နှစ်ဂိုးအသာဖြင့် ဦးဆောင်ပြီးနောက် တရုတ်အသင်းက တဖြည်းဖြည်းနှင့် သူတို့၏ ပုံစံကောင်းကို ပြန်လည် ရရှိလာသည်။ လစ်ပီသည်လည်း သူ၏ လူစာရင်းကို ပြောင်းလဲမှုများ စတင်ပြုလုပ်လာပြီး အထူးသဖြင့် ခံစစ်ပိုင်းတွင် မတူညီသော တွဲဖက်မှုများကို စမ်းသပ်လာသည်။
ရလဒ်အနေဖြင့် သူသည် အချက်အလက် အသစ် တချို့ကို သိခွင့် ရခဲ့သည်။
ကျန်းလင်ဖန်နှင့် ကျန်းကွမ်းထိုက်တို့က အသင့်တော်ဆုံး အတွဲအဖက် ဖြစ်ပြီး ကျူးချန်ကျိမှာမူ အတွေ့အကြုံ ပိုမို လိုအပ်နေသေးသည်။
နိုင်ငံခြားကို သွားကစားရုံနှင့် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ် ဆိုသည့် အတွေးအခေါ်က အမြဲတမ်း မမှန်နိုင်ချေ။ ဗဟိုနောက်ခံလူ ဆိုသည်မှာ ကွင်းထဲတွင် အတွေ့အကြုံ အလိုအပ်ဆုံး နေရာဖြစ်ပြီး အမှားအယွင်း လုံးဝ အဖြစ်ခံ၍ မရသော နေရာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကမ္ဘာ့ဖလား၊ ယူ-၂၃ အာရှဖလား၊ တိုကျို အိုလံပစ် အစရှိသည့် ပြိုင်ပွဲများ မတိုင်မီ အချိန်ရသေးသဖြင့် ကျူးချန်ကျိထံတွင် သူ့ကိုယ်သူ တိုးတက်အောင် လုပ်ရန် အခွင့်အရေး များစွာ ရှိနေဦးမည် ဖြစ်သည်။
ခင်ဗျားတို့ သတိထားမိကြလား။
လစ်ပီ၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ “ငါတို့ ချူကို ကွင်းလယ်တိုက်စစ် နေရာမှာ ထားလိုက်တော့ ငါတို့ရဲ့ ဗဟိုတိုက်စစ်မှူး နေရာက အသက်မဝင်တော့ဘူး...”
တရုတ်တိုက်စစ်မှူး ယန်ရွှီက ကိုယ်ကာယ သန်မာသော ခံစစ်အသင်းများနှင့် ရင်ဆိုင်ရချိန်တွင် ဂိုးသွင်းနိုင်ရန် ရုန်းကန်ရလေ့ရှိသည်။
ဝူလေက တောင်ပံတိုက်စစ် ကစားသမား ဆန်သော တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး သူ၏ စွမ်းရည် အပြည့်အဝ ထုတ်ဖော်နိုင်ရန် ခံစစ်ကစားသမားများကို သူ့ထံမှ ဆွဲထုတ်ပေးမည့် ဗဟိုတိုက်စစ်မှူး တစ်ဦး ရှိနေရန် လိုအပ်သည်။
ကျန်းယွီနင်က ကိုယ်ကာယ သန်မာသော်လည်း သူ၏ အမြန်နှုန်းက အရမ်း နှေးကွေးလွန်းသည်။
အယ်လ်ခီဆန်က တိုက်စစ်မှူး နေရာတွင် ကစားနိုင်သော်လည်း သူ၏ ကစားဟန်က မတည်ငြိမ်လှပေ။
“လိုအပ်တဲ့ နေရာကိုပဲ ရွှေ့ထားပြီး ပြိုင်ဘက်ရဲ့ အခြေအနေအပေါ် မူတည်ပြီး ပြုပြင် ပြောင်းလဲရမှာပဲ...” လစ်ပီက သက်ပြင်းချလိုက်သည်။
တရုတ်စူပါလိဂ်ရှိ တိုက်စစ်မှူးများ အားလုံးမှာ နိုင်ငံခြားသား ကစားသမားများသာ ဖြစ်ခဲ့ကြသဖြင့် တရုတ် လူငယ်ကြယ်ပွင့်များက တိုက်စစ်မှူးနေရာတွင် သိပ်မကစားကြချေ။ ထို့ကြောင့် တရုတ်လက်ရွေးစင် အသင်းဝယ် တိုက်စစ်နေရာ အတွက် အားကိုးရသော တိုက်စစ်မှူး ရှားပါးနေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဖိလစ်ပိုင်တို့ တရုတ်ကို ၁-၃ ဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ချူဖုန်းကို လူစားလဲပြီးနောက် တရုတ်အမျိုးသား ဘောလုံးအသင်းက သိသိသာသာကို ကမောက်ကမ ဖြစ်သွားပြီး ဖိလစ်ပိုင်ကို ချေပဂိုး တစ်ဂိုး ပြန်ပေးလိုက်ရသည်။ သို့သော် ယင်းပြဿနာ အတွက် အဖြေ ဟူ၍ ရှိဦးမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိ အမျိုးသား ဘောလုံးအသင်း၏ နည်းဗျူဟာများ၊ စနစ်၊ ဖွဲ့စည်းပုံ စသည်တို့ အားလုံးက ချူဖုန်းကို ဗဟိုပြု၍သာ လည်ပတ်နေပြီး သူ မပါလျှ၍် အလုပ် မဖြစ်နိုင်သောကြောင့်ပင်။
......
အာရှဖလား ခြေစစ်ပွဲ နှစ်ပွဲ ကစားပြီးနောက် ချူဖုန်း တစ်ယောက် မန်ချက်စတာသို့ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။
လမ်းတွင် သူက တရုတ်ဘောလုံး Appကို စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။
ပွဲအပြီး အင်တာဗျူးတွင် လစ်ပီက ဤသို့ ပြောကြားခဲ့သည်။ “အာရှက ဘယ်အသင်းမှ တရုတ်ကို နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ကျွန်တော်တို့က ဘယ်ပြိုင်ဘက်ကိုမှ မကြောက်ပါဘူး”
၂၀၁၈ ရုရှား ဖီဖာ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲများကို ပြန်ကြည့်မည် ဆိုပါက တရုတ် ပရိသတ်များ၏ အိပ်မက်များက အလွတ်တည်ကန်ဘော တစ်ချက်တည်းဖြင့် ရိုက်ချိုးခံခဲ့ရဖူးသည်။ ယခု သူတို့၏ မျှော်လင့်ချက်မှာ ကာတာ ကမ္ဘာ့ဖလားကို မလွဲချော်ရန်သာ ဖြစ်သည်။
အာရှဇုန် ခြေစစ်ပွဲ၏ ပဉ္စမအကျော့ ပွဲစဉ်အတွက် အကြိုသုံးသပ်ချက် ... ၁၉၉၆ ခုနှစ်မှ စ၍ တရုတ် လက်ရွးစင်အသင်းက ဆီးရီးယားအသင်းကို မည်သည့် တရားဝင် နိုင်ငံတကာ ပြိုင်ပွဲတွင်မှ အနိုင်မရခဲ့ဖူးပေ။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကောင်းဟုန်ပေါ်နှင့် လစ်ပီတို့က ဆီးရီးယားကို ရင်ဆိုင်ရန် သူတို့၏ အသင်းများကို ဦးဆောင်ခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်လက်ရွးစင်အသင်းက သရေတစ်ပွဲ၊ အရှုံးတစ်ပွဲ ရရှိခဲ့သည်။
《...》
တရုတ်အသင်း နှင့် ဖိလစ်ပိုင်အသင်းတို့၏ ပွဲစဉ် သတင်းအောက်တွင် မှတ်ချက်များနှင့် ပြန်လည် မျှဝေမှု အရေအတွက်များက သိသိသာသာ မြင့်တက်လာနေသည်။
【တရုတ် အမျိုးသား ဘောလုံးအသင်းက သိပ်တိုးတက်လာပုံ မရပါဘူး...】
【အင်း... တကယ်တော့ တိုးတက်မှုက အတော်လေး သိသာပါတယ်။ ပင်ပန်းနွမ်းနယ်တဲ့ ပြဿနာတွေ၊ ၁၀ မီတာလောက် အကွာကနေ ဘောလုံးပေးတာ လွဲတဲ့ ပြဿနာတွေတော့ ပျောက်သွားပါပြီ...】
【သောက်ကျိုးနည်း... အရင်က ကစားသမား ရွေးချယ်မှု လုပ်ငန်းစဉ်မှာ ပြဿနာတွေ ရှိတယ်ဆိုတာ ငါ သိပြီးသားပါ။ အခြေခံတောင် ကောင်းကောင်း မပိုင်နိုင်တဲ့ သူတွေက ဘယ်လိုလုပ် လက်ရွးစင်အသင်းမှာ ပါလာရတာလဲ】
【အနည်းဆုံးတော့ အရင်က အမျိုးသား ဘောလုံးအသင်းနဲ့ ယှဉ်ရင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ မျှော်လင့်ချက်ကို ငါ မြင်ရပြီ】
【ရှောင်ချူက သန်မာနေဆဲပဲ။ အဲဒီ ပထမဆုံး ခေါင်းတိုက်ဂိုးကို ကြည့်လိုက်စမ်း... ခံစစ်သမားတွေ လုံးဝ ကြောင်အမ်းသွားတာပဲ】
【ဆီးရီးယားနဲ့ ကစားရမယ့် ဒီတိုက်ပွဲကြမ်းကြီးကို စောင့်ကြည့်ကြတာပေါ့】
【ငါတို့သာ ဆီးရီးယားကို နိုင်ရင် ခြေစစ်ပွဲအောင်ဖို့ အခြေခံအားဖြင့် သေချာသွားပြီ။ နောက်ဆုံး ၁၂ သင်း အဆင့်မှာ ဂျပန်၊ တောင်ကိုရီးယား၊ အီရန်၊ ဩစတြေးလျ လို အသင်းကြီး သုံးသင်းလောက်နဲ့ ငါတို့ အနည်းဆုံး တစ်အုပ်စုတည်း ကျနိုင်တယ်။ ဒါပေမယ့် တတိယနေရာကနေ ခြေစစ်ပွဲ ကစားရမယ့် နေရာကို ရဖို့တော့ ပြဿနာ မရှိနိုင်ဘူးလို့ ငါထင်တယ်】
【ဆက်ကြိုးစားကြ】
【.......】
ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ချူဖုန်း ရောက်ရှိသွားချိန်တွင် ဈေးဝယ်ထွက်လာသော ဟားဗက်ဇ်နှင့် အမှတ်မထင် ဆုံတွေ့လိုက်သည်။
“ကိုင်… မင်း ပြီးခဲ့တဲ့ နှစ်ပွဲမှာ ကစားတာ ဘယ်လိုနေလဲ...”
ချူဖုန်းက နှုတ်ဆက်လိုက်သည်။
“မပြောပါနဲ့တော့ကွာ... ငါတို့ ခြေစမ်းပွဲမှာ အာဂျင်တီးနားနဲ့ သရေကျသွားတယ်...” ဟားဗက်ဇ်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
“သရေတစ်ပွဲလောက်နဲ့ မလုံလောက်ဘူးလား...”
ချူဖုန်းက ဟားဗက်ဇ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဂျာမနီက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲတောင် မအောင်ခဲ့ဘူးလေ။ ဒါပေမယ့် အာဂျင်တီးနားက ၁၆ သင်း အဆင့်အထိ ရောက်ခဲ့တယ်ကွ”
“ဟွန့်... ငါတို့က နည်းဗျူဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတယ်။ ဒီကမ္ဘာ့ဖလားမှာ ငါတို့ သေချာပေါက် အခွင့်အရေး ရမှာပါ။ အဲဒီအချိန်ကျရင် မင်းနဲ့ တွေ့ခဲ့ရင် ငါ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးနော်”
ဟားဗက်ဇ်က မြည်းကလေး တစ်ကောင်လို ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ကောင်းပါပြီ... မင်း ပျော်ရင် ပြီးတာပါပဲ...”
ကာတာ ကမ္ဘာ့ဖလားတွင် ဂျာမနီ၏ စွမ်းဆောင်ရည်က သာမန်လောက်သာ ရှိသည်ကို ချူဖုန်း မှတ်မိနေသည်။
သူတို့က ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်တွင် ပြုတ်ခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့်တွင်လည်း ပြုတ်ခဲ့သည်။
ထိုအကြောင်းကို တွေးမိရင်း ချူဖုန်းက ဟားဗက်ဇ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ ယခင်ကထက် အနည်းငယ် ပိုမို သန်မာလာသော်လည်း ပိန်လှီနေဆဲပင်။
နိုင်ငံတကာ ပွဲစဉ်ရက်များ ပြီးဆုံးပြီးနောက်...
ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ဒဏ်ရာပြဿနာများဖြင့် နှိပ်စက်ခံနေရပြီး အချို့အသင်းများ ဆိုလျှင် အဓိက ကစားသမား တစ်ဝက်ခန့်ပင် ဒဏ်ရာရနေကြသည်။
ဒဏ်ရာ၏ နှိပ်စက်မှုကို ခံယူရသော အသင်းများထဲတွင် မန်ချက်စတာယူနိုက်တက်လည်း ပါဝင်၏။ ကန်တေက အရွတ်ဒဏ်ရာ ရသွားပြီး မက်ဂွိုင်းယားက ကျောဘက် ကြွက်သား ဒဏ်ရာ ရထားသည်။
ထို့ကြောင့် မော်ရင်ညို တစ်ယောက် အကြီးအကျယ် ဒုက္ခရောက်နေသည်။
ဒီပုံသံနဲ့ နောက်ငါးရက်အကြာမှာ ကစားမယ့် အင်္ဂလန်ဒါဘီပွဲကို ဘယ်လိုများ သွားကစားရပါ့မလဲ။
သိပ်မကြာမီမှာပင် သတင်းကောင်း ရောက်ရှိလာသည်။ ဆာလာက ကြွက်သား ပင်ပန်းနွမ်းနယ်မှု ခံစားနေရပြီး မာနေးက ညာဘက် ခြေသလုံးရိုး ဒဏ်ရာ ရထားကာ ဟန်ဒါဆန်သည် ခြေကျင်းဝတ် လည်သွားခဲ့သည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန်ဒါဘီ ပွဲစဉ် အဖြစ် လီဗာပူးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် ဧည့်ခံ ကစားခဲ့သည်။ နှစ်ဖက်အသင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ၁-၁ ဖြင့် သရေကျသွားခဲ့သည်။
ထိုပွဲတွင်...
ပထမပိုင်း ပွဲချိန် ၃၇ မိနစ်တွင် ချူဖုန်းက ဗန်ဒိုက်ကို လှည့်စား ကျော်ဖြတ်ပြီးနောက် ပင်နယ်တီ ဧရိယာ အစွန်းမှ နေ၍ အပြင်း ကန်သွင်းကာ သရဲနီများ အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ အလီဆန်က ဘောလုံးကို ထိလိုက်သော်လည်း ထိုကန်ချက်ကို မတားဆီးနိုင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် ဒုတိယပိုင်း ၇၈ မိနစ်တွင်...
အာနိုးလ်က တောင်ပံရှိ ဆန်ဒရိုကို ကျော်ဖြတ်သွားပြီး အဝေးတိုင်ရှိ အိုရီဂီဆီသို့ ဘောလုံးကို ပင့်တင်ပေးလိုက်သည်။ ဘယ်လ်ဂျီယံ တိုက်စစ် ကစားသမားက အနီးကပ် ကန်သွင်းကာ ချေပဂိုး သွင်းယူသွားခဲ့သည်။
အနှီ ရလဒ်က တတိယနေရာတွင် ရပ်တည်နေသော မန်ချက်စတာစီးတီးကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။ သူတို့က ယခုအပတ်တွင် ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဖြင့် အလွယ်တကူ အနိုင်ရရှိခဲ့ပေသည်။
ဤသို့ဖြင့် ချန်ပီယံလုဘက် အသင်းသုံးသင်းစလုံး တန်းတူ အခြေအနေသို့ ပြန်ရောက်သွားကြပြီ။
***