“ဘာလိုချင်လို့လဲ ဟုတ်လား... အရေးမပါတဲ့ ရီမိသားစုက မိစ္ဆာတွေ၊ ဓားပြတွေနဲ့ ပူးပေါင်းကြံစည်ရုံသာမကဘဲ မြို့သခင်ကို လူသိရှင်ကြား ရိုက်နှက်ပြီး အကျဉ်းချထားရဲသေးတယ်... မင်းတို့က သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ထားတာပဲ... မင်းတို့ကို အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲပစ်လိုက်ရင်တောင်မှ လူထုရဲ့ ဒေါသကို ပြေပျောက်စေဖို့ လုံလောက်မှာ မဟုတ်ဘူး... မြို့သခင်ကို အခုချက်ချင်း ပြန်လွှတ်ပေးပြီး တောင်းပန်တဲ့အနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်း ပေးမယ်ဆိုရင်တော့ မင်းတို့ကို ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်ပေးနိုင်လိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင်တော့ ဒီနေ့ မြို့သခင်ကိုယ်စားရော၊ ရောင်းရိုမြို့က လူတိုင်းကိုယ်စားပါ မင်းတို့ ရီမိသားစု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်..."
ကျန်းဖုန်း၏ အသံမှာ အေးစက်နေပေသည်။
"မြို့သခင်ကို အခုချက်ချင်း ပြန်လွှတ်ပေးပြီး သခင်ကြီး ကျန်းဖုန်း ပြောတဲ့အတိုင်း လုပ်လိုက်စမ်း... အဲဒါဆိုရင် မင်းတို့ ရီမိသားစုရဲ့ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင်တော့ မင်းတို့အားလုံး သေရလိမ့်မယ်..."
"ဟုတ်တယ်... ဘယ်လိုတောင် သစ္စာဖောက်တဲ့ လောက်ကောင်တွေလဲ... သူက မြို့သခင်ကိုတောင် ဖမ်းဆီးရဲတယ်... သူ့ကို ဘယ်သူက အဲဒီလောက် သတ္တိတွေ ပေးထားတာလဲ..."
"မြန်မြန်လုပ်စမ်း... ဒါမှမဟုတ် ငါတို့ကိုယ်တိုင် လှုပ်ရှားလာတာကို မင်းတို့ မျှော်လင့်နေတာလား..."
အခြား နာမည်ကြီး ပုဂ္ဂိုလ်များမှာ ကျန်းဖုန်း၏ လာဘ်ထိုးခြင်းကို ခံထားရပုံရပေသည်။ သူ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးမှာလည်း ဒေါသတကြီး ကျုံးဝါးလိုက်ကြပြီး သူတို့၏ ကြီးမားလှသော အရှိန်အဝါများမှာ မိုးကောင်းကင်ယံသို့တိုင် ထိုးတက်သွားတော့၏။
"မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး ဓားပြဖြစ်လာတယ် ဟုတ်လား... မင်းက လူတစ်ယောက်ကို အကွက်ဆင်ဖို့ အကြောင်းပြချက် အမြဲတမ်း ရှာနိုင်တာပဲ..." ကျန်းဖုန်း၏ စကားကို ကြားသောအခါ ရီချန် အင်္ကျီလက်စကို တစ်ချက် ခါယမ်းလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"တကယ်တော့ ဒီကိစ္စက ညှိနှိုင်းလို့ ရပါတယ်... တကယ်လို့ ဦးလေးရီ ချင်းအာကို ကျုပ်နဲ့ လက်ထပ်ပေးဖို့ သဘောတူမယ်ဆိုရင် မြို့သခင်ကို အခြေအနေတွေ သေချာ ရှင်းပြပေးလို့ ရပါတယ်... အဲဒါဆိုရင် ခင်ဗျားတို့ ရီမိသားစုကလည်း ဒီမထိုက်တန်တဲ့ ဘေးဒုက္ခကနေ ရှောင်လွှဲနိုင်မှာပေါ့..."
ကျန်းရို ရှေ့သို့ လျှောက်လာပြီး မျက်လုံးများထဲတွင် ကိလေသာ ရမ္မက်များဖြင့် ရီချင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"ရှင်နဲ့ လက်ထပ်ရမယ် ဟုတ်လား... အိပ်မက်သာ မက်နေလိုက်..." ရီချင်း၏ လှပသော မျက်နှာလေး ဒေါသကြောင့် နီရဲသွားသည်။
"မင်း သဘောမတူလည်း ရပါတယ်... ဒါပေမဲ့ မင်းတို့ ရီမိသားစုက ဘေးဒုက္ခနဲ့ ကြုံတွေ့ရတော့မယ်... ပြီးတော့ အသက်ရှင်နိုင်မလားဆိုတာတောင် မသေချာဘူးလေ... တကယ်လို့ မင်းသာ ငါနဲ့ လက်ထပ်မယ်ဆိုရင် ငါက ယွမ်ရှင်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်တဲ့အတွက် မြို့သခင်က ဒေါသထွက်နေရင်တောင်မှ ငါ့မျက်နှာကို ထောက်ပြီး မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးလိမ့်မယ်..."
ကျန်းရို၏ စကားများတွင် အထက်စီးဆန်သော လေသံများ ပါဝင်နေ၏။
"ကောင်းပြီ... အားလုံး ငြင်းခုံနေတာကို ရပ်လိုက်ကြတော့... မြို့သခင်ကို ကျုပ် ဖမ်းထားတာ... တကယ်လို့ ခင်ဗျားတို့ တစ်ခုခု လုပ်ချင်တယ်ဆို ကျုပ်ဆီ လာခဲ့ကြ..."
ငြင်းခုံမှုများ ပိုမို ကြီးထွားလာသည်ကို မြင်သောအခါ နိုင်းယွမ် ခေါင်းခါယမ်းလိုက်ပြီး ရှေ့သို့ ထွက်လာလိုက်သည်။
သူတို့ မိသားစုဆီမှ ဝိညာဉ်ကျောက်တုံး အများအပြားကို ယူထားပြီး ယခု သူတို့က ချီသခင် ချန်ထားရစ်ခဲ့သော ရတနာကို ရှာဖွေရာတွင် ကူညီပေးမည်ဟု မျှော်လင့်နေသောကြောင့် သူ ဝင်မပါ၍ မရတော့ပုံပေါ်ပေသည်။
"မြို့သခင်ကို မင်း ဖမ်းထားတာ ဟုတ်လား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... သာမန် ပါရဂွန်အဆင့် ပုရွက်ဆိတ်လို အမှိုက်ကောင်ကများ... ငါ့လမ်းကနေ ဖယ်စမ်း..."
ကျန်းရို နိုင်းယွမ်ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပေသည်။
ကြည့်ရသည်မှာ နိုင်းယွမ်က မြို့သခင်နှင့် အခြားသူများကို ဖမ်းဆီးထားမှန်း သူ မသိပုံရပေ။ ထိုသို့သာ မဟုတ်လျှင် သူ၏ သတ္တိ ဆယ်ဆခန့် ရှိနေလျှင်တောင်မှ ထိုကဲ့သို့ စကားမျိုးကို ဘယ်တော့မှ ပြောရဲမည် မဟုတ်ပါချေ။
"မင်းက ကျုပ်ကို ထွက်သွားဖို့ ပြောနေတာလား..." နိုင်းယွမ်၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပေသည်။
"ကောင်းပြီ... မင်း ထွက်မသွားဘူးဆိုရင် ငါ ကူညီပေးရတာပေါ့..."
ကျန်းရို အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် လှုပ်ရှားလိုက်၏။
ရီချင်း ကဲ့သို့ပင် သူသည်လည်း ဖန်းလီအစောပိုင်းအဆင့်တွင် ရှိနေပေသည်။ ယွမ်ရှင်းဂိုဏ်းမှ လေ့ကျင့်သင်ကြားပေးပြီးနောက် သူ ဂိုဏ်း၏ သိုင်းပညာ အချို့ကို သင်ယူတတ်မြောက်ခဲ့၏။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ခြံဝင်းတစ်ခုလုံး မှော်စွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး ရေတွက်၍မရနိုင်သော လက်ဝါးရာများမှာ သည်းထန်စွာ ရွာသွန်းနေသော မိုးပေါက်များကဲ့သို့ ကျဆင်းလာတော့သည်။
ယွမ်ရှင်းဂိုဏ်း သိုင်းပညာ... မိုးပေါက်လက်ဝါး ....
မိုးပေါက်များကဲ့သို့သော လက်ဝါးရာများက ကောင်းကင်စာရင်းဝင် ပါရဂွန်အဆင့် ပညာရှင် တစ်ယောက်၏ အပြည့်အဝ စွမ်းအားများကို သယ်ဆောင်ထားပြီး ရာနှင့်ချီကာ မိုးကောင်းကင်ယံမှ တစ်ပြိုင်နက်တည်း ကျဆင်းလာသည်။ ယင်းတို့၏ လှပမှုနောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖုံးကွယ်ထား၏။
"သောက်ကျိုးနည်း... မင်းက ယင်ကောင် ရိုက်ဖို့ ကြိုးစားနေတာလား..."
နိုင်းယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်တစ်ဖက်ဖြင့် ရှေ့သို့ လှမ်းဆွဲလိုက်၏။ သူ၏ လက်ဖဝါးက ဟင်းလင်းပြင်နှင့် အချိန်၏ ကန့်သတ်ချက်များကို ချိုးဖောက်သွားသကဲ့သို့ ဖြစ်သွားပြီး လက်ဝါးရာ မိုးပေါက်များကို ချက်ချင်း ဖောက်ထွင်းကာ ကျန်းရို၏ လည်ပင်းတွင် ရပ်တန့်သွားပေသည်။
“အိ…”
လက်ဝါးရာများ အားလုံး လုံးဝ ပျောက်ကွယ်သွားပြီး ကျန်းရိုမှာ ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ လက်ဖဝါးဖြင့် ညင်သာစွာ ဆွဲမခံလိုက်ရ၏။
"ဟင်..."
"ယွမ်ရှင်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း လက်ဝါးသိုင်း အဖျက်ဆီးခံလိုက်ရရုံတင် မကဘူး... သူက ယင်ကောင်ရိုက်တာလို့တောင် ပြောလိုက်သေးတယ်..."
သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ထူးဆန်းစွာ ပြောင်းလဲသွားကြသည်။
"မင်း ဘာလိုချင်တာလဲ... ကျန်းရိုကို အောက်ချပေးလိုက်စမ်း..."
ကျန်းဖုန်း မူလက သားဖြစ်သူကို သိုင်းစွမ်းရည်များ ထုတ်ကြွားခိုင်းပြီး အထင်ကြီးသွားကြစေရန် ရည်ရွယ်ထားသော်လည်း လှုပ်ရှားမှု တစ်ဝက်တောင် မလုပ်နိုင်မီမှာပင် ရန်သူ၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရပေသည်။ သူ မျက်နှာထား ချက်ခြင်း ပြောင်းလဲသွားပြီး နိုင်းယွမ်ကို ဖမ်းဆွဲရန် သူ၏ ညာဘက် လက်ဖဝါးကို လှန်လိုက်၏။
ဘုန်း...
မသေခြင်းအဆင့် ပညာရှင် တစ်ယောက်သည် အမှန်တကယ်ပင် မသေခြင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်ပေသည်။ သူက အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်းအားကြီးမားလှသော ခွန်အားများကို ချက်ချင်း ထုတ်ဖော်ပြသလိုက်၏။ ထိုခွန်အားက ယွမ်ရှန်းအထွတ်အထိပ် အဆင့်တွင် ရှိနေသူများကိုပင် အများကြီး ကျော်လွန်နေပေသည်။
မိုးကောင်းကင်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း အမိုးခုံးတစ်ခုဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွား၏။ တိုက်ခိုက်မှု မရောက်လာမီမှာပင် စွမ်းအားကြီးမားလှသော ဖိအားများကြောင့် နိုင်းယွမ်မှာ အသက်ရှူရ ခက်ခဲလာပြီး အစစ်အမှန်ချီ လည်ပတ်မှုပင် နှေးကွေးသွားသည်။
နိုင်းယွမ် မည်မျှပင် စွမ်းအားကြီးမားနေပါစေ သူက ဖန်ဆင်းခြင်းအဆင့်သို့ မတက်ရသေးပါချေ။ ထို့ကြောင့် သူနှင့် မသေခြင်းအဆင့် ပညာရှင် တစ်ယောက်ကြားရှိ ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှ၏။
ထိုတိုက်ခိုက်မှုကို ထိပ်တိုက် မရင်ဆိုင်နိုင်မှန်း သိသောကြောင့် နိုင်းယွမ် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခြေလှမ်းများကို ယိမ်းယိုင်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက် သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျန်းရို၏ လည်ပင်းကို ဆွဲကိုင်ကာ ကျန်းဖုန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ရှေ့သို့ တွန်းပို့လိုက်၏။
"မင်းနာမည်က ကျန်းရိုမလား... ကြည့်ရတာ မင်းအဖေက မင်းကို အသက်မရှင်စေချင်တော့ဘူး ထင်တယ်..."
ရှေ့သို့ တွန်းပို့လိုက်သည်မှာ အလွန် လိမ္မာပါးနပ်သော လမ်းကြောင်းတစ်ခုမှ ဖြစ်ပြီး ကျန်းဖုန်း၏ တိုက်ခိုက်မှု အားလုံးကို ပြီးပြည့်စုံစွာ ပိတ်ဆို့ထားနိုင်ပေသည်။ အခြားတစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ ကျန်းဖုန်းသာ မရပ်တန့်ပါက သားဖြစ်သူကိုသာ သတ်မိသွားမည် ဖြစ်ပြီး နိုင်းယွမ်မှာမူ ဘာမှဖြစ်မည် မဟုတ်ချေ။
"မင်း..."
သူ၏ ရှေ့မှ လူငယ်လေးက သားဖြစ်သူကို ဒိုင်းကာအဖြစ် အမှန်တကယ် အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျန်းဖုန်း အလွန် ဒေါသထွက်သွားပြီး ထိတ်လန့်သွားသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူ လက်များကို ဖြန့်ကားလိုက်ပြီး တိုက်ခိုက်မှုကို ပြန်လည် ရုပ်သိမ်းလိုက်ရတော့၏။
သူ၏ စွမ်းအားများကို အတင်းအကျပ် ပြန်လည် ရုပ်သိမ်းလိုက်ရသောကြောင့် မျက်နှာ ဖြူရော်သွားပြီး ဒဏ်ရာရသွားသကဲ့သို့ ဖြစ်သွားပေသည်။
"လူငယ်လေး... မင်းက တကယ်တမ်း ဘယ်သူလဲ... ဒါက ငါတို့နဲ့ ရီမိသားစုကြားက ကိစ္စပဲ... ဒါကြောင့် ကျေးဇူးပြုပြီး မင်းကိုယ်မင်း အခက်တွေ့အောင် မလုပ်ပါနဲ့..."
တစ်ဖက်လူက သားဖြစ်သူကို ဒိုင်းကာအဖြစ် အသုံးပြုလိုက်ခြင်းသည် အခွင့်အရေး ယူတတ်ပုံရသော်လည်း ထိုမျှ အချိန်တိုလေးအတွင်း ထိုမျှလောက် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေခြင်းက လူငယ်လေးက သာမန်လူ မဟုတ်ဘဲ အနည်းဆုံးတော့ သူ့သားထက် အများကြီး ပိုမို စွမ်းအားကြီးမားမှန်း သိသာပေသည်။
တစ်ဖက်လူ မြို့သခင်ကို ဖမ်းဆီးထားသည်ဟု အစောပိုင်းက ပြောခဲ့သည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် အကယ်၍ ယင်းသာ အမှန်ဖြစ်ပါက ထိုမျှ ငယ်ရွယ်ပြီး စွမ်းအားကြီးမားလှသော လူတစ်ယောက်တွင် ရှုပ်ထွေးသော မိသားစု နောက်ခံတစ်ခု ရှိနေရမည်မှာ သေချာလှ၏။
ကျန်းဖုန်း ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သူ ဖြစ်သောကြောင့် မဆင်မခြင် ပြုမူတတ်သူ တစ်ယောက် မဟုတ်ချေ။ သူ အပြစ်မပြုသင့်သော လူအချို့ ရှိနေကြောင်း သိထားသဖြင့် ချက်ခြင်း ရပ်တန့်လိုက်ပြီး လေသံကို အနည်းငယ်နှိမ့်ကာ ပြောလိုက်၏။
"ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်တာ ဟုတ်လား... ကျုပ်က ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်ရတာကို အနှစ်သက်ဆုံးပဲ..." နိုင်းယွမ်က ကျန်းရို၏ လည်ပင်းကို ဆုပ်ကိုင်ထားရင်း ပြုံးလျက် ပြောလိုက်၏။
"မင်းက ဒီကိစ္စမှာ ဝင်ပါဖို့ အတင်းအကျပ် လုပ်နေမှတော့ မင်းရဲ့ နာမည်နဲ့ ဂိုဏ်း ဒါမှမဟုတ် မိသားစုကို ကျေးဇူးပြုပြီး ပြောပြပါ... တကယ်လို့ ငါတို့ကြားမှာ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ရဲ့ ဆက်ဆံရေး ထိခိုက်ဖို့က ရှောင်လွှဲလို့ မရဘူးလေ..." လူငယ်လေး၏ အကြောက်အလန့် ကင်းမဲ့နေမှုကို မြင်သောအခါ ကျန်းဖုန်း ပို၍ပင် သတိချပ်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျုပ်က ခင်ဗျားနဲ့ အတိတ်က ဘာပတ်သက်မှုမှ မရှိခဲ့သလို ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းမှာမှလည်း မပါဝင်ပါဘူး..." နိုင်းယွမ်က ပြောလိုက်၏။
"ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်ဘူး ဟုတ်လား... မင်း မပြောချင်လို့ပဲ ဖြစ်ဖြစ်၊ တကယ်ပဲ ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်တာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး... ကျန်းရိုက ယွမ်ရှင်းဂိုဏ်းရဲ့ အမြင့်ဆုံး အကြီးအကဲ တစ်ယောက်ရဲ့ တပည့်ပဲ... သူ့ကို အခုချက်ချင်း ပြန်လွှတ်ပေးဖို့ ငါ အကြံပေးချင်တယ်... အဲဒီလိုမှ မဟုတ်ရင်တော့ ယွမ်ရှင်းဂိုဏ်းရဲ့ လက်စားချေမှုကို မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."
ကျန်းဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ယွမ်ရှင်းဂိုဏ်းရဲ့ လက်စားချေမှု ဟုတ်လား..."
နိုင်းယွမ် စကားပြော၍ မဆုံးမီမှာပင် ကျန်းဖုန်း ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း နိုင်းယွမ်၏ ရှေ့သို့ ရောက်ရှိလာကာ လက်ဖဝါးဖြင့် နိုင်းယွမ်၏ ရင်ဘတ်ကို ဖိချလိုက်၏။
သူက တစ်ဖက်လူ၏ အာရုံကို လွှဲပြောင်းရန်နှင့် သားဖြစ်သူကို ကယ်တင်ရန် အလစ်အငိုက် တိုက်ခိုက်ဖို့ အဓိပ္ပာယ်မရှိသော စကားများကို အများကြီး ပြောနေခဲ့ခြင်းသာ ဖြစ်ပေသည်။
ထိုအလစ်အငိုက် တိုက်ခိုက်မှု၏ အချိန်ကိုက်မှုမှာ အလွန် လိမ္မာပါးနပ်လှ၏။ အကယ်၍ နိုင်းယွမ်သာ ကျန်းရိုကို မလွှတ်ပေးပါက သူ လက်ဝါးရိုက်ချက်ကို ခံရမည်ဖြစ်ပြီး သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခြင်း တစ်ခုခုတော့ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ သူသာ ကျန်းရိုကို လွှတ်ပေးလိုက်ပါက ပြန်လည် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
မသေခြင်းအဆင့် ပညာရှင် တစ်ယောက်ပီပီ သူ၏ ပထမဆုံး လှုပ်ရှားမှုကပင် နိုင်းယွမ်ကို မည်သို့ပင် တုံ့ပြန်ရန် ကြိုးစားပါစေ အရေးနိမ့်သွားစေပေသည်။
"ကောင်းတယ်..."
နိုင်းယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြိုင်ဘက်၏ ကျင့်စဥ်က ကျွမ်းကျင်ပိုင်နိုင်လှကာ ရှောင်တိမ်းရန် မဖြစ်နိုင်မှန်း သူ သိလိုက်၏။ သူ ရုတ်တရက် လေကို မှုတ်ထုတ်လိုက်ရာ စွမ်းအင်စီးကြောင်းတစ်ခု ရှေ့သို့ တည့်တည့် ပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွား၏။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်မှာ လက်သီးတစ်ဆုပ်စာခန့် အောက်သို့ ချိုင့်ဝင်သွားတော့သည်။
သိုင်းပညာရှင်များကြား တိုက်ခိုက်မှုတွင် ခွန်အား တစ်စက်ကလေးမျှပင် အလဟဿ မဖြစ်စေရပေ။ နိုင်းယွမ် ရင်ဘတ်ကို ရုတ်တရက် လက်သီးတစ်လုံးစာ ချိုင့်လိုက်သောကြောင့် ကျန်းဖုန်း၏ အလစ်အငိုက် တိုက်ခိုက်မှုက အချည်းနှီး ဖြစ်သွား၏။
"တိုက်ပွဲ အတွေ့အကြုံကောင်းပဲ... ဒါပေမဲ့ မင်း သေရမှာပါပဲ..."
သူ၏ ပစ်မှတ်ကို လွဲချော်သွားပြီးနောက် ကျန်းဖုန်း နောက်မဆုတ်ဘဲ ထိုအစား သူ၏ မျက်လုံးများထဲတွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်သွားပြီး ရှေ့သို့ ထပ်မံ တိုးဝင်လာကာ တံတောင်ဖြင့် နိုင်းယွမ်၏ ဝမ်းဗိုက်အောက်ပိုင်းကို တိုက်ခိုက်လိုက်သည်။
လှုပ်ရှားမှုများမှာ ချောမွေ့ပြီး ဆက်တိုက် ဖြစ်သောကြောင့် နိုင်းယွမ် တုံ့ပြန်ရန် အချိန်မရချေ။ အကယ်၍ သူက ကျန်းရိုကို ဒိုင်းကာအဖြစ် ထပ်မံ အသုံးပြုချင်လျှင်ပင် အချိန်အလုံအလောက် မရှိတော့ပါချေ။
"ဟမ့်..."
ချီပင်လယ် ကုန်းမြေတိုက်ကြီးမှ ပညာရှင်များဟု ခေါ်ဆိုသူများက နိုင်းယွမ်ဆီမှ သိုင်းကွက် နှစ်ကွက်ပင် ခံနိုင်ရည် မရှိခဲ့ကြချေ။ မျောလွင့် ကုန်းမြေတိုက်ကြီးမှာမူ ကွာခြားပေသည်။ သူတို့၏ တိုက်ပွဲ အသိအမြင်နှင့် သိုင်းစွမ်းရည်များမှာ များစွာ သာလွန်နေ၏။ ပြိုင်ဘက်၏ လှုပ်ရှားမှုများ ချောမွေ့နေသည်ကို နိုင်းယွမ် မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ပေသည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ လင်းလက်သွားပြီး သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
သွေးမိစ္ဆာသခင် က တိုက်ခိုက်ရန်အတွက် မွေးဖွားလာပြီး တိုက်ခိုက်ရင်းနှင့်သာ သေဆုံးသွားမည့်သူ ဖြစ်သောကြောင့် တိုက်ခိုက်ရမည်ကို သူ မည်သို့များ ကြောက်ရွံ့နေမည်နည်း။
သူ၏ ခြေလှမ်းများ ချော်ထွက်သွားပြီး ရုတ်တရက် ညာဘက်လက်ကို လှန်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။
ဘန်း....
အသားနှင့် အရိုးများ ရိုက်ခတ်သွားသော တုံးတိတိ အသံတစ်ခုနှင့်အတူ လက်မောင်းချင်း ရိုက်မိသွားကြပြီး သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ညည်းညူလိုက်ကြကာ နောက်သို့ တစ်လှမ်းစီ ဆုတ်လိုက်ရပေသည်။
"ဒီလူငယ်လေးက ကျန်းဖုန်း နဲ့ ထိပ်တိုက် ရင်ဆိုင်တာကို သရေကျသွားတာလား..."
"ကျန်းဖုန်း ရဲ့ နာမည်ပြောင်က သံမဏိ တံတောင်ဆစ်လေ... သူ့ရဲ့ တံတောင်ဆစ် သိုင်းကွက်တွေက အရမ်း စွမ်းအားကြီးတယ်... ဒါ့အပြင် သူက မသေခြင်းအဆင့်ကို ရောက်နေပြီ... သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးယိုယွင်းခြင်း ကင်းမဲ့ပြီး အသားအရေက သံမဏိလို မာကျောနေတာ... ဒါတောင်မှ ဒီလို ထိပ်တိုက် ရင်ဆိုင်မှုကို ခံနိုင်ရည် ရှိနေသေးတယ်ဆိုတော့ ဒီလူငယ်လေးက တကယ်ပဲ ပါရဂွန်အဆင့် တစ်ယောက်ပဲလား..."
ပွဲလာကြည့်သော နာမည်ကြီး ပုဂ္ဂိုလ်များ အားလုံးက အလွန် မြင့်မားသော စံနှုန်းများ ရှိသူများ ဖြစ်ကြသော်လည်း သူတို့၏ ရှေ့တွင် ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး လက်သီးများကို တင်းတင်း ဆုပ်မိလိုက်ကြပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ လင်းလက်သွားကြပေသည်။
ကျန်းဖုန်းက အလွန် စွမ်းအားကြီးမားနေပြီ ဖြစ်ပြီး သူ၏ သံမဏိ တံတောင်ဆစ် သိုင်းကွက်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ရောင်းရို မြို့ကို မဆိုထားနှင့်၊ အနီးအနားရှိ မြို့ ဒါဇင်ပေါင်းများစွာတွင်ပင် ယင်းကို ခံနိုင်ရည်ရှိသူ အလွန် နည်းပါးလှပေသည်။ ယခု သူက အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ်သာ ရှိသေးသော ပါရဂွန်အဆင့် တစ်ယောက်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသဖြင့် သူတို့အားလုံး အသက်ရှူရ ခက်ခဲသွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားကြတော့သည်။
"စီနီယာရီ... ကျေးဇူးပြုပြီး ကျန်းရိုကို စောင့်ကြည့်ပေးထားပါ..."
သူတို့နှစ်ယောက်ကြား အကွာအဝေးကို ကျယ်သွားစေရန် နောက်သို့ တစ်လှမ်းစီ ဆုတ်လိုက်ကြသည်။ နိုင်းယွမ် ခက်ခဲသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရမှန်း သိသောကြောင့် ဟန်ဆောင်မနေတော့ချေ။ သူ လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဘယ်ဘက်လက်တွင် ရှိနေသော ကျန်းရိုကို ရီချန်ထံသို့ ပစ်ပေးလိုက်၏။
ကျန်းရိုမှာ ယခုအခါ သေလုမြောပါး ဖြစ်နေပြီး ရီချန်မှာ ယွမ်ရှန်းအထွတ်အထိပ် အဆင့်တွင် ရှိနေသောကြောင့် သူ့ကို ဖမ်းဆီးရန် အလွန် လွယ်ကူလှပေသည်။
"ကောင်းပြီ..."
ကျန်းရိုကို ဖမ်းဆီးထားခြင်းက တစ်ဖက်လူကို လှုပ်ရှားရန် တုံ့ဆိုင်းသွားစေမည့် အရေးကြီးသော ဝှက်ဖဲတစ်ချပ် ဖြစ်ကြောင်း ရီချန်သိသောကြောင့် သူ ရှေ့သို့ တစ်လှမ်း တိုးကာ ဖမ်းယူလိုက်၏။
"ကောင်းတယ် သိပ်ကောင်းတယ်... ကြည့်ရတာ ဒီနေ့ ငါ မင်းကို မသတ်ဘဲနဲ့ ငါ့သားကို ပြန်ပေးမှာ မဟုတ်ဘူး ထင်တယ်... အဲဒီလိုဆိုမှတော့ သေလိုက်တော့..."
လူငယ်လေး၏ လုပ်ရပ်ကို မြင်သောအခါ ကျန်းဖုန်း၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူ၏ မျက်နှာထားက သားကောင်ကို စောင့်ကြည့်နေသော လင်းယုန်ငှက် တစ်ကောင်ကဲ့သို့ ရက်စက်ပြီး အေးစက်နေကာ လက်ချောင်း ဆယ်ချောင်းတို့က လင်းယုန် လက်သည်းများကဲ့သို့ ကွေးကောက်လာ၏။
သူ၏ ခန္ဓာကိုယ်က မသေခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် များစွာ ကြံ့ခိုင်နေပြီး လက်ရှိ လှုပ်ရှားမှုများက အနီးကပ် တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။
"အနီးကပ် တိုက်ခိုက်ချင်တာလား... အခွင့်အရေး ပေးရတာပေါ့..."
နိုင်းယွမ် အကြောက်အလန့် မရှိချေ။ သူ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး လက်ပြန် လက်သီးတစ်ချက် ထိုးချလိုက်ပေသည်။
"လင်းယုန်လက်သည်း ကျောက်တုံးခွဲ..."
ကျန်းဖုန်း၏ လက်ချောင်း ဆယ်ချောင်းမှာ ချိတ်များကဲ့သို့ ဖြစ်နေပြီး စွမ်းအင်များက နိုင်းယွမ်၏ လက်မောင်းကို ဖုံးလွှမ်းသွားကာ နိုင်းယွမ်၏ လက်မှ အသားကို ဆွဲဖြဲပစ်ရန် ကြိုးစားလိုက်သည်။
"မဟာခွန်အား ဒန်တျန်... အလွှာ ၁၀၀ အတွင်းအား..."
နိုင်းယွမ်သည်လည်း အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ချေ။ ပြိုင်ဘက်၏ နည်းဗျူဟာများကို သူ မည်သို့များ ဖောက်ထွင်း မမြင်နိုင်ဘဲ နေမည်နည်း။ သူ၏ လက်မောင်းကို တစ်ချက် ခါလိုက်ရာ ခန္ဓာကိုယ်ရှိ ကြွက်သားများ အားလုံး တွန့်လိမ်သွားပြီး ရုတ်တရက် အသံတစ်သံနှင့်အတူ အလွှာ ၁၀၀ အတွင်းအားကို အလျားလိုက် ထုတ်လွှတ်လိုက်၏။
ဘန်း...
ကျန်းဖုန်း လက်ချောင်းများ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားကာ လက်ဖဝါးမှာလည်း အပ်များဖြင့် အထိုးခံရသကဲ့သို့ ဖြစ်သွားသည်။ တဆက်တည်း "ဘုတ်" ဟူသော အသံနှင့်အတူ သူ နောက်သို့ လဲကျသွားတော့၏။
အခန်း ၄၁၀ ပြီး
***