"ဒါက နိုင်းယွမ်ပါ... ဒီခရီးစဉ်မှာ ကျွန်မတို့ သူ့ကို အသက်ကြွေးတင်တယ်... မဟုတ်ရင် သမီး သေနေလောက်ပြီ..."
ရီချင်း လမ်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖြည်းညှင်းစွာနှင့် အသေးစိတ် ပြန်လည် ပြောပြလိုက်၏။ အရေးကြီးသော အခိုက်အတန့်များတွင် ချဲ့ကားခြင်း မရှိလျှင်ပင် ရီချန် ချွေးစေးများ ပြန်လာပေသည်။
သူတွင် ထိုတစ်ဦးတည်းသော သမီးသာ ရှိ၏။ အကယ်၍ သူမသာ တကယ် တစ်ခုခု ဖြစ်ခဲ့ပါက သူ သတ်သေမိနေလောက်ပြီ။
"ကြီးမားတဲ့ ကျေးဇူးတရားကို စကားလုံးတွေ မလိုပါဘူး...ကျုပ် ရီချန် ဒီကသခင်လေး နိုင်းယွမ်ကို ကျေးဇူးတင်ပါတယ်..."
ရီချန် မတ်တတ်ရပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။
"စီနီယာရီ... ကျေးဇူးပြုပြီး ဒီလောက်ထိ ယဉ်ကျေးမနေပါနဲ့..." နိုင်းယွမ် အလျင်အမြန် လက်လှမ်းကာ သူ့အား ဖေးမလိုက်၏။ သူ့ လက်မောင်း တစ်ဖက်လူနှင့် ထိခတ်သည်နှင့် ဖိနှိပ်မှု တစ်ခုကို ခံစားလိုက်ရ၏။ ထိုအင်အားမှာ မကောင်းသော ရည်ရွယ်ချက် မရှိဘဲ ကျေးဇူးတင်မှုကို ဖော်ပြရန် လိုအပ်သော ဦးညွှတ်မှု တစ်ခု ဖြစ်ပုံ ရပေသည်။
နိုင်းယွမ် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ တဆက်တည်း ညင်သာသော ပင့်တင်မှု တစ်ခုဖြင့် ရီချန်၏ စွမ်းအားကို ချေဖျက်ပြီး ထူမပေးလိုက်၏။
ထိုနှစ်ယောက်၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး သိမ်မွေ့သဖြင့် မည်သည့် စွမ်းအင် လှိုင်းခတ်မှုမျှ မဖြစ်ပေါ်စေချေ။ အပြင်လူများအတွက် ယင်းမှာ ယဉ်ကျေးသော အိမ်ရှင်-ဧည့်သည် အပြန်အလှန် ဆက်ဆံရေးကဲ့သို့သာ ဖြစ်ပြီး အလွန် ယဉ်ကျေးကာ သာယာဖွယ် ဖြစ်နေပေသည်။
"အံ့မခန်းပဲ..." ဧရာမ မြစ်တစ်စင်းကဲ့သို့ တက်ကြွနေသော စွမ်းအားတို့က အဆက်မပြတ်ပြီး အဆုံးမရှိသည်ကို ခံစားလိုက်ရသဖြင့် ရီချန်၏ ရင်ထဲ တုန်လှုပ်သွား၏။
သူ့ ရှေ့ရှိ လူငယ်လေးက သူ့ သမီးနှင့် အသက်အရွယ် တူညီပုံ ပေါက်သော်လည်း သူ့ ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီမှာ ချောက်ကမ်းပါးကဲ့သို့ နက်ရှိုင်းပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှ၏။ ထိုတစ်ချက် ထောက်ပံ့မှုဖြင့် အင်အား အားလုံးကို အသုံးမပြုသော်လည်း သူတို့လို အဆင့်များက တိုက်ပွဲတွင် မည်သည့်အချိန် ရပ်ရမည်ကို သိကြ၏။ တစ်ချက် ထိတွေ့ရုံဖြင့် ထိုလူငယ်လေးမှာ သူ့ထက် အင်အား မနည်းကြောင်းနှင့် တစ်ဖက်လူ၏ အစစ်အမှန်ချီ နက်ရှိုင်းမှုအရ သူ့လိုလူ ဆယ်ယောက်ပင် မယှဉ်နိုင်ကြောင်း သိလိုက်၏။
"သူရဲကောင်းတွေက ငယ်ရွယ်စဉ်မှာ ပေါ်ထွက်လာတာပဲ... ဟုတ်တယ်... ဒီညီငယ်လေး... သူ့အသက်အရွယ်နဲ့တင်... ဒီလောက် အင်အားနဲ့ နက်ရှိုင်းတဲ့ အစစ်အမှန်ချီ ပိုင်ဆိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိဘူး... ငါ့ကိုယ်ငါတောင် ရှက်မိတယ်..."
ပြန်ထိုင်လိုက်ပြီးနောက် ရီချန် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး နိုင်းယွမ်ကို အထင်ကြီးသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ဟားဟား... စီနီယာက အရမ်း အားနာလွန်းနေပါပြီ..." နိုင်းယွမ် စကားများများ မပြောဘဲ တုံ့ပြန်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ " အစောက ကျွန်တော် ခင်ဗျားတို့ ခဏလောက် စကားပြောနေတာကို ကြားလိုက်ရတယ်... ရီမိသားစုနဲ့ ကျန်းမိသားစုရဲ့ စီးပွားရေးတွေက မတူဘူးထင်တယ်... ဒါကြောင့် ပဋိပက္ခ မရှိသင့်ဘူး... ဘယ်လိုလုပ် ဒီလောက် ကြီးမားတဲ့ အငြင်းပွားမှုမျိုး ဖြစ်ပွားနိုင်ရတာလဲ..."
သူလည်း သူတို့ အစောက စကား အနည်းငယ် ပြောသည်ကို ကြားခဲ့၏။ ရီမိသားစု၏ စီးပွားရေးမှာ ကျန်းမိသားစုနှင့် လုံးဝ ကွဲပြားနေပုံ ရပေသည်။ ယုတ္တိတန်စွာ ပြောရလျှင် ပဋိပက္ခ မရှိသင့်ချေ။ ထိုကဲ့သို့သော ဖြေရှင်း၍ မရနိုင်သော အငြင်းပွားမှု ဘယ်လိုလုပ် ဖြစ်ပွားနိုင်မည်နည်း။
"ဒါက..." နိုင်းယွမ်၏ မေးခွန်းကို ကြားသောအခါ ရီချန် တုံ့ဆိုင်းသွား၏။
"အဖေ... သခင်လေးနိုင်းယွမ်က ကျွန်မတို့ကို ကူညီဖို့ ဆန္ဒရှိတယ်... အခု ကျန်းရွယ်နဲ့ မြို့သခင် ဒဏ်ရာရနေပြီ... ကျွန်မတို့သာ အဲဒီ လျှို့ဝှက်ချက်ကို ကိုယ့်ဘာသာ သိမ်းထားပြီး မဟာမိတ်တွေ မရှာရင်... ကျွန်မတို့ နောက်ဆုံးမှာ သူတို့ရဲ့ ဖိအားပေးမှုကြောင့် သေရလိမ့်မယ်..." သူမဖခင်၏ မျက်နှာအမူအရာကို မြင်သည်တါင် ရီချင်း အံကြိတ်ကာ ပြောလိုက်၏။
"အင်း... ဟုတ်တယ်... အခုကိစ္စအပေါ် ကျန်းမိသားစုက လွှတ်ပေးမှာ မဟုတ်ဘူး... ငါတို့ မလှုပ်ရှားရင်... နောက်ဆုံးမှာ ငါတို့ မိသားစုပဲ ပျက်စီးသွားလိမ့်မယ်... ဒါပေမဲ့ အခုကိစ္စကြောင့် ဒီက သခင်လေး နိုင်းယွမ် ဝင်ပါခဲ့ရတယ်... အဲဒီအတွက် ငါ တကယ် တောင်းပန်ပါတယ်..." သူ့သမီး၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ရီချန် ခေါင်းခါပြီး ပြောလိုက်သည်။ ထိုကာလအတွင်း မိသားစု၏ အခက်အခဲများကို သတိရကာ သက်ပြင်းချလိုက်၏။
"ငါ ပြောပြတဲ့အခါ ငါ့ကို မရယ်နဲ့နော် ညီငယ်လေး... တကယ်တော့ ငါတို့ မိသားစု နှစ်ခုကြားက အငြင်းပွားမှုက အမှန်တိုင်း ပြောရရင် ရတနာသိုက် တစ်ခုကြောင့်ပဲ..."
"ရတနာသိုက်..." နိုင်းယွမ် ကြောင်အသွား၏။
"ဟုတ်တယ်... ညီငယ်လေး... မင်း ထူးခြားတဲ့ ပါရမီတွေအကြောင်း သိလား..." ရီချန် လေးနက်သွားပြီး ရုတ်တရက် မေးလိုက်၏။
"သိပါတယ်..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
သူ ကိုယ်တိုင် ယခုအခါ ထူးခြားသည့် ပါရမီ ဆယ်ခု ပိုင်ဆိုင်ထား၏။ အကယ်၍ သူ မသိဟု ပြောပါက ဤကမ္ဘာပေါ်တွင် မည်သူမျှ သိမည် မဟုတ်ချေ။
"မင်း မီးလျှံသခင် တစ်ယောက်အကြောင်း ကြားဖူးလား..." ရီချန် ခေါင်းညိတ်ကာ ဆက်မေးလိုက်၏။
"မီးလျှံသခင်... ကျွန်တော် အရင်က နည်းနည်း ကြားဖူးတယ်... အဲဒါက ထူးခြားတဲ့ ပါရမီ တစ်မျိုးပဲ... မီးလျှံ ဒန်တျန် ပိုင်ဆိုင်ပြီး ခန္ဓာကိုယ်ကနေ ပူလောင်တဲ့ မီးတောက်တွေ ထုတ်လုပ်နိုင်တယ်... လူတစ်ယောက်က မီးတောင်ချော်ရည်ကို ဘယ်လို ထိခိုက်မှုမျှ မရှိဘဲ ဖြတ်သန်းနိုင်တယ်... ပြီးတော့ ထုတ်လုပ်တဲ့ မီးတောက်တွေက မှော်ဆေးသခင်ရဲ့ ဆေးမီးလျှံထက်တောင် ပိုပြီး အားကောင်းတယ်... အဲဒါက တိုက်ခိုက်ရေးအတွက် အထူးပြု သုံးတဲ့ မီးတောက် တစ်မျိုး... ဓာတ်ကြီးငါးပါး ပါရမီတွေထဲက တစ်ခုပဲ..."
ခဏမျှ စဉ်းစားပြီးနောက် နိုင်းယွမ် ရှင်းပြလိုက်၏။
သူ ထူးခြားသော ပါရမီ အများအပြားကို သိပ်မရှင်းလင်းသော်လည်း သူ့ ယခင်ဘဝတွင် မီးလျှံသခင် အကြောင်းကို ကြားဖူးခဲ့၏။ သူတို့က သူတို့၏ ခန္ဓာကိုယ် ပတ်လည်တွင် မီးတောက်များ ထုတ်ဖော်နိုင်ကြသည်။ မှော်ဆေးသခင်၏ ဆေးမီးလျှံ သို့မဟုတ် ပန်းပဲသခင်၏ မီးတောက်နှင့် မတူဘဲ ထိုကဲ့သို့သော မီးတောက်မျိုးမှာ တိုက်ခိုက်ရေးနှင့် ထိုးစစ်အတွက် အထူးပြုခြင်းပင်။ ယင်းမှာ မယုံနိုင်လောက်အောင် ပူလောင်ပြီး မြစ်များကို လောင်ကျွမ်းစေသလို ပင်လယ်များကို ဆူပွက်စေနိုင်စွမ်း ရှိသဖြင့် အကျော်ကြားဆုံး ဓာတ်ကြီးငါးပါး ပါရမီများထဲမှ တစ်ခု ဖြစ်ပေသည်။
ထိပ်တန်း သုံးဆယ်အတွင်းရှိ ပါရမီများထဲမှ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေထဲတွင် သိုင်းစွမ်းရည်ကိုသာ ထည့်သွင်း စဉ်းစားပါက မီးလျှံသခင်က ထိုငါးခုထဲတွင် အနည်းဆုံး ဒုတိယ အဆင့် ရနိုင်ပေသည်။
"ညီငယ်လေးက အားကောင်းရုံတင်မကဘူး... အတော်လည်း အသိပညာ ရှိတယ်... အထင်ကြီးစရာပဲ... ရီချင်း... မင်း နိုင်းယွမ်ကို မင်းရဲ့ ထူးခြားတဲ့ ပါရမီကို ဘာလို့ မပြတာလဲ..."
လူငယ်လေး မီးလျှံသခင်ကို ပေါ့ပေါ့ပါးပါး ဖော်ပြပြီး ထိုမျှ အသေးစိတ် သိနေသည်ကို ကြားသော် ရီချန် သူ့ကို ချီးကျူးကာ သူ့ သမီးဘက်သို့ လှည့်ကြည့်လိုက်၏။
"ဟုတ်ကဲ့..."
ရီချင်း ခေါင်းညိတ်ကာ သူမ၏ လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်ရာ ပူလောင်သော မီးစီးကြောင်း တစ်ခု ထွက်ပေါ်လာလေသည်။ ထိုတောက်လောင်နေသော မီးတောက်များမှာ ဖန်ဆင်းခြင်းချီဖြင့် ဖွဲ့စည်းထားပြီး အခန်း တစ်ခုလုံးကို ပြာကျသွားစေနိုင်ပုံ ရ၏။
"မင်းက မီးလျှံသခင် တစ်ယောက်လား..." ထိုမီးတောက်ကို မြင်သည်တွင် နိုင်းယွမ် ချက်ချင်း နားလည်သွားပြီး သူ့ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ၏။ "ကြည့်ရတာ ငါ ကိုယ့်ကိုယ်ကိုယ် လူမိုက် လုပ်မိသွားပြီ ထင်တယ်... မင်းရဲ့ မီးလျှံသခင် စွမ်းအားနဲ့ဆိုရင် မင်းရဲ့ အဆင့်ထက် ကျော်လွန် တိုက်ခိုက်ပြီး ဆူဂိုကို သတ်ဖို့က ခက်ခဲမှာ မဟုတ်ဘူး..."
"သခင်လေးနိုင်းယွမ် တကယ် စနောက်တတ်တာပဲ... ကျွန်မ အဆင့်ထက် ကျော်လွန်ပြီး တိုက်ခိုက်နိုင်တာ မှန်ပေမယ့်... အများဆုံးကတော့... ကျွန်မ ဖန်းလီ အထွတ်အထိပ်အဆင့် တစ်ယောက်ကိုပဲ အနိုင်ယူနိုင်တယ်... ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်နဲ့ဆို လုံးဝ ပြိုင်ဘက် မဟုတ်ဘူး..." ရီချင်း မီးတောက်များကို ပြန်သိမ်းလိုက်ပြီး မျက်နှာ အနည်းငယ် နီရဲသွားကာ ပြောလိုက်သည်။
"ဒီမီးတောက်က အရမ်းစွမ်းအားကြီးတယ်လို့ ခံစားရတယ်... ဆက်လောင်ကျွမ်းနေသ၍ ဆူဂိုတောင် အနားကပ်နိုင်မှာ မဟုတ်ဘူးလေ..." မိန်းကလေး၏ ရှက်ရွံ့နေသော အမူအရာကို မြင်လိုက်ရသောအခါ နိုင်းယွမ် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပေသည်။
ဒြပ်စင်ငါးပါး ကောင်းကင်ပါရမီများထဲမှ တစ်ခုဖြစ်သော မီးလျှံသခင်က အလွန်တရာ ပူပြင်းလှသည့် စွမ်းအားကြီး မီးတောက်များကို ပိုင်ဆိုင်ထား၏။ အကယ်၍ သူမသာ တစ်စုံတစ်ယောက်ကို အမှန်တကယ် မီးကုန်ယမ်းကုန် လောင်မြိုက်ပစ်မည်ဆိုပါက ဆူဂိုမှာ ယွမ်ရှန်းအဆင့်၌ ရှိနေလျှင်ပင် အနားကပ်နိုင်မည် မဟုတ်ချေ။ သို့ဆိုလျှင် သူက သူမကို မည်သို့များ အနိုင်ယူနိုင်မည်နည်း။
"ရှင်က မီးလျှံသခင်မှ မဟုတ်တာ... အစစ်အမှန်ချီကို မီးတောက်အဖြစ် ပြောင်းလဲဖို့ စွမ်းအင်ဘယ်လောက် ကုန်ကျလဲဆိုတာ သိမှာ မဟုတ်ဘူး... ခုနက ကျွန်မ ပြလိုက်တဲ့ အချိန်လေးမှာတင် အစစ်အမှန်ချီ တစ်ဝက်လောက် ကုန်သွားပြီ... တကယ့်တိုက်ပွဲထဲမှာဆိုရင် ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်တာမျိုးပဲ လုပ်နိုင်လိမ့်မယ်... တကယ်လို့ လူတစ်ယောက်ကို မီးတောက်တွေနဲ့ လောင်ကျွမ်းအောင် လုပ်ဖို့ ကြိုးစားမယ် ဆိုရင် သူတို့က ဘာမှဖြစ်မှာ မဟုတ်ပေမယ့် ကျွန်မကတော့ အစစ်အမှန်ချီတွေ ကုန်ခမ်းပြီး ပင်ပန်းလွန်းလို့ သေသွားလိမ့်မယ်...”
ရီချင်းက ခေါင်းခါယမ်းလိုက်၏။
"ဒီတစ်ကွက်တည်းနဲ့တင် မင်းရဲ့ အစစ်အမှန်ချီ တစ်ဝက်လောက် ကုန်သွားပြီလား..." နိုင်းယွမ် အံ့အားသင့်သွားရသည်။
သူကိုယ်တိုင် ပါရမီစွမ်းရည် ဆယ်ခုကို ပိုင်ဆိုင်ထားပြီး မီးလျှံသခင်ထက် ပိုမိုမြင့်မားသော အခြား ပါရမီစွမ်းရည်များလည်း ရှိသော်လည်း အစစ်အမှန်ချီ ထိုမျှလောက် များစွာ ကုန်ဆုံးသွားသည်ဟု မခံစားရဖူးချေ။
အကယ်၍ တိုက်ပွဲတစ်ခုထဲ ဝင်ရောက်သွားပြီး ပြိုင်ဘက်က ဘာမှမဖြစ်ဘဲ မိမိ၏ အစစ်အမှန်ချီများသာ ကုန်ခမ်းသွားမည်ဆိုပါက အလွန်ဆိုးရွားသော အဖြစ်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။ လမ်းတစ်လျှောက်လုံး ရီချင်း တစ်ယောက် သူ၏ မီးလျှံသခင် ဆိုသည့် သရုပ်မှန်ကို ထုတ်မပြခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အမှန်တော့ သူက အစစ်အမှန်ချီများ အလွန်အကျွံ ကုန်ဆုံးသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် သူ့ကဲ့သို့ ပုံမှန်မဟုတ်သော စွမ်းအားကြီးမားသည့် ချီပင်လယ်မျိုး ရှိမနေကြပေ။
"အင်း..." ရီချင်းက ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့် ကျွန်မ အစစ်အမှန်ချီတွေ ကုန်သွားမှာစိုးလို့ မီးတောက်တွေကို ထုတ်မသုံးရဲတာ...”
"အင်း... ဒီလိုကိုး..." နိုင်းယွမ် ခေါင်းခါယမ်းလိုက်ပြီးနောက် ရုတ်တရက် ဆိုလိုက်သည်။ "ဒါနဲ့... မင်းရဲ့ မီးတောက်ချီကို ကျုပ် ခံစားကြည့်လို့များ ရနိုင်မလား..."
အခန်း ၄၀၆ ပြီး
***