စကားပြောသူမှာ နိုင်းယွမ်ပင်။ ရီချင်း မမြင်တွေ့ခဲ့သော်လည်း နှစ်ဘဝ ရှင်သန်ခဲ့သူ တစ်ယောက်အတွက် ထိုကဲ့သို့ ရှင်းလင်းသော အခြေအနေကို မမြင်နိုင်ပါက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်ကပင် ပိုကောင်းဦးပေမည်။
ထို "တရားမျှတပြီး တင်းကျပ်သော" မြို့သခင်က တကယ်တမ်းတွင် ကျန်းရွယ်နှင့် ပူးပေါင်းနေမှန်း အတော်လေး သိသာလှ၏။ သို့မဟုတ်ပါက သူ ထိုကဲ့သို့ ပြောဆိုမည် မဟုတ်ချေ။
မူလက နိုင်းယွမ် မြို့တော်သို့ ဝင်ရောက်ပြီး ရီမိသားစု၏ လွှမ်းမိုးမှုကို အသုံးပြု၍ တည်နေရာကူးပြောင်း ဝင်္ကပါ တစ်ခုကို ရှာဖွေလိုပြီး ဒုက္ခထဲသို့ မပါဝင်ချင်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ထိုနေရာက ချီပင်လယ် ကုန်းမြေတိုက်ကြီးနှင့် ကွဲပြားပေသည်။ ချီပင်လယ် ကုန်းမြေတိုက်ကြီးပေါ်ရှိ နံပါတ်တစ် လူက ထိုနေရာတွင် အနည်းငယ် ပိုကြီးသော ရွှေငါးတစ်ကောင်ကဲ့သို့သာပင်။ သူကား ကန်ထဲတွင် ကြီးစိုးနိုင်သော်လည်း သူ ဧရာမ သမုဒ္ဒရာတွင် မျက်နှာပြသည်နှင့် သေလမ်း တစ်ခုတည်းသာ ရှိ၏။
ဟွားသခင်ကြီးတွင် ဤနေရာ၌ သူလျှိုများ သို့မဟုတ် ကင်းထောက်များ ရှိမရှိကို မည်သူ သိနိုင်မည်နည်း။ ရှာဖွေတွေ့ရှိသည်နှင့် ထွက်ပြေးရန် လမ်းရှိတော့မည် မဟုတ်ပါချေ။
သို့သော် သူ ဒုက္ခထဲသို့ မပါဝင်ချင်လျှင်ပင် ဒုက္ခက သူ့ကို ရှာဖွေလာနိုင်ဆဲပင်။ ထိုမြို့သခင်က သူ့ကို အနိုင်ကျင့်နေပြီ ဖြစ်၏။ အကယ်၍ သူ သည်းခံနေပါက သူ လိပ်တစ်ကောင် ဖြစ်သွားသည်ကပင် ပိုကောင်းဦးပေမည်။
"နိုင်းယွမ်... မြို့သခင်က ရုန်ထျန်းမြို့မှာ အားအကောင်းဆုံး လူပဲ... ယွမ်ရှန်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်... သူ ဘယ်လိုလုပ် ကျန်းမိသားစုနဲ့ ပူးပေါင်းနိုင်မှာလဲ..."
လူငယ်လေး၏ စကားကို ကြားသောအခါ ရီချင်းလည်း နားလည်သွား၏။ သူမ ဒေါသထွက်နေသော်လည်း မြို့သခင်၏ အင်အားကို သိထားသဖြင့် အလျင်အမြန် သူ့ကို သတိပေးလိုက်၏။
"ဟဲဟဲ... ငါက မြို့သခင်ဆိုတာ မင်း သိတာ ကောင်းတယ်... ရုန်ထျန်းမြို့ရဲ့ မြို့သခင် အနေနဲ့ ငါ ကိစ္စတွေကို တရားမျှတပြီး ဖြောင့်မတ်စွာ ကိုင်တွယ်ဖြေရှင်းတယ်... ရီချင်း... မင်းအဖေတောင် အဓိပ္ပာယ်မရှိတာ မပြောရဲဘူး... မင်းရဲ့ ဒီလက်အောက်ငယ်သားက ဘယ်လို အရာမျိုးမို့လို့ ဒီလို အဓိပ္ပာယ်မရှိတာ ပြောရဲတာလဲ... ဒါ မင်းရဲ့ လက်အောက်ငယ်သားလား... ဒီလောက် မယဥ်ကျေးတာ... ဟမ့်... ဒီလောက် မယဥ်ကျေးပြီး အသိဉာဏ်မဲ့တဲ့ လက်အောက်ငယ်သားနဲ့... ကြည့်ရတာ ဒီမိစ္ဆာတွေနဲ့ ပူးပေါင်းတဲ့ ကိစ္စကို စစ်ဆေးစရာ မလိုတော့ဘူး... လုပ်ခဲ့တာ သေချာတယ်... ငါ အခု ဒီလူတွေကို သေဒဏ် ပေးပြီး ချက်ချင်း ကွပ်မျက်မယ်... ဒီကောင်လေးကို အရင်ဆုံး သတ်ရမယ်..."
နိုင်းယွမ် မဖြေမီမှာပင် မြို့သခင် မဲ့ပြုံး ပြုံးလိုက်ပြီး သူ့ မျက်လုံးများ လင်းယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လှမ်းကြည့်လိုက်၏။
မြို့သခင်၏ လက်ချောင်းငါးချောင်းမှာ အဆစ်များ ထူထဲပြီး လက်ချင်းယှဉ် တိုက်ခိုက်ရာတွင် အလွန် ကျွမ်းကျင်ကြောင်း ညွှန်ပြနေ၏။ သူ့ ညာလက်ကို မြှောက်ကာ နိုင်းယွမ်ဘက်သို့ ဆွဲယူလိုက်၏။
ထိုလှုပ်ရှားမှုနှင့်အတူ ပတ်ဝန်းကျင်ရှိ လေက ချိတ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နိုင်းယွမ် မည်သို့ပင် ထွက်ပြေးရန် ကြိုးစားပါစေ ပြိုင်ဘက်၏ ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်သကဲ့သို့ ဖြစ်သွား၏။
"ဟားဟား..."
နိုင်းယွမ် မရှောင်တိမ်းဘဲ တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူ့ ပါးစပ်မှ မြက်ခြောက်ကို ယူကာ ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်၏။
ဝှစ်
သူ့ စိတ်ဝိညာဥ် အလယ်အဆင့် ဝိညာဉ်၏ အားဖြည့်မှုအောက်တွင် မြက်ပင် တစ်ပင်သည်ပင် လျင်မြန်သည့်အခါ နတ်ဘုရား လက်နက်ချွန် တစ်ချောင်းနှင့် ဘာမှ မခြားနားချေ။ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ယင်းက မြို့သခင်၏ ညာလက်ရှေ့သို့ ရောက်ရှိသွား၏။
ရွှစ်
မြို့သခင်၏ ထူထဲသော လက်ချောင်း နှစ်ချောင်း ပြတ်တောက်သွား၏။
"အား..."
"မြို့သခင်ရဲ့ သံလက်ဝါး ကျွမ်းကျင်မှုက အဆင့်မြင့် အင်ပါယာ လက်နက်ကိုတောင် လက်ဗလာနဲ့ ကြေမွသွားစေနိုင်တယ်... ဒါပေမဲ့ မြက်ပင် တစ်ပင်နဲ့ ဖြတ်တောက်ခံလိုက်ရတာလား..."
သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ လူတိုင်း တုန်လှုပ်သွားပြီး မျက်လုံးများ ကျွတ်ကျလုနီးပါး ဖြစ်သွား၏။
"သိပ်အားကောင်းတာပဲ..."
ရီချင်း၏ နူးညံ့သော ခန္ဓာကိုယ်လေး ပိုမို ယိမ်းယိုင်သွား၏။ သူမ နိုင်းယွမ် အလွန် အားကောင်းသည်ဟု ထင်မှတ်ခဲ့ပြီးသား ဖြစ်သော်လည်း အထင်သေးနေမိဆဲ ဖြစ်မည်ဟု မထင်ထားခဲ့ချေ။
"အာ... မင်း သေလမ်းရှာနေတာပဲ..."
သူ့ လက်ချောင်းများ ပြတ်တောက်သွားသောကြောင့် မြို့သခင်၏ မျက်လုံးများ နီရဲလာ၏။ သူ လက်ကို လှန်ကာ လှံရှည် တစ်ချောင်းကို ဆွဲယူပြီး နိုင်းယွမ်ဘက်သို့ ထိုးစိုက်လိုက်တော့သည်။
ဘုန်း
ယွမ်ရှန်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်၏ စွမ်းအားက လှံရှည်မှတစ်ဆင့် ပေါက်ကွဲထွက်လာ၏။ တက်ကြွ၊ အားကောင်းသော ဖန်ဆင်းခြင်းချီက ဟာရီကိန်း မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး အားနည်းသော ကျင့်ကြံသူ အများအပြား လေဝှေ့တစ်ချက်တည်းဖြင့် မြေကြီးပေါ်သို့ လွင့်စင်သွားကြ၏။
"သေပြီ..."
ဒေါသထွက်နေသော မြို့သခင်၏ ပေါက်ကွဲထွက်လာသော စွမ်းအားကို မြင်သောအခါ ရီချင်း၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။
ယွမ်ရှန်း အထွတ်အထိပ်အဆင့်က အမှန်တကယ်ပင် အလွန် အားကောင်းလှ၏။ သူမ ခုခံရန် အတွေးပင် မရှိချေ။ သူမရှေ့ရှိ လူငယ်လေး အမှန်တကယ် ပိတ်ဆို့နိုင်ပါ့မည်လား။
သူမ အတွေးနက်နေခိုက်မှာပင် ပေါ့ပေါ့ပါးပါး ဖြစ်နေပုံ ရသော လူငယ်လေးက ရုတ်တရက် လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ထိုးစိုက်လာသော လှံကို လွဲဖယ်ကာ မီတာ အများအပြားကို ဖြတ်ကျော်ပြီး မြို့သခင်ရှေ့သို့ ရောက်ရှိသွား၏။ တစ်ချိန်တည်းမှာပင် သူ့ လက်မောင်းဖြင့် ညင်သာစွာ ရှေ့သို့ လှမ်းဆွဲလိုက်သည်။
ဂျွတ်...
မြို့သခင် နောက်ပြန် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ပြိုင်ဘက်၏ မျက်လုံးများတွင် သွေးရောင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရပြီးနောက် သူ့ အမြင်အာရုံ မှုန်ဝါးသွားကာ လည်ချောင်းမှ ဆွဲမြှောက်ခံလိုက်ရ၏။
"မင်းကို စကားပြောနေတာက မင်းကို မျက်နှာသာ ပေးနေတာ... ငါ ဧကရာဇ် အများကြီးကို သတ်ခဲ့ပြီးပြီ... ဒါကြောင့် မြို့သခင် တစ်ယောက်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ... မင်းက ဘာမို့လို့ ငါ့ရှေ့မှာ မာန်တက်နေရတာလဲ..."
မြို့သခင်၏ လည်ချောင်းကို ဆုပ်ကိုင်ထားရင်း နိုင်းယွမ် နှာခေါင်းရှုံ့ကာ သူ့ လက်ဖဝါးကို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်၏။
ဘုတ်...
မြို့သခင် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်ချခံလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ့ ဂုဏ်သိက္ခာ နည်းနည်းမှ မရှိတော့ပါချေ။
"ဒါ..."
မြို့သခင် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး ဂုဏ်သိက္ခာ လုံးဝ ဆုံးရှုံးသွားကာ လူငယ်လေး၏ တစ်ချက်တည်း တိုက်ခိုက်မှုဖြင့် အရှုံးပေးပြီးနောက် မတ်တတ်မရပ်နိုင်တော့ချေ။ ထိုမြင်ကွင်းကြောင့် ကျန်းရွယ်နှင့် အခြားသူများ အသက်ရှူကျပ်လုနီးပါး ဖြစ်သွားပြီး ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ကာ အကြိမ်ကြိမ် နောက်ဆုတ်သွားကြ၏။
မြို့သခင်၏ အင်အားမှာ သူ့ထက် ကြီးမားသော်လည်း တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားပေသည်။ သူဆိုလျှင် သေချာပေါက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ထိုကျောက်တုံးကို အစောက ထိုလူငယ်လေး ပစ်ပေါက်ခဲ့သည်မှာ သေချာလှ၏။
ဆယ့်ခုနစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ် လူငယ်လေး တစ်ယောက်၊ ပါရဂွန်အဆင့် အင်အားဖြင့် ယွမ်ရှန်း အထွတ်အထိပ်အဆင့်ရှိ မြို့သခင်ကို အနိုင်ယူခဲ့၏။
‘သူ လူရော ဟုတ်ရဲ့လား...’
"ထွက်သွားချင်တယ် ဟုတ်လား... မင်းလည်း လှဲနေလိုက်..."
သူ့ အဓိပ္ပာယ်မရှိသော စကားများကို လျစ်လျူရှုကာ နိုင်းယွမ်၏ လက်ဝါးက တွင်းထဲမှ လျင်မြန်စွာ ထွက်ပေါ်လာသော ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ ထပ်မံ လှုပ်ရှားသွား၏။
ယွမ်ရှန်း နောက်ဆုံးအဆင့် ရှိ သခင်ကြီး တစ်ယောက်၊ ဂုဏ်သိက္ခာရှိသော ကျန်းမိသားစု၏ ထိပ်သီးပညာရှင် တစ်ယောက်သည်လည်း မြို့သခင်ကဲ့သို့ပင် မြေကြီးပေါ်တွင် ပြားချပ်စွာ လဲကျသွားတော့သည်။
"မင်းတို့ အားလုံး တစ်ခါတည်း လာခဲ့..."
နိုင်းယွမ် လှုပ်ရှားပြီး ဖြစ်သဖြင့် လူကောင်း တစ်ယောက်အဖြစ် ဟန်ဆောင်ရန် မလိုအပ်တော့ချေ။ တစ်ယောက်လျှင် လက်ဝါး တစ်ချက်ဖြင့် ကျန်းမိသားစုမှ လူအများအပြားနှင့် ထိုမိစ္ဆာ ခေါင်းဆောင်ငယ် အားလုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သူတို့၏ ကံကြမ္မာကို မသိနိုင်တော့ချေ။
မည်သို့ဆိုစေ မြို့သခင်နှင့် ကျန်းရွယ်ကို သတ်၍ မဖြစ်ချေ။ သူတို့က အဆင့်အတန်းကို ကိုယ်စားပြုသောကြောင့်ပင်။ သို့သော် ထိုလူအနည်းငယ်မှာမူ သူတို့ သေသွားလျှင် အရေးမကြီးချေ။
နိုင်းယွမ်၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ပြတ်သားလှ၏။ ရီချင်းနှင့် အခြားသူများ တုံ့ပြန်လိုက်သည့် အချိန်တွင် ရုန်ထျန်းမြို့၏ အကျော်ကြားဆုံး သခင်ကြီးများ မြေကြီးပေါ်တွင် လဲလျောင်းနေပြီ ဖြစ်၏။ ထိုသည်ကို မြင်သောအခါ လူတိုင်း မျိုချလိုက်ပြီး သူတို့၏ သွားများ တဂျစ်ဂျစ် မြည်သွား၏။
မြို့သခင်က မြို့တော်တွင် ထိပ်ဆုံးအဆင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး လူတစ်ယောက် အားကောင်းလျှင်ပင် ယေဘုယျအားဖြင့် သူ့ကို မစော်ကားရဲကြချေ။ ယခုအခါ သူ့ကို မြေပေါ် လဲသွားသည်အထိ သမလိုက်သော မြင်ကွင်းကြောင့် လူတိုင်း၏ အမြင်များ လုံးဝ ပြောင်းပြန် ဖြစ်သွားကြသည်။
နိုင်းယွမ်အတွက် ယင်းမှာ ဘာမှ မဟုတ်ချေ။ ထိုအချိန်က သူ အင်ပါယာ ဧကရာဇ်များကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပြီး ညှာတာမှု ကင်းမဲ့ခဲ့၏။ မြို့သခင်လေး တစ်ယောက်မှာ ကိစ္စကြီး တစ်ခု မဟုတ်ချေ။
"ဒီမြို့သခင်နဲ့ ကျန်းရွယ် မသေသေးဘူး... သူတို့ကို ချည်နှောင်ပြီး ပြန်ခေါ်သွား... ကျန်းမိသားစုက သူတို့ကို မကြာခင် လာရှာလောက်ပြီ..."
လူတိုင်း အနည်းငယ် ကြောင်အနေသည်ကို မြင်သောအခါ နိုင်းယွမ် ညွှန်ကြားလိုက်၏။
အခန်း ၄၀၄ ပြီး
***