လင်းထျန်းလုံ စိတ်ကူးတစ်ခုရသွားပြီး သာမန် ရေခဲပင်မသလင်းကျောက် အချို့ကို ထုတ်ယူကာ စိတ်စွမ်းအားကိုအသုံးပြု၍ သေးငယ်သော ဆွဲသီးလေးနှစ်ခုအဖြစ် ထုဆစ်လိုက်သည်။
“ဒါတွေက သမီးတို့အတွက် အကာအကွယ်ဆွဲသီးလေးတွေ” သူက ရှောင်ယင်းတို့နှစ်ဦးကို ညင်သာစွာ ဆွဲပေးလိုက်သည်။
“ဒါလေးတွေ ဝတ်ထားရင် သမီးတို့ မချမ်းတော့ဘူး”
ရှောင်ယင်းက ရေခဲသလင်းဆွဲသီးလေးကို ဝမ်းသာအားရ ဆော့ကစားနေသည်။
“အရမ်းလှတာပဲ။ ကျေးဇူးပါဖေဖေ”
ရှောင်လန်ကလည်း ချိုမြိန်သော အပြုံးလေး ပြလိုက်သည်။ “သမီးတို့ အမြဲတမ်း ဝတ်ထားပါ့မယ်”
“ရှောင်လန်၊ ဒီရေခဲသတ္တုက သာမန်ပဲဆိုပေမယ့် ဝံပုလွေဖေဖေရဲ့ စွမ်းအားနဲ့ ကောင်းချီးပေးခံရပြီးနောက်မှာ အထူးအာနိသင်တစ်ခု ရှိသွားသလိုပဲ”
“ဟုတ်တယ်၊ ဒီအထဲမှာပါတဲ့ ကာကွယ်ရေးစွမ်းအားကို ငါခံစားမိတယ်”
အရင်းအမြစ်ခွဲဝေမှု ပြီးဆုံးလုနီးချိန်တွင် မိခင်သစ်ပင်ထံမှ ပြင်းထန်သော လှုပ်ခတ်မှုတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ကြယ်ရောင်များ ရေတံခွန်ပမာ စီးကျလာပြီး ပင်မပင်စည်ပေါ်ရှိ အက်ကွဲကြောင်းများမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်စေ့လာသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင် အသွင်ပြောင်းလဲမှု ၆၅ ရာခိုင်နှုန်း ပြီးစီးပါပြီ။ ပင်ကိုယ်စွမ်းရည်သစ် အသက်စွမ်းအင်ပဲ့တင်ထပ်ခြင်း (ရွှေရောင် အဆင့်မြင့်) နိုးထလာပါသည်။
ဤအခိုက်အတန့်တွင် နှင်းဝံပုလွေအားလုံး၏ အငွေ့အသက်များ သိမ်မွေ့စွာ မြင့်တက်လာသည်ကို လင်းထျန်းလုံ ချက်ချင်း ခံစားလိုက်ရသည်။ မိခင်သစ်ပင်၏ ပင်ကိုယ်စွမ်းရည်အသစ်က ဝံပုလွေအုပ်တစ်ခုလုံးကို အမှန်တကယ် အကျိုးပြုနိုင်စွမ်း ရှိလေသည်။
သို့သော် ထိုအချိန်မှာပင် ယင်းဖုန်း၏ အရေးပေါ်သတင်းပို့သံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
“ဘုရင်မင်းမြတ် အနောက်ဘက်စစ်မျက်နှာစာက ရန်သူ့ရှေ့ပြေးတပ်ဖွဲ့ မိုင်ငါးဆယ်အကွာအဝေးထဲကို ဝင်လာပါပြီ။ ခြောက်နာရီအတွင်း ထိတ်တိုက်တွေ့မယ်လို့ ခန့်မှန်းထားပါတယ်”
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများ ချက်ချင်း စူးရှသွားသည်။
‘နောက်ဆုံးတော့ ရောက်လာပြီပဲ'
ယင်းဖုန်း၏ အရေးပေါ်သတင်းပို့သံက ခေါင်းပေါ် ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး ဝံပုလွေအသိုက်တစ်ခုလုံးကို အမြင့်ဆုံး တိုက်ပွဲဝင်အနေအထားသို့ ချက်ချင်း ရောက်ရှိသွားစေသည်။
“သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ လူဦးရေကကော…..” လင်းထျန်းလုံက တည်ငြိမ်စွာ မေးလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ခြင်းဆက်သွယ်ခြင်းမှတစ်ဆင့် အားလုံးထံ စစ်ရေးဖွဲ့စည်းပုံ အမိန့်များ ချမှတ်ပေးလိုက်လေသည်။
“ရှေ့ပြေးတပ်ဖွဲ့က လူငါးဆယ်လောက်ရှိတယ်၊ မီးစွမ်းအားရှင်လူသားက ကိုယ်တိုင် ဦးဆောင်လာတာ၊ သူတို့ရဲ့ အနောက် သုံးမိုင်လောက်မှာ အကြီးစားလက်နက်တွေ တပ်ဆင်ထားတဲ့ လူနှစ်ရာလောက်ရှိတဲ့ ပင်မတပ်ဖွဲ့လည်း ရှိသေးတယ်”
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ပြိုင်ဘက်သည် ရှေ့ပြေးတပ်ဖွဲ့ကို အသုံးပြုပြီး ဝံပုလွေအသိုက်၏ ကာကွယ်ရေးကို စမ်းသပ်ကာ ပင်မတပ်ဖွဲ့က နောက်မှလိုက်မည့် ရည်ရွယ်ချက်ရှိပုံရသည်။
“ထျန်းပင်း မင်းရဲ့ တပ်ဖွဲ့တွေကို ပြင်ဆင်ထားပြီးပီလား”
“အချိန်မရွေး တိုက်ခိုက်ဖို့အသင့်ပါပဲ” ရွှေရောင်ရင့်ရင့် ဧရာမဝံပုလွေကြီး၏ပတ်လည်တွင် ချော်ရည်ပုံသဏ္ဍာန်များ စီးဆင်းနေသည်။
မြေအောက်မီးလျှံနှလုံးသားနှင့် အမြုတေ ပေါင်းစပ်မှုက ရလဒ် သိသိသာသာထွက်ပေါ်နေပြီဖြစ်သည်။
“ရန့်မြဲ့ ကာကွယ်ရေးစနစ်ကရော”
“အဓိကအချက်အချာ အားလုံး အသင့်ဖြစ်နေပါပြီ၊ ရေပြာကြေးခွံအစောင့်အရှောက်တွေကို လက်တွေ့တိုက်ပွဲအတွက် အသုံးပြုနိုင်ပါပြီ”
အစောင့်အရှောက်ခေါင်းဆောင်၏ အသံက အေးစက်ပြီး ယုံကြည်မှုအပြည့်ရှိနေသည်။
လင်းထျန်းလုံက စစ်ဆင်ရေးအမိန့်များပေးရန် ပြင်ဆင်နေစဉ် မိခင်သစ်ပင်ထံမှ ထူးဆန်းသော ပဲ့တင်ထပ်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ကြယ်ရောင်များက အစစ်အမှန်အရာဝတ္ထုတစ်ခုပမာ ကျဆင်းလာပြီး နှင်းဝံပုလွေအားလုံး၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းဝန်းတစ်ခု ဖွဲ့စည်းသွားသည်။
[စနစ်အသိပေးချက်]။ ။တိုတမ်မိခင်သစ်ပင်၏ ပင်ကိုစွမ်းရည် အသက်စွမ်းအင်ပဲ့တင်ထပ်ခြင်း အသက်ဝင်သွားပါပြီ။ လက်အောက်ခံအားလုံး၏ စွမ်းရည် စုစုပေါင်း ၁၅ ရာခိုင်နှုန်း တိုးတက်လာပြီး စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှု အမြန်နှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာပါသည်။
ဤရုတ်တရက် အားဖြည့်မှုက ဝံပုလွေအုပ်စု၏ စိတ်ဓာတ်ကို များစွာ မြင့်တက်သွားစေသည်။
အရင်းအမြစ်များကို စုပ်ယူထားခါစဖြစ်သော မဟာနှင်းအစောင့်အရှောက်များပင် သူတို့၏ကိုယ်တွင်း၌ စွမ်းအားများဆူပွက်နေသည်ကို ခံစားလိုက်ရပြီး နှင်းခဲအကာအကွယ်၏ အလင်းရောင်များက ပိုမိုခိုင်မာလာသည်။
“မိခင်သစ်ပင်ကလည်း ငါတို့ကို အားပေးနေပုံရတယ်” ရှောင်ယင်းက ဝမ်းသာအားရ ပြောလိုက်ပြီး သူမ၏ ရင်ဘတ်ပေါ်ရှိ ရေခဲသတ္တုဆွဲသီးလေးက ကြယ်ရောင်ကို ရောင်ပြန်ဟပ်နေသည်။
ရှောင်လန်ကလည်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ “သစ်ပင်ကြီးက အားလုံးကို ကာကွယ်ပေးနေတာ”
ကိုယ်တွင်းရှိ တိုးတက်လာသော စွမ်းအားများကို ခံစားရင်း လင်းထျန်းလုံ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်။ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ဝံပုလွေအုပ်စုကို ကြည့်ကာ သူ၏အသံက အဖွဲ့ဝင်တိုင်းထံသို့ ရောက်ရှိသွားသည်။
“ဒီတိုက်ပွဲမှာ ငါတို့ဝံပုလွေအသိုက်ကို ကျူးကျော်လို့မရဘူးဆိုတာ ရန်သူအားလုံးကို နားလည်အောင် လုပ်ပေးရမယ်”
“အမဲလိုက်သမားတွေ ရှေ့ထွက်ပြီးကင်းထောက်၊ ရန်သူ့လှုပ်ရှားမှုတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့”
“လုပ်ကြံသတ်ဖြတ်သူတွေ လေမည်းတောင်ကြောမှာ ခြုံခိုစောင့်နေ၊ တိုက်ခိုက်ဖို့ ငါ့အမိန့်ကိုစောင့်”
“အစောင့်အရှောက်တွေ အကာအကွယ်အချက်အချာတွေကို သေချာထိန်းထား၊ ကာကွယ်ရေးစနစ် မပျက်စီးအောင် သေချာလုပ်”
အမိန့်များ ပေးပြီးသည်နှင့် တစ်ပြိုင်နက် ဝံပုလွေအုပ်စုသည် တိကျသော စစ်ယန္တရားကြီးတစ်ခုပမာ လည်ပတ်လာတော့သည်။ ယင်းဖုန်းက အမဲလိုက်သမားများကို ဦးဆောင်ကာ ညအမှောင်ထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။
ထျန်းပင်းက လုပ်ကြံသတ်ဖြတ်သူများကို ခေါ်ကာ ကြိုတင်သတ်မှတ်ထားသော ခြုံခိုစောင့်မည့်နေရာသို့ သွားပြီး ရန့်မြဲ့က အစောင့်အရှောက်များကို သူတို့၏နေရာများတွင် နေရာယူထားရန် အမိန့်ပေးလိုက်သည်။
ထို့နောက် လင်းထျန်းလုံသည် သူ့သမီးနှစ်ဦးကို ခေါ်ကာ ဝံပုလွေအသိုက်၏ အမြင့်ဆုံးနေရာရှိ စောင့်ကြည့်ရေးစခန်းသို့ သွားနေသည်။
ဤနေရာမှနေ၍ စစ်မြေပြင်တစ်ခုလုံးကို သူ ငုံ့ကြည့်နိုင်ပြီး သူ၏ ငွေပြာဘုရင်မျက်၀န်းဖြင့် မိုင်ပေါင်းများစွာ အကွာအဝေးရှိ စွမ်းအင်လှိုင်းများကို ရှင်းလင်းစွာ ဖမ်းယူနိုင်သည်။
“ဖေဖေ ဘာလို့ အဲဒီလူဆိုးတွေက သမီးတို့ကို လာတိုက်ကြတာလဲ” ရှောင်ယင်းက လင်းထျန်းလုံကိုမှီရင်း တိုးတိုးလေး မေးလိုက်သည်။
ရှောင်လန်ကလည်း မေးခွန်းထုတ်ချင်သော အကြည့်ဖြင့် ကြည့်နေသည်။
လင်းထျန်းလုံက ရှောင်ယင်းတို့နှစ်ဦးကို သူ၏ နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ တချို့လူတွေက သူများအိမ်ကို အမြဲတမ်း လုယူချင်ကြလို့ပဲ၊ ဒါပေမယ့် ဖေဖေက ဒီနေရာကို ကာကွယ်မယ်၊ ပြီးတော့ သမီးတို့ကိုလည်း ကာကွယ်မယ်”
အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် မှိန်ဖျော့ဖျော့ မီးရောင်များကို မြင်နေရပြီဖြစ်သည်။ ၎င်းမှာ လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ရှေ့ပြေးတပ်ဖွဲ့ ချဉ်းကပ်လာခြင်းပင်။
ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်တော့မည်ဖြစ်သည်။
လင်းထျန်းလုံ စစ်မြေပြင်ကို ငုံ့ကြည့်နေစဉ် ဝံပုလွေအသိုက်တစ်ခုလုံးတွင် စစ်ရေးပြင်ဆင်မှုများကို အပြင်းအထန် လုပ်ဆောင်နေကြသည်။
လေမည်းတောင်ကြော ခြုံခိုစောင့်မည့်နေရာ….
ထျန်းပင်းသည် ချွန်ထက်သော ကျောက်ဆောင်များအနောက်တွင် ဝပ်နေပြီး သူ၏ ရွှေရောင်ရင့်ရင့် အမွေးများက ညအမှောင်ထဲတွင် တောင်ပေါ်ကျောက်ဆောင်များနှင့် လုံးဝနီးပါး တစ်သားတည်းဖြစ်နေသည်။
ကိုယ်တွင်း၌ စွမ်းအားများ ဆူပွက်နေသည်ကို သူ ခံစားမိလေသည်။ မြေအောက်မီးလျှံနှလုံးသား နှင့် ကြေးနီမြေအောက်မီးနဂါး အမြုတေတို့၏ ပေါင်းစပ်မှုက အံ့သြဖွယ် ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
“ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်သူတွေ အားလုံး နေရာယူပြီးပါပြီ” ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ဝံပုလွေတစ်ကောင်က တိုးတိုးလေး သတင်းပို့လာသည်။
“ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ လှိုင်းသုံးလှိုင်းခွဲပြီး တပ်ဖြန့်ထားပါတယ်”
ထျန်းပင်းက ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ချော်ရည်ပုံစံများ စီးဆင်းနေခဲ့သည်။
“အရမ်းကောင်းတယ်၊ ငါအချက်ပြတာကိုစောင့်၊ ပထမလှိုင်းက ဟန်ပြတိုက်မယ်၊ ဒုတိယလှိုင်းက ဘေးကနေ ဖြတ်တိုက်မယ်၊ တတိယလှိုင်းကတော့... ငါကိုယ်တိုင် ဦးဆောင်ပြီး ပင်မတပ်ဖွဲ့ဆီ တိုက်ရိုက် ဝင်တိုက်မယ်”
သူ၏ ရှေ့လက်သည်းဖြင့် မြေကြီးကို ညင်သာစွာ ထိလိုက်ရာ မာကျောသော ကျောက်ဆောင်မှာ အရည်ပျော်သွားပြီး သေးငယ်သော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
အဆင့် ၂၅ သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ ထာ၀ရဗာဂျရာခန္ဓာမှာ ခံစစ်ပိုင်းတွင် ကြီးကြီးမားမား တိုးတက်လာရုံသာမက သူ၏ခွန်အားမှာလည်း အရည်အသွေးပိုင်းဆိုင်ရာတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကာအကွယ်အချက်အချာ ကာကွယ်ရေးလိုင်း….
ရန့်မြဲ့သည် ကာကွယ်ရေးအချက်အချာ တစ်ခုချင်းစီကို တည်ငြိမ်စွာ စစ်ဆေးနေသည်။
ရေပြာကြေးခွံအစောင့်အရှောက်များသည် ပူးပေါင်းကာကွယ်ရေး နည်းစနစ်များကို ကျွမ်းကျင်စွာ တတ်မြောက်နေပြီဖြစ်ပြီး သူတို့၏ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်မှ အလင်းရောင်များက ညအမှောင်ထဲတွင် ရေခဲပြာရောင် အလင်းတန်းတစ်ခုအဖြစ် ဆက်သွယ်နေသည်။
“စွမ်းအင်စီးဆင်းမှုကို ဂရုစိုက်” ရန့်မြဲ့က ရာထူးတိုးခါစ ရေပြာကြေးခွံအစောင့်အရှောက်များကို လမ်းညွှန်ပေးနေသည်။
“အစောင့်အရှောက်တွေဆိုတာ အထီးကျန်ဝံပုလွေတွေ မဟုတ်ဘူး၊ မင်းတို့ အဖော်တွေရဲ့ အငွေ့အသက်ကို ခံစားတတ်ရမယ်”
သူ ကိုယ်တိုင် သရုပ်ပြလိုက်ရာ သူ၏ရေခဲကြေးခွံချပ်ဝတ်တန်ဆာမှ တစ္ဆေအလင်းများ တလက်လက်တောက်ပနေပြီး ရေပြာကြေးခွံအစောင့်အရှောက်များ၏ ကြေးခွံများနှင့် ပဲ့တင်ထပ်လာသည်။
အသစ်နားလည်သဘောပေါက်ထားသော ဝိညာဉ်အေးခဲခြင်း လက္ခဏာရပ်က ဤအအေးဓာတ်ကို ပိုမိုနက်ရှိုင်းစေပြီး လေထုပင် အေးခဲသွားတော့မည့်အလား ဖြစ်နေသည်။
“ခေါင်းဆောင် အနောက်ဘက်အချက်အချာ သုံး အသင့်ဖြစ်ပါပြီ”
“အရှေ့ဘက်အချက်အချာ ခုနစ် နေရာယူပြီးပါပြီ”
ရန့်မြဲ့ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤအသစ်ဖွဲ့စည်းထားသော အစောင့်အရှောက်တပ်ဖွဲ့မှာ နောက်ဆုံးတွင် တိုက်ခိုက်နိုင်စွမ်းရှိလာပြီဖြစ်သည်။
မုဆိုး ကင်းထောက်ကွန်ရက်….
ယင်းဖုန်းသည် တစ္ဆေတစ်ကောင်ပမာ ညအမှောင်ထဲတွင် ရွေ့လျားနေပြီး သူ့တွင် တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း ပင်ကိုစွမ်းရည်ရှိခြင်းကြောင့် အရိပ်များကြားတွင် လွတ်လပ်စွာ ခုန်ပျံသွားလာနိုင်လေသည်။
မျက်လုံးသုံးလုံးပုတ်သင်ညို အကြေးခွံကို ကိုယ်နှင့်မကွာ သိမ်းဆည်းထားပြီး မှိန်ဖျော့ဖျော့ ဟင်းလင်းပြင်လှုပ်ခတ်မှုများ ထုတ်လွှတ်နေသည်။
“ရှေ့ပြေးတပ်ဖွဲ့ ဖွဲ့စည်းပုံက အကြီးစားချပ်ဝတ်တန်ဆာဝတ်စစ်သည် နှစ်ဆယ်၊ မီးမှော်ဆရာ ဆယ့်ငါးယောက်၊ ကင်းထောက်ဆယ်ယောက်၊ ထောက်ပံ့ရေး ငါးယောက်” သူက စိတ်ခြင်းဆက်သွယ်ခြင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းပို့နေလေသည်။
***