"သြော်... ဒီလိုကိုး...” အကြောင်းစုံအား ကြားသော် နိုင်းယွမ် အနည်းငယ် နားလည်သွားပေသည်။
ရိုးရိုးသားသား ပြောရလျှင် ရီချန် အမှန်တကယ်ပင် လောဘအနည်းငယ် ကြီးခဲ့ပေသည်။ ရတနာဆီသို့ သွားရာ ကျောက်တံခါးမှာ ဖွင့်ရန် ခက်ခဲသောကြောင့် မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို မလုပ်ဆောင်မီ သေချာစွာ ပြင်ဆင်ထားရန် လိုအပ်ပေသည်။ သူ၏ ထပ်ခါတလဲလဲ စမ်းသပ်မှုများက မလိုအပ်သော အာရုံစိုက်မှုများကို မဆွဲဆောင်နိုင်ခဲ့လျှင်သာ ထူးဆန်းနေပေလိမ့်မည် ဖြစ်၏။
စည်းစိမ်ဥစ္စာဆိုသည်မှာ အားကောင်းသော တွန်းအားတစ်ခု ဖြစ်ပေသည်။ ယင်းက ရှေးဟောင်း ချီသခင် တစ်ယောက် ချန်ထားရစ်ခဲ့သော ရတနာဖြစ်သောကြောင့် ပမာဏ နည်းပါးမည် မဟုတ်သည်မှာ သေချာလှ၏။ ကျန်းမိသားစုသည်လည်း ထိုကိစ္စကို သေချာပေါက် ပွဲဆူအောင် လုပ်ရဲမည် မဟုတ်ဘဲ လျှို့ဝှက်စွာ ဖိနှိပ်ရန် ကြိုးစားလာမည်မှာ ရှောင်လွှဲ၍မရနိုင်သော အရာပင် ဖြစ်ပေသည်။
"မူလက ကျန်းမိသားစုမှာ ဖန်ဆင်းခြင်း အဆင့်သုံး ပညာရှင် တစ်ယောက် ရှိနေရင်တောင် ကျုပ်တို့ ရီမိသားစုမှာလည်း ကိုယ်ပိုင် အခြေခံအုတ်မြစ် ရှိထားလို့ မကြောက်ခဲ့ဘူး... နှစ်ဖက်လုံးက တစ်ဖက်ကို တစ်ဖက် ဘာမှ မလုပ်နိုင်ခဲ့ကြဘူး... ဒါပေမဲ့ ကျန်းမိသားစုရဲ့ သခင်လေး ကျန်းရိုက ကံသိပ်ကောင်းတော့.... ယွမ်ရှင်းဂိုဏ်း အကြီးအကဲ တစ်ယောက်က မျက်စိကျသွားပြီး တပည့်အဖြစ် လက်ခံလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... အဲဒီနောက်တော့ သူတို့ကို ကူညီဖို့ ဖန်ဆင်းခြင်းအဆင့် တတိယအဆင့်က ပညာရှင် တစ်ယောက်ကို စေလွှတ်ပေးခဲ့တယ်... ဒါကြောင့်မို့လို့ ကျုပ်တို့က အလှည့်တိုင်းမှာ ဖိနှိပ်ခံနေရပြီး ပြန်လည် ခုခံနိုင်စွမ်း မရှိတော့တာပဲ..."
ရီချန် ထိုကြေကွဲဖွယ် အတွေ့အကြုံများကို ပြန်လည် သတိရသွားပုံရပြီး သူ၏ မျက်ခုံးများမှာ စိုးရိမ်ပူပန်မှုများဖြင့် တွန့်ချိုးသွားပေသည်။
"ကျုပ် အရင်က ပြောခဲ့တဲ့ ဂိုဏ်းက ယွမ်ရှင်းဂိုဏ်း... ယွမ်ရှင်းဂိုဏ်း... ယွမ်ရှင်းဂိုဏ်း... သြော်... ဒီဂိုဏ်းငယ်လေးကိုး..." နှစ်ခါလောက် ထပ်ခါတလဲလဲ ရေရွတ်ပြီးနောက် နိုင်းယွမ် နောက်ဆုံးတွင် မှတ်မိသွားပေသည်။
သူ၏ ယခင်ဘဝက ယွမ်ရှင်းဂိုဏ်းအကြောင်းကို ကြားဖူးပေသည်။ ယင်းမှာ ပင်မ ဂိုဏ်းကြီး ရှစ်ဂိုဏ်း၏ ဖိနပ်ကို သယ်ပေးရန်ပင် မထိုက်တန်သော ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်၏။ သူ၏ ယခင်ဘဝက ထိုဂိုဏ်းကို အထင်သေးရန်ပင် သူ အချိန်မဖြုန်းခဲ့ချေ။ သို့တိုင် ဤနေရာတွင် ထိုဂိုဏ်းက ထိုမျှ အင်အားကြီးမားသော အင်အားစုတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဒီစီနီယာ ချန်ထားရစ်ခဲ့တဲ့ ကျောက်တံခါးကို ဖွင့်နိုင်ဖို့အတွက် အခြေအနေ တစ်ခုတည်းပဲ လိုအပ်တယ်... အဲဒါက လုံလောက်တဲ့ အစစ်အမှန်ချီ သိုလှောင်မှု ရှိဖို့ပဲ... အစစ်အမှန်ချီ ပိုများလေလေ ကျောက်တံခါးကို ပိုမြင့်မြင့် ဖွင့်နိုင်လေလေပဲ... ယွမ်ရှင်းဂိုဏ်းက အကြီးအကဲ တချို့ဆိုရင် ကျုပ်ထက် ဆယ်ဆလောက် ပိုစွမ်းအားကြီးကြတယ်... တကယ်လို့ သူတို့သာ ဖွင့်မယ်ဆိုရင် ကျောက်တံခါးကို အပြည့်အဝ ဖွင့်နိုင်မှာ သေချာတယ်... ကျန်းရိုက ဒါကို အားကိုးပြီး ကျုပ်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားနေတာ... ကျုပ်သမီးကို သူ့ဆီ လက်ထပ်ပေးဖို့ အတင်းအကျပ် တောင်းဆိုနေတယ်... ကျုပ်က သဘောမတူလို့ သူက နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတာပဲ..."
ရီချန် ခေါင်းခါယမ်းလိုက်ပြီး နိုင်းယွမ်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားကာ ပြောလိုက်သည်။ "ခုနက ညီအစ်ကို နိုင်းယွမ်ရဲ့ အစစ်အမှန်ချီတွေ လှိုင်းထန်နေပြီး စွမ်းအားတွေ နက်ရှိုင်းနေတာကို ကျုပ် မြင်လိုက်ရတယ်... သူက ယွမ်ရှင်းဂိုဏ်းက အကြီးအကဲတွေလောက် မကောင်းပေမယ့် အဲဒီအဆင့်နားကို ရောက်နေလောက်ပြီ... တကယ်လို့ မင်းသာ ကျုပ်တို့နဲ့ လိုက်ခဲ့မယ်ဆိုရင် ကျောက်တံခါးကို ဖွင့်နိုင်ပြီး ရတနာကို ရယူနိုင်ရင် လက်ရှိ အခြေအနေကို တစ်ချက်တည်းနဲ့ ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်..."
"ဒါဆိုရင်လည်း ခင်ဗျားရဲ့ ဖိတ်ခေါ်မှုကို ကျုပ် ဝမ်းမြောက်ဝမ်းသာ လက်ခံရတာပေါ့..." နိုင်းယွမ် ရယ်မောလိုက်ပေသည်။ တစ်ဖက်လူက သူ့ကို မဖိတ်ခေါ်လျှင်တောင်မှ သူက သွားမည်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ယင်းက မိုးကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်နိုင်သော ပါရမီတစ်ခုဖြစ်သည့် ချီသခင် တစ်ယောက်နှင့် ပတ်သက်နေသောကြောင့် သူ စိတ်မဝင်စားဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
ယခုလို ဖိတ်ခေါ်ခံရခြင်းက ပြဿနာတော်တော်များများကို သက်သာစေသောကြောင့် ပို၍ ကောင်းမွန်ပေသည်။
"အခု ကိစ္စတွေ ပြတ်သွားပြီဆိုတော့ ကျုပ်တို့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီး မနက်ဖြန် ခရီးထွက်ကြတာပေါ့... ညီအစ်ကို နိုင်းယွမ်ရဲ့ ဒဏ်ရာတွေရော အပြည့်အဝ သက်သာသွားပြီလား မသိဘူး... တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင် တောင်းဆိုဖို့ အားမနာပါနဲ့...”
သမီးဖြစ်သူက နိုင်းယွမ်တွင် ဒဏ်ရာများ ရှိနေသေးကြောင်း ပြောခဲ့သည်ကို ရီချန် ရုတ်တရက် သတိရသွားပြီး စိုးရိမ်တကြီး မေးလိုက်ပေသည်။
"ဘာတွေ လိုအပ်လဲ ဟုတ်လား... ကျုပ်ရဲ့ ချီပင်လယ်က အခုထိ မပြည့်သေးဘူး... ပြီးတော့ ကျုပ်ရဲ့ စွမ်းအားတွေကို ပြန်လည် ဖြည့်တင်းဖို့ ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တယ်... ခင်ဗျားတို့ ရီမိသားစုက နည်းနည်းပါးပါးလောက် ထောက်ပံ့ပေးနိုင်မလား မသိဘူး... ကျုပ် ခင်ဗျားတို့နဲ့ တစ်ခုခု ဖလှယ်ပေးလို့ ရပါတယ်..." ခဏမျှ စဉ်းစားပြီးနောက် နိုင်းယွမ် ခေါင်းကို ကုတ်ကာ ပြောလိုက်၏။
မူလက သူ၏ ဒန်တျန်ထဲရှိ အစစ်အမှန်ချီမှာ သုံးပုံတစ်ပုံပင် မပြည့်သေးချေ။ တည်နေရာကူးပြောင်း ဝင်္ကပါမှတစ်ဆင့် ဖြတ်သန်းပြီးနောက် အစစ်အမှန်ချီမှာ ပို၍ပင် သန့်စင်သွားခဲ့ပေသည်။ ခြုံပြောရလျှင် သူ၏ ကိုယ်တွင်းရှိ အစစ်အမှန်ချီမှာ ဒန်တျန် ခြောက်ပုံတစ်ပုံပင် မပြည့်သေးပေ။ သေချာသည်မှာ သူ၏ ဒန်တျန်က အလွန်ကြီးမားလွန်းသဖြင့် ခြောက်ပုံတစ်ပုံ မပြည့်လျှင်တောင်မှ သာမန်လူတစ်ယောက်၏ အပြည့်အဝ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သေးသည်ပင်။
သို့သော်လည်း ထိုချီသခင် စီနီယာက တံခါးကို ဖွင့်ရန်အတွက် ပေါများကြွယ်ဝသော အစစ်အမှန်ချီနှင့် မှော်စွမ်းအင် လိုအပ်သည်ဟု ပြောခဲ့သောကြောင့် ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်ချီ ပိုများလေလေ ပိုကောင်းလေလေသာ ဖြစ်ပေသည်။
"မင်းရဲ့ ချီပင်လယ်က မပြည့်သေးဘူး ဟုတ်လား... မင်း တကယ် ပြောနေတာလား..." လူငယ်လေး၏ စကားကို ကြားသောအခါ ရီချန် ယခုလေးတင် ခံစားခဲ့ရသော လှိုင်းထန်နေသည့် စွမ်းအားများကို ပြန်လည် သတိရသွားပြီး ထိတ်လန့်သွား၏။
‘ဒီလောက် ကြီးမားလှတဲ့ စွမ်းအားတွေနဲ့တောင် ချီပင်လယ်က မပြည့်သေးဘူးဆိုတော့... သူ့ချီပင်လယ်က ဘယ်လောက်တောင် ကြီးမားနေတာလဲ...'
သို့သော်လည်း လူတစ်ယောက်၏ ချီပင်လယ်မှာ ကန့်သတ်ချက် ရှိပေသည်။ လူငယ်လေး၏ အစစ်အမှန်ချီမှာ အလွန် ပေါများကြွယ်ဝလွန်းသဖြင့် မပြည့်သေးလျှင်တောင်မှ နီးစပ်နေလောက်ပြီ ဖြစ်၏။ တစ်ဖက်လူက ချီပင်လယ်ကို ပြန်လည် ဖြည့်တင်းချင်နေသောကြောင့် ထိုသည်မှာ မျက်နှာလိုမျက်နှာရ လုပ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်ပေသည်။ ထိုသည်ကို တွေးမိကာ ရီချန်အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အတော်အတန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ကျုပ်တို့ ရီမိသားစုရဲ့ စီးပွားရေးက သိပ်မကြီးမားပေမယ့် ဝိညာဉ်ကျောက်တုံး တချို့ကိုတော့ တတ်နိုင်ပါသေးတယ်... မင်း ဘယ်လောက် လိုအပ်လဲသာ ပြောပါ... တတ်နိုင်သမျှတော့ မင်းကို သေချာပေါက် ကျေနပ်အောင် ဖြည့်ဆည်းပေးပါ့မယ်... ဖလှယ်မယ့် ကိစ္စကိုတော့ ထပ်မပြောပါနဲ့တော့..."
"ကျုပ်က အများကြီး လိုတာမို့ပါ... ပြီးတော့ ခင်ဗျားကို ဘာမှ ပြန်မပေးဘူးဆိုရင် ဒါ... ဒါက သိပ်မကောင်းဘူးလေ..." တစ်ဖက်လူ၏ ရက်ရောသော စကားများကို ကြားသောအခါ နိုင်းယွမ် အံ့အားသင့်သွားပြီး အနည်းငယ် အားနာသွားပေသည်။ တစ်ခါတစ်ရံတွင် သူ အတော်လေး ရက်စက်တတ်သော်လည်း မည်သူ့အပေါ်တွင်မှ အခွင့်အရေး မယူချင်ပါချေ။
"မင်းက ကျုပ်သမီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာလေ... မင်းက ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးလောက် လိုအပ်တာကိုတောင် ပြန်ပြီး ဖလှယ်ချင်နေသေးတယ်ဆိုရင် ဒါက ကျုပ် ရီချန်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မနေဘူးလား... မင်း လိုချင်တဲ့ ပမာဏကိုသာ ပြောပါ... အားမနာပါနဲ့... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဆိုရင် လုံလောက်ပြီလား... ကျုပ် အခုပဲ တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်မယ်...”
လူငယ်လေး၏ အမူအရာကို မြင်သောအခါ ရီချန်ရယ်မောလိုက်သည်။
ချီပင်လယ် ကုန်းမြေတိုက်ကြီးတွင် ဝိညာဉ်ကျောက်တုံးများ မထွက်ရှိပေ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ရှိလျှင်ပင် ယင်းတို့ကို အဆုံးမဲ့ သမုဒ္ဒရာထဲမှ ရရှိခြင်းဖြစ်သောကြောင့် အလွန် ရှားပါးလှ၏။ မျောလွင့် ကုန်းမြေတိုက်ကြီး ပေါ်ရှိ အဓိက ကုန်သွယ်ရေး ငွေကြေးမှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်ပေသည်။ ရီချန်က ချမ်းသာကြွယ်ဝသော စီးပွားရေးသမား တစ်ယောက် ဖြစ်သည်။ မကြာသေးမီက ကျန်းမိသားစု၏ ချောင်ပိတ်ရိုက်ခံခဲ့ရသော်လည်း ထည့်သွင်းစဉ်းစားရမည့် အင်အားစုတစ်ခု ဖြစ်နေဆဲပင်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ဟုတ်လား..." ထိုသည်ကို ကြားသော် နိုင်းယွမ် အားနာသွားပြီး ပြောလိုက်မိသည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းက သိပ်အသုံးမဝင်ဘူး... တကယ်လို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းလောက် ရှိမယ်ဆိုရင်တော့ ကျုပ် ချီပင်လယ် တစ်ဝက်လောက်ကို ဖြည့်ဖို့ လုံလောက်မယ်လို့ ထင်တယ်... အဲဒါဆိုရင် အခြေအနေ တော်တော်များများအတွက် လုံလောက်သွားပါပြီ..."
"ငါးသိန်း ဟုတ်လား... အဲဒါတောင် တစ်ဝက်ပဲ ရှိသေးတာလား... မင်း... မင်း ထပ်လိုသေးတာလား..." ပြုံးနေသော ရီချန်မှာ လူငယ်လေး၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ပြုံးနေရာမှ ရေခဲရိုက်ခံလိုက်ရသလို တောင့်တင်းသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွား၏။
အခန်း ၄၀၈ ပြီး
***