“အားလုံးပဲ.. ကျုပ်က ဒီလေလံပွဲရဲ့ အစီအစဥ်မှုး မုချန်ခုန်းပါ.. ခင်ဗျားတို့လည်း စောင့်ရတာ စိတ်မရှည် ဖြစ်နေကြပြီဆိုတော့ အပိုစကားတွေ ပြောမနေတော့ဘဲ အဓိက အကြောင်းအရာဆီပဲ သွားကြရအောင်”
ခန်းမထဲရှိ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်တွင် ဆံဖြူအဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
“ဒီအဘိုးကြီးရဲ့ အင်အားက မသေးဘူးပဲ”
ခရစ္စတယ်စင်မြင့်ပေါ်ရှိ မုချန်ခုန်းကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများ မသိမသာ ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် မုချန်ခုန်းသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်လောက်သည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် လေလံပွဲကို ဦးစီးရန်အတွက် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် စေလွှတ်ခဲ့ပါသလော။
သို့သော်လည်း ကျန်းချန်သည် မကြာမီမှာပင် နားလည်သွားခဲ့သည်။
ကပ်ဘေးဆေးလုံးကြောင့် ယခုတစ်ကြိမ် စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲသည် အလွန်တရာ မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိနေပြီး လေလံပွဲကို လာရောက်ခဲ့ကြသော ကပ်ဘေးအဆင့် ကျင့်ကြံသူနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ မနည်းလှပေ။
အကယ်၍ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သာ သာမန် ကျင့်ကြံသူ တစ်ယောက်ကို လေလံပွဲ ဦးစီးခိုင်းမည်ဆိုလျှင် ဤအခြေအနေကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည် မဟုတ်ပါလော။
“အခုအချိန်ကစပြီး လေလံပွဲရဲ့ ပထမဆုံးရတနာကို လေလံတင်ပါတော့မယ်”
ကျန်းချန်က ဆံဖြူအဘိုးအို မုချန်ခုန်းကို စူးစမ်းနေဆဲမှာပင် မုချန်ခုန်း၏ ကျယ်လောင်သော စကားသံသည် ခန်းမ တစ်ခုလုံးကို ထပ်မံ လွှမ်းမိုးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော ခရစ္စတယ်စင်မြင့် ပေါ်တွင် စူးရှတောက်ပသော အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
စူးရှသော အလင်းတန်းများ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီးနောက်တွင် မုချန်ခုန်း၏ ရှေ့ရှိ လေလံစင်မြင့်ပေါ်တွင် အနက်ရောင် ဓားရှည်တစ်လက်ကို တွေ့လိုက်ရ၏။
ထိုအနက်ရောင်ဓားရှည်၏ အထက်တွင် အစွမ်းထက် ဓားအရှိန်အဝါများ ဝန်းရံကာ ပျံ့နှံ့နေခဲ့သည်။
သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် ထိုဓားရှည်ထံမှ အရှိန်အဝါကြောင့် တုန်လှုပ်သွားလောက်၏
“ဒီဓားက အနက်ရောင်ဧကရာဇ်ဓားပဲ.. လူတော်တော်များများကတော့ ဒီဓားရဲ့နာမည်ကို ကြားဖူးကြမှာပါ.. ဒီဓားက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူ တုကုမို အသုံးပြုခဲ့တဲ့ အရမ်းထူးခြားတဲ့ လက်နက်ပဲ.. ကပ်ဘေးအဆင့်မှာပဲ ရှိတဲ့ တုကုမိုက ဒီဓားရှည်ကို အသုံးပြုပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုတောင် အနိုင်ရခဲ့ဖူးတယ်”
မုချန်ခုန်းက စကားပြောရင်းဖြင့် လေလံခန်းမ အတွင်းသို့ အသာအယာ ဝေ့ကြည့်လိုက်သည်။
“အနက်ရောင်ဧကရာဇ်ဓားရဲ့ ကြမ်းခင်းစျေးကတော့ ယွမ်ကျောက်တုံးတစ်သောင်းပဲ.. အားလုံးပဲ စတင် လေလံဆွဲနိုင်ပါပြီ”
“ပထမဆုံး လေလံပစ္စည်းက အနက်ရောင်ဧကရာဇ်ဓား ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး”
လေလံစင်မြင့်ပေါ်ရှိ အနက်ရောင်ဧကရာဇ်ဓားကို ကြည့်ရင်း ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
“ဒီဓားက တော်တော်လေး နာမည်ကြီးလို့လား”
ရွှယ်ချန်ကျဲက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“တုကူမို ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ဓားလမ်းစဥ်မှာ နံပါတ်တစ်ပါရမီရှင်ပဲ.. သူက ဓားလမ်းစဥ်မှာ အတော်လေး ပေါက်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အကြောင်းအရင်း မယ်မယ်ရရ မသိရဘဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ပျောက်ကွယ်သွားခဲ့တယ်”
ကျန်းချန်က လေလံစင်မြင့်ပေါ်ရှိ အနက်ရောင် ဧကရာဇ်ဓားကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သည်။
ထိုအနက်ရောင်ဧကရာဇ်ဓားသည် အမှန်တကယ်ပင် ဓားကောင်းတစ်လက် ဖြစ်၏။
သူ၏ အပြည့်အဝ ပြန်လည် မကောင်းမွန်သေးသည့် လူသားဧကရာဇ်ဓားထက်ပင် မနိမ့်ကျလောက်ပေ။
သို့သော်လည်း သူ၏ လက်ထဲရှိ လူသားဧကရာဇ်ဓားသာ အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝပြန်လည်ရောက်ရှိသွားမည်ဆိုလျှင် အနက်ရောင်ဧကရာဇ်ဓားသည် လူသားဧကရာဇ်ဓားကို ယှဥ်၍ ရမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန် အနေဖြင့် အနက်ရောင်ဧကရာဇ်ဓားပေါ်တွင် စိတ်ဝင်စားမှု ကြီးကြီးမားမား မရှိခဲ့ပေ။
ကျန်းချန် စိတ်မဝင်စားသော်လည်း အခြားသူများက စိတ်မဝင်စားဟု မဆိုလိုပေ။
အဆုံးသတ်တွင် ပြိုင်ဘက်ကင်း ဓားလမ်းစဥ် ကျင့်ကြံသူတစ်ဦး၏ လက်နက်သည် အလွန်တရာ အစွမ်းထက်နေရုံသာမက ဓားကျင့်ကြံသူများ အတွက် အထောက်အပံ့ ကြီးကြီးမားမား ဖြစ်စေနိုင်၏။
မုချန်ခုန်း၏ စကားအဆုံးတွင် လေလံခန်းမ အတွင်း၌ စျေးပြိုင်ပေးသံများ စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
မိနစ်အနည်းငယ်ကြာ အကြိတ်အနယ် စျေးပြိုင်ပေးကြပြီးနောက်တွင် အနက်ရောင် ဧကရာဇ်ဓားကို ကပ်ဘေးအဆင့် ဓားလမ်းစဥ် ကျင့်ကြံသူတစ်ဦးက ယွမ်ကျောက်တုံး တစ်သိန်း သုံးသောင်းဖြင့် အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့သည်။
“စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲက တကယ်ကို သာမန်လူတွေ ပါဝင်နိုင်တဲ့ လေလံပွဲ မဟုတ်ဘူးပဲ”
ထိုအချင်းအရာကို မြင်လိုက်ရလျှင် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းမိလိုက်သည်။
ယွမ်ကျောက်တုံး တစ်သိန်းသုံးသောင်း ဆိုသည်မှာ ကပ်ဘေးအဆင့် ကျင့်ကြံသူ တော်တော်များများအတွက်ပင် ရရှိရန် လွယ်ကူသော ပမာဏ မဟုတ်ပေ။
အနက်ရောင်ဧကရာဇ်ဓားကို အောင်မြင်စွာ လေလံတင်ပြီးနောက်တွင် မုချန်ခုန်းသည် နောက်ထပ် လေလံပစ္စည်းများကို လူတိုင်း၏ ရှေ့တွင် ပြသခဲ့သည်။
လေလံပစ္စည်းများ ထဲတွင် ပြိုင်ဘက်ကင်း ကျင့်စဥ်များ၊ ဆန်းကြယ်သော လျှို့ဝှက်နည်းစနစ်များ၊ ရှားပါးသော ဆေးဝါးများ၊ အပင်များ စသည်ဖြင့် အစုံအလင် ပါဝင်၏။
လေလံပစ္စည်း တစ်ခုချင်းစီသည် အလွန်တရာပင် ထူးခြားလှသည် ဖြစ်ရာ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်သည်။
သို့ရာတွင် လေလံပွဲတွင် ပေါ်လာသော အရာများသည် ထူးခြားသော်လည်း ကျန်းချန်ကို အထူးတလှယ် စိတ်လှုပ်ရှားစေမည့် အရာမရှိသေး၍ ကျန်းချန်သည် တစ်ခါမျှ လေလံဝင်မဆွဲခဲ့ပေ။
လေလံပွဲကို ဆက်လက် ကျင်းပလာသည်နှင့်အမျှ လေလံပစ္စည်းများ၏ တန်ဖိုးသည် ပို၍ပင် ကြီးမားလာခဲ့သည်။
လေလံပွဲ၏ အလယ်ပိုင်းတွင် မှော်နည်းစနစ် တစ်ခု ထွက်ပေါ်လာခဲ့ပြီး မိုးထိအောင် မြင့်မားသော စျေးနှုန်း ဖြစ်သည့် ယွမ်ကျောက်တုံး ရှစ်သိန်းဖြင့် ရောင်းချခဲ့ရသည်။
ကျန်းချန်က နူးညံ့သော ထိုင်ခံပေါ်တွင် ဇိမ်ယူ၍ ထိုင်နေရင်း လူတိုင်းက ရတနာပစ္စည်းများ အတွက် အပြိုင်အဆိုင်လေလံဆွဲနေကြသည်ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
သူက ခေါင်းငဲ့လိုက်ပြီး ရွှယ်ချန်ကျဲကို မေးလိုက်၏။
“ချန်ကျဲ.. မင်းမှာ ယွမ်ကျောက်တုံး ဘယ်လောက်အထိ ရှိသေးလဲ”
“နှစ်သိန်း သုံးသိန်းလောက်တော့ ကျန်သေးတယ် သခင်ကြီး.. ဒါပေမဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ တခြား ပစ္စည်းတချို့လည်း ရှိပါသေးတယ်.. ဒါတွေနဲ့ဆို ယွမ်ကျောက်တုံး ငါးသိန်းလောက် လဲလှယ်ဖို့ အတွက် သိပ်အခက်အခဲ မရှိနိုင်ပါဘူး”
ရွှယ်ချန်ကျဲက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မေးလိုက်သည်။
“တကယ်လို့ သခင်ကြီး လိုအပ်တယ်ဆိုရင်တော့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို သွားပြီး ယွမ်ကျောက်တုံးတွေနဲ့ လဲလှယ်လိုက်ပါ့မယ်”
သူက ဤနှစ်များ တစ်လျှောက်တွင် ကြယ်တာရာကောင်းကင်ယံ အတွင်း၌ ကြယ်တာရာဓားပြ လုပ်ကာ ယွမ်ကျောက်တုံး တစ်သန်းကျော်ခန့် စုဆောင်းနိုင်ခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က ကုန်သွယ်ရေးစျေးတွင် ကျန်းချန်သည် ကြေးနီများကို ဝယ်ယူရန် ယွမ်ကျောက်တုံး တစ်သန်းကို အသုံးပြုခဲ့ပြီးပြီ ဖြစ်၍ ယခုအခါ သူ့ထံတွင် ယွမ်ကျောက်တုံးများစွာ မကျန်ရှိတော့ပေ။
“အရင်ဆုံး စောင့်ကြည့်ကြရအောင်”
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
ယခုအခါတွင် လေလံပွဲသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ လေလံပစ္စည်းတိုင်းသည် ရှားပါး ရတနာများ ဖြစ်ကြပြီး နောက်ဆုံး လေလံစျေးသည်ပင် အနည်းဆုံး သိန်းဂဏန်း အထိ ရှိသည်။
သို့ဖြစ်ရာ ကပ်ဘေးဆေးလုံး အတွက်ဆိုလျှင် တွေးနေစရာပင် မလိုတော့ပေ။
သူ၏ စိတ်နှလုံးကို အထူးတလှယ် လှုပ်ခတ်စေမည့် အရာမျိုး မဟုတ်လျှင် ကျန်းချန်သည် လေလံဆွဲရန် အစီအစဥ် မရှိခဲ့ပေ။
ကျန်းချန်တို့ နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ခရစ္စတယ်စင်မြင့်ပေါ်ရှိ မုချန်ခုန်းသည် ရွှေရောင်အရာဝတ္ထု တစ်ခုကို ဂရုတစိုက် ကိုင်မြှောက်ကာ ပရိသတ်ကို ကြည့်၍ ပြောလိုက်သည်။
“အားလုံးပဲ.. နောက်ထပ် လေလံတင်မဲ့ အရာကတော့ အင်မတန်ရှားပါးတဲ့ သတ္တုအစိတ်အပိုင်း တစ်ခုပဲ.. ကျုပ်တို့စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရတော့ ဒီသတ္တုအပိုင်းအစက ဓားတစ်လက်ရဲ့ အစိတ်အပိုင်းဖြစ်မယ်လို့ ယူဆရပါတယ်”
“ဓားတစ်လက်ရဲ့ အစိတ်အပိုင်းလား”
မုချန်ခုန်း၏ မိတ်ဆက်မှုကို ကြားလျှင် လူတိုင်းသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
မည်သို့သော ဓားအစိတ်အပိုင်းမျိုးမို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့သည် လေလံတင်ရပါသနည်း။
လူတိုင်း ဝေခွဲမရ ဖြစ်နေချိန်တွင် ကျန်းချန်၏ အကြည့်သည် ထိုသတ္တုအစိတ်အပိုင်း ပေါ်သို့ ကျရောက်သွားခဲ့သည်။
အကြောင်းရင်းမှာ သူက ထိတ်လန့်စရာကောင်းသော အရာတစ်ခုကို ရှာဖွေ တွေ့ရှိလိုက်သောကြောင့်ပင်။
မုချန်ခုန်း၏ အစိတ်အပိုင်းကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လူသားဧကရာဇ်ဓား ထံကနေ မမျှော်လင့်ဘဲ တုံ့ပြန်မှု တစ်ခု ရှိလာခဲ့၏။
ဤကဲ့သို့သော အာရုံခံစားမှုမျိုးသည် ကျန်းချန်က လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းနှင့် နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့စဥ်က ခံစားခဲ့ရသည့် အာရုံခံစားမှုမျိုးနှင့် အတူတူပင် ဖြစ်သည်။
“လူသားဧကရာဇ်ဓားရဲ့ အစိတ်အပိုင်းပဲ”
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်း တစ်ခုကို မြင်တွေ့ရလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
ထိုနှစ်က တိုက်ပွဲနှင့် လူသားဧကရာဇ်ဓား ကျိုးပျက်သွားပြီးနောက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူ အချို့သည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းများကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ယူဆောင်လာခဲ့ကြခြင်း ဖြစ်နိုင်ပါသလော။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အံ့ဩမှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော် ယူခဲ့ရသည်။
သူက လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့၏။
လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းသည် ဤနေရာသို့ မည်သို့ပင် ရောက်ရှိနေသည်ဖြစ်စေ၊ ယခုအခါတွင် သူနှင့်ကြုံတွေ့နေရပြီ ဖြစ်ရာ လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို သူ့အနေဖြင့် ရအောင် ယူရလိမ့်မည် မဟုတ်ပါလော။
အခန်း(၂၅၁၁)ပြီး၏။
***