အောက်တိုဘာလ ၂၅ ရက်…
ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်က ဂျန့်ခ်အသင်းကို အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။
ဘယ်လ်ဂျီယံ စူပါလိဂ်မှ ထိပ်သီးအသင်း ဖြစ်သော ဂျန့်ခ်အသင်းနှင့် ရင်ဆိုင်ရချိန်တွင် ပုံစံကောင်း ပြန်လည် ရရှိနေပြီဖြစ်သော မန်ချက်စတာယူနိုက်တက်က လုံးဝ သနားညှာတာမှု မပြခဲ့ပေ။
ပွဲချိန် ၁၇ မိနစ်တွင် ဂရီးလစ်ရှ်က ပင်နယ်တီ ဧရိယာအတွင်း ပင်နယ်တီ အခွင့်အရေး ရရှိခဲ့ပြီး ချူဖုန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။
မန်ချက်စတာယူနိုက်တက် ၁ - ၀ ဂျန့်ခ်
ထို့နောက် မန်ချက်စတာယူနိုက်တက်က အလယ်ဗဟိုမှတစ်ဆင့် မကြာခဏ ထိုးဖောက်လာသည်။ ပထမပိုင်း ပြီးခါနီးတွင် ချူဖုန်းက နောက်ထပ် ပင်နယ်တီ တစ်လုံး ထပ်မံ ရရှိခဲ့သည်။
ဘယ်ဘက်သို့ ကန်လိုက်သော သူ၏ ကန်ချက် ကာကွယ်ခံလိုက်ရသော်လည်း ကံကောင်း ထောက်မစွာဖြင့် သူက အချိန်မီ ပြေးဝင်ကာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့သည်။
နောက်ဆုံးတွင်...
မန်ချက်စတာယူနိုက်တက်က ဂျန့်ခ်ကို ၃-၀ ဖြင့် အနိုင်ရရှိသွားပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၃ ပွဲ ကစား ၃ ပွဲနိုင် ဟူသော ပြီးပြည့်စုံသော မှတ်တမ်းကို ရယူကာ အုပ်စုတွင်း၌ ပထမနေရာတွင် ရပ်တည်နေသည်။
အောက်တိုဘာလ ၂၈ ရက်။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ တွင် နောဝစ်ချ်စီးတီးနှင့် မန်ချက်စတာ ယူနိုက်တက်တို့ ရင်ဆိုင် ကစားရသည်။
ပွဲချိန် ၂၁ မိနစ်…
မာရက်ဇ် ညာဘက်မှ ဖြတ်တင်ပေးလိုက်ရာ နောဝစ်ချ် နောက်ခံလူ ရှင်းထုတ်ပုံ အမှားအယွင်းကြောင့် ပင်နယ်တီအမှတ် အနီးရှိ စကော့ မက်တော်မီနေးက ပြေးဝင် ပိတ်သွင်းကာ မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးလိုက်သည်။
နောက်ထပ် ၈ မိနစ် အကြာမှာတွင်
ကန်တေက နောက်တန်းတွင် ဘောလုံးကို ကြားဖြတ် လုယူပြီးနောက် အပေါ်မှ ကျော်ချသည့် အဝေး ပေးပို့မှု တစ်ခု ပြုလုပ်လိုက်ရာ ချူဖုန်းအတွက် တစ်ဦးချင်း အခွင့်အရေး ရရှိသွားခဲ့သည်။ သူက ဂိုးသမားကို လိမ်ခေါက်ဖြတ်ကျော်ပြီး လွတ်နေသော ဂိုးပေါက်အတွင်းသို့ ဘောလုံးကို အသာအယာ တွန်းသွင်းလိုက်သည်။
နောက်ဆုံးတွင် မန်ချက်စတာယူနိုက်တက်က အဝေးကွင်းတွင် ၃-၀ ဖြင့် အနိုင်ရရှိသွားပြီး ကာရိုးရုဒ် အားကစားကွင်းမှ သုံးမှတ် အပြည့် ရယူသွားနိုင်ခဲ့သည်။
အောက်တိုဘာလ ၃၁ ရက်၊ လိဂ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်…
စတမ်းဖို့ဒ် ဘရစ်ချ် အားကစားကွင်း။
ချယ်လ်ဆီးနှင့် မန်ချက်စတာ ယူနိုက်တက်တို့ ယခုရာသီအတွက် တတိယအကြိမ်မြောက် တွေ့ဆုံကြမည် ဖြစ်သည်။
ပြီးခဲ့သော ပွဲစဉ် နှစ်ပွဲစလုံးတွင် ချယ်လ်ဆီးတို့က မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ထားခဲ့သည်။
ဤသည်က လမ်းပတ်ကို အတော်လေး ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူက မော်ရင်ညို ယခင်က လုပ်ခဲ့သလိုမျိုးပဲ ကွင်းထဲတွင် ဘတ်စ်ကား တစ်စီး သွားရပ်ထားလိုက်သည်။
သို့သော် အနှီ နည်းဗျူဟာက မန်ချက်စတာယူနိုက်တက် အပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။
မန်ချက်စတာယူနိုက်တက်၏ ရှေ့တန်း၌ ချူဖုန်း ရှိနေသည်။ ချူဖုန်းကြောင့် သူတို့၏ တိုက်ပွဲဝင် စိတ်ဓာတ်က အမြင့်ဆုံးသို့ ရောက်ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ပထမပိုင်းတွင် ချူဖုန်း၏ ဘာတစ္စတူတာ စတိုင်လ် အဝေးကန်ချက်က ကာဘယ်ရယ်ရို၏ ဂိုးပေါက်ကို ဖောက်ထွက်သွားခဲ့သည်။ ထို့နောက် အပြာရောင်အသင်း၏ ဘတ်စ်ကားကြီးက သူ့အလိုလို ပြိုကျသွားတော့သည်။
လမ်းပတ် တစ်ယောက် ကွင်းဘေးတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရသည်။ ယခုနှစ် ရာသီ ချယ်လ်ဆီး၏ စွမ်းဆောင်ရည်က ဆိုးရွားလွန်းပြီး ပရီးမီးယားလိဂ်ဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလား စသည့် ဖလားများကို မမျှော်မှန်းရဲသလို လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရန် အတွက်ပင် မျက်ခုံး လှုပ်နေရလေသည်။ ယင်းကြောင့် လမ်းပတ်က လိဂ်ဖလားနှင့် အက်ဖ်အေ ဖလားတို့လို ပြိုင်ပွဲများ၌ ဗိုလ်စွဲရန် ရည်မှန်းခဲ့သော်ငြား ယခုတော့ မန်ချက်စတာ ယူနိုက်တက်နှင့် စောစောစီးစီး တွေ့ခဲ့ရလေသည်။
ကွာတားဖိုင်နယ် မတိုင်ခင်လေးမှာ ငါ ပြုတ်ကျသွားရင် ငါ့ကို ရာထူးကနေ အတင်းအဓမ္မ နုတ်ထွက်ခိုင်းကြမလား။
ဒုတိယပိုင်းတွင်မူ လမ်းပတ်က ကစားကွက်ကို ပြောင်းလိုက်သည်။ သူက ချယ်လ်ဆီး တစ်သင်းလုံးကို ရှေ့သို့ တက်ခိုင်းပြီး ချေပဂိုး ပြန်သွင်းယူရန် ဖိအားပေးလေသည်။
သို့ရာတွင် ဂိုးထပ်ရသွားသူက မန်ချက်စတာ ယူနိုက်တက်ပင်…။ မန်ယူအသင်းက ချယ်လ်ဆီး၏ ရှေ့တက် ဖိအားပေးမှုများကြောင့် နောက်တန်းတွင် ဖြစ်ပေါ်လာသော နေရာလွတ်များကို အသုံးချသွားခဲ့၏။
ဒုတိယပိုင်း ၇၈ မိနစ်…
မန်ချက်စတာယူနိုက်တက်က တောင်ပံမှတစ်ဆင့် လျင်မြန်သော တန်ပြန်တိုက်စစ်တစ်ခု ဆင်နွှဲလာပြီး မာရက်ဇ်က ပင်နယ်တီ ဧရိယာ အနီးတိုင်ဆီ ဘောလုံးကို ဖြတ်တင်ပေးလိုက်သည်။ ထိုအခါ ချူဖုန်းက လျှောထိုး ကန်သွင်းချက်ဖြင့် နောက်တစ်ဂိုး ထပ်မံ သွင်းယူလိုက်သည်။
ပွဲ၏ အဖြေသည်ကား ထွက်သွားလေပြီ။
ချယ်လ်ဆီးတို့ သူတို့၏ အမှားကို ရုတ်တရက် သဘောပေါက်သွားပြီး ပြင်းထန် ကြမ်းတမ်းသော တိုက်စစ်များ ဆင်နွှဲလာသော်လည်း သူတို့၏ တိုက်စစ်ဆင်မှု အားလုံးက မော်ရင်ညို၏ ဘတ်စ်ကားကြီးဖြင့် ပိတ်ဆို့ခံလိုက်ရလေသည်။
………….
နိုဝင်ဘာလသို့ ရောက်ရှိလာချိန်တွင် မန်ချက်စတာမြို့၏ အပူချိန်က ကျဆင်းလာပြီး လေထုထဲတွင် ဆောင်းရာသီ၏ အအေးဓာတ်ကို ခံစားနေရပြီ ဖြစ်သည်။
“ဘယ်လိုနေလဲ... ငါ မင်းအတွက် ရွေးပေးထားတဲ့ လက်အိတ်တွေက နွေးရဲ့လား...”
ချူဖုန်းက ဆောင်းရာသီရောက်လျှင် မာရက်ဇ်၏ ခြေစွမ်းက စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်နေသော အက်ရှ်လေယန်း ကဲ့သို့ပင် စိတ်ကူးယဉ်ဆန်ဆန် အစွမ်းထက်လာတတ်သည်ဟု တွေးလိုက်မိသည်။
အတိုချုပ် ပြောရရင်တော့... သောက်ရမ်း သန်မာလာတာပါပဲ။
သို့သော်လည်း ယခုလအတွင်း မန်ချက်စတာယူနိုက်တက်အတွက် ခက်ခဲသော ပွဲစဉ်များ မရှိပေ။
ပရီးမီးယားလိဂ်တွင် ဘုန်းမောက်၊ ဘရိုက်တန် ၊ ရှက်ဖီးလ်ယူနိုက်တက်တို့နှင့် ကစားရမည် ဖြစ်သည်။ ချန်ပီယံလိဂ်တွင် အေဂျက်စ်နှင့် ရက်ဘူးလ် ဆဲလ်ဘက်တို့နှင့် ကစားရမည် ဖြစ်သည်။
မော်ရင်ညို၏ အဆိုအရ မန်ချက်စတာယူနိုက်တက်က ရမှတ် ၉ မှတ် ရရှိထားပြီးဖြစ်ရာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရန် အတွက် နိုင်ပွဲဆက် မှတ်တမ်းကို အတင်းအဓမ္မ လိုက်လံ ယူနေရန် မလိုအပ်တော့ပေ။
ထို့ကြောင့် အနှီ ချန်ပီယံလိဂ် ပွဲစဉ်နှစ်ပွဲတွင် ကစားသမားများကို သင့်လျော်သလို အလှည့်ကျ အသုံးပြုကာ သူတို့၏ ခြေစွမ်းကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားရန်သာ ဖြစ်သည်။
“ဒီနှစ် ဘလွန်းဒီအောဆုပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ဆန်ခါတင် ကစားသမား သုံးဆယ် စာရင်းကိုလည်း ထုတ်ပြန်လိုက်ပြီကွ။ မင်း ဘယ်အဆင့်လောက်မှာ ရှိနေမလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး...”
မာရက်ဇ်က ရယ်မောရင်း မေးလိုက်သည်။
“မင်း အရူးလား... ဘလွန်းဒီအောဆု ဆန်ခါတင် စာရင်းမှာ အဆင့်သတ်မှတ်ချက်မှ မပါတာ”
မာရက်ဇ် သူ့ကို လိမ်နေမှန်း ချူဖုန်း ချက်ချင်း သိလိုက်သည်။
“ငါတို့ အသင်းက ကစားသမား တချို့လည်း ရွေးချယ်ခံရတယ်ကွ... မင်းရယ်၊ ငါရယ်၊ ကန်တေ ရယ်၊ ဒီဂီယာရယ်...”
မာရက်ဇ်က သူ့လက်ခုံကို သူ သိသလိုမျိုး အားလုံးကို အလွတ်ရနေသည်။
ဒါတောင် အသင်းကနေ ထွက်သွားသော ပေါ့ဘာ မပါသေးပေ။
“ဟယ်ရီရော ပါသေးလား...”
ဟားဗက်ဇ်၏ လေသံက အနည်းငယ် လှောင်ပြောင်နေပုံရသည်။
“ဟွန့်... ငါက ဖလား ၇လုံးရ အသင်းကြီးရဲ့ ပွဲထွက် ဗဟိုနောက်ခံလူကွ။ ဘယ်လိုလုပ် ငါ မပါဘဲ နေမလဲ။ သူတို့ ဘလွန်းဒီအောဆု ဆက်မပေးချင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့”
မက်ဂွိုင်းယားက နှာခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။
“ပရီးမီးယားလိဂ်က ကစားသမား ၁၇ ယောက်တောင် စာရင်းထဲမှာ ပါတယ်ကွ... တခြား ထိပ်သီးလိဂ် လေးခုပေါင်းတာထက်တောင် များသေးတယ်။ ငါတို့ရဲ့ အိမ်နီးချင်း ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်း၊ စတာလင်းနဲ့ တခြားကစားသမားတွေလည်း စာရင်းထဲမှာ ပါတယ်...” မာရက်ဇ်က ဆက်လက် ရှင်းပြနေသည်။
ထိုစကားကို ကြားသောအခါ ချူဖုန်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ လက်ရှိအချိန်တွင် အင်္ဂလန် ပရီးမီးယားလိဂ်က ထိပ်သီးလိဂ်ငါးခု၏ ထိပ်ဆုံးတွင် ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်း သူ သဘောပေါက်လိုက်သည်။
“မက်ဆီနဲ့ ရော်နယ်ဒိုလည်း စာရင်းထဲမှာ ပါတာပဲ။ သူတို့ကော ဘယ်အဆင့်လောက် ရမလဲ မသိဘူး...”
မက်ဂွိုင်းယားက မေးပြီးသည်နှင့် သူ့ဘာသာ ပြန်ဖြေလိုက်သည်။ “ငါထင်တာတော့ မက်ဆီက ဒုတိယ၊ ရီယက်ဒ်က တတိယ ဖြစ်မယ်...”
“ငါက တတိယနေရာတော့ သေချာပေါက် ရမှာ မဟုတ်ဘူး... ရော်နယ်ဒိုက တတိယ ရသွားဖို့ များတယ်...” မာရက်ဇ်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းခါလိုက်သည်။
သူ့ကိုယ်သူ ယုံကြည်မှု မရှိလို့တော့ မဟုတ်ပါဘူး။
ဘလွန်းဒီအောဆုက အခုနောက်ပိုင်း ဩဇာလွှမ်းမိုးနိုင်မှုကို ပိုပိုပြီး အလေးထားလာလို့ပါ။ အမှတ်စာရင်း သက်သက်ကိုပဲ စဉ်းစားတာ မဟုတ်တော့ဘူးလေ။
မဟုတ်ရင် မန်ဒက်စ်က ချူဖုန်းကို လူသိများလာအောင် ဘာလို့ အဲဒီလောက် အားထုတ်နေမှာလဲ။
“ဘာပဲဖြစ်ဖြစ်... ပထမနေရာကတော့ သေချာနေပြီလေ” မက်ဂွိုင်းယားက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“ကဲပါ... အချိန်တန်ရင် သိရမှာပဲဟာကို... ကြိုခန့်မှန်းနေလည်း အဓိပ္ပာယ် မရှိပါဘူး...”
ချူဖုန်းက တင်ပါးကို ပုတ်ကာ မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ မာရီယာနှင့်အတူ မင်္ဂလာဝတ်စုံ သွားရွေးရန် ချိန်းထားသည်လေ။
ခရစ္စမတ်ကာလ ပြီးဆုံးမည့် ဒီဇင်ဘာလကုန်တွင် သူတို့စုံတွဲက မန်ချက်စတာ၌ စေ့စပ်ပွဲ အခမ်းအနား ကျင်းပရန် စီစဉ်ထားကြသည်။
***