မွေးရာပါ ပါရမီများထဲတွင် ထိပ်ဆုံး အဆင့်သုံးဆယ်အတွင်း ပါဝင်သော မီးလျှံသခင်က အကယ်၍ စွမ်းအားသာ ရှိမည်ဆိုပါက အဆင့်ကို ထိုထက်ပို၍ပင် မြှင့်တင်နိုင်စွမ်း ရှိပေသည်။
"ကောင်းပြီလေ..." ထိုလူငယ်လေး ဘာကိုဆိုလိုမှန်း ရီချင်း မသိသော်လည်း စပ်စုချင်ရုံသက်သက်သာ ဖြစ်မည်ဟု တွေးလိုက်၏။ သူမက ခေါင်းညိတ်ကာ လျှောက်လာပြီး လက်ချောင်းလေးကို တစ်ချက် ပင့်လိုက်ရာ ပူပြင်းသော လေစီးကြောင်းတစ်ခု နိုင်းယွမ်၏ လက်ဖဝါးထဲသို့ တိုးဝင်လာပေသည်။
"ကျေးဇူးပါ..." ပူပြင်းလှသော လေစီးကြောင်း၏ သဘာဝကို ခဏတာ ခံစားကြည့်ပြီးနောက် နိုင်းယွမ် အတွေးတစ်ချက်ဖြင့် ဆယ့်နှစ်ခုမြောက် ဒန်တျန်က "ဒက်" ခနဲ မြည်သံနှင့်အတူ မီးလျှံဒန်တျန် အဖြစ်သို့ ပြောင်းလဲသွား၏။
သူ ရင်ထဲတွင် အလွန် ဝမ်းသာပျော်ရွှင်သွားသော်လည်း မျက်နှာပေါ်တွင်မူ အမူအရာ မပျက်စေဘဲ ရီချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"စီနီယာ ရီချန်... ခင်ဗျား ခုနက ရတနာတစ်ခု အကြောင်း ပြောခဲ့တယ်နော်... အဲဒါက မီးလျှံသခင် နဲ့များ သက်ဆိုင်နေလို့လား..."
"ဟုတ်တယ်... ဒီရတနာက မီးတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပုန်းကွယ်နေတာ... ပြီးတော့ မီးလျှံသခင် တစ်ယောက်တည်းသာ အဲဒီကို ဘေးကင်းကင်းနဲ့ ဝင်ရောက်နိုင်တယ်... ကျန်းမိသားစုက ကျုပ်တို့ကို အတင်းအကျပ် ဖိအားပေးနေတာက တကယ်တော့ အဲဒီထဲကို ဝင်ဖို့ ချင်းအာရဲ့ မီးလျှံသခင် ဆိုတဲ့ သရုပ်မှန်ကို အသုံးချချင်နေလို့ပဲ..." ရီချန်က ပြောလိုက်ပေသည်။
"မီးတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ဟုတ်လား... ရတနာကို ချန်ထားရစ်ခဲ့တဲ့ ရှေးဘိုးဘေးကရော မီးလျှံသခင် တစ်ယောက်များ ဖြစ်နေမလား..."
ရတနာကို မီးတောင်၏ အနက်ရှိုင်းဆုံး နေရာတွင် ဝှက်ထားခြင်းမှာ အမှန်တကယ်ပင် ရက်စက်လွန်းလှပေသည်။ သာမန်လူအများစုမှာ ထိုနေရာသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
"သူက မီးလျှံသခင် ဟုတ်မဟုတ်တော့ ကျုပ်လည်း မသိဘူး... ဒါပေမဲ့ ဒီစီနီယာက တကယ်ကို ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲ... ထိပ်တန်း အထူးပါရမီ စွမ်းရည် ဆယ်ခုထဲမှာတောင် သိပ်စွမ်းအားကြီးတဲ့ သူတစ်ယောက်ဖြစ်တဲ့ ချီသခင်ပဲ..." ရီချန် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ချီသခင် ဟုတ်လား... အဲဒါက ဘာကြီးလဲ..." နိုင်းယွမ် အံ့အားသင့်သွားပေသည်။
သူ အထူးဒန်တျန်များစွာ အကြောင်းကို ကြားဖူးခဲ့သော်လည်း ချီသခင် ဆိုသည်ကိုမူ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။
"ချီသခင်တွေက အင်မတန် ရှားပါးတယ်... ဒါကြောင့် မကြားဖူးတာ ပုံမှန်ပါပဲ... ကျုပ် သိထားသလောက်ဆိုရင် သမိုင်းတစ်လျှောက်လုံးမှာ ဒီလိုပါရမီရှင်မျိုးက လက်ချိုးရေလို့ရတဲ့ အနည်းစုလောက်ပဲ ရှိခဲ့တာ... ဟုတ်တယ်... ထိပ်တန်း ၁၀ ထဲ ဝင်တဲ့ ပါရမီ စွမ်းရည်တွေက အရမ်းကို အဖိုးတန်ပြီး နှစ်သောင်းနဲ့ချီမှ တစ်ခါလောက်ပဲ ပေါ်ထွက်လာတတ်ကြတယ်... သူတို့သာ ပေါ်ထွက်လာပြီဆိုရင်တော့ လောကကြီးမှာ ကြီးမားတဲ့ ကမောက်ကမဖြစ်မှုတွေ ကြုံတွေ့ရမယ့် လက္ခဏာပဲ..." နိုင်းယွမ် မသိသည်ကို ရီချန်က အံ့သြမနေဘဲ သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်ပေသည်။
"ထိပ်တန်း ပါရမီစွမ်းရည် ဆယ်မျိုးက နှစ်သောင်းနဲ့ချီမှ တစ်ခါ ပေါ်လာတာ ဟုတ်လား... အဲဒါက အမြဲတမ်းတော့ မှန်ချင်မှ မှန်မှာပါ... ကျုပ် အရင်က ကောင်းကင်မျက်လုံးသခင် တစ်ယောက်နဲ့တောင် တွေ့ဖူးသေးတယ်..." နိုင်းယွမ် ရယ်မောလိုက်၏။
"ကောင်းကင်မျက်လုံးသခင် ဟုတ်လား... မင်း ဒါကို မသိသေးဘူးပဲ... ကောင်းကင်မျက်လုံးသခင်တွေက အရမ်းစွမ်းအားကြီးပြီး ထိပ်တန်း ဆယ်ယောက်စာရင်းဝင်တယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် တကယ်တမ်းကျတော့ သူတို့အဆင့်က အဲဒီလောက် မမြင့်ပါဘူး... ဒီလို မျက်လုံးပါရမီမျိုးက အဆင့် ဆယ့်ရှစ် နေရာမှာပဲ ရှိနိုင်တာ... ဒါပေမဲ့ ဒီချီသခင် စွမ်းရည်ကတော့ အဆင့် ကိုး နေရာမှာ ရှိတယ်လေ... အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်ရင် သူတို့ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ မင်း သိသင့်တယ်... အဆင့်သတ်မှတ်ချက် ကွာဟမှုလေး သေးငယ်တာကို ကြည့်ပြီး အထင်မမှားနဲ့... အထူးပါရမီ စွမ်းအားတစ်ခုရဲ့ အဆင့်မြင့်လေလေ သူ့ရဲ့ စွမ်းအားက ပိုကြီးမားလေလေပဲ... အများအားဖြင့် အဆင့်တစ်ဆင့် ကွာဟတာနဲ့တင် ဖိနှိပ်နိုင်တဲ့ စွမ်းအားကို ယူဆောင်လာပေးနိုင်တယ်... အထူးသဖြင့် ထိပ်တန်း ဆယ်မျိုးထဲမှာ ပါတဲ့ အထူးပါရမီစွမ်းရည်တွေဆိုရင် တစ်ခုချင်းစီတိုင်းက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တယ်လို့ တင်စားလို့ရတယ်..." ရီချန်သည် ထူးခြားသည့် မွေးရာပါ ပါရမီများနှင့် ပတ်သက်၍ များစွာ သိထားပုံရပေသည်။ လူငယ်လေးက "ကောင်းကင်မျက်လုံးသခင်" အကြောင်းကို ပြောလိုက်သောအခါ သူ ခေါင်းခါယမ်း၍ ပြုံးကာ ပြောလိုက်ခြင်း ဖြစ်၏။
"ကောင်းကင်မျက်လုံးသခင်က အဆင့် ဆယ့်ရှစ် ဟုတ်လား... ဒါ... ဒါက မဖြစ်နိုင်ပါဘူးနော်..."
နိုင်းယွမ်မှာ ယင်းစွမ်းရည်က ထိပ်တန်း ဆယ်ခု စာရင်းဝင် ဖြစ်သည်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့ရာ သူက အဆင့် ဆယ့်ရှစ် နေရာတွင်သာ ရှိနိုင်သည်ဟု ရုတ်တရက် ပြောလိုက်သောကြောင့် မှင်တက်သွားရသည်။
ကောင်းကင်မျက်လုံး ပါရမီကို ပိုင်ဆိုင်ထားသော နိုင်းယွမ်မှာ ထိုပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းကောင်း သိရှိထားပေသည်။ သူ ဝင်္ကပါများ၊ ချိတ်ပိတ်စွမ်းအင်များနှင့် ထောင်ချောက် အမျိုးမျိုးကို တစ်ချက်ကြည့်ရုံဖြင့် ဖောက်ထွင်းမြင်နိုင်ပြီး အနီးသို့ပင် မကပ်ရသေးမီ ထွက်ပေါက်၊ ချီလမ်းကြောင်း နှင့် အရာရာကို မြင်တွေ့နိုင်ပေသည်။ သူ အခြားလူများ အဝေးမှ စကားပြောနေသည်ကိုပင် "ကြား" နိုင်သေး၏။ သူ၏ ပါရမီစွမ်းအား အားလုံးထဲတွင် ထိုစွမ်းရည်သည် အစွမ်းအထက်ဆုံး ဖြစ်သော်လည်း ယင်းက အဆင့် ဆယ့်ရှစ် နေရာတွင်သာ ရှိနေပေသည်။
အကယ်၍ တစ်ဖက်လူ ပြောသည်သာ အမှန်ဖြစ်ပါက အဆင့် ကိုး နေရာရှိ ချီသခင်က မည်မျှပင် စွမ်းအားကြီးမားနေမည်နည်း။
“မင်း ကျုပ်ကို မယုံသင်္ကာ ဖြစ်နေစရာ မလိုပါဘူး... ကျုပ် ဒီအကြောင်းကို သိရတဲ့ အကြောင်းရင်းက အဲဒီရတနာဆီ သွားတဲ့ ကျောက်တံခါးပေါ်မှာ ထွင်းထုထားလို့ပဲ..." လူငယ်လေးမှာ အနည်းငယ် သံသယဝင်နေပုံရသည်ကို မြင်သောအခါ ရီချန်က ရှင်းပြလိုက်ပေသည်။
"အဆင့် ကိုး ဟုတ်လား... ဒီ ချီသခင်က ဘာတွေများ ထူးခြားနေလို့ အဲဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ..."
နိုင်းယွမ်မှာ အနည်းငယ် သံသယရှိနေဆဲဖြစ်ကာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
"ဒီလို မွေးရာပါ ပါရမီမျိုးက ဒန်တျန်ထဲမှာ မူလစွမ်းအင် ဒန်တျန်တစ်ခုကို ဖွဲ့စည်းနိုင်ပြီး အမှောင်ထုထဲက ဖန်ဆင်းခြင်းစွမ်းအင်တွေကို စုပ်ယူနိုင်တယ်လို့ ကျောက်တံခါးပေါ်မှာ အသေးစိတ် ဖော်ပြထားတယ်... မင်း ဘယ်လောက်ပဲ သုံးစွဲပစ်လိုက်ပါစေ ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်တယ်... တခြားတစ်နည်းနဲ့ ပြောရရင် ဒီမွေးရာပါ ပါရမီကို ပိုင်ဆိုင်ထားတာက တစ်ကိုယ်လုံးကို အမြဲတမ်း လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခုလို ဖြစ်သွားစေတာပဲ... စွမ်းအင်ကုန်ဆုံးမှုက ဘယ်လောက်ပဲ ဆိုးရွားပါစေ စိုးရိမ်စရာ မလိုသလို ခွန်အားပြန်လည်ပြည့်ဝဖို့အတွက် ဘယ်ဆေးလုံး၊ ဘယ်ဝိညာဉ်ကျောက်တုံးမှလည်း မလိုအပ်တော့ဘူး... စဉ်းစား ကြည့်... အမှောင်ထုထဲက ဖန်ဆင်းခြင်းစွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနိုင်ပြီး အဆုံးအစမရှိတဲ့ စွမ်းအားရင်းမြစ်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ဒီလို မွေးရာပါ ပါရမီမျိုးက မကြောက်စရာကောင်းဘူးလား..."
ချီသခင်များ၏ ထူးခြားသော သဘာဝကို တွေးမိကာ ရီချန်မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်လာပြီး သက်ပြင်းချလိုက်သည်။
"ဘယ်လို..."
နိုင်းယွမ် အံ့အားသင့်သွား၏။
ကောင်းကင်မျက်လုံးသခင်ထက်ပင် ပို၍ စွမ်းအားကြီးမားနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ယင်းက အမှန်တကယ်ပင် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် ယခု သူ့ကိုယ်သူပင် ကြည့်နိုင်ပေသည်။ သူ၏ အစစ်အမှန်ချီက နေရာလွတ် ပြိုကွဲမှုကြောင့် သန့်စင်သွားခဲ့ပြီး ယင်း၏ သန့်စင်မှုမှာ တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့ပေသည်။ သူ၏ ချီပင်လယ် အကျယ်အဝန်းမှာ မပြောင်းလဲသွားသော်လည်း ထိုမျှ သန့်စင်သော အစစ်အမှန်ချီများဖြင့် ချီပင်လယ်ကို အပြည့်အဝ ဖြည့်တင်းရန်နှင့် ဖန်ဆင်းခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ မျောလွင့် ကုန်းမြေတိုက်ကြီး၏ ပေါများကြွယ်ဝလှသော ဖန်ဆင်းခြင်းစွမ်းအင်များနှင့် ဒန်တျန် ဆယ့်ငါးခုလုံးကို တစ်ပြိုင်နက်တည်း လည်ပတ်စေမည် ဆိုလျှင်ပင် ထိုအရာကို နှစ်အနည်းငယ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
အကယ်၍သာ ချီသခင် တစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက ယင်းကို မျက်စိတစ်မှိတ်အတွင်း ပြီးမြောက်အောင် လုပ်နိုင်ပေလိမ့်မည်။
အထူးသဖြင့် တိုက်ပွဲများတွင် ထိုထူးခြားလှသော ပါရမီဖြင့်ဆိုလျှင် အစစ်အမှန်ချီမှာ ကုန်ခမ်းသွားနိုင်မည် မဟုတ်ချေ။ ယွမ်ရှန်းအဆင့်မှ ပညာရှင်များကို မဆိုထားနှင့်၊ ဖန်ဆင်းခြင်းအဆင့် တတိယအဆင့်မှ ပညာရှင်များကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။
ဆယ်ရက် ဆယ်ညတိုင်တိုင် ပင်ပန်းနွမ်းနယ်မှုကို မကြောက်မရွံ့ဘဲ တိုက်ခိုက်နိုင်ခြင်း... ထိုသည်ကသာ အမှန်တကယ် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်း ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုအရာနှင့် နှိုင်းယှဉ်လိုက်လျှင် အတိတ်က ကုစားသူ၊ ခြေရာခံသခင် နှင့် သားရဲသခင်တို့မှာ မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ မရှိဘဲ ကလေးများ ဆော့ကစားနေသည်နှင့်ပင် တူနေတော့၏။
"ချီသခင် တစ်ယောက် စုပ်ယူလိုက်တဲ့ စွမ်းအင်က သူတို့ သုံးစွဲလိုက်တာတွေကိုပဲ ပြန်လည် ဖြည့်တင်းပေးနိုင်တာ... နောက်တစ်ဆင့်ကို တက်ဖို့အတွက်တော့ အသုံးပြုလို့ မရဘူး... အဲဒီလိုမှ မဟုတ်ဘဲ စွမ်းအင်တွေကို စုပ်ယူရင်းနဲ့ တစ်ချိန်တည်းမှာ အဆင့်တက်နိုင်မယ်ဆိုရင် သူတို့က သုံးရက်တောင် မပြည့်ခင်မှာတင် ဖန်ဆင်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်...”
ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော လူငယ်လေး ထိုမျှလောက် အံ့အားသင့်နေသည်ကို မြင်သောအခါ ရီချင်း ပြုံးလိုက်ပြီး ရှင်းပြလိုက်ပေသည်။
"ဟုတ်တယ်..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
တကယ်တော့ ရီချင်း မပြောလျှင်တောင် သူ ခန့်မှန်းမိနိုင်ပေသည်။
ချီသခင်၏ ဖန်ဆင်းခြင်းချီက သူ့အား အဆင့်တက်နိုင်ရန် မကူညီနိုင်လျှင်ပင် စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးနိုင်ခြင်း တစ်ခုတည်းကပင် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ပေသည်။
ထိုမျှ ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် သူ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းတိုင်း သူ၏ ချီပင်လယ်ကို ဖြည့်တင်းရန်အတွက်ပင် ရေတွက်၍မရနိုင်သော ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံးလိမ့်မည်ဟု သူ တွေးနေခဲ့မိသည်။ အကယ်၍ ယခု သူသာ ထိုမွေးရာပါ ပါရမီကို သူ့အတွက် ရယူနိုင်မည်ဆိုပါက ဝိညာဉ်ကျောက်တုံးများ မရှိလျှင်တောင်မှ ကြောက်ရွံ့နေစရာ လိုမည်မဟုတ်တော့ချေ။
အဆင့်တက်သွားသည်နှင့် တစ်ပြိုင်နက် ချီပင်လယ် ပြည့်ဝသွားမည်ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများကို မည်သည့်နေရာတွင် ရှာရမည်နည်း သို့မဟုတ် နေရာအနှံ့မှ ပစ္စည်းများကို ခိုးယူရမည်ဆိုသည်တို့ကို စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ပေ။ တွေးကြည့်ရုံနှင့်ပင် နိုင်းယွမ် ပျော်ရွှင်လာ၏။
"ခင်ဗျား ပြောခဲ့တဲ့ ရတနာက တကယ်ပဲ အဲဒီလို ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ ချီသခင် တစ်ယောက်ဆီက ဟုတ်ရဲ့လား..." အတွင်းစိတ်ထဲမှ စိတ်ကူးယဉ်မှုများကို ဖိနှိပ်ထားလိုက်ရင်း နိုင်းယွမ် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
"ဟဲဟဲ... ကျုပ်လည်း ဒါတွေကို ကျောက်တံခါးပေါ်မှာပဲ မြင်ခဲ့ရတာပါ... အဲဒီလို စီနီယာတစ်ယောက်က ဒီလို နောက်ပြောင်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်ပါတယ်...”
လူငယ်လေးက သူ့ကို မယုံသေးသည်ကို မြင်သော် ရီချန် ပြုံးလျက် ပြောလိုက်၏။
"တကယ်လို့ အဲဒါသာ အမှန်ဆိုရင်တော့ တကယ်ကို ကြောက်စရာကောင်းတာပဲ..." နိုင်းယွမ် ခေါင်းညိတ်လိုက်ပေသည်။
"တကယ်တော့ ချင်းအာက ကျင့်ကြံနေရင်းနဲ့ ဒီရတနာကို မတော်တဆ ရှာတွေ့ခဲ့တာ... သူ ပြန်လာတဲ့အခါ ကျုပ်ကို အဲဒီအကြောင်း ပြောပြပြီး အဲဒီကို ခေါ်သွားခဲ့တယ်... ကျုပ်တို့ အခက်အခဲ အများကြီး ကြုံခဲ့ရပေမယ့် ကျောက်တံခါးကိုတော့ မဖွင့်နိုင်ခဲ့ဘူး... အဲဒါက ကျုပ် လောဘတက်ပြီး ထပ်ခါတလဲလဲ ဖွင့်ဖို့ ကြိုးစားခဲ့တဲ့ အမှားလည်း ပါပါတယ်... အဲဒီလို လုပ်ခဲ့လို့ ကျန်းမိသားစုရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတာပဲ... အဲဒီနောက်တော့ သူတို့က ကျုပ်ကို နောက်ယောင်ခံလိုက်ပြီး လျှို့ဝှက် စောင့်ကြည့်ခဲ့ကြတယ်... သူတို့လည်း ရတနာရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပြီး ကျုပ်တို့ မိသားစုနှစ်ခု ပူးပေါင်းပြီး တူးဖော်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ကျုပ်ဆီ ရောက်လာခဲ့ကြတယ်... ဒါကို ကျုပ်က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ... အဲဒီကနေစပြီး ကျုပ်တို့ မိသားစုနှစ်ခုကြားက ပဋိပက္ခ စတင်ခဲ့တာပဲ...”
ထိုနေရာသို့ ရောက်သောအခါ ရီချန်သက်ပြင်းချလိုက်ပေသည်။
အခန်း ၄၀၇ ပြီး
***