“သခင်လေးလီရှောင်.. ကျွန်တော်တို့ တကယ်ပဲ အင်မော်တယ်လက်နက်အစိတ်အပိုင်းကို သွေးနတ်ဆိုးဂိုဏ်းဆီ ပေးလိုက်တော့မှာလား”
ထိုအခိုက်အတန့်တွင် လီရှောင်၏ အနောက်မှ အဘိုးအိုထံကနေ စကားသံ ထွက်ပေါ်လာခဲ့သည်။
“ဒါက အင်မော်တယ်လက်နက်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ.. စစ်မှန်တဲ့ အင်မော်တယ်လက်နက်မှ မဟုတ်တာ.. တကယ်လို့ ဒီအရာသာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး ဆိုရင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဘာလို့ လေလံတင်နေမှာလဲ”
လီရှောင်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
ဆိုရလျှင် ကျိုလီအင်မော်တယ်ဂိုဏ်းသည် စစ်မှန်သော အင်မော်တယ် လက်နက်ကို ပိုင်ဆိုင်ထားသည်။
သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းတို့သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ပါဝင်ကြသော်လည်း ရှည်လျားသော သမိုင်းကြောင်းရှိသည့် ကျူလီအင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ခွဲထွက်လာသည့် သွေးနတ်ဆိုးဂိုဏ်းထက် ပို၍ အခြေခိုင်၏။
အင်မော်တယ်လက်နက်၏ ကျိုးပဲ့နေသော အစိတ်အပိုင်း တစ်ခုသည် အစိတ်အပိုင်း အားလုံးကို ပြန်လည် ရှာဖွေကာ စစ်မှန်သော အင်မော်တယ်လက်နက် အဖြစ် ပြန်လည်မပြင်ဆင်နိုင်မချင်း ၎င်း၏ တန်ဖိုးသည် အလွန်ပင် အကန့်အသတ်ရှိသည်ကို လီရှောင် ကောင်းစွာ သိထားခဲ့သည်။
အင်မော်တယ်လက်နက်ကို ပြန်လည် ပြုပြင်ရန်အတွက် အစိတ်အပိုင်း အားလုံးကို ရှာဖွေဖို့ ဆိုသည်မှာ မည်မျှပင် ခက်ခဲသောအလုပ် ဖြစ်ပါသနည်း။
ထိုအကြောင်းကြောင့်ပင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ဤအင်မော်တယ်လက်နက် အစိတ်အပိုင်းကို လေလံတင်ခဲ့ခြင်းသာ။
လီရှောင်၏ အမူအရာကို မြင်လျှင် ရွှယ်ဝူရှသည် မဲ့ပြုံးပြုံးလိုက်သည်။
လီရှောင်က အင်မော်တယ်လက်နက် အစိတ်အပိုင်း စျေးနှုန်းကို တမင် မြှင့်တင်နေမှန်း သူသဘာဝကျစွာပင် မြင်နိုင်ခဲ့သည်။
ဤသို့ဖြင့် သူ့ကို ယွမ်ကျောက်တုံး အမြောက်အများ ကုန်ဆုံးစေပြီး ကပ်ဘေးဆေးလုံး အတွက် ယှဥ်ပြိုင်ရာတွင် အားနည်းစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုတစ်ကြိမ် ခရီးစဉ်တွင် သူက အပြည့်အဝ ပြင်ဆင်ပြီးမှ လာရောက်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ လီရှောင်က ကပ်ဘေးဆေးလုံးကို ရသွားခဲ့လျှင်ပင် ထိုဆေးလုံးကို ယူပြီး စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကနေ ချောချောမွေ့မွေ့ ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။
သူက စိတ်ထဲကနေ လှောင်ရယ် လိုက်ပြီးနောက်တွင် ခရစ္စတယ်စင်မြင့် ပေါ်ရှိ မုချန်ခုန်း ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အကြီးအကဲ.. ဘယ်သူမှ စျေးထပ်မခေါ်တော့ဘူး ဆိုတော့ လေလံပွဲရဲ့ ရလဒ်ကို ကြေညာပေးလို့ ရပြီလား”
“ဟားဟား ရွှယ်ဝူရှ မလောစမ်းပါနဲ့.. ဒါက လေလံပွဲဆိုတော့ လေလံပွဲရဲ့စည်းမျဥ်းအတိုင်းပဲ သွားရမှာပေါ့”
မုချန်ခုန်းက ပြုံး၍ ပြောလိုက်ပြီး ခန်းမအတွင်းရှိ လူများကို တစ်ချက် ဝေ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ သခင်လေးရွှယ်ဝူရှက ယွမ်ကျောက်တုံး ဆယ့်ငါးသိန်းပေးထားတယ်.. ဒီစျေးနှုန်းထက် ပိုပြီး ပေးမဲ့သူ ရှိသေးလား”
မုချန်ခုန်းက သုံးကြိမ်တိုင်တိုင် မေးခဲ့သော်လည်း မည်သူမှ တုံ့ပြန်ခြင်း မရှိသည်ကိုမြင်လျှင် သူ၏ လက်ထဲမှ လေလံတူကို အားပြင်းပြင်းနှင့် ထုချရန် ရည်ရွယ်လိုက်သည်။
ထိုအချိန်မှာပင် ခန်းမအတွင်းကနေ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ဆယ့်ငါးသိန်းနဲ့တစ်သောင်း ပေးမယ်”
ရုတ်တရက် ထွက်ပေါ်လာသော လေလံစျေးပေးသံကြောင့် ခန်းမအတွင်းရှိ လူတိုင်းသည် မှင်တက်သွားခဲ့သည်။
မကြာမီမှာပင် လူတိုင်း၏အကြည့်သည် အသံ ထွက်ပေါ်လာရာဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့ပြီး ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
နောက်ဆုံး အခိုက်အတန့်တွင် စျေးအပြိုင် ခေါ်လိုက်သူမှာ ကျန်းချန်ပင် ဖြစ်၏။
လူသားဧကရာဇ်ဓား၏ ပိုင်ရှင် အနေဖြင့် ကျန်းချန်သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် ပေါ်ထွက်လာသော လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို မရရအောင် ယူမည်မှာ သန္နိဌာန် ချထားခဲ့သည်။
သူ့အနေဖြင့် မည်မျှပင် ကုန်ကျပါစေ၊ လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို သေချာပေါက် ရယူမည်သာ။
“သခင်ကြီး ကျွန်တော်တို့မှာ ယွမ်ကျောက်တုံးတွေ အဲဒီလောက် အများကြီး မကျန်တော့ဘူးလေ”
ကျန်းချန်က ရုတ်တရက် စျေးအပြိုင်ခေါ်လိုက်သည်ကို မြင်လျှင် ကျန်းချန်၏ နံဘေးမှ ရွှယ်ချန်ကျဲသည် ခပ်တိုးတိုးပြောလိုက်သည်။
ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ဒီအတွက် ငါ့မှာ အစီအစဥ် ရှိပါတယ်”
ကျန်းချန်သည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို အခြားသူ တစ်ဦး၏ လက်ထဲသို့ ကျရောက်စေရန် မည်သို့မျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သူ၏ ကိုယ်ပေါ်တွင် ယွမ်ကျောက်တုံး မရှိသော်လည်း တန်ဖိုးကြီးမားသော ရတနာများစွာ ရှိနေသေးသည်။
အလွန်ဆုံး ထိုပစ္စည်းများကို ထုတ်ယူပြီး စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သို့ ရောင်းချကာ လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းနှင့် လဲလှယ်လိုက်ရုံပင် မဟုတ်ပါလား။
“ရွှယ်ဝူရှနဲ့ အင်မော်တယ်လက်နက် အစိတ်အပိုင်း အတွက် ယှဥ်ပြိုင်ရဲတဲ့ ကောင်လေးက ဘယ်သူလဲ”
“သူဖြစ်နေတာကိုး.. လွန်ခဲ့တဲ့ရက်အနည်းငယ်က ကုန်သွယ်ရေးစျေးရဲ့တတိယထပ်မှာ ဒီလူက ကျူလီအင်မော်တယ်ဂိုဏ်းက လီရှောင်နဲ့ ရင်ဆိုင်ခဲ့သေးတယ်.. အခုတော့ သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှနဲ့ပါ ထိပ်တိုက် တွေ့နေခဲ့ပြီ.. ဒီကောင်က ဘယ်အင်အားစုကများ ဖြစ်နေမလဲ”
“............”
လေလံခန်းမအတွင်းရှိ ကြည့်ရှုနေသူ အများအပြားသည် တီးတိုး ပြောဆိုနေခဲ့ကြသည်။
နောက်ဆုံး အခိုက်အတန့်တွင် ရုတ်တရက် စျေးအပြိုင်ခေါ်လိုက်သော ကျန်းချန်ကို မြင်လျှင် ရွှယ်ဝူရှ၏ မျက်နှာသည် ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။
“ကောင်လေး မင်းကို ငါအကြံပေးလိုက်မယ်.. တချို့အရာတွေက မင်းပိုင်ဆိုင်နိုင်တဲ့ အရာတွေ မဟုတ်ဘူး.. ငါ ဆယ့်ခြောက်သိန်း ပေးမယ်”
“ဆယ့်ခြောက်သိန်းနဲ့ တစ်သောင်း”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စျေးအပြိုင် ပေးလိုက်သည်။
“ကောင်းပြီလေ. မင်းက ဒီအင်မော်တယ်လက်နက် အစိတ်အပိုင်းကို ဒီလောက်တောင် လိုချင်နေမှတော့ မင်းကိုပဲ ပေးလိုက်တော့မယ်”
ရွှယ်ဝူရှက ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
မူလက ရွှယ်ဝူရှသည် အင်မော်တယ်လက်နက် အစိတ်အပိုင်းကို လေလံဆွဲ၍ ဝယ်ယူရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ရုတ်တရက် ဝင်ရောက် နှောင့်ယှက်မှုကြောင့် ရွှယ်ဝူရှသည် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်၏။
ကျန်းချန်နှင့် အခြားတစ်ယောက်သည် သိပ်မကြာမီက သူတို့သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်နှစ်ဦးကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ခဲ့သည့် ရွှယ်ချန်ကျဲတို့ နှစ်ဦး ဖြစ်နိုင်ခြေ အရှိဆုံးပင်။
ထို့ကြောင့် လေလံပွဲပြီးသွားသည်နှင့် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန်တို့ကို အလွယ်တကူ အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ကျန်းချန်နှင့် အတူ လေလံအပြိုင်ဆွဲနေခြင်းထက် ကပ်ဘေးဆေးလုံးကို လေလံဆွဲရန် အတွက် ယွမ်ကျောက်တုံးများကို ချန်ထားလိုက်ခြင်းသည် ပို၍ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
လေလံပွဲပြီး၍ ထိုနှစ်ဦးကို ရှင်းထုတ်ပြီးလျှင် အင်မော်တယ်လက်နက် အစိတ်အပိုင်းသည် သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ အိတ်ကပ်ထဲသို့ ပြန်လည် ရောက်ရှိလာလိမ့်မည် မဟုတ်ပါလား။
ရွှယ်ဝူရှက စျေးအပြိုင်ခေါ်ရန် လက်လျှော့လိုက်သောကြောင့် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းသည် ကျန်းချန်၏ လက်ထဲသို့ ချောချောမွေ့မွေ့ပင် ကျရောက်သွားခဲ့သည်။
“ချန်ကျဲ.. လေလံပွဲက လူတွေကို ဆက်သွယ်ပြီး လေလံအောင်တဲ့ ပစ္စည်းကို ဒီထဲက ပစ္စည်းတွေနဲ့ လဲလှယ်ပြီး ယူခဲ့ပါ”
လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို လေလံဆွဲပြီးနောက်တွင် ကျန်းချန်သည် သိုလှောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ရွှယ်ချန်ကျဲထံ ပစ်ပေးလိုက်သည်။
ဤသိုလှောင်လက်စွပ် အတွင်းတွင် အဆင့်မြင့် နတ်ခရစ္စတယ်နှစ်သန်း ရှိ၏။
ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ယွမ်ကျောက်တုံးကို အသေအချာ လေ့လာခဲ့သည်။
၎င်းသည် နတ်ဘုရားနယ်မြေ၏ နတ်ခရစ္စတယ်နှင့် တူညီလုနီပါး ဖြစ်ပြီး ကျင့်ကြံရာတွင် အသုံးပြုနိုင်သည့် ဝိညာဥ်ကျောက်တုံး အမျိုးအစား ဖြစ်သည်။
ခြားနားချက်မှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ယွမ်ကျောက်တုံးတွင် ပါဝင်သော စွမ်းအားသည် နတ်ဘုရားနယ်မြေ၏ နတ်ခရစ္စတယ်တွင် ပါဝင်သော စွမ်းအားထက် ပိုမို သန့်စင်ခြင်းပင်။
မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ကျန်းချန်သည် နတ်ခရစ္စတယ်များကို အသုံးမပြုခဲ့သော်လည်း ယခုအခါတွင် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို လေလံဆွဲရန် လိုအပ်နေသည် ဖြစ်ရာ ကျန်းချန်သည် ထိုမျှလောက်အထိ ဂရုမစိုက်နိုင်တော့ပေ။
ထို့အပြင် ယခုအခါ သူသည် အုပ်စိုးသူ တစ်ပိုင်း အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ပြီး မကြာမီမှာပင် စစ်မှန်သော အုပ်စိုးသူ အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
အကယ်၍သာ ဤ လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို ရရှိပြီး လူသားဧကရာဇ်ဓား၏ စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံ၍ မြင့်တက်သွားပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင်ပင် သူ့ကို ရင်ဆိုင်နိုင်သည့်သူမှာ လက်ချိုးရေတွက်၍ ရသော အရေအတွက်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး ယခင်ကကဲ့သို့ ကြောက်ရွံ့နေစရာ လိုအပ်တော့မည် မဟုတ်ပေ။
ကျန်းချန်က ရွှယ်ချန်ကျဲကို သူ လေလံဆွဲထားသည့် လူသားဧကရာဇ်ဓား အစိတ်အပိုင်းနှင့် လဲလှယ်ရန် ခိုင်းစေလိုက်သော အချိန်မှာပင် ခရစ္စတယ်စင်မြင့် ပေါ်မှ မုချန်ခုန်း၏ လေးနက်သော စကားသံက ခန်းမအတွင်း ပဲ့တင်ထပ်လာခဲ့သည်။
“အားလုံးပဲ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲက အခုဆိုရင် ပြီးဆုံးဖို့ နီးကပ်လာပါပြီ.. နောက်ထပ်လေလံတင်မဲ့ ပစ္စည်းကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းပါပဲ”
မုချန်ခုံး၏ စကားဆုံးသည်နှင့် လေလံခန်းမ အတွင်းရှိ အကြည့်အားလုံးသည် မုချန်ခုန်း၏ ကိုယ်ပေါ်သို့ စုပြုံကာ ကျရောက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လေလံပွဲ၏ နောက်ဆုံးပစ္စည်းမှာ မည်သည့်အရာ ဖြစ်မှန်း လူတိုင်းက ကောင်းစွာ သိရှိထားသောကြောင့်ပင်။
ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးသည် အဆုံးသတ်တွင် ပေါ်ထွက်လာပေတော့မည်။
“နောက်ဆုံးတော့ ကပ်ဘေးဆေးလုံး အလှည့်ရောက်ပြီ”
ရွှယ်ဝူရှက စိတ်ဓာတ်တက်ကြွစွာဖြင့် နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း ကျူလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်၏ အမူအရာသည် အလွန်တရာ လေးနက်သွားခဲ့ပြီး သူ၏ ပျင်းရိနေသော မျက်လုံးများသည် လင်းယုန်မျက်လုံး ကဲ့သို့ စူးရှလာခဲ့သည်။
အခန်း(၂၅၁၃)ပြီး၏။
***