ရက်ဘူးလ် ဆဲလ်ဘက်နှင့် ကစားပြီး နှစ်ရက်အကြာတွင် မန်ချက်စတာယူနိုက်တက်သည် နယူးကာဆယ် ယူနိုက်တက်နှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရန် စိန့်ဂျိမ်းစ်ပါ့ခ်သို့ ခရီးဆက်ခဲ့သည်။
ယနေ့တွင် မိုးဖွဲဖွဲလေး ရွာသွန်းနေပြီး ကွင်းကလည်း အတော်လေး ချော်နေသည်။
ကွင်းဘေးတွင်...
နယူးကာဆယ် ယူနိုက်တက် နည်းပြချုပ် ဘရုစ်က မြက်ခင်းပြင်ကို ကြည့်ကာ မျက်မှောင် ကြုတ်နေသည်။ ဒီရာသီမှ ဘင်နီတက်ဇ်ထံမှ ရာထူးကို သူ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့၏ အစောပိုင်း ရလဒ်များက ကျေနပ်ဖွယ် မရှိခဲ့ဘဲ အမှတ်ပေးဇယား၏ အဆင့် ၁၁ နေရာတွင်သာ ရပ်တည်နေသည်။
ယခု သူတို့ထက် တန်ကြေး ငါးဆမျှ ပိုများသော မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်ရချိန်တွင်... နိုင်ခြေ အလွန် နည်းပါးကြောင်း သူ ကောင်းကောင်း သိထားသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစပြီး ငါးမိနစ်အတွင်းမှာပင် အိပ်မက်ဆန်သော အဖွင့်ဂိုးကို ရရှိသွားခဲ့သည်။
သို့သော်လည်း ကံကြမ္မာနတ်သမီးက မန်ချက်စတာ ယူနိုက်တက်ကို မျက်နှာလွှဲသွားပုံရသည်။
ချူဖုန်း၏ ကန်ချက် နှစ်ချက်စလုံးက ဂိုးတိုင်နှင့် ဘားတန်းကိုသာ ထိမှန်သွားခဲ့သည်။
သူက မျက်နှာပေါ်ရှိ မိုးရေများကို သုတ်ရင်း ကူကယ်ရာမဲ့စွာဖြင့် “ဘုရားသခင်က ငါ့ကို ဂိုးမသွင်းစေချင်ဘူး ထင်တယ်” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
“သောက်ကျိုးနည်း... ငါလည်း ဂိုးတိုင် သွားမှန်တယ်ကွာ...” မာရက်ဇ်ကလည်း ဝင်ရောက် ညည်းညူလိုက်သည်။
မတတ်နိုင်ဘူးလေ။ တစ်ခါတစ်ရံတွင် ဘောလုံးဆိုသည်က ဆန်းကြယ်သော အရာတစ်ခုပင်။
ဘယ်လိုပဲ တိုက်စစ်ဆင်ဆင် ဂိုးတိုင်တွေ၊ ဘားတန်းတွေကိုချည်း ထိနေပြီး ဘာဂိုးမှ မရတဲ့ အချိန်မျိုးလည်း ရှိတတ်တာပါပဲ။
မကြာမီ ရောက်ရှိလာမည့် နိုင်ငံတကာ ပွဲစဉ်ရက်များကို ထည့်တွက်ကာ မော်ရင်ညိုက ချူဖုန်းကို စောစောစီးစီး လူစားလဲလိုက်သည်။
တရုတ်အသင်း၏ ပြိုင်ဘက် နှစ်သင်းဖြစ်သော ဂူအမ်နှင့် ဖိလစ်ပိုင်တို့မှာ အာရှ၏ ထိပ်သီးအသင်းများ မဟုတ်ကြောင်း သူ သိထားသော်လည်း ချူဖုန်းကတော့ သေချာပေါက် တရုတ်အသင်း၏ အဓိက ကစားသမား ဖြစ်နေမည်ပင်။ ထို့ကြောင့် ချူဖုန်းက အင်ပြည့်အားပြည့် ကစားနိုင်ဖို့ လိုလေသည်။
ချူဖုန်း၏ လွှမ်းမိုးနိုင်မှုကြောင့် တရုတ်ဘောလုံးလောကသည် လျင်မြန်ပြီး အဟန့်အတားမဲ့သော ဖွံ့ဖြိုးတိုးတက်မှု ကာလတစ်ခုသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တရုတ်ဘောလုံးလောကသည် အရှိန်အဟုန် တစ်ခုကို ရယူဖို့ လို၏။
ဘောလုံးလောကတွင် အရှိန်အဟုန် တစ်ခုကို တည်ဆောက်ချင်လျှင် အလွယ်ကူဆုံး နည်းလမ်းမှာ နိုင်ပွဲများကို ရယူခြင်းပင်…။
ဘရာဇီးလ် သို့မဟုတ် ဂျာမနီ ကဲ့သို့သော အသင်းကြီးများကို ရှုံးနိမ့်ခဲ့သည် ဆိုလျှင်တော့ နားလည်ပေး၍ ရနိုင်ပါသည်။
သို့သော် ဖိလစ်ပိုင် ကဲ့သို့သော အသင်းငယ်များကို ရှုံးနိမ့်ခဲ့လျှင်ရော…
ထိုကဲ့သို့သာ ဖြစ်ခဲ့လျှင် ယခင်က ချူဖုန်း တည်ဆောက်ခဲ့သမျှ အရာအားလုံး အကြီးအကျယ် ထိခိုက် ပျက်စီးသွားပေလိမ့်မည်။
ယင်းကြောင့် ချူဖုန်းက ၎င်းအမှားမျိုးကို မည်သည့်အခါမှ အဖြစ်ခံမည် မဟုတ်ချေ။
“ဒီလမ်းကို ရွေးချယ်ပြီးပြီ ဆိုမှတော့... လမ်းမှာ အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံကြုံ အဆုံးထိ လျှောက်ရမှာပဲ...”
မော်ရင်ညိုက သူ့ဘာသာ တွေးလိုက်မိသည်။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ချူဖုန်းကို နိုင်ငံသား ပြုခွင့်ပေးပြီး ခေါ်ယူလိုချိန်က သူ ချူဖုန်းကို ပြောခဲ့ဖူးသည်။ “မင်း နှလုံးသားက ညွှန်ပြတဲ့အတိုင်းပဲ ရွေးချယ်ပါ” ဟူ၍ပင်…။
ထိုစဉ်က သူ၏ တပည့်ဖြစ်သူ၏ ရွေးချယ်မှုအပေါ် သူ ဂုဏ်ယူခဲ့ရသည်။ ယခုအချိန်တွင်လည်း ထိုနည်းတူပင် ဂုဏ်ယူမိသည်။
နောက်ဆုံးတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ၌ မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ယူနိုက်တက်ကို အဝေးကွင်း၌ ၁-၀ ဖြင့် အနိုင်ရရှိသွားသည်။
မန်ချက်စတာယူနိုက်တက်က ၈ ပွဲကစား ၈ ပွဲနိုင်၊ သရေမရှိ၊ ရှုံးပွဲမရှိ ရလဒ်ဖြင့် ရမှတ် ၂၄ မှတ် ရယူကာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။
လီဗာပူးသည်လည်း ရာသီအစ ၈ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။ သို့သော် သူတို့က မန်ချက်စတာ ယူနိုက်တက်ထက် ဂိုးကွာခြားချက် နှစ်ဂိုး လျော့နည်းနေသဖြင့် လက်ရှိတွင် ဒုတိယနေရာ၌သာ ရပ်တည်နေသည်။
မန်ချက်စတာစီးတီးကတော့ သရေတစ်ပွဲ ကျထားသဖြင့် ထိုနှစ်သင်း၏ နောက်တွင် နှစ်မှတ်အကွာဖြင့် ကပ်လိုက်နေသည်။ ကလပ်အသင်း ပွဲစဉ်များ ပြီးဆုံးပြီး နောက်တစ်နေ့တွင် ချူဖုန်း တစ်ယောက် တရုတ်ပြည်သို့ ပြန်ရန် ခရီးစတင်ခဲ့သည်။
ယခု တစ်ကြိမ်တော့ စက်တင်ဘာလတုန်းကနှင့် ယှဉ်လျှင် ပွဲစဉ် အနည်းငယ် ပိုကြပ်သည်။
ကွမ်ကျိုး လေ့ကျင့်ရေးစခန်းသို့ သူ ရောက်ရှိသွားချိန်တွင် လက်ရွးစင်အသင်းမှ အသင်းဖော်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
“အစ်ကိုချူ... နောက်ဆုံးတော့ ရောက်လာပြီပဲ အစ်ကို့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ လိုက်လာမလို့ စဉ်းစားနေတာ... ကံမကောင်းစွာနဲ့ ကျွန်တော့် ပွဲက စောပြီး ပြီးသွားလို့ စောစောပဲ ပြန်လာခဲ့လိုက်တယ်...”
ကျူးချန်ကျိက နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ သူက ပျော်ရွှင်စရာ ကိစ္စတစ်ခုကြောင့် စိတ်အားထက်သန်နေသည်။
ကလပ်အသင်းမှ အဓိက ဗဟိုနောက်ခံလူ အရွတ်ဒဏ်ရာ ရသွားခဲ့သောကြောင့် သူသည် အသင်း၌ ပွဲထွက် နောက်ခံလူ အဖြစ် ကစားနေရသည်။ ထို့အပြင် သုံးပွဲဆက်တိုက် ထူးချွန်သော စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သဖြင့် နည်းပြချုပ်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်သည်။
“ဒီရာသီမှာ သေချာ ကြိုးစားပြီး ကစားပါ။ အလုပ်လုပ်ခွင့် ဗီဇာ ရပြီဆိုတာနဲ့ ပရီးမီးယားလိဂ်က အသင်းတစ်သင်းသင်းနဲ့ ဆက်သွယ်ပေးဖို့ ငါ ကူညီပေးမယ်...”
ချူဖုန်းက အစ်ကိုကြီး တစ်ယောက်လို ကျူးချန်ကျိ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
သူ၏ လုပ်နိုင်စွမ်းကို သံသယ မဝင်ပါနှင့်။
ယခုအချိန်၌ သူက ပရီးမီးယားလိဂ်၏ နတ်ဘုရား ဖြစ်နေလေပြီ။ ထို့ကြောင့် သူသာ ဆန္ဒရှိပါက ကျူးချန်ကျိ အတွက် အသင်းတစ်သင်း ရှာပေးရန်မှာ မဖြစ်နိုင်စရာ အကြောင်း မရှိချေ။
အေစီမီလန်သည် ကာကာကို ခေါ်ယူချိန်က သူ့အစ်ကိုကိုပါ တစ်နှစ်လုပ်ခ ယူရို ၁ သန်းတန် စာချုပ်တစ်ခု ပေးခဲ့သေးသည်။ ထိုမျှသာမကသေး။ အေစီမီလန်က ဆီးဒေါ့ဖ်၏ ကလေးဘဝ သူငယ်ချင်းကိုပါ ခေါ်ယူခဲ့ဖူးသေးသည်။
သို့သော် ကျူးချန်ကျိ တစ်ယောက် အောင်မြင်သော ဗဟိုနောက်ခံလူ ဖြစ်ချင်လျှင် သူ၏ တစ်ဦးချင်း အရည်အသွေးကိုလည်း မြှင့်တင်ထားရပေမည်။ မဟုတ်လျှင် ကူညီရာမရောက်ဘဲ ဒုက္ခပေးသလို ဖြစ်သွားပေလိမ့်မည်။
“ကျွန်တော်ရော မန်ချက်စတာယူနိုက်တက်ကို လာလို့ ရမလားဟင်...”
ကျူးချန်ကျိ၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
သို့သော် ကျန်းကွမ်းထိုက်က ဝင်ရောက် ဖြတ်ပြောလိုက်သည်။ “ချူဖုန်း အခု ပွဲတိုင်းလိုလို ဂိုးတွေ သွင်းပြီး ခြေစွမ်းပြနေတာကို ကြည့်ပြီး အထင်မလွဲနဲ့။ တကယ်တမ်းကျတော့ သူ့လို လုပ်ပြနိုင်ဖို့ အရမ်းကို ခက်ခဲပါတယ်။ မင်း ဒီလိုကိစ္စတွေကို မတွေးခင် ဥရောပမှာ နာမည်တစ်လုံး အရင်ရအောင် လုပ်သင့်တယ်...”
သူက ကျူးချန်ကျိ၏ စိတ်အားထက်သန်မှုကို ရိုက်ချိုးနေခြင်း မဟုတ်ပေ။ လူငယ်ကစားသမားများ အနေဖြင့် လက်တွေ့ကျကျ လုပ်ဆောင်သင့်သည် ဟုသာ တွေးနေခြင်း ဖြစ်သည်။
“ကဲပါ... အဲဒီကိစ္စတွေ ဆက်မပြောကြနဲ့တော့။ ဒီနှစ်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ရဖို့ ပြဿနာမရှိဘူးလို့ ငါထင်တယ်...” ဝူလေက စကားလမ်းကြောင်း လွှဲလိုက်သည်။
“အဓိကက နိုင်ရုံတင် မကဘူး... လှလှပပ အနိုင်ရဖို့လည်း လိုမယ်” ကျန်းကျီက ခေါင်းညိတ် ထောက်ခံလိုက်သည်။
လက်ရှိ တရုတ်အမျိုးသား ဘောလုံးအသင်း၏ အခြေအနေကို အားလုံး သိကြသည်။
ချူဖုန်းက သူ၏ လွှမ်းမိုးနိုင်စွမ်းကို အသုံးပြုကာ ဘောလုံးအဖွဲ့ချုပ်၏ ဝင်ရောက်စွက်ဖက်မှုများကို အတင်းအဓမ္မ တားဆီးထားခဲ့သည်။
ရလဒ်ကောင်းတွေ မရဘူးဆိုရင် သေချာပေါက် ချူဖုန်း ကြိုးစားထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
“အကောင်းဆုံးကတော့... ဒီအခွင့်အရေးကို အသုံးချပြီး အသင်းကို အပြည့်အဝ ပေါင်းစပ်ဖို့နဲ့ နိုဝင်ဘာလမှာ ကစားရမယ့် ဆီးရီးယားနဲ့ ပွဲအတွက် ပြင်ဆင်ထားဖို့ပဲ...”
ချူဖုန်းက နိုင်ပွဲရဖို့ သက်သက်ထက် ပိုပြီး အမြော်အမြင် ရှိရှိ တွေးသင့်သည်ဟု ခံစားမိသည်။
“ပိုမြန်မြန် ပိုမြန်မြန်လုပ်ကြ”
လစ်ပီက ကွင်းဘေးမှနေ၍ လက်ခုပ် ဆက်တိုက် တီးကာ အော်ဟစ်နေသည်။
ဆိုရိုးစကား ရှိသည် မဟုတ်ပါလား... ဟင်္သာပြဒါးနားနေလျှင် နီသွားတတ်ပြီး မှင်နားနေလျှင် မည်းသွားတတ်သည်တဲ့။
လက်ရှိ လက်ရွးစင်အသင်းတွင် လူတိုင်းက တင့်ကားတစ်စီးလို အစွမ်းကုန် ရုန်းကန်နေကြပြီး မကြိုးစားသူများ အတွက် တစ်ခုတည်းသော ရလဒ်ကတော့ ထုတ်ပယ်ခံရဖို့သာ ရှိသည်။ ထို့ကြောင့် လက်ရွးစင်အသင်းက ပြင်းထန်သော ယှဉ်ပြိုင်မှု ခေတ်ကာလ တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် တရုတ်အသင်းက ကလပ်အသင်းများနှင့် ပူးပေါင်း၍ ကစားသမားများ အတွက် အပို လေ့ကျင့်ရေး အစီအစဉ်များကို မကြာခဏ ထည့်သွင်းပေးခဲ့သည်။ အနှီ အစီအစဉ်က ချူဖန်း၏ အကြံပေးချက်ကြောင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လူငယ်ကြယ်ပွင့် ကစားသမားများကို အဓိက ဦးတည်လေသည်။
ဥပမာအားဖြင့် ကျူးချန်ကျိနှင့် ကျန်းရှန်းလုံတို့ ဖြစ်လေသည်။
***