လူတိုင်း၏ အကြည့်အောက်မှာပင် လေလံစင်မြင့်ပေါ်ရှိ မုချန်ခုန်းသည် လေးနက်သော အမူအရာဖြင့် ကျောက်စိမ်းဗန်းတစ်ခု ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းဗန်းပေါ်တွင် လက်တစ်ဝါးစာ အရွယ်အစားခန့်ရှိသည့် ခရစ္စတယ် သေတ္တာတစ်လုံး ရှိနေခဲ့သည်။
ထိုခရစ္စတယ် သေတ္တာသည် ကြည်လင်ပြတ်သားပြီး ဖောက်ထွင်းမြင်နိုင်လု နီးပါး ဖြစ်၏။
သေတ္တာကို ဖွင့်မကြည့်ရသေးခင်မှာပင် အတွင်း၌ မည်သည့်အရာ ရှိသည်ကို လူတိုင်းသည် တစ်ချက် ကြည့်ရုံဖြင့်ပင် မြင်နိုင်ခဲ့သည်။
ခရစ္စတယ်သေတ္တာထဲတွင် ကြက်ဥအရွယ်အစားခန့် ရှိသည့် ရွှေရောင် ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။
ထိုဆေးလုံး၏ မျက်နှာပြင်သည် အလွန်တရာ လုံးဝန်းချောမွေ့ပြီး ငွေရောင်လေစီးကြောင်း တစ်ခုသည် ဆေးလုံးမျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ စီးဆင်းနေခဲ့သည်။
ထိုငွေရောင်လေစီးကြောင်းများသည် ငွေရောင်နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဆေးလုံး၏ ပတ်ပတ်လည်တွင် အဆက်မပြတ် ပျံဝဲနေကြ၏။
“ကျွန်တော်တို့ ဒီတစ်ကြိမ် ကျင်းပတဲ့ လေလံပွဲရဲ့ အထူးခြားဆုံး ရတနာက ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံး ဆိုတာ အားလုံးပဲ သိကြမှာပါ.. ဒီဆေးလုံးရဲ့အာနိသင်က ကပ်ဘေးအဆင့် ကျင့်ကြံသူတွေကို အလွယ်တကူ ကပ်ဘေးကျော်လွှားစေပြီး မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ဖို့ အကူအညီပေးနိုင်တယ်”
လေလံစင်မြင့်ပေါ်မှ မုချန်ခုန်း၏ ခန်းမအတွင်းမှ ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“ကပ်ဘေးဆေးလုံးရဲ့ ကြမ်းခင်းစျေးကို ကန့်သတ်ထားခြင်းမရှိပါဘူး.. စိတ်ကြိုက် စျေးခေါ်နိုင်ပါပြီ”
မုချန်ခုံး၏ စကားဆုံးသည်နှင့် လေလံပွဲ၏ အရှိန်အဟုန်သည် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး မရေမတွက်နိုင်သော စျေးအပြိုင် ခေါ်သံများသည် ခန်းမအတွင်း အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့သည်။
“တစ်သိန်း”
“နှစ်သိန်း”
“ငါးသိန်း”
“..........”
ကပ်ဘေးဆေးလုံး အတွက် ကြမ်းခင်းစျေး ကန့်သတ်ချက်မရှိသောကြောင့် လေလံပွဲ အခြေအနေသည် ပို၍ပင် မြိုင်ဆိုင်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကပ်ဘေးဆေးလုံး စျေးနှုန်းသည် အစောပိုင်းက လူသားဧကရာဇ်ဓား အစိတ်အပိုင်း၏ တန်ဖိုးထက် ကျော်လွန်သွားခဲ့ပြီး ယွမ်ကျောက်တုံး နှစ်သန်း ဟူသော ပမာဏ အထိ ရောက်ရှိသွားခဲ့သည်။
အဆုံးသတ်တွင် လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် အင်မော်တယ်လက်နက် အစိတ်အပိုင်း အဖြစ် သတ်မှတ်ထားသော်လည်း လူသားဧကရာဇ်ဓား၏ တကယ့် အလုပ်လုပ်ပုံကို ရှင်းရှင်းလင်းလင်း မသိပေ။
သို့ရာတွင် ကပ်ဘေးဆေးလုံးကမူ လူသားဧကရာဇ်ဓားနှင့် ကွဲပြား၏။
ဤသည်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ တိမ်မြုပ် ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်သည့် ဆန်းကြယ်သော ဆေးလုံးတစ်မျိုး ဖြစ်သည်။
ကပ်ဘေးဆေးလုံးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူကို မဟာယာန အဆင့်သို့ ထိုးဖောက်နိုင်စေမည့် ရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး အနည်းဆုံး မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာရန် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာစေသော ဆေးလုံးဖြစ်သည်။
မဟာယာနအဆင့် ကျင့်ကြံသူများသည် ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် အလွန်တရာ အရေးပါသော အဆင့်အတန်းတွင် ရှိသည်။
အကယ်၍ သာမန် အင်မော်တယ် ကျင့်ကြံခြင်း အဖွဲ့အစည်းတစ်ခုခုကသာ ကပ်ဘေးဆေးလုံးကို ရရှိသွားပြီး မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို မွေးဖွားလာမည်ဆိုလျှင် ထိုဂိုဏ်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် ရင်ဘောင်တန်းနိုင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာနိုင်ပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် ကပ်ဘေးဆေးလုံး အတွက် စျေးပြိုင်ပေးခြင်းသည် အလွန်တရာပင် ရူးသွပ်ချင်စရာ ကောင်းနေခဲ့၏။
တရွေ့ရွေ့ တက်လာနေသော လေလံစျေးနှုန်းများသည် လေလံခန်းမ၏ အငွေ့အသက်ကို ပုံမှန်ထက် ထူးခြားသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း ကပ်ဘေးဆေးလုံး၏ စျေးနှုန်းက နှစ်သန်းဟူသော ပမာဏကို ကျော်ဖြတ်သွားသောအခါတွင် လေလံခန်းမရှိ ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းခန့်သည် စျေးအပြိုင်ပေးရန် မတတ်နိုင်တော့ပေ။
လေလံခန်းမ တစ်ခုလုံးတွင် ကျူလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်နှင့် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှတို့ အပြင် အခြားအင်အားကြီး အဖွဲ့အစည်း နှစ်ဖွဲ့ သုံးဖွဲ့ခန့်သာ ကျန်ရှိပြီး ကပ်ဘေးဆေးလုံး အတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းစာခန့် နီးပါး အားတက်သရော အပြိုင်အဆိုင် ကြိုးစားကြပြီးနောက်တွင် အဆုံးသတ်၌ ကပ်ဘေးဆေးလုံး၏ စျေးနှုန်းသည် မိုးထိလောက်အောင် မြင့်မားသည့် ၃.၅ သန်းအထိ ရောက်ရှိသွားခဲ့သည်။
ယွမ်ကျောက်တုံး ၃.၅ သန်း ဆိုသည်မှာ လီရှောင်နှင့်ရွှယ်ဝူရှတို့၏ အဆင့်အတန်းဖြင့်ပင် ၎င်းတို့ တတ်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား လေလံပွဲသည် မပြီးဆုံးသေးပေ။
ကပ်ဘေးဆေးလုံး၏ စျေးနှုန်းသည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်၏။
အဆုံးသတ်တွင် ကပ်ဘေးဆေးလုံး ဆိုသည်မှာ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဆေးလုံး ဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး၏ တန်ဖိုးကို ယွမ်ကျောက်တုံးဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ပေ။
အချို့သော အင်အားစုများသည် ကပ်ဘေးဆေးလုံးကို ဝယ်ယူရန် အတွက် အင်အားစုတစ်စုလုံး မွဲပြာကျသွားမည်ဆိုလျှင်ပင် ကပ်ဘေးဆေးလုံးကို အလိုရှိကြသည်။
“သခင်ကြီး အင်မော်တယ်လက်နက် အစိတ်အပိုင်းကို ယူလာခဲ့ပါပြီ”
ကျန်းချန်က လေလံပွဲမှ စိတ်လှုပ်ရှားဖွယ် ထိပ်တိုက် ရင်ဆိုင်မှုများကို ကြည့်ရှုနေစဥ်မှာပင် ရွှယ်ချန်ကျဲသည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းနှင့်အတူ ကျန်းချန်ထံ ပြန်ရောက်လာခဲ့သည်။
ကျန်းချန်က လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းကို သိမ်းဆည်းလိုက်ပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ချန်ကျဲ.. ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲက ငါတို့နဲ့ မသက်ဆိုင်ဘူး ဆိုတော့ ဒီနေရာကနေ ထွက်သွားကြရအောင်”
အင်မော်တယ်လက်နက် အစိတ်အပိုင်းသည် ကပ်ဘေးဆေးလုံးလောက် မကျော်ကြားသော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွင်း ရှာဖွေရခက်ခဲသည့် ပြိုင်ဘက်ကင်းရတနာ ဖြစ်သည်။
လက်ရှိတွင် လူတိုင်း၏ အာရုံသည် ကပ်ဘေးဆေးလုံး အပေါ်တွင် ကျရောက်နေသည် ဖြစ်ရာ သူတို့က ဤအချက်ကို အခွင့်ကောင်းယူပြီး ထွက်ခွာသွားခြင်းသည် အကောင်းမွန်ဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။
သို့မဟုတ်လျှင် လေလံပွဲပြီးဆုံးသည်နှင့် အင်မော်တယ်လက်နက် အစိတ်အပိုင်းကို လေလံဆွဲထားသည့် ကျန်းချန်သည် လူအများ၏ ပစ်မှတ်ထားခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။
သူ၏ လက်ရှိစွမ်းရည်အရ မဟာယာနအဆင့် ကျင့်ကြံသူကိုယ်တိုင် မလှုပ်ရှားသရွေ့ သူ့ကို ခြိမ်းခြောက်ရန် ခက်ခဲမည်ဖြစ်သော်လည်း ကျန်းချန်သည် မလိုလားအပ်သော ပြဿနာများကို မဖန်တီးလိုခဲ့ပေ။
လေလံခန်းမမှ ထွက်လာပြီးနောက်တွင် ကျန်းချန်နှင့်ရွှယ်ချန်ကျဲတို့သည် ရှဖေး၏ ခြံဝန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
“သခင်ကြီး.. ကျွန်တော်တို့ ရွှယ်ဝူရှကို တိုက်ခိုက်မှာလား.. တကယ်လို့ တိုက်ခိုက်မယ်ဆိုရင် ရွှယ်ဝူရှရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော် တိတ်တဆိတ် စောင့်ကြည့်ထားလိုက်မယ်”
ရွှယ်ချန်ကျဲက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ဒီကိစ္စက လောစရာမလိုပါဘူး.. လေလံပွဲက ပြီးသွားပြီ ဆိုပေမဲ့ ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲက အခုမှ စတာလို့ ငါထင်တယ်.. နောက်မှပဲ ဒီကိစ္စကို ပြောကြတာပေါ့”
ကပ်ဘေးဆေးလုံး၏ တန်ဖိုးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ ကျင့်ကြံသူများ အတွက် အဖိုးမဖြတ်နိုင်၍ မည်သူမှ အလွယ်တကူ လက်လွှတ်လိုခြင်း မရှိပေ။
အကယ်၍ ကပ်ဘေးဆေးလုံးကို ရွှယ်ဝူရှ နှင့် လီရှောင်တို့ လေလံအောင်သွားခဲ့လျှင်ပင် ထိုဆေးလုံးကို ယူဆောင်ပြီး ဘေးကင်းကင်းနှင့် ထွက်ခွာသွားနိုင်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ချေ။
ရွှယ်ဝူရှသာ ကပ်ဘေးဆေးလုံးကို လေလံမအောင်ခဲ့လျှင် အလွယ်တကူ ထွက်သွားရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
သူ့အနေဖြင့် ယခု လုပ်ဆောင်ရမည်မှာ သူ၏ စွမ်းရည်ကိုမြှင့်တင်ရန်သာ ဖြစ်၏။
သို့မှသာ ရွှယ်ဝူရှတို့က ကပ်ဘေးဆေးလုံး အတွက် သူသေကိုယ်သေ တိုက်ခိုက်နေကြသော အချိန်တွင် သူတို့က ရွှယ်ဝူရှကို သတ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို ထပ်မံ အားနည်းအောင်လုပ်ရန် အခွင့်အရေး ရပေလိမ့်မည် မဟုတ်ပါလော။
ရွှယ်ချန်ကျဲနှင့် ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် သူ၏ အခန်းထဲသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့သည်။
သူက အခန်းပတ်ပတ်လည်တွင် အစီအရင် အတားအဆီးများကို အရင်ဆုံး ပြုလုပ်လိုက်၏။
ထို့နောက် အစောပိုင်းက လေလံအောင်ထားသည့် လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို ထုတ်ယူလိုက်သည်။
လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို ရရှိပြီးနောက်တွင် ထိုအစိတ်အပိုင်းနှင့် သူ၏ ရှေးဟောင်းရွှေရောင်ဓားသည် အချင်းချင်း ဆွဲဆောင်မှုရှိနေခဲ့ပြီး တိုက်ရိုက်ပင် ပေါင်းစပ်လိုနေကြသည်။
လေလံခန်းမထဲတွင် ရှိစဥ်က ကျန်းချန်သည် ရှေးဟောင်းရွှေရောင်ဓားနှင့် လူသားဧကရာဇ်ဓား အစိတ်အပိုင်းတို့ ပေါင်းစပ်သွားလျှင် ထူးခြားသော မြင်ကွင်းတချို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ရှေးဟောင်း ရွှေရောင်ဓားကို ဖိနှိပ်ထားခဲ့၏။
သူ့ရှေ့ရှိ လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရှေးဟောင်း ရွှေရောင်ဓားသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
“ဝုန်း..”
ရှေးဟောင်းရွှေရောင်ဓားသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူသားဧကရာဇ်ဓား အစိတ်အပိုင်းကို ချက်ချင်းပင် သံလိုက်တစ်ခုနှယ် ဆွဲယူလိုက်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လူသားဧကရာဇ်ဓား အစိတ်အပိုင်းသည် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းရွှေရောင်ဓား အတွင်းသို့ နစ်မြုပ်သွားခဲ့သည်။
နောက်ထပ် အခိုက်အတန့်မှာပင် အလွန်တရာ တောက်ပသော ရွှေရောင်ဓား အလင်းတန်း တစ်ခုသည် ရှေးဟောင်းရွှေရောင်ဓားကနေ ထွက်ပေါ်လာခဲ့၏။
အကယ်၍ ကျန်းချန်သာ အခန်းပတ်ပတ်လည်တွင် ကြိုတင်၍ အစီအရင် အတားအဆီး မချထားခဲ့လျှင် ဤရွှေရောင် ဓားအလင်းတန်းသည် မိုင်ပေါင်းထောင်ချီ ဧရိယာကို ဖုံးလွှမ်းပြီး စိမ်းလန်းသောမြစ်မြို့ တစ်မြို့လုံးကို တုန်လှုပ်သွားစေလောက်မည် ဖြစ်သည်။
ကျန်းချန်က သူ၏ ရှေ့ရှိ ရှေးဟောင်း ရွှေရောင်ဓားကို စိုက်ကြည့်နေခဲ့သည်။
ရှေးဟောင်းရွှေရောင်ဓားသည် လူသားဧကရာဇ်ဓား အစိတ်အပိုင်းနှင့် ပေါင်းစပ်ပြီးနောက်တွင် ၎င်း၏ စွမ်းရည်နှင့်အသွင်အပြင်သည် သိသိသာသာပင် မြင့်တက်လာခဲ့သည်။
ရှေးဟောင်းရွှေရောင်ဓား၏ ဓားကိုယ်ထည်ပေါ်တွင် တစ်ဖက်၌ တောင်တန်းများ၊ မြစ်ချောင်းများ ရှိပြီး အခြားတစ်ဖက်တွင်မူ နေ၊လနှင့် ကြယ်တာရာများ ပါရှိနေသည်ကို ကျန်းချန် မြင်လိုက်ရသည်။
ယခုအခါတွင် လူသားဧကရာဇ်ဓား၏ မူလ အသွင်အပြင်ကို အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်လည် ရောက်ရှိသွားခဲ့သည်။
ကျန်းချန်ကို အနည်းငယ် စိတ်ပျက်စေသည့် တစ်ခုတည်းသောအချက်မှာ လူသားဧကရာဇ်ဓား၏ ထိပ်ဖျားပိုင်းတွင် လက်မ အရွယ်အစားခန့် လစ်ဟာနေခြင်းပင်။
တစ်နည်းအားဖြင့် ဆိုရလျှင် ဤလူသားဧကရာဇ်ဓားအတွင်း အစိတ်အပိုင်း တစ်ခု ကျန်ရှိနေသေး၏။
အကယ်၍သာ ထိုနောက်ဆုံး အစိတ်အပိုင်းကို ရှာတွေ့ခဲ့မည်ဆိုလျှင် လူသားဧကရာဇ်ဓားသည် ၎င်း၏ ယခင်က ဂုဏ်ကျက်သရေကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။
အခန်း(၂၅၁၄)ပြီး၏။
***