အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်များက မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်ပေသည်။ အကယ်၍ ယင်းတို့အားလုံးကိုသာ ထုတ်ယူလိုက်မည်ဆိုပါက ထိပ်တန်းပညာရှင် ရာဂဏန်းခန့်၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်ပင် လုံလောက်သည်ထက် ပိုနေပေလိမ့်မည်။ သို့ပါသော်လည်း သူ့ရှေ့မှ ထိုလူငယ်လေးက ထိုမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို သူ့ချီပင်လယ် တစ်ဝက်ကိုသာ ဖြည့်တင်းပေးနိုင်မည်ဟု အမှန်တကယ် ပြောဆိုနေ၏။
ရီချန် တစ်ယောက် မည်သို့များ မလဲကျဘဲ နေနိုင်မည်နည်း။
ထို့အပြင် အရေးအကြီးဆုံးမှာ သူတို့ မိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို ပေါင်းလိုက်လျှင်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသိန်းခန့်သာ ထုတ်ပေးနိုင်မည် ဖြစ်သည်။ ရီချန်အသက်ရှူမဝတော့သလို ခံစားလိုက်ရပြီး သတိလစ်မတတ်ပင် ဖြစ်သွားရ၏။
သနားစရာကောင်းသည်မှာ သူက လိုအပ်သလောက်သာ တောင်းပါဟု ယခုလေးတင် အလွန်အမင်း ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်ထားခဲ့မိခြင်းပင်။
"ဘာလဲ... စီနီယာ ရီချန် အခက်အခဲ ဖြစ်နေလို့လား... အဲဒီလိုဆိုရင်လည်း ထားလိုက်ပါတော့... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းဆိုတာက သာမန်လူတစ်ယောက် ထုတ်ပေးနိုင်တဲ့ ပမာဏမျိုး မဟုတ်တာ သေချာပါတယ်..."
သူ၏ အမူအရာကို မြင်သောအခါ နိုင်းယွမ် အခြေအနေကို နားလည်သွားပြီး တစ်ဖက်လူကို အခက်မတွေ့စေချင်သောကြောင့် ခေါင်းခါယမ်းလိုက်သည်။
"ထုတ်ပေးနိုင်ပါတယ်... ချင်းအာ... ဒီတစ်ခေါက် သမီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်လောက် ရှာလာခဲ့တယ် မဟုတ်လား... အားလုံးကို ထုတ်ပေးလိုက်စမ်း..." လူငယ်လေး ထိုသို့ပြောသည်ကို ကြားသောအခါ ရီချန် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရပေသည်။ သူ နှာခေါင်းတစ်ချက် ရှုံ့ကာ ကျယ်လောင်စွာ ပြောလိုက်၏။
ထိုစကားကို မည်သူကများ သူ့ကို အလောတကြီး ပြောခိုင်းခဲ့မိပါသနည်း။
‘ဘယ်လောက်လဲသာပြော... ဘာမှ ပေးစရာမလိုဘူးတဲ့လား...’
ထိုသည်ကို တွေးမိကာ ရီချန် ပါးစပ်ကို ကော်ဖြင့် ကပ်ထားလိုက်ချင်စိတ် ပေါက်သွားတော့၏။
"ဟုတ်ကဲ့..." ဖခင်ဖြစ်သူ၏ အမူအရာကို မြင်သောအခါ ရီချင်း ပြုံးလိုက်ပြီး သူမ၏ လက်ကို တစ်ချက်လှန်လိုက်ရာ အခန်းထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီး ပေါ်လာပေသည်။
ကြည့်ရသည်မှာ ရီချင်းတွင်လည်း သိုလှောင်ဒန်တျန်ရှိနေပုံပင်။
သိုလှောင်ဒန်တျန်က အထူး မွေးရာပါ ပါရမီများကြားတွင် အလွန် အတွေ့ရများပေသည်။ ယင်း၏ လုပ်ဆောင်ချက်မှာ ပစ္စည်းများကို သိုလှောင်ရန် သက်သက်သာ ဖြစ်၏။ မျောလွင့် ကုန်းမြေတိုက်ကြီး ပေါ်ရှိ ပညာရှင် အများအပြား ထိုဒန်တျန် အမျိုးအစားကို ပိုင်ဆိုင်ထားကြပေသည်။
"ဟူး..." သမီးဖြစ်သူ ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးလိုက်သည်ကို မြင်သောအခါ ရီချန် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ့ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေသော်လည်း သူတို့ မိသားစု၏ ရတနာတိုက်ကို ဖွင့်ရန် တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပြီး သိုလှောင်ထားသော ဝိညာဉ်ကျောက်တုံး အားလုံးကို သယ်ဆောင်လာခိုင်းလိုက်၏။
ဝိညာဉ်ကျောက်တုံး အရေအတွက် အားလုံးကို ပေါင်းလိုက်သောအခါ အတိအကျ ငါးသိန်း တင်းတင်းပြည့်နေပြီး ပိုလည်းမပို၊ လိုလည်း မလိုပေ။
"ညီလေး နိုင်းယွမ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေက အဆင့်မြင့်တွေ မဟုတ်တော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်က သိပ်မသန့်စင်ဘူး... ပြီးတော့ စုပ်ယူဖို့လည်း တော်တော်လေး ဒုက္ခများတယ်... တကယ်လို့ မင်းက ဒီဝိညာဉ်ကျောက်တုံးတွေ အားလုံးကို တစ်ပြိုင်နက်တည်း စုပ်ယူမယ်ဆိုရင် လနဲ့ချီပြီး အချိန်ယူရလိမ့်မယ်... ငါထင်တာတော့ မင်း အဲဒါတွေကို အရင်ဆုံး သိမ်းထားလိုက်သင့်တယ်... ရတနာဆီ သွားတဲ့ လမ်းခရီးကျမှ ငါတို့ ဖြည်းဖြည်းချင်း စုပ်ယူကြတာပေါ့..."
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဝိညာဉ်ကျောက်တုံးများကို မြင်ပြီး ရီချန်၏ ရင်ထဲတွင် နာကျင်မှု တစ်ချက်ကို ခံစားလိုက်ရသော်လည်း သူ အလွန် ရက်ရောစွာဖြင့် ပြောလိုက်ပေသည်။
"လနဲ့ချီပြီး ဟုတ်လား... မလိုပါဘူး..."
နိုင်းယွမ် ရယ်မောလိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းတို့ လေထဲသို့ ပျံတက်သွားပြီး မဟာခန်းမဆောင်ကြီး တစ်ခုလုံးတွင် မိုးကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ ပြည့်နှက်သွား၏။
"ဝိညာဉ်ကျောက်တုံးတွေ ကွဲကြေသွားပြီး ဝိညာဉ်စွမ်းအင်တွေ လှိုင်းထန်လာစေ..."
ခပ်တိုးတိုး အော်ဟစ်လိုက်ရင်း နိုင်းယွမ် လက်ဖဝါးဖြင့် အထက်သို့ ဆုပ်ကိုင်လိုက်၏။
ခွမ်း ခွမ်း ခွမ်း....
ကြည်လင်ပြတ်သားသော အသံများနှင့်အတူ အခန်းထဲရှိ ဝိညာဉ်ကျောက်တုံး အားလုံး တစ်ပြိုင်နက်တည်း ကွဲကြေသွားပြီး ယင်းတို့ထဲတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်များက ချက်ချင်းပင် ဖြောင့်တန်းသော ဝိညာဉ်စွမ်းအင် နဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားကာ အခန်းထဲတွင် လှည့်လည် ကျုံးဝါးလာ၏။
မဟာခန်းမဆောင်ကြီးမှာ ဟာရီကိန်း မုန်တိုင်းတစ်ခု၏ ဗဟိုချက်တွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်စွမ်းအင်များ နေရာအနှံ့ လည်ပတ်နေကာ မိုးကြိုးသံများနှင့် မြေငလျင်များကို ဖြစ်ပေါ်လာပေသည်။ စွမ်းအားကြီးမားလှသော ဝိညာဉ်စွမ်းအင်များက အခန်းတစ်ခုလုံးကို အချိန်မရွေး ပြိုကျပျက်စီးသွားစေမည့်အလား ဖြစ်နေ၏။
"ဟင်... မင်း ဘာတွေ လုပ်နေတာလဲ... ဒီလောက်များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေကို... မင်း ရူးနေပြီလား... မင်းရဲ့ ချီပင်လယ်က ဘယ်လောက်ပဲ ကျယ်ဝန်းပြီး ပြန်လည်ဖြည့်တင်းဖို့ ဝိညာဉ်စွမ်းအင်တွေ အများကြီး လိုအပ်နေပါစေ လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းက ကန့်သတ်ချက် ရှိတယ်လေ... မင်း ဝိညာဉ်စွမ်းအင် နဂါးကြီးကို ဖန်တီးလိုက်မယ်ဆိုရင် မင်း မွန်းကျပ်ပြီး သေသွားလိမ့်မယ်..."
လူငယ်လေး၏ လုပ်ရပ်ကို မြင်သောအခါ ရီချန်နှင့် ရီချင်း တို့၏ မျက်နှာအမူအရာများမှာ တစ်ဖန် ပြောင်းလဲသွားပြီး သေမတတ် ထိတ်လန့်သွားကြ၏။
ကျင့်ကြံခြင်း ဆိုသည်မှာ အစာစားသကဲ့သို့ပင် ဖြစ်ပေသည်။ မည်မျှပင် ကောင်းမွန်သော အစားအစာများ ရှိနေပါစေ၊ မည်မျှပင် လောဘကြီးနေပါစေ သို့မဟုတ် မည်မျှပင် အစားအသောက် ကြီးနေပါစေ သင်၏ ပါးစပ်မှာ ထိုမျှသာ ကြီးမားပေသည်။ တစ်လုတ်တည်း စားရုံဖြင့် ဝဖြိုးလာမည် မဟုတ်သလို တစ်လုတ်တည်းနှင့်လည်း ဗိုက်ပြည့်သွားမည် မဟုတ်ချေ။
ယခုအချိန်တွင် နိုင်းယွမ်က ချက်ချင်း ချမ်းသာချင်နေသည်ဟူသော အထင်အမြင်မျိုးကို သူတို့အား ပေးစွမ်းနေပေသည်။ ဝိညာဉ်ကျောက်တုံး ငါးသိန်း ဆိုသည်မှာ မည်မျှများပြားသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပေးမည်နည်း။ ယင်းက အစောပိုင်းအဆင့် ပါရဂွန်အဆင့် ပညာရှင် ၅၀၀ ခန့်ကို အထွတ်အထိပ်အဆင့်သို့တိုင်အောင် ကျင့်ကြံရန်ပင် လုံလောက်ပေလိမ့်မည်။
သူက ထိုဝိညာဉ်စွမ်းအင် အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်းမှာ အခန်းတစ်ခန်းစာ ချောကလက်များကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ပါးစပ်ထဲသို့ အတင်းအကျပ် ထိုးသိပ်ထည့်နေသကဲ့သို့ပင်။ အကယ်၍ ထိုမျှ ကြီးမားသော ပါးစပ်ရှိနေလျှင်ပင် အားလုံးကို မျိုချနိုင်စွမ်း ရှိရပေမည်။ ရီချန် ငိုချင်စိတ်ပင် ပေါက်လာ၏။
သူက ယွမ်ရှန်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး သူ ကျင့်ကြံသောအခါ ဝိညာဉ်ကျောက်တုံးများ လိုအပ်သော်လည်း အမြန်ဆုံး စုပ်ယူနိုင်စွမ်းမှာ တစ်ကြိမ်လျှင် အတုံးတစ်ရာခန့်သာ ဖြစ်ပေသည်။ ထိုလူငယ်လေးက တစ်ကြိမ်တည်းနှင့် ငါးသိန်းကို အသုံးပြုနေ၏။
‘သွားပါပြီ... ကြည့်ရတာ ဒီဝိညာဉ်စွမ်းအင် အားလုံး အလဟဿ ဖြစ်သွားတော့မယ် ထင်တယ်...’
လူငယ်လေးအနေဖြင့် ထိုမျှများပြားသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် မဖြစ်နိုင်ဟု သူတို့နှစ်ယောက် ထင်မှတ်နေချိန်တွင်ပင် လူငယ်လေး၏ ဆဲလ်များ လှုပ်ရှားမှုက မျက်စိတစ်မှိတ်အတွင်း ဆယ်ဆခန့် မြင့်တက်သွားသည်ကို သူတို့ မြင်လိုက်ကြရသည်။ လူငယ်လေးက ဧရာမ တွင်းနက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား လေထဲတွင် ပျံသန်းနေသော ဝိညာဉ်စွမ်းအင် နဂါးကြီးကို တစ်ကျိုက်တည်းနှင့် မျိုချပစ်လိုက်၏။
ဂလု... ဂလု...
ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် လူငယ်လေးသည် ကျေနပ်သွားပုံရကာ နောက်ထပ် လိုချင်နေသေးသည့် အမူအရာဖြင့် ထိုနေရာတွင် ရပ်နေပေသည်။
"ဒါ..."
ထိုသည်ကို မြင်သောအခါ ရီချန်နှင့် သူ၏သမီး ရီချင်း တို့ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ၏။
"မဆိုးပါဘူး... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေရဲ့ အရည်အသွေးက နည်းနည်း နိမ့်ပေမယ့် အတုံးရေ ငါးသိန်းက ချီပင်လယ် တစ်ဝက် ပြန်ပြည့်သွားတယ်... အရင်ကနဲ့ ယှဉ်ရင် စွမ်းအားတွေ တိုးမလာပေမယ့် ဒီလောက် ပေါများကြွယ်ဝတဲ့ အစစ်အမှန်ချီတွေက လောလောဆယ် ထိန်းထားဖို့ လုံလောက်ပါတယ်..."
ဝိညာဉ်စွမ်းအင် နဂါးကြီးကို မျိုချပြီးနောက် နိုင်းယွမ် ယခင်က ခန်းခြောက်နေသော ချီပင်လယ်မှာ နောက်ဆုံးတွင် အနည်းငယ် ပြည့်ဝလာသည်ကို ခံစားလိုက်ရပေသည်။ သူ၏ အစစ်အမှန်ချီမှာ တစ်ဝက်ခန့်အထိ ပြန်လည် ပြည့်ဝလာသဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ စိတ်လှုပ်ရှားဖွယ် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။
"တစ်ဝက် ဟုတ်လား... ဒါကို ချီပင်လယ်လို့ ခေါ်လို့ ရသေးရဲ့လား..."
လူငယ်လေး၏ ရင်နင့်ဖွယ် စကားများကို ကြားသောအခါ သားအဖနှစ်ယောက်လုံး ငိုချင်စိတ်ပင် ပေါက်သွားကြတော့သည်။
လူငယ်လေး ပထမဆုံး ပြောခဲ့စဉ်က သူတို့ မယုံကြည်ခဲ့သော်လည်း ယခု ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ သူ မည်မျှ ကြောက်မက်ဖွယ် ကောင်းမှန်း နားလည်သွားရသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းက သူ၏ ချီပင်လယ် တစ်ဝက်ကိုသာ ပြန်လည် ဖြည့်တင်းပေးနိုင်သည် ဟူသည်မှာ...
‘ချီပင်လယ်ရော ဟုတ်သေးရဲ့လား... ဘယ်သူ့ရဲ့ ချီပင်လယ်က ဒီလောက် ကြီးလို့လဲ...’
"ဟဲဟဲ... ခင်ဗျားတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဒီလောက် အများကြီး သုံးလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ကျုပ် အလကားတော့ မသုံးပါဘူး... ဒါက ကျင့်စဉ်တစ်ခုပါ... ပင်မ ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှာတော့ ဒါက အဖိုးတန်တယ်လို့ မသတ်မှတ်ထားပေမယ့် ယွမ်ရှင်းဂိုဏ်းအတွက်တော့ သေချာပေါက် ရတနာတစ်ခု ဖြစ်မှာပါ... စီနီယာ ရီချန်... တကယ်လို့ ခင်ဗျားသာ ဒါကို အခြေခံပြီး ကျင့်ကြံမယ်ဆိုရင် ငါးနှစ်တောင် မပြည့်ခင်မှာ ဖန်ဆင်းခြင်းအဆင့်ရဲ့ တတိယအဆင့်ကို တက်ဖို့ ပြဿနာ မရှိပါဘူး..."
လူတိုင်း ဒေဝါလီခံရမတတ် ဝိညာဉ်ကျောက်တုံး အများအပြားကို အသုံးပြုလိုက်ရသဖြင့် နိုင်းယွမ် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပေသည်။ စိတ်ဖြင့် အမြန် စစ်ဆေးကြည့်ပြီးနောက် သူ ကျောက်စိမ်းပြား တစ်ခုပေါ်တွင် ကျင့်စဉ်တစ်ခုကို ချန်ထားရစ်လိုက်၏။
သူပြောခဲ့သလိုပင် ထိုကျင့်စဉ်က ပင်မ ဂိုဏ်းကြီး ရှစ်ဂိုဏ်းကြားတွင် ထူးခြားပြောင်မြောက်လှသည် မဟုတ်သော်လည်း ယွမ်ရှင်းဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးတစ်ခုနှင့် နှိုင်းယှဉ်ပါက ယင်းကို သေချာပေါက် အဆင့်မြင့်သည်ဟု မှတ်ယူနိုင်ပေသည်။
"ငါးနှစ်အတွင်းမှာ ဖန်ဆင်းခြင်း တတိယအဆင့်ကို တက်ဖို့ ကူညီပေးနိုင်တယ် ဟုတ်လား..."
ရီချန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာ၏။
ဝိညာဉ်ကျောက်တုံး အများအပြား ကုန်ဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော မနှစ်မြို့ဖွယ် ခံစားချက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ပုံမှန် အခြေအနေများအောက်တွင် သူ၏ လက်ရှိ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ကျင့်စဉ်များဖြင့် ယွမ်ရှန်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိခြင်းကပင် သူ၏ ကန့်သတ်ချက် ဖြစ်နေပြီး တစ်သက်တာတွင် နောက်ထပ် အဆင့်တက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ ယခု လူငယ်လေးက သူ အမှန်တကယ်ပင် ငါးနှစ်အတွင်း ဖန်ဆင်းခြင်း တတိယအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ပြောနေသည်။ ထိုသည်မှာ အရင်က သူ အိပ်မက်ပင် မမက်ရဲခဲ့သော အရာတစ်ခုလိုပင်။ သူ မည်သို့များ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
"အင်း..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်..." ရီချန် ကျောက်စိမ်းတံဆိပ်ပြားကို အမြန် သိမ်းဆည်းလိုက်သည်။ အကယ်၍ လူငယ်လေး ပြောသည်သာ မှန်ကန်ပါက ဤတစ်ကြိမ်တွင် သူ အမြတ်ကြီး ထွက်သွားပြီ ဖြစ်၏။ ထိုကျင့်စဉ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်း မဆိုထားနှင့်၊ တစ်သန်း သို့မဟုတ် ငါးသန်းဖြင့်ပင် ဝယ်ယူရန် ခက်ခဲပေလိမ့်မည်။
မျက်တောင်တစ်ချက် မခတ်ဘဲ ထိုမျှ နက်နဲသော ကျင့်စဉ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်ပြီး မြို့သခင်ကို ကြက်တစ်ကောင်အလား သမခဲ့သူ... ထိုနိုင်းယွမ် ဆိုသည်မှာ အတိအကျ မည်သူနည်း။
"သခင်ကြီး... မကောင်းတော့ဘူး... ကျန်းမိသားစုက ရောင်းရိုမြို့က နာမည်ကြီး ပုဂ္ဂိုလ် တော်တော်များများနဲ့အတူ ကျွန်တော်တို့ကို လာရှာနေကြတယ်... သူတို့က ကျွန်တော်တို့တွေ မြို့သခင်ကို မတရား ဖမ်းဆီးထားတယ်... ဒါက ရာဇဝတ်မှု မြောက်တယ်ဆိုပြီး ရီမိသားစု တစ်ခုလုံးကို မျိုးဖြုတ်သုတ်သင်ပစ်ချင်နေကြတယ်..."
ထိုစဉ် အပြင်ဘက်မှ စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အဘိုးအို တစ်ယောက် ပြေးဝင်လာပေသည်။
"စောင့်နေတဲ့ ကိစ္စကတော့ နောက်ဆုံးမှာ ရောက်လာခဲ့ပြီပဲ..."
အဘိုးအို၏ အော်ဟစ်သံကို ကြားသောအခါ နိုင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
ယခင်က မြို့သခင်နှင့် ကျန်းရွယ်တို့ကို အနိုင်ယူခဲ့ဖူးသဖြင့် သူတို့က ထိုကိစ္စကို အလွယ်တကူ လွှတ်ထားမည် မဟုတ်ကြောင်း သူ သိထားပြီး ဖြစ်သည်။ ယခု သူ၏ ခန့်မှန်းချက် မှန်ကန်သွားပုံရပြီး ဖြစ်လာမည့် အရာများကတော့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"ရီချန်... အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း..."
ရီချန် စကားမပြောနိုင်မီ အပြင်ဘက်မှ ကျယ်လောင်သော ကျုံးဝါးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအသံမှာ မိုးကြိုးသံကဲ့သို့ မြေပြင်တစ်ခုလုံးကို တုန်ခါသွားပေသည်။
"ဖန်ဆင်းခြင်းအဆင့်ရဲ့ တတိယအဆင့်... မသေခြင်းအဆင့် ပညာရှင်ပဲ..."
ထိုအသံကို ကြားသောအခါ နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
ချီပင်လယ် အဆင့်ကဲ့သို့ပင် ဖန်ဆင်းခြင်းအဆင့်ကိုလည်း အဆင့်ကိုးဆင့် ခွဲခြားထားပေသည်။
ပထမအဆင့်ဖြစ်သော ဖန်းလီအဆင့်တွင် အစစ်အမှန်ချီက မှော်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်က ဖျက်ဆီးခြင်းချီဖြင့် သန့်စင်ခံရကာ စွမ်းအားများ အကြီးအကျယ် တိုးတက်လာပေသည်။
ဒုတိယအဆင့်ဖြစ်သော ယွမ်ရှန်းအဆင့်တွင် လေထဲမှ လောကဦး ယွမ်ရှန်း အမှုန်အမွှားများကို စုပ်ယူကာ ယွမ်ရှန်း ခန္ဓာကိုယ်ကို ဖွဲ့စည်းရပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မှော်စွမ်းအင်များ ပိုမို သိုလှောင်နိုင်စေရန်နှင့် မှော်စွမ်းအင်များ လည်ပတ်ရန် ပိုမို သင့်လျော်စေရန် ပြုလုပ်ပေးပေသည်။
တတိယအဆင့်မှာ မသေခြင်းအဆင့် ဖြစ်ပေသည်။ ထိုအဆင့်က သေဆုံးခြင်းကင်းမဲ့သော ထာဝရရှင်သန်ခြင်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ သေဆုံးပြီးနောက်တွင်တောင်မှ ပျက်စီးယိုယွင်းခြင်း မရှိဘဲ ပြီးပြည့်စုံစွာ တည်ရှိနေသော ခန္ဓာကိုယ်ကို ဆိုလိုခြင်း ဖြစ်၏။
အမှန်တကယ်တော့ ထိုမိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်းက သက်ရှိထင်ရှား ရှိစဉ် မသေခြင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီး သူ မမှားဘူးဆိုလျှင် ယင်းက မသေခြင်းအထွတ်အထိပ် အဆင့်တွင် ရှိနေလောက်ပေသည်။
ဖန်ဆင်းခြင်းအဆင့်၏ ဒုတိယအဆင့်ဖြစ်သော ယွမ်ရှန်းအဆင့်က ခန္ဓာကိုယ်ကိုသာ ပြောင်းလဲစေပေသည်။ စွမ်းအားသက်သက်အရ ဆိုလျှင် ယင်းက ဖန်းလီအထွတ်အထိပ် အဆင့်နှင့် များစွာ မကွာခြားဘဲ ဆင်ကောင်ရေ ၅၀,၀၀၀မှ ၁၀၀,၀၀၀ ခန့်သာ ရှိပေသည်။ စွမ်းအား ကွာဟချက်မှာ သိသာထင်ရှားလှသည် မဟုတ်ချေ။
ယွမ်ရှန်းအဆင့် ပညာရှင်များ စွမ်းအားကြီးမားရသည့် အကြောင်းရင်းမှာ ယွမ်ရှန်း ခန္ဓာကိုယ်က မှော်စွမ်းအင် လည်ပတ်မှုအတွက် ပိုမို သင့်လျော်သောကြောင့် ဖြစ်၏။ တူညီသော စွမ်းအားပင်လျှင် ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးတွင် ပိုမို အစွမ်းထက်ပေသည်။
ဖန်ဆင်းခြင်းအဆင့်၏ ပထမ အဆင့်နှစ်ဆင့်ကြားရှိ စွမ်းအား ကွာဟချက်မှာ သိသာထင်ရှားမှု မရှိသော်လည်း တတိယအဆင့်တွင်မူ ထိုကွာဟချက်မှာ တဖြည်းဖြည်း ပေါ်လွင်လာပေသည်။ အများအားဖြင့် တူညီသော အဆင့်တစ်ခုတည်း၏ အစောပိုင်းအဆင့်နှင့် အလယ်အဆင့်ကြား ကွာဟချက်မှာပင် ကြီးမားလှ၏။ ဥပမာအားဖြင့် မသေခြင်းအထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ယောက်က မသေခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ ရာဂဏန်းခန့်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ထိုသည်က သူတို့နှစ်ခုကြားရှိ ကွာဟချက်ကို ပြသနေခြင်းပင်။
အသစ်ရောက်လာသူက ဖန်ဆင်းခြင်းအဆင့်၏ တတိယအဆင့် - မသေခြင်းအဆင့်မှ စွမ်းအားကြီးမားသော ပညာရှင် တစ်ယောက် ဖြစ်သော်လည်း သူ၏ အသံနှင့် အငွေ့အသက်ကို ကြည့်ခြင်းအားဖြင့် သူက မသေခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသေးကြောင်း နိုင်းယွမ် သိနိုင်ပေသည်။ အကယ်၍ သူ အနိုင်မယူနိုင်လျှင်တောင်မှ တစ်ဖက်လူကလည်း သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
"ကျန်းဖုန်း... မင်း ငါတို့ ရီမိသားစုဆီ လာပြီး ဒီလောက်တောင် ပွဲဆူအောင် လုပ်နေတာ ဘာလိုချင်လို့လဲ..."
သုံးယောက်လုံး အပြင်ထွက်ကာ ခြံဝင်းထဲသို့ ဝင်လိုက်ကြပေသည်။ ထိုနေရာတွင် လူဒါဇင်ပေါင်းများစွာ ရပ်နေသည်ကို သူတို့ မြင်လိုက်ရ၏။ ရှေ့ဆုံးမှ လူမှာ မျက်ခုံးပင့်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူကား ရီချန်ကို အေးစက်စက် ကြည့်နေ၏။
ကြည့်ရသည်မှာ ထိုသူက ကျန်းမိသားစု၏ အစွမ်းအထက်ဆုံး ဘိုးဘေးဖြစ်သူ ကျန်းဖုန်း ဖြစ်ပုံရပေသည်။
အခြားသူများမှာမူ ကျန်းဖုန်း စုစည်းထားသော ရောင်းရို မြို့မှ နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ပုံပင်။ ထိုလူများအားလုံး အတော်လေး စွမ်းအားကြီးမားကြပြီး ထက်ဝက်ကျော်ခန့်မှာ ယွမ်ရှန်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း သူတို့အားလုံးမှာ ယွမ်ရှန်းအစောပိုင်းအဆင့်တွင်သာ ရှိနေကြသေး၏။
"ကြည့်ရတာ ဒီလူငယ်လေးက ယွမ်ရှင်းဂိုဏ်းရဲ့ တပည့် ကျန်းရို ဖြစ်ပုံရတယ်..."
လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်ပြီးနောက် နိုင်းယွမ်၏ အကြည့်များက မှုန်ကုပ်ကုပ် မျက်နှာထားနှင့် လူငယ်လေး တစ်ယောက်အပေါ်တွင် ကျရောက်သွား၏။
ထိုလူ၏ လှုပ်ရှားမှုတိုင်းတွင် မောက်မာမှုနှင့် ထောင်လွှားမှုများကို ထုတ်လွှတ်နေပေသည်။ အခြားသူများက သူ့ကို မမှတ်မိဘဲ ယွမ်ရှင်းဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ကြောင်း မသိမည်ကို စိုးရိမ်နေသည့်အလား သူ၏ ရင်ဘတ်တွင် "ယွမ်ရှင်းဂိုဏ်း" ဟူသော စာလုံးသုံးလုံး ရေးထိုးထားသည့် ကျောက်စိမ်းပြားငယ်လေး တစ်ခုကိုပင် ချိတ်ဆွဲထားသေး၏။
ထိုမျှလောက် အရူးအမူး နိုင်လွန်းသော အတိုင်းအတာအထိ လုပ်ဆောင်ထားခြင်းမှာ အမှန်တကယ်ပင် မှတ်သားလောက်စရာ ကောင်းလှပေသည်။
အခန်း ၄၀၉ ပြီး
***