“ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ လေအေးအင်မော်တယ်ဂိုဏ်းတို့က နဂိုကတည်းက ပူးပေါင်းထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဤတစ်ကြိမ်တွင် လေအေးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးဆေးလုံး အတွက် လေလံဆွဲရာတွင် တကယ့်ကို အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။
ပြန်လည် တိတ်ဆိတ်သွားသော သူ့ရှေ့မှ တောအုပ်ကို ကြည့်ရင်း ကျန်းချန်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
လေအေးအင်မော်တယ်ဂိုဏ်းတွင် နောက်ထပ် အစီအစဥ် တစ်ခု ရှိနေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ထိုအစီအစဥ်သည် ကျိုလီ အင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းရန် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
ဤတစ်ကြိမ်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ကပ်ဘေးဆေးလုံးကို လုယူရင်း ကြက်လည်းပျောက် ဆန်လည်းဆုံး ဖြစ်သွားရပြီဟုပင် ဆို၍ရ၏။
“သခင်ကြီး.. အခုရွှယ်ကျိုးမင်နဲ့ ရွှယ်ဝူရှတို့ ဒဏ်ရာတွေရနေကြပြီ.. ဒီအချိန်က သူတို့ကို ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ပဲ.. ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချကြမလား”
ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
“သေချာတာပေါ့.. ဒါက တစ်သက်မှာ တစ်ခါ ကြုံတွေ့ရမဲ့ အခွင့်အရေးပဲ.. ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်ခံနိုင်မှာလဲ”
ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“သွားစို့.. ငါတို့ ရွှယ်ကျိုးမင်တို့ နှစ်ယောက်ကို ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေဆီ မရောက်ခင် အဆုံးသတ်ပေးကြတာပေါ့”
ရွှယ်ဝူရှသည် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီအရှိဆုံးလူငယ် ဖြစ်ပြီး မဟာယာနအဆင့်ကို တက်လှမ်းနိုင်ရန် အတွက် မျှော်လင့်ချက်အရှိဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာ ကိုယ်ရံတော် ဖြစ်သည့် ရွှယ်ကျိုးမင်သည်လည်း သွေးနတ်ဆိုးဂိုဏ်း၏ နာမည်ကျော် မဟာယာနအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်သည်။
ထိုနှစ်ယောက်ကိုသာ ဖယ်ရှားနိုင်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အကြီးအကျယ် ထိခိုက်စေမည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ ရောက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေကို ထပ်မံ ကျူးကျော်ချင်လျှင် အင်အားများစွာ လျော့နည်းသွားလိမ့်မည် ဖြစ်၏။
ယင်းနောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။
ကျန်းချန်တို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် အစောပိုင်းက ပျောက်ကွယ်သွားသည့် လီထျန်းယွမ်တို့ လူစုက လေထုထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
“အကြီးအကဲထျန်းယွမ်.. အဲဒီကောင်က ကုန်သွယ်ရေးစျေးမှာ အင်မော်တယ်ရတနာ တစ်ခုကို ရထားသလို လေလံပွဲမှာလည်း အင်မော်တယ်လက်နက် အစိတ်အပိုင်း တစ်ခုကို ရထားတယ်.. သူတို့ရှိနေတာကို သိလျက်နဲ့ ဘာလို့ အခွင့်အရေးယူပြီး မတိုက်ခိုက်ခဲ့တာလဲ”
လီရှောင်က ကျန်းချန်တို့ ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
လီထျန်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“အဲဒီကောင်လေးက သာမန်မဟုတ်ဘူး.. သူ့ကို ရင်ဆိုင်ဖို့မလွယ်ဘူး”
“အကြီးအကဲထျန်းယွမ်ရဲ့ ခွန်အားနဲ့တောင် အဲဒီကောင်ကို မယှဥ်နိုင်ဘူးလား”
လီရှောင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လီထျန်းယွမ် ဆိုသည်မှာ ကျိုလီအင်မော်တယ်ဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
ထိုကောင်လေးက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်နေလျှင် လီထျန်းယွမ် အနေဖြင့် ဤမျှအထိ ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
သို့ဆိုလျှင် ထိုလူငယ်သည် မဟာယာန အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်များ ဖြစ်နေပါသလော။
သို့သော်လည်း ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အထူးချွန်ဆုံး ပါရမီရှင်များသည်ပင် မဟာယာန တစ်ပိုင်း အဆင့်သာ ရှိကြသည်။
ယင်းအချက်ကို ထောက်လျှင် ထိုကောင်လေးသည် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ပါရမီရှင်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပါသလော။
“ငါ အဲဒီကောင်လေးရဲ့ ခွန်အားကို ထွင်းဖောက် မမြင်နိုင်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အန္တရာယ် အငွေ့အသက်ကို ခံစားမိခဲ့တယ်.. သူ့ကို တိုက်ရိုက် သွားတိုက်ခိုက်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး”
လီထျန်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ပြုံး၍ ပြောလိုက်သည်။
“တကယ်လို့သာ အစောပိုင်းက ငါ အစွမ်းကုန် ကြိုးစားခဲ့ရင် ရွှယ်ကျိုးမင်တို့ ထွက်ပြေးဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး.. ငါ ရွှယ်ကျိုးမင်တို့ကို ဘာလို့ လွှတ်ပေးလိုက်လဲ ဆိုတာ မင်းသိလား”
ထိုစကားကိုကြားလျှင် လီရှောင်သည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး လီထျန်းယွမ်ကို မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
“အကြီးအကဲထျန်းယွမ်က အဲဒီနှစ်ယောက်ကို ရွှယ်ကျိုးမင်တို့နဲ့ အရင်တိုက်ခိုက်စေပြီးမှ အခွင့်အရေးယူဖို့ စီစဥ်ထားတာလား.. သူတို့နှစ်ယောက်က ရွှယ်ကျိုးမင်တို့နဲ့ သေချာပေါက် တိုက်ခိုက်လိမ့်မယ်လို့ အကြီးအကဲ ထျန်းယွမ်က ဘယ်လိုလုပ်ပြီး အသေအချာ သိနေရတာလဲ”
“အစကတော့ ဒီနှစ်ယောက်ကို ကပ်ဘေးဆေးလုံး အတွက် လာတယ်လို့ ငါထင်ခဲ့တယ်.. ဒါပေမဲ့ လေလံပွဲအစကနေ အဆုံးအထိ သူတို့က ကပ်ဘေးဆေးလုံးကို လေလံဆွဲဖို့ စိတ်မဝင်စားခဲ့ကြဘူး.. ဒါ့အပြင် မင်းစုံစမ်းထားတဲ့ အချက်အလက်တွေအရ အဲဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေက လာတာပဲ.. ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို စဥ်းစားကြည့်ရင် အဲဒီနှစ်ယောက်က သွေးနတ်ဆိုးဂိုဏ်း အတွက် လာတယ်ဆိုတာ ခန့်မှန်းရ မခက်ပါဘူး”
လီထျန်းယွမ်က အချက်အလက် တစ်ခုချင်းစီကို တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
လီထျန်းယွမ်၏ စကားကိုကြားလျှင် လီရှောင်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို သတိရသွားခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“အဲဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှာ ပြဿနာ အကြီးအကျယ်ရှာခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ လူတွေလို့ အကြီးအကဲထျန်းယွမ် ဆိုချင်တာလား”
“ငါ့ရဲ့ခန့်မှန်းချက်က မမှားလောက်ဘူးလို့တော့ ထင်တာပဲ”
လီထျန်းယွမ်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
“ဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှာ ပြဿနာရှာခဲ့တဲ့ သူတွေသာ အမှန်ဆိုရင် သူတို့ မျက်စိရှေ့က အခွင့်အရေးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး.. သူတို့က ဖြတ်လမ်းကနေ ရွှယ်ကျိုးမင်ကို စောင့်တိုက်ကြလိမ့်မယ်”
လီရှောင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“စိမ်းလန်းသောမြစ်ကောင်းကင် နယ်မြေနဲ့ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ ကြားမှာ ရှိတဲ့ နေရာက ဆိတ်ငြိမ်သွေးလွင်ပြင်ပဲ.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကနေ ဆိတ်ငြိမ်သွေးလွင်ပြင်ကို သွားမဲ့လမ်းက တစ်လမ်းပဲ ရှိတယ်.. သူတို့တွေ ရွှယ်ကျိုးမင်ကို တိုက်ခိုက်ချင်ရင် အဲဒီနေရာမှာ ဖြစ်မှာ အသေအချာပဲ"
"အခုအချိန်မှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေခဲ့ပြီ.. အင်မော်တယ်နဲ့ ပတ်သက်တဲ့ ဘယ်အရာမဆို အင်မော်တယ် ဖြစ်လာနိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်.. အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်မှာ အင်မော်တယ်ရတနာ နှစ်ခုတောင် ရှိနေတယ်ဆိုတော့ ငါတို့ အလွယ်တကူ လက်လွှတ်ခံလို့ မဖြစ်ဘူး”
ထိုစကားကို ပြောရင်း လီထျန်းယွမ်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ရွှယ်ကျိုးမင်သည် အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။
ယင်းကြောင့် ရွှယ်ကျိုးမင်ကို ရှင်းပစ်ချင်လျှင် အဖိုးအခတချို့ ပေးဆပ်ရပေလိမ့်မည်။
ထိုနှစ်ယောက်၏ ခွန်အားသည် ထူးခြား၏။
ရွှယ်ကျိုးမင်ကို သတ်နိုင်လျှင် ထိုနှစ်ယောက်သည်လည်း ဒဏ်ရာ အပြင်းအထန် ရရှိမည်မှာ အသေအချာပင်။
ထိုကောင်လေးက ရွှယ်ကျိုးမင်ကို မသတ်နိုင်လျှင်ပင် ဒဏ်ရာ အပြင်းအထန် ရလာသည့် ရွှယ်ကျိူးမင်ကို ပို၍ အထိနာစေလိမ့်မည် ဖြစ်၏။
ရှင်းလင်းစွာ ဆိုရလျှင် ရလဒ်က မည်သို့ပင်ဖြစ်နေပါစေ၊ အဆုံးသတ်တွင် အမြတ်ထွက်မည့်သူမှာ ကျိုလီအင်မော်တယ်ဂိုဏ်းသာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
ဆိတ်ငြိမ်သွေးလွင်ပြင် အနီးရှိ တောအုပ် တစ်ခုထဲတွင် လူရိပ်နှစ်ခုသည် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ကြသည်။
ထိုလူရိပ်နှစ်ခုမှာ ရွှယ်ကျိုးမင်ကို ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် ကျန်းချန်တို့ နှစ်ယောက်ပင် ဖြစ်သည်။
ကပ်ဘေးဆေးလုံး တိုက်ပွဲတွင် သွေးနတ်ဆိုးဂိုဏ်းသည် ရှုံးနိမ့်ခဲ့ပြီး ရွှယ်ကျိုးမင်နှင့်ရွှယ်ဝူရှ တို့သာ ထွက်ပြေးလွတ်မြောက်ခဲ့သောကြောင့် ကျန်းချန်တို့ နှစ်ယောက်သည် ဤတောအုပ်ဆီသို့ အလျင်မြန်ဆုံး ရောက်လာပြီး ရွှယ်ကျိုးမင်တို့နှစ်ယောက်ကို ကြားဖြတ် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။
“သခင်ကြီး.. ကျွန်တော်တို့ ဒီမှာ စောင့်နေတာ တစ်ရက်နဲ့တစ်ညတောင် ရှိနေပြီ.. ရွှယ်ကျိုးမင်တို့ နှစ်ယောက်ကို အခုအထိ မတွေ့ရသေးဘူး.. ကျွန်တော်တို့ ခြေတစ်လှမ်း နောက်ကျသွားပြီး.. ရွှယ်ကျိုးမင်တို့က ဆိတ်ငြိမ်သွေးလွင်ပြင်ထဲ ဝင်သွားကြပြီလားမသိဘူး”
ရွှယ်ကျိုးမင်တို့ နှစ်ယောက် ယခုအထိ ပေါ်မလာသေးသည်ကိုမြင်လျှင် ရွှယ်ချန်ကျဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်၏။
“မဖြစ်နိုင်ဘူး.. ငါတို့ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်”
ရွှယ်ကျိုးမင်တို့ကို ကြားဖြတ် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသည်နှင့် သူတို့သည် ဤနေရာသို့ အလျင်မြန်ဆုံး ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် လေအေးအင်မော်တယ်ဂိုဏ်းတို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ရသော တိုက်ပွဲတွင် ရွှယ်ကျိုးမင်သည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရုံသာမက အဆုံးသတ်တွင် သူအသုံးပြုခဲ့သည့် လျှို့ဝှက်နည်းစနစ်အတွက်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။
ထို့ကြောင့် ရွှယ်ကျိုးမင်သည် တစ်နေနေရာတွင် ပုန်းအောင်းပြီး ဒဏ်ရာကို အတိုင်းအတာ တစ်ခုအထိ ကုသနေမည်မှာ သေချာသလောက်ဖြစ်ရာ ကျန်းချန်တို့ထက် အရင်ရောက်နှင့်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဤသို့ဖြင့် တိတ်တဆိတ်စောင့်ဆိုင်းရင်း နောက်ထပ်နှစ်ရက် ထပ်မံကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင်မူ မျက်စိမှိတ်၍ ကျင့်ကြံနေသည့် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး မျက်လုံးကို ဖွင့်ကာ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဘက်သို့ လှမ်းကြည့်လိုက်သည်။
“သခင်ကြီး သူတို့ရောက်လာကြပြီ”
ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့၏။
သူတို့က သူနှင့် အဆင့်တူ ပါရမီရှင် တစ်ယောက်နှင့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်၏။
ထိုနှစ်ယောက်၏ အခြေအနေသည် လက်ရှိတွင် အကောင်းဆုံး မဟုတ်တော့သည့်တိုင် သူတို့အနေဖြင့် ကြားဖြတ် သတ်ဖြတ်ဖို့ ဆိုသည်မှာ မလွယ်ကူသော ကိစ္စ ဖြစ်သည်။
ကောင်းကင်ကနေ လျင်မြန်စွာ ပျံသန်းလာသည့် သွေးရောင်ပုံရိပ်နှစ်ခုကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“နောက်ဆုံးတော့ ရောက်လာကြပြီပဲ”
အခန်း(၂၅၁၈)ပြီး၏။
***