“နှစ်လ၊ သုံးလလောက်ပဲ ရှိသေးပေမယ့် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း ပြောင်းလဲလာတာက အရမ်းကို သိသာနေပြီ။ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းတွေ ကိုတော့ ဖြည်းဖြည်းချင်း သွေးယူရဦးမယ်...” လစ်ပီ၏ လက်ထောက်နည်းပြ ပက်ဇော့တီက လေ့ကျင့်နေသော တရုတ်ကစားသမားများကို ကြည့်ပြီး မှတ်ချက်ပြုသည်။
“ဟုတ်တယ်... ပြိုင်ပွဲတွေကို လေ့ကျင့်ရေးအဖြစ် ငါတို့ အသုံးပြုလို့ ရတယ်။ နောက်ပိုင်း အရှေ့ အာရှဖလားမှာလည်း တရုတ် ကစားသမားတွေကို လေ့ကျင့်ပေးရမယ်။ အဲဒီအခါကျရင်တော့ ချူကို ပြန်ခေါ်စရာ မလိုလောက်ဘူး...”
လစ်ပီက ခေါင်းညိတ်လိုက်သည်။ ဘောလုံးအဖွဲ့ချုပ်၏ ဝင်ရောက်စွက်ဖက်မှုများမှ လွတ်ကင်းသွားသဖြင့် ယခုအခါ သူ အလွန် သက်တောင့်သက်သာ ရှိနေသည်။
“လူငယ်ကစားသမားတွေ ရွေးချယ်တဲ့ နေရာမှာ ဂရုစိုက်ပါ။ ငါတို့ရဲ့ ပစ်မှတ်က နောက်သုံးနှစ် အကြာပဲ” လစ်ပီက သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ အောင်မြင်ရန်က သူ၏ ရည်မှန်းချက် ဖြစ်ပေသည်။
အသင်းတွင် ဘလွန်းဒီအော အဆင့်ရှိ ကစားသမား ပါဝင်နေသဖြင့် လစ်ပီအနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို မကြောက်တော့ဘဲ ပိုမို ရှေ့ဆက်သွားနိုင်မည့် အခွင့်အရေး ရှိသည်ဟု ယုံကြည်နေသည်။
သိပ်မကြာမီမှာပင်...
နေ့စဉ် လေ့ကျင့်ရေးများ အားလုံး ပြီးဆုံးသွားပြီးနောက် ကျူးချန်ကျိက ချူဖုန်း အနားသို့ တိုးကပ်လာသည်။
“ဇန်နဝါရီလမှာ လုပ်မယ့် အာရှယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အစ်ကိုချူ ပြန်လာမှာလားဟင်...”
ချူဖုန်းကို ထိုသို့သော ပြိုင်ပွဲမျိုးတွင် ဝင်ကစားခိုင်းခြင်းက သူ့အဆင့်အတန်းနှင့် အနည်းငယ် မတန်ဟု သူ ခံစားရသော်လည်း... ဒါက ၂၀၂၀ ဇူလိုင်လမှာ ကျင်းပမယ့် တိုကျို အိုလံပစ် ပြိုင်ပွဲအတွက် လက်မှတ်နဲ့ သက်ဆိုင်နေတယ်လေ။
စဉ်းစားကြည့်လိုက်စမ်းပါ။
သောက်ကျိုးနည်း... ဂျပန်တွေကို သူတို့ မြေပေါ်မှာပဲ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်...
ဘယ်လောက်တောင် မိုက်လိုက်မလဲ။
ဟုတ်ပါသည်။ ဘရာဇီးလ်၊ စပိန်တို့ကဲ့သို့ အသင်းကြီးများကို အနိုင်ယူပြီး အိုလံပစ် ချန်ပီယံဆု ရယူနိုင်လိမ့်မည် ဟု သူ မမျှော်လင့်ထားပေ။
အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့် ရရင်ကို လုံလောက်ပါပြီ။
ဘာလို့လဲဆိုတော့ ဒါက တရုတ်ဘောလုံးလောကအတွက် တိုးတက်မှု တစ်ခုကို ကိုယ်စားပြုနေလို့ပဲ။ သေးငယ်တဲ့ ခြေလှမ်းလေး တစ်ခုတင် မကဘူး။ သူတို့အားလုံးက သမိုင်းမှတ်တမ်း ဝင်သွားနိုင်မည့် အခွင့်အရေးပင်…။
“ငါ ကလပ်အသင်းနဲ့ စကားပြောပြီးပြီ... လာကစားဖြစ်မှာပါ...”
မန်ချက်စတာယူနိုက်တက်က ချူဖုန်း၏ စွမ်းဆောင်ရည် ထိခိုက်မည်ဟု ဆိုကာ အစပထမတွင် ခွင့်မပြုလိုကြပေ။ သို့သော် ချူဖုန်း၏ သဘောထားက အလွန် ပြတ်သားခဲ့သည်။
တကယ်လို့... တကယ်လို့သာ တရုတ်အသင်းက ဆုတံဆိပ် တစ်ခုခု ရခဲ့မယ်ဆိုရင်...
ဒါက ပြည်တွင်း ဘောလုံးလေထုကို အတိုင်းအဆမသိ တိုးတက်လာစေလိမ့်မည်။
ထို့ကြောင့် သူ့အနေဖြင့် မန်ချက်စတာ ယူနိုက်တက်၏ တာဝန်ရှိသူများကို အနည်းငယ် ဖိအား ပေးခဲ့ရသည်။ ယူနိုက်တက်၏ တာဝန်ရှိသူများကလည်း နည်းပြချုပ် မော်ရင်ညိုနှင့် တိုင်ပင်ပြီးနောက် ချူဖုန်း၏ တောင်းဆိုချက်ကို လက်ခံ ပေးခဲ့ရလေသည်။
ထို့အပြင် ဇန်နဝါရီလ အတွင်းဝယ်
ချန်ပီယံလိဂ်နှင့် ဖလားပွဲများ မရှိသလို အားနည်းသော လိဂ်ပြိုင်ဘက်များနှင့်သာ ကစားရမည် ဖြစ်ရာ မန်ချက်စတာယူနိုက်တက် အနေဖြင့် ချူဖုန်း မရှိလျှင်လည်း သေချာပေါက် တောင့်ခံထားနိုင်မည် ဖြစ်သည်။
“အစ်ကိုချူ ပြန်လာတာ ကောင်းတာပေါ့” ကျူးချန်ကျိက လက်သီးဆုပ်လိုက်သည်။
ချူဖုန်း ပါဝင်လာမည် ဆိုလျှင် သူတို့အသင်းအနေဖြင့် ရည်မှန်းချက်ကို မြင့်မြင့် ထားလို့ ရပြီဟု သူ ခံစားလိုက်ရသည်။
ဆီမီးဖိုင်နယ်…
တတိယနေရာ…
ဒုတိယနေရာ…
ချန်ပီယံ…
မကြာမီ ကျူးချန်ကျိသည် နှုတ်ခမ်းထောင့်မှ သွားရည်များကို သုတ်ကာ ချူဖုန်း နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။
......
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။
အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့်ဖြစ်သော အသင်း (၄၀) အဆင့် ပြိုင်ပွဲကို ကွမ်ကျိုးရှိ ထျန်ဟယ် အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။
တရုတ်နှင့် ဂူအမ်။
ပွဲကြည့်စင်များထက်တွင် အနီရောင် ကြယ်ပွင့်များ ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်နေပြီး အားကစားကွင်း တစ်ခုလုံး တက်ကြွသော အားပေးသံများဖြင့် ပြည့်နှက်နေသည်။
ဝိုး...
တရုတ် ကစားသမားများ ကွင်းထဲသို့ ဝင်ရောက်လာချိန်တွင် အားကစားကွင်း တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
နိုင်ငံတော်သီချင်း သီဆိုပြီးနောက် အားလုံး စက်ဝိုင်းပုံစံ စုစည်းလိုက်ကြပြီး ကျန်းလင်ဖန်က အော်ပြောလိုက်သည်။ “ပွဲကြို အစီအစဉ်အတိုင်း သွားမယ် အားလုံး နိုးနိုးကြားကြားရှိကြ။ စိတ်မလှုပ်ရှားနဲ့”
“ပရိသတ်တွေကို စိတ်ပျက်အောင် မလုပ်နဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်အောင် မလုပ်နဲ့။ ဆက်ကြိုးစား” ချူဖုန်းက ထပ်ဖြည့်ပြောလိုက်သည်။
“ရှေ့ဆက်သွား... ”
လူအုပ်ကြီးက ရုတ်တရက် လက်ကို မြှောက်ကာ တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်
တီ…
စူးရှသော ခရာမှုတ်သံ ထွက်ပေါ်လာပြီး နှစ်ဖက်အသင်း ကစားကွက်များ စတင် ထိပ်တိုက် တွေ့ဆုံကြပြီ
ဂူအမ်က သန်မာသလား။ မသန်မာပါဘူး။
ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက် မာရီယာနာ ကျွန်းစုများ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး လူဦးရေ ၁၇၈,၀၀၀ သာ ရှိသည်။
ယနေ့ ပွဲစဉ်ကို ရုပ်သံမှတဆင့် ကြည့်နေသော တရုတ်ပရိသတ်တွေကတောင် သူတို့လူဦးရေထက် ပိုများသေးသည်။ ထို့အပြင် ဂူအမ်တွင် ဘောလုံးအားကစားက ရေပန်းမစားလှသဖြင့် သူတို့၏ အဆင့်အတန်းကလည်း နိမ့်ကျနေသည်။
တရုတ်အသင်းက ပွဲစကတည်းက ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဝမ်ကန်းက တောင်ပံမှတစ်ဆင့် ပင်နယ်တီ ဧရိယာအတွင်းသို့ ချိုးဝင်ကာ ကန်သွင်းလိုက်ရာ ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့သော်လည်း ချူဖုန်းက အလိုက်သင့် ပြေးဝင်ကာ ပိတ်သွင်းလိုက်သည်။
ပွဲစပြီး လေးမိနစ်သာ ကြာသေးသည်။ တရုတ်အသင်းက ဦးဆောင်ဂိုး ရသွားလေသည်။
“တရုတ်အသင်း... နိုးထလာပြီဟေ့”
“ချူဖုန်း... အစွမ်းကုန် ကြိုးစား”
ပွဲကြည့်စင်ပေါ်ရှိ တရုတ် ပရိသတ်များက တစ်ပြိုင်နက် အော်ဟစ် အားပေးကြသည်။
ခင်ဗျားတို့ သိလား။
ချူဖုန်းက ကလပ်အသင်း ပွဲစဉ်တွေမှာ ပရိသတ် ၇ သောင်း၊ ၈ သောင်းလောက်ကို မြင်ဖူးပေသည်။ သို့သော် ရင်းနှီးကျွမ်းဝင်နေသော တရုတ် ဘာသာစကားဖြင့် အားပေးသံတွေကို ကြားရတာက ခံစားချက်ချင်း မတူညီချေ။
ယင်းကြောင့် သူ၏ စိတ်ခံစားချက်တို့ ကောင်းမွန်လာပြီး ခြေစွမ်းပိုင်းကလည်း အလိုအလျောက် ကောင်းလာတော့သည်။ သနားစရာ ဂူအမ်အသင်းကတော့ ဦးဆောင်ဂိုး ပေးရပြီး နောက်ထပ် ခြောက်မိနစ် အကြာမှာတင် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ ခွင့်ပြုခဲ့ရပြန်သည်။
ချူဖုန်းက နောက်တန်းမှ ဟောင်ကျွင်းမင်၏ အဝေးပေးပို့မှုကို လက်ခံရရှိလိုက်သည်။ ထို့နောက် လျင်မြန်သော ဘောလုံးထိတွေ့မှု တစ်ချက်ဖြင့် ကန်းလစ်ဖ်ကို ကျော်ဖြတ်သွားသည်။ ပြီးလျှင် ဘောလုံးပင့်တင်မှု တစ်ချက်ဖြင့် ရှေ့တက်လာသော ဂူအမ် ဂိုးသမားကိုပါ ကျော်သွင်းလိုက်လေသည်။
“ထပ်ပြီး လိမ်ခေါက်လိုက်ပြန်ပြီ”
“လှလိုက်တာဗျာ...”
“ချူဖုန်းက ပင်နယ်တီ ဧရိယာ ထိပ်မှာ ကနေသလိုပဲ။ သူက ဂူအမ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးသမား အီဗန်စ်ကိုပါ ကျော်တင်ပြီး ကန်သွင်းသွားခဲ့ပါပြီ”
“လှုပ်ရှားမှုတွေ အားလုံးက ပြီးပြည့်စုံတဲ့ အကူးအပြောင်းတွေနဲ့ အချိန်ကိုက် ဝင်ရောက်မှုတွေက အပြစ်ပြောစရာ မရှိပါဘူးဗျာ”
ဂူအမ် အသင်း၏ ခြေစွမ်းက အဆင့်မမီဘူး ဆိုသော်လည်း... သွင်းဂိုးကတော့ အံ့မခန်း ဖြစ်နေဆဲပင်။
ထို့ကြောင့် ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ ဟယ်ဝေ တစ်ယောက် သူ၏ စာပေစွမ်းရည်များကို မထုတ်ပြဘဲ မနေနိုင်တော့ပေ။
ချူဖုန်းက ပွဲကြည့်စင် အောက်သို့ ပြေးဆင်းသွားပြီး ပရိသတ်များကို ပိုမို ကျယ်လောင်စွာ အော်ဟစ်ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။
“ဒုန်း... ဒုန်း... ဒုန်း တရုတ်အသင်း ... အမိုက်စားပဲဟေ့”
ဝူလေက ရယ်မောရင်း ခေါင်းခါလိုက်သည်။ အသင်းနှစ်သင်းကြား ကွာဟချက်က တကယ်ကို ကြီးမားလွန်းတယ် ဟု သူ တွေးလိုက်မိသည်။
ကျူးချန်ကျိ ကဲ့သို့သော လူငယ်ကစားသမားများမှာမူ ချူဖုန်းကို အားကျလေးစားမှုများသော အကြည့်တို့ဖြင့် ကြည့်နေကြသည်။ လစ်ပီကမူ ကွင်းဘေးမှနေ၍ ညင်သာစွာ လက်ခုပ်တီးလိုက်သည်။
ချူဖုန်းကို သူ အထင်သေးခဲ့မိကြောင်း ဝန်ခံရမည်ပင်။
နှစ်ဂိုးအသာဖြင့် ဦးဆောင်ပြီးနောက် တရုတ်အသင်း လုံးဝ စိတ်အေးလက်အေး ဖြစ်သွားပြီး ယခင်ကလို ချုပ်တည်းမှုနှင့် တင်းမာမှုများ မရှိတော့ပေ။ ဘာပဲပြောပြော အားကစားပြိုင်ပွဲများတွင် ယုံကြည်မှုက အလွန် အရေးကြီးပါသည်။
၎င်းက အသင်းတစ်သင်းကို ကွဲပြားသော လူနှစ်ယောက်လို ပြောင်းလဲသွားစေနိုင်ပြီး မဖြစ်နိုင်သော အံ့ဖွယ်ရာများကို ဖန်တီးနိုင်စွမ်း ရှိစေသည်။
***