ရီချင်း တိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်မှန်း သိလိုက်သည်။ သူမ၏ ဖြူဝင်းသော လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် သွယ်လျသော အမျိုးသမီးကိုင် ဓားတစ်ချောင်း လက်ထဲတွင် ပေါ်လာလေသည်။ သူမ ရှေ့သို့ ဆွဲထုတ်လိုက်ရာ ဓားချီ ထွက်ပေါ်လာ၏။
"ဟမ့်..."
ဝင်လာသော ဓားကို ရင်ဆိုင်ရသော်လည်း ကျန်းရွယ် ထပ်မံ မဲ့ပြုံး ပြုံးလိုက်၏။ သူ့ လက်ကို ဖြန့်ကားပြီး လက်ချောင်းငါးချောင်းကို ကြိုးတစ်ချောင်းပေါ်တွင် တီးခတ်သကဲ့သို့ လှုပ်ရှားလိုက်ရာ လေထဲတွင် အဖြူရောင် မျဉ်းကြောင်းများ ပေါ်လာလေသည်။
အဖြူရောင် မျဉ်းကြောင်း တစ်ခုစီတိုင်းက လက်ချောင်းကဲ့သို့ ထူထဲပြီး သိပ်သည်းကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်းတို့က ရီချင်း ဓားရှည်အပြင် တိုးဝင်လာသော အရှိန်အဝါ အားလုံးကို လုံးဝ ပိတ်ဆို့လိုက်၏။
"ကွဲထွက်..."
တိုက်ပွဲ စတင်သည်နှင့် ရီချင်း၏ အခြေအနေမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေသည်။ သူမ၏ စိတ်ဝိညာဉ်ကား အလွန်အမင်း စုစည်းနေပြီး မျက်ခုံးများ မြင့်တက်လာကာ လှပသော မျက်လုံးများမှ ပြတ်သားသော ဆုံးဖြတ်ချက် ထွက်ပေါ်လာ၏။ သူမ နောက်ဆုတ်လိုက်ပြီး နူးညံ့သော ခန္ဓာကိုယ်က လေထဲရှိ မိုးမခပင်ကဲ့သို့ ယိမ်းယိုင်သွားကာ သူမ၏ ဓားထိပ်က အဖြူရောင် မျဉ်းကြောင်းများ၏ ကွန်ယက်ကို ထွင်းဖောက်သွားပြီး ကျန်းရွယ်၏ လည်ချောင်းကို တည့်တည့် ထိုးစိုက်သွား၏။
"မဆိုးဘူး... ဒါပေမဲ့... ငါ့အပေါ်မှာ အသုံးမဝင်ဘူး..."
ကျန်းရွယ် သူ့ လက်ချောင်းကို ရှေ့သို့ လှုပ်ရှားလိုက်ရာ သူ့ ယွမ်ရှန်း နောက်ဆုံးအဆင့် ခွန်အားက ထူထဲသော ဖန်းလီအဆင့် ဓားထိပ်နှင့် ထိခတ်သွား၏။ ရီချင်း ဓားမှ ပြင်းထန်သော တိုက်ခိုက်မှု အင်အား တစ်ခုကို ခံစားလိုက်ရပြီး ရင်ထဲ တင်းကျပ်သွားကာ ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ယိုင်နဲ့သွားပြီး သူမ၏ မျက်နှာ နီရဲလာ၏။
သူမက ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း သူမ၏ အင်အားမှာ အလွန် အားနည်းနေသေး၏။ သူမနှင့် ကျန်းရွယ်ကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေပေသည်။
"ငါနဲ့ လိုက်ခဲ့... ငါ မင်းကို သေချာ စစ်ဆေးမယ်..." မိန်းကလေးကို နောက်ပြန် တွန်းထုတ်ပြီးနောက် ကျန်းရွယ် ကြောက်မက်ဖွယ် ပြုံးရယ်လိုက်၏။ သူ့ လက်များကို ဖြန့်ကားလိုက်ရာ ဖန်ဆင်းခြင်းချီများစွာတို့က ရီချင်းကို ကြိုးများကဲ့သို့ ဝန်းရံသွားကြသည်။
ဝှစ်
သူမ ပြိုင်ဘက်၏ ချီဖြင့် ဝန်းရံခံရသည်နှင့် ထွက်ပြေးရန် ခက်ခဲမည်ကို သိသဖြင့် ရီချင်း၏ ခြေထောက်များ လှုပ်ရှားသွားပြီး ပန်းများကြားတွင် ပျံဝဲနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ ဘေးသို့ ရှောင်တိမ်းလိုက်၏။
"လိပ်ပြာဝိညာဉ် ခြေလှမ်းက တကယ် ကောင်းတယ်... ဒါပေမဲ့ မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြတာပေါ့..." ကျန်းရွယ် အားရပါးရ ရယ်မောလိုက်ပြီး ထပ်မံ ရှေ့သို့ တိုးလာ၏။ သူ ရှေ့သို့ လှမ်းလိုက်တိုင်း မြေကြီး အနည်းငယ် တုန်ခါသွားပြီး ရီချင်း၏ လှုပ်ရှားမှု ဧရိယာ ပိုမို သေးငယ်လာကာ သူမ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများကလည်း သူ့ မရပ်မနား ဖိအားကြောင့် ချုပ်တည်းခံနေရသကဲ့သို့ ဖြစ်နေပေသည်။
"သခင်လေးနိုင်းယွမ်... ကျေးဇူးပြုပြီး သခင်မလေးကို ကယ်တင်ပါ... ကျွန်တော် အရင်က အသိဉာဏ်မဲ့ပြီး ခင်ဗျားကို စော်ကားခဲ့ပါတယ်... ဒါပေမဲ့ သခင်မလေးက အပြစ်ကင်းစင်ပါတယ်... သူက ကြင်နာပြီး သူ့လက်အောက်ငယ်သားတွေကို ကောင်းကောင်း ဆက်ဆံပါတယ်... ခင်ဗျား သူ့ကို ကယ်တင်ရင်... ခင်ဗျား တောင်းဆိုတာ ဘာမဆို ကျွန်တော် လုပ်ပေးပါ့မယ်..."
ရီချင်း တဖြည်းဖြည်း ရှုံးနိမ့်လာပြီး မကြာမီမှာပင် ကျန်းရွယ်၏ ဖမ်းဆီးခြင်းကို ခံရတော့မည်ကို မြင်သောအခါ ဒဏ်ရာရနေသည့် ပိန်လှီသော လူငယ်လေး တွားသွားကာ နိုင်းယွမ်ရှေ့သို့ ရောက်ရှိလာပြီး သူ့ မျက်နှာတွင် တောင်းပန်မှုများ ပြည့်နှက်နေလေသည်။
ရီမိသားစုနှင့် ကျန်းမိသားစုတို့မှာ ရန်သူများ ဖြစ်ကြ၏။ ရီချင်းသာ ကျန်းရွယ်၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့် သေချာပေါက် ဒုက္ခတွေ့သွားနိုင်သည်။
"ဟမ်..."
ပိန်လှီသော လူငယ်လေး ထိုမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော်လည်း သခင်မလေးကို စဉ်းစားနေသေးသည်ကို မြင်သော် နိုင်းယွမ် သက်ပြင်းချမိလိုက်၏။
ထိုလူငယ်လေးက တစ်ခါတစ်ရံ ရက်စက်သော်လည်း ရီချင်းအပေါ်တွင် စိတ်နှလုံး အကြွင်းမဲ့ မြှုပ်နှံထားပြီး မကောင်းသော ရည်ရွယ်ချက် နည်းနည်းမျှ မရှိချေ။ သူက မစဉ်းစားဘဲ လှုပ်ရှားတတ်သော မဆင်မခြင် လူတစ်ယောက်သာ ဖြစ်၏။
"အင်း... အမှားနဲ့ အမှန်... ဝင်မပါချင်ပေမယ့်... တွန်းအားပေးနေတာပဲ..."
နိုင်းယွမ် သက်ပြင်းချလိုက်ပြီး ရှေ့သို့ ကြည့်လိုက်၏။
ထိုအချိန်တွင် ရီချင်းမှာ ကျန်းရွယ်၏ ဖိအားအောက်တွင် နောက်ဆုတ်စရာ မရှိတော့ချေ။ သူမ လှမ်းလိုက်တိုင်း အတော် အားစိုက်ထုတ်နေရပြီး ချွေးများဖြင့် စိုရွှဲနေကာ မည်သည့်အချိန်တွင်မဆို ပြိုလဲကျသွားတော့မလို ဖြစ်နေပေသည်။
"ဒါပဲလား... ငါ တကယ်ပဲ အဖမ်းခံရတော့မှာလား..."
စွမ်းအားမဲ့မှု ခံစားချက် တစ်ခု သူမ၏ ရင်ထဲတွင် ပေါ်ပေါက်လာ၏။ ရီချင်း သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး တောက်ပသော မျက်လုံးများ တစ်ခဏမျှ မှေးမှိန်သွားလေသည်။ "ငါသာ တကယ်ပဲ သူတို့ဖမ်းတာကို ခံရတော့မယ်ဆိုရင်... ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကမှ ပိုကောင်းဦးမယ်..."
"ကိုယ့်ကိုယ်ကိုယ် သတ်သေစရာ မလိုဘူး... စိတ်ကို စုစည်းပြီး မင်းရဲ့ ဓားကို ကျန်းရွယ်ရဲ့ ပခုံးမျက်လုံး နေရာ... မင်းရဲ့ အပေါ်ဘယ်ဘက်ကို ထိုးစိုက်လိုက်..."
သူမ စိတ်ပိုင်းဖြတ်လိုက်စဉ်မှာပင် ပျင်းရိပျင်းတွဲ အသံ တစ်သံ သူမ၏ နားထဲသို့ ဝင်ရောက်လာ၏။ လေသံအရ ယင်းမှာ ဘေးတွင် ရပ်ကာ လက်ပိုက်ကြည့်နေသော လူငယ်လေးပင်။
ထိုအချိန်တွင် လူငယ်လေးက မြက်ခြောက် တစ်ပင်ကို ဝါးနေဆဲ ဖြစ်ပြီး လေးနက်မှု မရှိပုံ ပေါက်နေ၏။ ခုနက အသံမှာ သူ နည်းလမ်း တစ်ခုခုကို အသုံးပြု၍ ပို့လွှတ်လိုက်ခြင်းပင်။
"ရှင်... ရှင် ကျွန်မ ဘာတွေးနေလဲဆိုတာ ဘယ်လိုလုပ် သိတာလဲ..."
ရီချင်း လန့်သွားမိ၏။ ထိုလူငယ်လေးက အခြားသူများ၏ အတွေးများကို ဖတ်နိုင်သော စိတ်ဖတ်သူ တစ်ယောက်များ ဖြစ်နေပါသည်လား။
"မင်း မသေချင်ရင်... မြန်မြန် လှုပ်ရှား... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ဒီလောက် ပြောနေရတာလဲ..." နိုင်းယွမ် စိတ်အနှောင့်အယှက် ဖြစ်ပြီး ရယ်ချင်စိတ် ပေါက်သွားမိသည်။ ထိုကဲ့သို့ အန္တရာယ်များသော အခြေအနေတွင် ထိုမိန်းကလေးက ထိုအကြောင်းကို စဉ်းစားနေသေး၏။
သူ မည်သို့များ စိတ်ဖတ်ကျင့်စဥ် တစ်ခုခုကို သိနိုင်မည်နည်း။ သူမ၏ မျက်လုံးများတွင် သေလိုစိတ် အရိပ်အယောင်တစ်ခု ခုနက လက်ခနဲ ဖြစ်သွားပေသည်။ အကယ်၍ သူ ထိုအရာကိုပင် မမြင်နိုင်ပါက သူ့ ကောင်းကင်မျက်လုံး ပါရမီလည်း အလကား ဖြစ်နေမည် ဖြစ်၏။
"ရှင်..."
ရီချင်းမှာ အမြဲတမ်း မင်းသမီးလေး တစ်ပါးကဲ့သို့ နေခြင်း ဖြစ်ပြီး ထိုကဲ့သို့ တစ်ခါမှ ပြောဆိုခြင်း မခံခဲ့ရဖူးချေ။ သူမ၏ မျက်လုံးများ နီရဲသွားမိသည်။ တစ်ဖက်လူက သူမကို ကယ်တင်ရန် ကြိုးစားနေကြောင်း သိသော်လည်း သူမ ရင်ထဲ မခံချိမခံသာ ဖြစ်သွားရသည်။ သို့တိုင် ချက်ချင်းပင် သူမ ဓားရှည်ကို မြှောက်ပြီး ဒေါသ အားလုံးကို ကျန်းရွယ်ဘက်သို့ ထုတ်လွှတ်လိုက်၏။
မျောလွင့်ကုန်းမြေတိုက်ကြီးတွင် "ပခုံးသည် မျက်လုံး၊ လက်မောင်းသည် ခန္ဓာကိုယ်" ဟူသော စကားပုံ တစ်ခု ရှိ၏။ တိုက်ခိုက်သည့်အခါ လက်မောင်း တစ်ဖက် တစ်စုံတစ်ရာ လမ်းကြောင်းသို့ လှုပ်ရှားသည်နှင့် ပခုံးအဆစ်က ထိုလမ်းကြောင်းသို့ ချီကို အသုံးပြုလိမ့်မည် ဖြစ်၏။ မျက်စိကောင်းသူ တစ်ယောက်က ပြိုင်ဘက်၏ ရည်ရွယ်ချက်ကို နားလည်ပြီး ရန်သူကို ကြိုတင် ခန့်မှန်းရန် အဆစ်ကိုသာ အာရုံစိုက်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ပခုံးမျက်လုံးဟု ခေါ်တွင်သည်မှာ လူ့ခန္ဓာကိုယ်၏ ပခုံးအဆစ်ပင်။
ကျန်းရွယ်၏ လက်ရှိ လှုပ်ရှားမှုများတွင် ထိုနေရာတွင် အားနည်းချက် တစ်ခု ရှိ၏။ ရီချင်း၏ တိုက်ရိုက် ထိုးစိုက်မှုကြောင့် သူ့မျက်နှာထား ချက်ခြင်း ပြောင်းလဲသွားပေသည်။
ကျန်းရွယ် အံ့အားသင့်သွားကာ နောက်ဆုတ်လိုက်၏။
သူမ ခုနက ခုခံနေရသော်လည်း လူငယ်လေး၏ ညွှန်ကြားချက်ကို လိုက်နာပြီး ထိုးစိုက်မှု တစ်ချက်တည်းဖြင့် အသာစီး ရသွားသည်ကို မြင်သောအခါ ရီချင်း၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် လက်ခနဲ ဖြစ်သွား၏။ သူမ လူငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လက်မောင်းကို ညင်သာစွာ မြှောက်ကာ မိုးရွာချသကဲ့သို့ ဆက်တိုက် တိုက်ခိုက်လိုက်သည်။
"ထျန်းထူ... ရွှမ်ကျီ... ဟွားကိုင်... ကျိကုန်း... ယွီထန်..."
လူငယ်လေး၏ အသံက သူမ၏ နားမှ ဆက်လက် ထွက်ပေါ်လာသည်။ ဖန်ဆင်းခြင်းအဆင့်သို့ ကျင့်ကြံနိုင်သူ တစ်ယောက် အနေဖြင့် သူမက သွေးကြောများကို အလွန် ကောင်းစွာ နားလည်ပေသည်။ ချက်ချင်းပင် သူမ စိတ်ကို စုစည်းကာ ပေါ့ဆမှု မပြုရဲဘဲ သူ ပေးသော လမ်းညွှန်ချက်များအတိုင်း ကျန်းရွယ်ကို ဓားဖြင့် တိုက်ခိုက်လိုက်၏။
"ဘာ..."
ရီချင်း အသာစီးရသွားသလို တစ်ဖက်ရှိ ကျန်းရွယ်မှာ ချောက်နက် တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
မူလက အောင်ပွဲအတွက် သူ ယုံကြည်မှု ရှိခဲ့သော်လည်း မည်သို့မှန်းမသိ ထိုမိန်းကလေး၏ လှုပ်ရှားမှုတိုင်းက သူ့ အားနည်းချက်များအပေါ် ကျရောက်နေပေသည်။ အကယ်၍ သူမ သူ့ကို ထိုးဖောက်သွားပါက သူ့အစစ်အမှန်ချီ သေချာပေါက် ချက်ချင်း ပြတ်တောက်သွားပြီး မသန်စွမ်း တစ်ယောက် ဖြစ်သွားမည်ပင်။
"သောက်ကျိုးနည်း... ချီးတဲ့မှ... မင်း ကိုယ်တိုင် သေလမ်းရှာနေတာ... ငါ့ကို မညှာတာဘူးလို့ အပြစ်မတင်နဲ့... ကျားဟိန်း လက်ဝါး..." သူ့မျက်နှာ ပြာနှမ်းသွား၏။ ကျန်းရွယ်မှာ ဂုဏ်သိက္ခာရှိသော ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်ပြီး ဖန်းလီ အစောပိုင်းအဆင့်ရှိ မိန်းကလေးငယ် တစ်ယောက်၏ ဖိအားပေးခြင်းကို ခံရသဖြင့် တရားသည် မတရားသည်ကို ဂရုမစိုက်တော့ချေ။ ဟိန်းဟောက်သံနှင့်အတူ သူ့ လက်ကို မြှောက်ကာ အားအကောင်းဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။
ဝေါင်း...
သူ့တစ်ကိုယ်လုံးရှိ အဆစ်များ လှုပ်ရှားသွားကာ ကျားဟိန်းသံ တစ်သံ ထွက်ပေါ်လာပြီး လက်ဝါးလေပြင်းက ဓားတစ်လက်ကဲ့သို့ ဖြစ်လာ၏။
"ဒီတိုက်ခိုက်မှုကို ပိတ်ဆို့လို့ မရလောက်ဘူး... ထားလိုက်ပါတော့... ပွဲကြည့်မနေတော့ဘူး... ပျက်ဆီးစမ်း.."
ကျန်းရွယ် ထိုလှုပ်ရှားမှုကို ထုတ်ဖော်သည်ကို မြင်သည်တွင် နိုင်းယွမ်က ရီချင်း၏ အင်အားဖြင့် လုံလောက်စွာ တားဆီးနိုင်မည် မဟုတ်ကြောင်း သိလိုက်၏။ သူ ခေါင်းခါလိုက်သည်နှင့် စိတ်ဝိညာဥ် အလယ်အဆင့် ဝိညာဉ်က ပါးလွှာသော မျဉ်းကြောင်း တစ်ခုအဖြစ် စုစည်းသွားပြီး ယင်းကို ကျန်းရွယ်ဘက်သို့ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်၏။
"အား..."
ကျန်းရွယ်၏ ဝိညာဉ်က စိတ်ဝိညာဥ် အစောပိုင်း အဆင့်သာ ရှိပေသည်။ နိုင်းယွမ်၏ ထိုးနှက်မှုကြောင့် သူ့ အမြင်အာရုံ မည်းမှောင်သွားပြီး မူးဝေသွား၏။ ကျားဟိန်း လက်ဝါးမှာလည်း အပြည့်အဝ မထုတ်ဖော်လိုက်ရသောကြောင့် ချက်ချင်းပင် ဖျားနာနေသော ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ တဆက်တည်း "ဘုတ်..." ခနဲ အသံနှင့်အတူ သူ မြေကြီးပေါ်သို့ ပြိုလဲကျသွားသည်။
"သူ့ကို သတ်လိုက်..."
ကျန်းရွယ်ကို ဝိညာဉ် တိုက်ခိုက်မှုဖြင့် မြေကြီးပေါ်သို့ လဲကျအောင် လုပ်ပြီးနောက် နိုင်းယွမ်လည်း ရီချင်းထံသို့ သတင်းစကား ပို့လွှတ်လိုက်၏။
အခန်း ၄၀၂ ပြီး
***