ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပြီးနောက်…
ချူဖုန်းက ကွင်းလယ်တွင် ပွဲ၏ အရှိန်အဟုန်ကို ထိန်းချုပ်လိုက်ပြီး တိုက်စစ်၏ ဦးတည်ရာနှင့် တိုးတက်မှု အမြန်နှုန်းကို ဆုံးဖြတ်ပေးနေသည်။
ဂူအမ်အသင်းမှာ ရှေ့ပြေးနောက်ပြေးနှင့် ကမောက်ကမ ဖြစ်နေရုံသာ တတ်နိုင်တော့သည်။ ဟိုဘက်ကို ဖာလိုက်၊ ဒီဘက်ကို ထေးလိုက် လုပ်နေရသော ခံစစ်က နောက်ဆုံးတော့ အပေါက်အပြဲတွေ အပြည့် ဖြစ်သွားပြန်လေသည်။
ပွဲချိန် ၁၉ မိနစ်…
ဝူလေနှင့် အယ်လ်ခီဆန်တို့ ရှေ့သို့ ပြေးထွက်သွားသဖြင့် ပင်နယ်တီ ဧရိယာရှေ့တွင် နေရာလွတ် ဖြစ်သွားသည်။ ချူဖုန်းက ဘောလုံးလက်ခံပြီး ကန်သွင်းရန် ပြင်ဆင်မှု ပြုလုပ်လိုက်သည်။
ဘုန်း...
သူက လှပသော ကမ္ဘာ့အဆင့် သွင်းဂိုး တစ်ဂိုးကို ထပ်မံ ကန်သွင်းယူလိုက်ပြီး ဂူအမ်၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးပစ်လိုက်သည်။
ဒီလိုပုံစံနဲ့ ငါတို့ ဘယ်လိုလုပ် ယှဉ်ကစားနိုင်တော့မှာလဲ။ သူတို့က ပွဲကို အမြန်ဆုံး ပြီးဆုံးသွားဖို့လောက်ပဲ ဆန္ဒရှိနေတော့တယ်။
ကွင်းထဲရှိ ပရိသတ်များကတော့ ဘလွန်းဒီအော အဆင့်ရှိ ကစားသမား တစ်ဦး၏ စွမ်းဆောင်ရည်ကို ကြည့်ရှုရသဖြင့် အလွန် စိတ်လှုပ်ရှားနေကြသည်။ ခံစစ်ကို ဖောက်ထွက်ခြင်း၊ ခံစစ်ကစားသမားများကို လိမ်ခေါက် ကျော်ဖြတ်ခြင်းနှင့် ကိုယ်ကာယချင်း ယှဉ်တိုက်ခြင်းများ...
မြင်ကွင်းတိုင်းက စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
“ဂိုး.....”
“ပွဲချိန် ၆၇ မိနစ်မှာ တရုတ်အသင်းက ဂူအမ်ကို ၈-၀ နဲ့ ဦးဆောင်နေပါပြီ။ ချူဖုန်းက ခြောက်ဂိုးမြောက် သွင်းယူပြီးနောက် လစ်ပီက သူ့ကို လူစားလဲလိုက်ပါပြီ...”
“ပရိသတ်တွေရဲ့ ကျယ်လောင်တဲ့ အားပေးသံတွေကို နားထောင်ကြည့်ပါ။ ဒီနေ့ ဒီပွဲကို လာကြည့်ရတာ လုံးဝ နောင်တရမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”
“ဒီနေ့အတွက် ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို အနားယူခွင့် ပေးလိုက်ပြီး နောက်ငါးရက်အကြာမှာ ကစားမယ့် ဖိလစ်ပိုင်နဲ့ ပွဲအတွက် ပြင်ဆင်ကြပါစို့”
ချူဖုန်းက ကွင်းထဲမှ ထွက်ခွာလာစဉ် အရပ်မျက်နှာ အသီးသီးရှိ ပရိသတ်များကို လက်ပြနှုတ်ဆက်လိုက်သည်။
သူက ယနေ့ပွဲ တစ်ပွဲတည်းတွင် ခြောက်ဂိုး သွင်းခဲ့သည်။ ဤသည်က တရုတ်လက်ရွေးစင် အသင်း အတွက် စံချိန်သစ်ပင်…။
လူတချို့က သူ့ကို စံချိန်သစ်တွေကို မသမာတဲ့ နည်းလမ်းနဲ့ အလွယ်တကူ ရယူနေတယ် လို့ ပြောကောင်း ပြောကြလိမ့်မယ်။
ဟုတ်တယ်... သူက စံချိန်သစ်တွေ အများကြီးကို တင်ချင်တယ်။ ဘာလို့လဲ ဆိုတော့ သူ ဒီကမ္ဘာကို ပြန်လာကတည်းက ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်ချင်ခဲ့လို့ပင်…။
လက်ရွးစင်အသင်းရဲ့ ဂိုးသွင်းစံချိန်တွေဖြစ်ဖြစ်၊ ကလပ်အသင်း စံချိန်တွေဖြစ်ဖြစ် ဘယ်တစ်ခုကိုမှ အလွတ်ခံမှာ မဟုတ်ဘူး။
နောင်လာနောက်သားတွေ ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ တောင်တန်းကြီး တစ်ခုကို သူ ချန်ထားရစ်ချင်တယ်။
ဘာဖြစ်လို့လဲ။
ဒါက လူငယ်ကစားသမားတွေကို သူတို့ ကြိုးစားအားထုတ်ရမယ့် ပစ်မှတ်တွေ ရှိသေးတယ်။ သူတို့ တိုးတက်ဖို့ နေရာတွေ အများကြီး ကျန်သေးတယ် ဆိုတာကို သိစေချင်လို့ပဲ။
“ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
လစ်ပီက ချူဖုန်း၏ ပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်သည်။ “၄-၄-၂ ကစားကွက်ရဲ့ နေရာစုံ ကစားနိုင်တဲ့ ကစားကွက် ဖန်တီးရှင် နေရာမှာ မင်း အတော်လေး အံဝင်ခွင်ကျ ဖြစ်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့်... မင်းက အသင်းဖော်တွေကို အရမ်းကြီး လိုက်လျောမနေသင့်ဘူး။ သူတို့ကို မင်းရဲ့ ရစ်သမ်နဲ့ အသားကျအောင် လုပ်ရမယ်။ သူတို့ မလိုက်နိုင်ရင်တောင်မှ အသားကျအောင် ကြိုးစားရမယ်။ အသားမကျနိုင်တဲ့ သူတွေကတော့ ဖယ်ရှားခံရမှာပဲ။ မဟုတ်ရင် ဒါက အသင်းကြီးတွေနဲ့ တွေ့တဲ့အခါ ငါတို့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာလိမ့်မယ်...”
လက်ရှိ လက်ရွးစင်အသင်း၏ အလားအလာက ချူဖုန်း အပေါ်တွင်သာ မူတည်နေသည်။ ထို့ကြောင့် လစ်ပီက အရာရာကို ချူဖုန်း၏ ကစားဟန်အတိုင်း လုပ်ချင်နေပြီး ချူဖုန်း၏ ကစားဟန်ကို လိုက်မကစားနိုင်သော ကစားသမားများကိုမူ ရှင်းထုတ်ဖို့ ကြံစည်ထားလေသည်။
“နောက်ပိုင်းကျရင် ကျွန်တော် အပြောင်းအလဲ တချို့ လုပ်ပါ့မယ်...” ချူဖုန်းက ပြောလိုက်သည်။
လစ်ပီ၏ စကားများက မှန်ကန်သော်လည်း အလုံးစုံ မှန်နေသည်တော့ မဟုတ်ချေ။ ကစားကွက်၏ အဓိက အနှစ်သာရမှာ အသင်းဖော်များကို မိမိနှင့် အသားကျအောင် လုပ်ဆောင်ရန် ဖြစ်သည်။
သို့သော် ဤသည်မှာ အသင်းဖော်များက အဆင့်အတန်း တူညီနေမှသာ ဖြစ်နိုင်မည်။ ယခုနှစ်ရာသီ မန်ချက်စတာ ယူနိုက်တက်လိုမျိုးပေါ့။
သို့သော် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် တရုတ်လက်ရွေးစင် အသင်း ကစားသမားများမှာ သူ၏ အဆင့်အတန်းနှင့် အလှမ်းဝေးနေဆဲပင်။
အကယ်၍သာ သူ့ကစားဟန် အတိုင်း လိုက်ကစားရမည် ဟူသော စည်းကမ်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမည် ဆိုပါက ကစားကွက်က ဗြောင်းဆန်သွားဖို့ များသည်။ ထို့ကြောင့် ဟန်ချက်ညီသော ကစားဟန် တစ်ခုကို ရှာဖွေဖို့ လိုလေသည်။
‘လစ်ပီရဲ့ နည်းဗျူဟာ ဒဿနက နည်းနည်းတော့ ခေတ်နောက်ကျနေပြီပဲ...’
ချူဖုန်းက သူ့ဘာသာ တွေးလိုက်မိသည်။ ပြီးခဲ့သည့် ရာသီကသာ ဆိုလျှင် သူသည် လစ်ပီ၏ အတွေးအခေါ်များ မှန်ကန်သည် ဟု တွေးကောင်း တွေးမိလိမ့်မည်။
သို့သော် ခေတ်သစ် ဘောလုံးလောက အကြောင်း သူ၏ နားလည်သဘောပေါက်မှုများ နက်ရှိုင်းလာသည်နှင့်အမျှ သူ၏ နည်းဗျူဟာများ အပေါ် သဘောပေါက်မှုကလည်း ပိုမို ကောင်းမွန်လာပေသည်။ ကံကောင်းထောက်မစွာဖြင့် နည်းဗျူဟာများ ချမှတ်ရာတွင် ပါဝင်ခွင့် အာဏာကို သူ တောင်းဆိုထားခဲ့သဖြင့် တော်သေးသည်။ မဟုတ်လျှင် ဤကိစ္စကို ဝင်ရောက် စွက်ဖက်ရန် ခက်ခဲပေလိမ့်မည်။
“ချူဖုန်းကို လူစားလဲလိုက်ပေမယ့် တရုတ်လက်ရွးစင်အသင်း ကစားသမားတွေက တိုက်ပွဲဝင် စိတ်ဓာတ် အပြည့်နဲ့ ကစားနေဆဲ ဖြစ်ပြီး ဒုတိယပိုင်း နောက်ဆုံး မိနစ် ၂၀ အတွင်းမှာ နောက်ထပ် သုံးဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်”
“အာရှဇုန် ခြေစစ်ပွဲ အသင်း ၄၀ အဆင့်မှာ တရုတ်အသင်းက ဂူအမ်အသင်းကို ၁၁-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါပြီ”
“ကာတာ ကမ္ဘာ့ဖလားဆီ သွားမယ့် တရုတ်အသင်းရဲ့ ခရီးစဉ်က အစကောင်းသွားပါပြီ...”
“ဒါပေမယ့် တစ်နှစ်ကြာမယ့် ခြေစစ်ပွဲစဉ်တွေမှာ ပွဲတိုင်းရဲ့ ရလဒ်က အရေးကြီးပါတယ်...”
“တရုတ်အသင်းက နောက်ပွဲစဉ်အဖြစ် လာမယ့် ၁၅ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်း သွားရောက် ကစားရမှာ ဖြစ်ပါတယ်...”
ပြည်တွင်း ဖိုရမ်များတွင်တော့ ပရိသတ်များက ဤကိစ္စနှင့် ပတ်သက်၍ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး လုံးဝ ရူးသွပ်နေကြသည်။
【တရုတ်အသင်း အမိုက်စားပဲ။ အစ်ကိုချူကတော့ တကယ့်ကို အလန်းစား】
【နောက်ပိုင်းကျတော့ သူတို့ အားနာပြီး လျှော့ကစားသွားသလို ခံစားရတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့ ၁၉ နှစ်က ဂူအမ်ကို ၁၉-၀ နဲ့ နိုင်ခဲ့တဲ့ စံချိန်ကို ထပ်လုပ်ပြနိုင်လောက်တယ်】
【ဒီပွဲကို ကြည့်ဖူးတဲ့ ပရိသတ်အစစ်တွေ သိပါတယ်။ တရုတ်လက်ရွးစင်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ အခွင့်အရေး မရှိပါဘူး။ ဒီလို အဓိပ္ပာယ်မရှိတဲ့ နိုင်ပွဲလောက်နဲ့ သွားပြီး မသာယာကြပါနဲ့...】
【ဂိုးတွေ အများကြီး သွင်းတာကလည်း အဓိပ္ပာယ် မရှိဘူး။ ဂိုးနည်းနည်းပဲ သွင်းတာကလည်း လက်ခံနိုင်စရာ မရှိဘူး။ လုံးဝ ဂိုးမသွင်းနိုင်ရင်တော့ ပိုတောင် ဆိုးသေးတယ် ဆိုတော့ ဒါဆို ဘယ်လိုလုပ်ရမှာလဲ...】
【သြစတြေးလျက နီပေါကို ၅-၀၊ ဂျပန်က မွန်ဂိုလီးယားကို ၆-၀၊ တောင်ကိုရီးယားက သီရိလင်္ကာကို ၈-၀ တဲ့... သူတို့လည်း သိပ်မနိုင်ကြပါဘူးလေ】
【ပျော်စရာကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အရမ်းကြီး စိတ်မလှုပ်ရှားကြပါနဲ့ဦး။ ဆီးရီးယားနဲ့ ပွဲက တကယ့် တိုက်ပွဲကြမ်းကြီးပါ】
……………
အောက်တိုဘာလ ၁၅ ရက်နေ့၊ ည ၈ နာရီ။
ဖိလစ်ပိုင်နိုင်ငံ၊ ဘာကိုလော့ဒ် မြို့ရှိ ပါနက်ဒ် အားကစားကွင်း…
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲတို့ကို မကြာမီ ကျင်းပတော့မည် ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ထိုနှစ်သင်း ၆ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး တရုတ်အသင်းက ၃၁ ဂိုး သွင်းယူကာ ၁ ဂိုးသာ ပေးရပြီး ၆ ပွဲစလုံး အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် တရုတ်လက်ရွေးစင် ဘောလုံးအသင်း ကစားသမားများက ယနေ့ပွဲစဉ်အတွက် အတော်လေး ယုံကြည်မှု ရှိနေကြသည်။
သို့သော် ပွဲချိန် ၁၅ မိနစ် ကုန်လွန်သွားသည့်တိုင် တရုတ်အသင်းဘက်မှ ဂိုးတစ်ဂိုးမျှ မသွင်းယူနိုင်သေးပေ။ ဆန့်ကျင်ဘက် အနေဖြင့်... ဖိလစ်ပိုင် ကစားသမားများ၏ ရန်စမှုများကြောင့် ကျူးချန်ကျိ တစ်ယောက် အဝါကတ် ပြသခံလိုက်ရသည်။
“မလောကြနဲ့”
ချူဖုန်းက သူ၏ အပျက်သဘောဆောင်သော ခံစားချက်များကို ဖွင့်အံမချခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ထိုသို့လုပ်ခြင်းက အသုံးမဝင်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ယနေ့ပွဲတွင် ဖိလစ်ပိုင်အသင်း၏ နည်းဗျူဟာက ရိုးရှင်းလှသည်။ ခံစစ်ကစားပြီး တန်ပြန်တိုက်စစ် ဆင်ရန်ပင်။
သူတို့က ကိုယ့်ဂိုးပေါက်ရှေ့မှာ ဘတ်စ်ကား ပိတ်ရပ်ထားပြီး တရုတ်ကစားသမားများကို အနီးကပ် လူကပ်ကစားရန် သစ်ခုတ်သမား နည်းဗျူဟာများကို အသုံးပြုနေကြသည်။ ထို့အပြင် ပါနက်ဒ် အားကစားကွင်း၏ မြက်ခင်းပြင်ကလည်း ဟင်းသီးဟင်းရွက် စိုက်ခင်း တစ်ခုလိုပင် စုတ်ပြတ်သတ်နေသေးသည်။
ပရီးမီးယားလိဂ် လူငယ်အသင်း တစ်သင်း၏ အိမ်ကွင်းကတောင် ယခုထက် အဆပေါင်းများစွာ ပိုကောင်းပါသေးသည်။
ထို့အပြင် ဖိလစ်ပိုင်အသင်း၏ ဂိုးသမား နေရာတွင် ကာဒစ်ဖ်စီးတီး၏ ပွဲထွက်ဂိုးသမား အက်သရစ်ချ်က တာဝန်ယူထားလေသည်။ ၁၅ မိနစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာ သူက ဝူလေနှင့် အယ်လ်ခီဆန်တို့၏ ကန်ချက်များကို အကြိမ်ကြိမ် ကာကွယ်ပြနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ စက္ကူပေါ်တွင် တရုတ်အသင်းက ပိုမို သန်မာနေဆဲပင်။
***