိတ်တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့လေသည်။
ပထမပိုင်း မပြီးဆုံးမီမှာပင် မန်ချက်စတာယူနိုက်တက်က နှစ်ဂိုးအသာဖြင့် ဦးဆောင်နေပြီ ဖြစ်သဖြင့် သူတို့ သတိထားကာ စတင် ကစားလာကြသည်။ မန်ချက်စတာယူနိုက်တက်က သူတို့၏ ကစားဟန်ကို အရှိန်လျှော့လိုက်သည်။
ထိုအချိန်၌ ဆဲလ်ဘက် ရက်ဘူးလ်တို့က တန်ပြန်တိုက်စစ် စတင်လာပြီး ဖျက်မြင်းအသင်း တစ်သင်း၏ စွမ်းရည်ကို ပြသလာကြသည်။
“ဒီကောင်လေးက တကယ် သန်မာတာပဲကွ... ငါ ထင်တယ်။ ကြံ့ခိုင်မှု အပိုင်းမှာ သူက ချူနဲ့ တစ်တန်းတည်းလောက် ရှိတယ်”
မက်ဂွိုင်းယားက ဟာလန်းနှင့် တိုက်မိခဲ့သော ပခုံးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
သူ၏ အတွေ့အကြုံများအရ ဟာလန်း မှာ ရုပ်ရည် မချောမောသော်လည်း ခြေစွမ်းခြေစ ရှိသော လူငယ်တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း သိနိုင်လေသည်။ မဟုတ်လျှင် ဟာလန်းက ဒေါ့မွန်အသင်း၏ သတိထားမိခြင်းကို ခံရမည် မဟုတ်ပေ။
ဟာလန်းနှင့် ယှဉ်ပြိုင်ရသော အချိန်တိုင်း မက်ဂွိုင်းယားသည် ဟာလန်း ပေးသော ဖိအားများကို ခံစားနေရသည်။ သီယာဂို ဆေးလ်ဗားသာ အချိန်မီ လာရောက် မကာကွယ်ပေးခဲ့လျှင် မန်ချက်စတာ ယူနိုက်တက်သည် ချေပဂိုး တစ်ဂိုးတော့ ပြန်ပေးလိုက်ရနိုင်လေသည်။
ဆဲလ်ဘက်၏ အရှိန်အဟုန်က မန်ချက်စတာယူနိုက်တက်၏ တိုက်စစ် ပြင်းအားကို အနည်းငယ် လျော့ကျသွားစေခဲ့သည်။
လိဂ်ပွဲစဉ်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများက ရက်အနည်းငယ်သာ လိုတော့သဖြင့် မော်ရင်ညိုက ပွဲကို အနိုင်ရရန် ပို၍ ရှေးရိုးစွဲကျသော နည်းဗျူဟာကို ရွေးချယ်လိုက်သည်။
ဆဲလ်ဘက်တို့က ချေပဂိုး ပြန်ရရန် အစွမ်းကုန် ကြိုးစားနေကြသည်။ သို့သော် ချူဖုန်းကြောင့် သူတို့က တိုက်စစ်ကို လွတ်လွတ်လပ်လပ် မဆင်ရဲပေ။
ချူဖုန်းသည် ဆဲလ်ဘက်၏ ကွင်းလယ်ခံစစ်၌ နေရာအနှံ့ ပြေးလွှားနေပြီး ဆဲလ်ဘက် ခံစစ်မှူးများနှင့် ကွင်းလယ်လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားပေသည်။ ချူဖုန်းကြောင့်ပင် ဆဲလ်ဘက်၏ ခံစစ်တန်း တစ်ခုလုံးက တိုက်စစ်သို့ မလိုက်နိုင်တော့ချေ။
ဤသို့ဖြင့် ပွဲချိန် မိနစ် ၉၀ ပြီးဆုံးသွားသည်။ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်း၌ ချူဖုန်း၏ သွင်းဂိုး နှစ်ဂိုးဖြင့် အဖိုးတန် ရမှတ် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့လေသည်။
“မန်ချက်စတာ ယူနိုက်တက်တို့ ဒုတိယမြောက် ချန်ပီယံလိဂ်နိုင်ပွဲ ရသွားလို့ ဂုဏ်ပြုပါတယ်။ ဒီပွဲမှာ နှစ်ဂိုး သွင်းနိုင်ခဲ့တဲ့ အတွက် ချူဖုန်းကိုလည်း ဂုဏ်ယူပါတယ်လို့ ပြောပါရစေ”
***