လေလံခန်းမအတွင်းရှိ လူတော်တော်များများသည် မုချန်ခုန်း၏ ရှေ့မှ ရွှေရောင် သတ္တုအစိတ်အပိုင်းကို ကြည့်ပြီး မှင်တက်နေခဲ့ကြသည်။
ဓားတစ်လက်၏ အစိတ်အပိုင်းကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် အရေးကြီးပစ္စည်း အဖြစ် လေလံတင်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းမှော်လက်နက် ဖြစ်နေလျှင်ပင် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်နေပါက ယင်း၏ တန်ဖိုးသည် အကန့်အသတ်သာ ရှိပေလိမ့်မည်။
ဤရွှေရောင် သတ္တုအစိတ်အပိုင်းသည် ဒဏ္ဍာရီလာ အင်မော်တယ်လက်နက် တစ်ခု၏ အစိတ်အပိုင်းများ ဖြစ်နေပါသလော။
“အားလုံးပဲ ကျုပ်တို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ ဒီသတ္တုအစိတ်အပိုင်းက ဒဏ္ဍာရီလာ အင်မော်တယ်လက်နက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ချေ အရမ်းများတယ်”
လူတိုင်း ဝေခွဲမရ ဖြစ်နေချိန်မှာပင် မုချန်ခုန်း၏ တုန်လှုပ်ဖွယ်ရာ စကားသံသည် ခန်းမအတွင်း ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
မုချန်ခုန်းက ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
လူတိုင်းသည် လေလံစင်မြင့် ပေါ်ရှိ ရွှေရောင် သတ္တုအပိုင်းအစဆီသို့ စိုက်ကြည့်နေခဲ့ကြ၏။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က လေလံတင်သည့် အစိတ်အပိုင်းသည် အင်မော်တယ်လက်နက် အစိတ်အပိုင်း တစ်ခု ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားခဲ့ရာ အင်မော်တယ်နှင့် ပတ်သက်သည့် အရာအားလုံးနီးပါးသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာပင်လျှင် အင်မော်တယ်နှင့် ပတ်သက်သည့် အရာများမှာ မရှိသလောက်ပင်။
ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်စေရန် လုံလောက်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် အင်မော်တယ်နှင့် ပတ်သက်သည့် ရတနာတစ်ခုကြောင့် ကြောက်စရာကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး အဆုံးသတ်တွင် စကြဝဠာအဆင့် တိုက်ပွဲအထိပင် ဖြစ်ပွားခဲ့သည်။
ယခုတစ်ကြိမ်တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် အင်မော်တယ်နှင့် ပတ်သက်သည့် အရာကို ထုတ်ပြလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ဤသည်က အင်မော်တယ်လက်နက်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သော်လည်း လူပေါင်းများစွာကို ရူးသွပ်သွားစေရန် လုံလောက်၏။
“လူသားဧကရာဇ်ဓားရဲ့ အစိတ်အပိုင်းကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က အင်မော်တယ်လက်နက် အစိတ်အပိုင်းအဖြစ် ဘယ်လိုလုပ်ပြီး သတ်မှတ်လိုက်တာလဲ”
မုချန်ခုန်း၏ မိတ်ဆက်ပေးမှုကို ကြားလျှင် ကျန်းချန်သည်ပင် အံ့အားသင့်သွားရသည်။
လူသားဧကရာဇ်ဓားသည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း သန္ဓေတာအို လက်နက် ဆယ်ခု ထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။
သူတို့ဆီမှ ထိပ်တန်းအဆင့် သန္ဓေတာအို မှော်လက်နက်များသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းမှော်လက်နက်များဖြင့်သာ အဆင့်တူပေလိမ့်မည်။
သို့သော်လည်း စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို အင်မော်တယ်လက်နက် အစိတ်အပိုင်း အဖြစ် လေလံတင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွင်းရှိ နံပါတ်တစ် ကုန်သွယ်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ ဖြစ်ရာ ၎င်းတို့၏ စစ်ဆေးနိုင်စွမ်းသည် သံသယဖြစ်ဖွယ်ရာ မရှိပေ။
သူတို့က လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို အင်မော်တယ်လက်နက် အစိတ်အပိုင်းအဖြစ် ယုံကြည်စွာ လေလံတင်ပုံထောက်လျှင် သူတို့ထံ၌ အတိုင်းအတာတစ်ခု အထိ သေချာမှု ရှိရပေမည်။
တစ်နည်းအားဖြင့် ဆိုရလျှင် လူသားဧကရာဇ်ဓားသည် အမှန်တကယ်ပင် အင်မော်တယ်လက်နက် တစ်ခု ဖြစ်နေနိုင်လောက်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို ကျူးကျော်စဥ်တွင် နတ်ဘုရားနယ်မြေ၏ စွမ်းရည်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထက် သိသိသာသာ နိမ့်ကျသော်လည်း ရလဒ်အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ တိုက်ခိုက်မှုသည် လူသားဧကရာဇ်ဓားကဲ့သို့ အင်မော်တယ် လက်နက်များ ရှိနေခြင်းကြောင့် တားဆီးခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
“စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲမှာ ကပ်ဘေးဆေးလုံး အပြင် အင်မော်တယ်လက်နက် အစိတ်အပိုင်းတစ်ခု ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ရွှယ်ဝူရှက လေလံစင်မြင့်ပေါ်ရှိ ရွှေရောင် သတ္တုအပိုင်းအစကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သခင်လေးဝူရှ.. ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းရဲ့ စျေးနှုန်းက ကပ်ဘေးဆေးလုံးထက် မနိမ့်ကျနိုင်ဘူး.. တကယ်လို့ ကျွန်တော်တို့က ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်း အတွက် လေလံဝင်ဆွဲလိုက်မယ် ဆိုရင် ကပ်ဘေးဆေးလုံး အတွက် ပြိုင်ဆိုင်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ်”
ရွှယ်ဝူရှ၏ စကားကိုကြားလျှင် နံဘေးရှိ အဘိုးအိုသည် ခပ်တိုးတိုး သတိပေးလိုက်သည်။
ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်နှင့် ပတ်သက်သည့် အရာမှန်သမျှသည် အလွန်တရာပင် ရှားပါးလှ၏။
သို့သော်လည်း ဤသည်က အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး စစ်မှန်သော အင်မော်တယ်လက်နက် မဟုတ်သောကြောင့် ၎င်းထံတွင် မည်သည့်စွမ်းအား ရှိသည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့အပြင် အင်မော်တယ်လက်နက် အစိတ်အပိုင်းကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က စစ်ဆေးထားခြင်း ဖြစ်သည်။
အကယ်၍ အင်မော်တယ်လက်နက် အစိတ်အပိုင်းတွင်သာ အဖိုးမဖြတ်နိုင်သော တန်ဖိုး ရှိနေမည် ဆိုလျှင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ဤအင်မော်တယ်လက်နက် အစိတ်အပိုင်းကို အလွယ်တကူ လေလံတင်ပါမည်လော။
“အင်မော်တယ်လက်နက်ရဲ့ အစိတ်အပိုင်း ဆိုတာက အစွမ်းကုန် ရှာဖွေရင်တောင် မတွေ့နိုင်တဲ့ အရာပဲ.. အခုလို ကြုံကြိုက်တုန်းမှာ ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ရမှာလဲ”
ရွှယ်ဝူရှ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
“စိတ်မပူပါနဲ့.. ကပ်ဘေးဆေးလုံးအတွက် ငါအစီအစဥ်ဆွဲထားပြီးသားပါ.. နောက်ဆုံးမှာ ဘယ်သူပဲ လေလံအောင်သွားပါစေ.. အဲဒီဆေးလုံးက ငါ့လက်ထဲကို သေချာပေါက် ရောက်လာစေရမယ်”
အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
“သခင်လေးဝူရှ. ငါ့အမြင်အရတော့ ကပ်ဘေးဆေးလုံးကို လေလံဆွဲတာက ပိုပြီး စိတ်ချရလိမ့်မယ် ထင်တယ်”
“ကျွန်တော့်မှာ ကိုယ်ပိုင်အမြင် ရှိပါတယ်.. အကြီးအကဲတို့ သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့”
ရွှယ်ဝူရှက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အဘိုးအိုကို အေးစက်စက် ကြည့်လိုက်သည်။
ဖျောင်းဖြ၍ မရသည်ကို မြင်လျှင် သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲသည် ခေါင်းခါရမ်းလိုက်ပြီး ဆက်လက် မတိုက်တွန်းတော့ပေ။
“အားလုံးပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းက အင်မော်တယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ ရှားပါးပစ္စည်းတွေ ဖြစ်သွားခဲ့ပြီ.. ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းရဲ့ ကြမ်းခင်းစျေးက ယွမ်ကျောက်တုံး တစ်သိန်းပါ.. အားလုံးပဲ စတင် လေလံဆွဲနိုင်ပါပြီ”
ထိုအခိုက်အတန့်တွင် ခရစ္စတယ်စင်မြင့်ပေါ်ရှိ မုချန်ခုန်းသည် လေလံပွဲစတင်ကြောင်း ကြေညာလိုက်သည်။
“မိတ်ဆွေတို့ ကျွန်တော်က သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှပါ.. ကျွန်တော် ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းကို ရချင်ပါတယ်.. မိတ်ဆွေတို့အားလုံး ကျွန်တော့်ရဲ့ မျက်နှာကို ထောက်ထားပြီး လေလံပြိုင်မဆွဲကြဖို့ မေတ္တာရပ်ခံပါတယ်.. ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းအတွက် ယွမ်ကျောက်တုံးနှစ်သိန်း ပေးပါမယ်”
မုချန်ခုန်း၏ စကားအဆုံးတွင် ရွှယ်ဝူရှသည် မတ်တတ် ထရပ်လိုက်ပြီး ခက်ထန်သော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်နှင့် ဆုံမိသူတိုင်းသည် မျက်နှာများကို ရှောင်လွှဲလိုက်ကြသည်။
သူ၏ အမူအရာက အင်မော်တယ်လက်နက် အစိတ်အပိုင်းကို သူကိုယ်တိုင်မှ လွဲ၍ အခြားသူ ပိုင်ဆိုင်ချင်၍ မရဟု ကြေညာနေသကဲ့သို့ပင်။
ရွှယ်ဝူရှက အင်မော်တယ်လက်နက် အစိတ်အပိုင်းကို ရယူရန် ကြိုးစားနေသည်ကို မြင်လျှင် မူလက စိတ်ဝင်စားနေသူ အချို့သည် သူတို့၏ လေလံအပြိုင်ဆွဲမည့်စိတ်ကို မျိုသိပ်ထားလိုက်ကြသည်။
အဆုံးသတ်တွင် ရွှယ်ဝူရှသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ သွေးနတ်ဆိုးဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ရာ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို သာမန် ကျင့်ကြံသူများသည် အလွယ်တကူ မပြစ်မှားရဲကြပေ။
ရွှယ်ဝူရှ၏ စျေးပေးမှုအပြီးတွင် လေလံခန်းမအတွင်း တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ဟားဟား ရွှယ်ဝူရှ.. မင်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ အမည်ကို သုံးပြီး တခြားလူတွေကို ဖိနှိပ်ဖို့ မကြိုးစားပါနဲ့.. အခြားသူတွေက မင်းရဲ့ သွေးနတ်ဆိုးဂိုဏ်းကို ကြောက်ချင်ကြောက်လိမ့်မယ်.. အဲဒီထဲမှာ ငါတော့ မပါဘူး.. ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းကို ငါတို့ ကျူလီအင်မော်တယ်ဂိုဏ်းကလည်း အရမ်းကို စိတ်ဝင်စားတယ်.. ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်း အတွက် ငါ သုံးသိန်းပေးမယ်”
ကျူလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်သည် တုံ့ဆိုင်းမနေဘဲ မတ်တတ် ထရပ်လိုက်ပြီး ရွှယ်ဝူရှနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ရွှယ်ဝူရှနှင့် လီရှောင်တို့ အပြိုင်အဆိုင် လေလံဆွဲနေသည်ကို မြင်လျှင် အခြားသူများသည် အင်မော်တယ်လက်နက် အစိတ်အပိုင်း အတွက် လေလံဝင်ဆွဲမည့် အစီအစဥ်ကို လက်လျှော့လိုက်ကြသည်။
အင်မော်တယ်လက်နက် အစိတ်အပိုင်းသည် အလွန်တရာ ရှားပါးသော်လည်း ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ပါရမီရှင် နှစ်ဦးသည် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
သူတို့အနေဖြင့် လေလံအောင်နိုင်ရန် အခွင့်အရေး အလွန်တရာ နည်းပါးသလို အင်မော်တယ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို ပြစ်မှားမိမည့် အန္တရာယ်ကလည်း ရှိနေသေး၏။
လေလံခန်းမ အတွင်းရှိ လူတိုင်း၏ အကြည့်အောက်မှာပင် အင်မော်တယ်လက်နက် အစိတ်အပိုင်း အတွက် တိုက်ပွဲသည် အရှိန်မြင့်လာခဲ့သည်။
ရွှယ်ဝူရှနှင့် လီရှောင်တို့ နှစ်ဦးစလုံးသည် တစ်ဦးကို တစ်ဦး အလျှော့မပေးဘဲ အပြိုင်အဆိုင် လေလံဆွဲနေခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ကြမ်းခင်းစျေး ယွမ်ကျောက်တုံး တစ်သိန်းမျှသာ ရှိသော အင်မော်တယ်လက်နက် အစိတ်အပိုင်း၏ စျေးသည် ယွမ်တစ်သန်းကျော်သွားခဲ့သည်။
“ယွမ်ကျောက်တုံး ဆယ့်ငါးသိန်း”
ရွှယ်ဝူရှက ကျူလီ အင်မော်တယ်ဂိုဏ်းမှ လီရှောင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း တစ်ကြိမ်တည်းဖြင့် ယွမ်ကျောက်တုံးငါးသိန်း ထပ်တိုးလိုက်သည်။
“ဟားဟား ယွမ်ကျောက်တုံး ဆယ့်ငါးသိန်းလား.. သခင်လေးဝူရှက တကယ်ကို ရက်ရောတာပဲ.. ဒီလိုဆိုမှတော့ အင်မော်တယ်လက်နက် အစိတ်အပိုင်းကို မင်းကိုပဲ ပေးလိုက်တော့မယ်”
လီရှောင်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ပခုံးတွန့်ပြလိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်သည်။
အစကတည်းကပင် လီရှောင်သည် အင်မော်တယ်လက်နက်အစိတ်အပိုင်းကို လေလံဆွဲရန် အစီအစဥ် မရှိခဲ့ပေ။
သူ ရွှယ်ဝူရှနှင့် လေလံပြိုင်ဆွဲသည့် အကြောင်းရင်းမှာ ရွှယ်ဝူရှ၏ ငွေကြေးအင်အားကို ပိုမို ကုန်ခမ်းသွားစေရန်သာ ဖြစ်၏။
ဤသို့ဖြင့် ရွှယ်ဝူရှ ထံတွင် ကပ်ဘေးဆေးလုံး အတွက် ယှဥ်ပြိုင်နိုင်မည့် ခွန်အား မရှိတော့လျှင် ကပ်ဘေးဆေးလုံးသည် သူ့အတွက် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါလား။
အခန်း(၂၅၁၂)ပြီး၏။
***