“ကောင်လေး သေဖို့သာ ပြင်ထားပေတော့”
ရွှယ်ကျိုးမင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ လက်ထဲတွင် သွေးနီရောင် အလင်းတန်းများ တောက်ပနေသော သွေးရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လူနှင့်ဓား တစ်သားတည်း ကျသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် သွေးရောင်ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှေးဟောင်းရွှေရောင်ဓားကို ထုတ်ဖော်၍ ရွှယ်ကျိုးမင်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ထန်း..”
ဓားချင်း ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် မီးပွားများသည် နေရာအနှံ့သို့ လွင့်စင်သွားခဲ့၏။
သတ္တုချင်း ပြင်းပြင်းထန်ထန် ထိရိုက်သံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ရွှေရောင်နှင့် အနီရောင် စွမ်းအင်မုန်တိုင်း တစ်ခုသည် ဓားချင်းထိပ်တိုက် ဆုံတွေ့သည့် နေရာကနေ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဘာမှမကျန်ရှိတော့သည် အထိ ချေမှုန်းပစ်လိုက်သည်။
အဖျက်စွမ်းအင် မုန်တိုင်းများ တိုက်ခတ်နေသည့် လေထုထဲတွင် ကျန်းချန်သည် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မဟာယာနအဆင့် ကျင့်ကြံသူ ဆိုသည်မှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်လျှင် များစွာကွာခြား၏။
ရွှယ်ကျိုးမင်သည် ယခုအခါတွင် သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည် မရောက်ရှိသေးသည့်တိုင် ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ရွှယ်ကျိုးမင်ကို အသာစီးရယူရန် မလွယ်ကူပေ။
“ဒီကောင်လေးက တကယ်ကို သန်မာတာပဲ”
ရွှယ်ကျိုးမင်ကလည်း လေထဲတွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် လေးနက်သော အမူအရာများ ပါဝင်နေခဲ့၏။
“ဒီကောင်က မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ မဟာယာနအဆင့် ကျင့်ကြံသူတွေထက် လုံးဝမနိမ့်ဘူး.. ဒါကြောင့် တိုက်ပွဲကို အမြန်အဆုံးသတ်မှ ဖြစ်လိမ့်မယ်”
မဟာယာနအဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်သည့် ရေခဲမြစ်မိစ္ဆာကြီးနှင့် လီထျန်းယွမ် တို့ကို ရင်ဆိုင်ရစဥ်က ရွှယ်ကျိုးမင်သည် အစွမ်းကုန် ကြိုးစားခဲ့ရပြီး သွေးနတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုမှသာ မနည်းလွတ်အောင် ထွက်ပြေးနိုင်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ ခွန်အားသည် အနည်းငယ် ပြန်လည် ကောင်းမွန်လာသော်လည်း အထွတ်အထိပ် အခြေအနေကို ရောက်ရှိရန် များစွာ လိုအပ်နေသေး၏။
ထို့ကြောင့် တိုက်ပွဲကို အချိန်ဆွဲရန် မသင့်တော်ပေ။
အကယ်၍ အချိန်များစွာ ကြန့်ကြာသွားခဲ့လျှင် အခြေအနေသည် သူ့အတွက် ပို၍ ဆိုးရွားလာပေလိမ့်မည် မဟုတ်ပါလော။
ထိုသို့ တွေးမိပြီးနောက်တွင် ရွှယ်ကျိုးမင်၏ သွေးရောင်ဓားရှည် ထံကနေ ဆန်းကြယ်သော သွေးရောင်ဓားအလင်းများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“သွေးမိစ္ဆာနတ်ဆိုးဓား”
သွေးရောင်ဓားရှည် ထံကနေ ထွက်ပေါ်လာသည့် သွေးရောင်ဓားအလင်းများသည် ဆူပွက်နေသော သွေးအငွေ့အသက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခေါင်းပေါ်ရှိ မိုင်ထောင်ချီ ဧရိယာကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”
ရွှယ်ကျိုးမင်၏ ဆန်းကြယ်သော ဓားကွက်ကို ရင်ဆိုင်ရသော အချိန်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သင်ပေးခဲ့သည့် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
လေထုထဲတွင် သွေးရောင်ဓားအလင်းနှင့် ရွှေရောင်ဓားအလင်းတို့သည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကနေ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်း ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။
ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းမှာပင် နောက်ပြန် လွင့်စင်လာခဲ့ကြသည်။
[ဒါ.. ဒါက ဘယ်လိုဓားသိုင်းလဲဟ.. ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ]
သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ရွှယ်ကျိုးမင်၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်ထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုကောင်လေး ယခုလေးတင် ထုတ်ဖော်လိုက်သော ဓားသိုင်း၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
သွေးဓားအင်မော်တယ်ဂိုဏ်းမှ ထိပ်တန်း ဓားသိုင်းများပင် ထိုဓားသိုင်းကို ယှဥ်နိုင်မည် မဟုတ်ဟု သူထင်မြင်မိသည်။
ရွှယ်ကျိုးမင်ကို ပို၍ အံ့ဩထိတ်လန့်စေသည်မှာ ထိုကောင်လေး၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲရှိ အင်မော်တယ် ကျင့်ကြံသူများ၏ စွမ်းအားများနှင့် မသိမသာ ကွဲပြားနေခြင်းပင်။
သို့သော်လည်း ထိုကောင်လေး၏ အရှိန်အဝါ ဖုံးကွယ်သော နည်းစနစ်သည် အလွန်ပင် ထူးခြားလွန်းပြီး အကယ်၍ ထိပ်တိုက်သာ ရင်ဆိုင် မတိုက်ခိုက်ခဲ့လျှင် သူ၏ ခွန်အားဖြင့်ပင် သတိထားမိရန် ခဲယဥ်းလိမ့်မည် ဖြစ်၏။
ရွှယ်ကျိုးမင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိက်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲက ကျင့်ကြံသူ မဟုတ်ဘူး.. မင်းဘယ်သူလဲ”
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”
ကျန်းချန်က ရွှယ်ကျိုးမင်၏ မေးခွန်းကို လုံးဝ ဂရုစိုက်မနေခဲ့ပေ။
သူက လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားကို အသုံးပြုကာ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း၏ ဒုတိယမြောက် တိုက်ကွက်ကို ထုတ်ဖော်၍ ရွှယ်ကျိုးမင်ကို တိုက်ခိုက်လိုက်သည်။
ယခင်ထက် ပို၍ အစွမ်းထက်သည့် ကျန်းချန်၏ ဓားကွက်ကို ကြည့်ပြီး ရွှယ်ကျိုးမင်၏ မျက်နှာထက်တွင် လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ သူ၏ခန္ဓာကိုယ်ထဲမှ အနှစ်သာရ စွမ်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်သည်။
ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် သွေးရောင်မြူခိုးများ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် သူ၏ ဦးခေါင်းအထက်၌ ကြီးမားသော သွေးတိမ်တိုက်ကြီး တစ်ခု ဖြစ်သွားခဲ့သည်။
ရွှယ်ကျိုးမင်က ချက်ချင်းဆိုသလိုပင် သူ၏ ပါးစပ်ကို ဖွင့်လိုက်ရာ သွေးမြားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး သူ၏ ဦးခေါင်းအထက်ရှိ သွေးတိမ်တိုက် ထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအကြာတွင် သွေးတိမ်တိုက်သည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့ပြီး ရုတ်တရက် ကွဲထွက်သွားကာ ပေတစ်ထောင်နီးပါး ရှိသည့် ကြီးမားသော သွေးရောင်ဓားအလင်း တစ်ခုသည် သွေးတိမ်တိုက်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားနှစ်ခုသည် ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ထိတ်လန့်ဖွယ် ဓားအရှိန်အဝါနှင့် ဓားအလင်းများသည် တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ ပျံ့နှံ့သွားခဲ့၏။
နေရာလွတ်များက ပြိုကျသွားခဲ့ပြီး ကမ္ဘာကြီးပင် ပျက်စီးတော့မလို ဖြစ်ပျက်သွားကာ လောက၏ နိဂုံးကို ရောက်ရှိလာသကဲ့သို့ပင်။
ရွှယ်ကျိုးမင် ဆီကနေ ညည်းညူသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့ပြီးနောက် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေရာချီ လွင့်စင်သွားခဲ့ကာ မျက်နှာတစ်ခုလုံး အလွန်အမင်း ဖြူဖျော့သွားခဲ့၏။
သို့ရာတွင် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်ခင်မှာပင် ရွှယ်ကျိုးမင်သည် သူ၏ ကျောဘက်ကနေ အေးစက်စက် အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
ရွှယ်ကျိုးမင်က နောက်သို့ လှည့်ကြည့်လိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် သူ့ထံသို့ တန်းတန်းမတ်မတ် လျင်မြန်စွာ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။
ထိုရွှေရောင်ဓားအလင်း ထံကနေ ရွှယ်ကျိုးမင်သည် အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်၏။
“သွေးနတ်ဆိုးကောင်းကင်ဒိုင်းကာ”
လောကကြီးတစ်ခုလုံးကိုပင် အဆုံးသတ်ပစ်နိုင်လောက်သည့် ကျန်းချန်၏ ဓားချက်ကို ရင်ဆိုင်ရသည့်အခါတွင် ရွှယ်ကျိုးမင် ထိတ်လန့်သွားခဲ့သည်။
သို့သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ရွှယ်ကျိုးမင်သည် သာမန် မဟုတ်ပေ။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သွေးရောင်အလင်းဒိုင်းကာ တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုအချိန်မှာပင် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း၏ တတိယတိုက်ကွက် ဖြစ်သော အင်မော်တယ်များ သတ်ဖြတ်ခြင်း တိုက်ကွက်သည် ရွှယ်ကျိုးမင် ဆီသို့ ပြင်းပြင်းထန်ထန်ပင် ကျရောက်လာခဲ့ပြီး ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ သွေးရောင်အလင်းဒိုင်းကာကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။
သွေးရောင်အလင်းဒိုင်းကာ ကွဲထွက်သွားပြီးနောက်တွင် ကျန်ရှိနေသော ဓားစွမ်းအားသည် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသောကြောင့် ရွှယ်ကျိုးမင်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
သူက သူ့ရှေ့မှ ဝင့်ကြွားသော ပုံရိပ်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။
ထိုကောင်လေး၏ အဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်နှင့် တူသော်လည်း ခန္ဓာကိုယ်ထဲမှ ခွန်အားကမူ အလွန်အမင်း အားကောင်းပြီး မဟာယာနအဆင့် ကျင့်ကြံသူနှင့် အတော်လေး နီးစပ်နေခဲ့သည်။
ယင်းအပြင် ထိုကောင်လေး ထုတ်ဖော်လိုက်သည့် ဓားသိုင်းသည် ရွှယ်ကျိုးမင် မြင်တွေ့ဖူးသမျှ မည်သည့် ဓားသိုင်းထက်မဆို အဆများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်း၏။
ယခုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ် အခြေအနေ၏ ခုနစ်ဆယ် ရာခိုင်နှုန်းပင် မရှိသည်ကို မပြောနှင့်၊ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဓားသိုင်းကို ခုခံရန် ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ရွှယ်ကျိုးမင်က ဤနေရာကနေ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
သူက ရွှယ်ချန်ကျဲနှင့် ရင်ဆိုင်နေရသည့် ရွှယ်ဝူရှကိုပင် ဂရုစိုက်ရန် အချိန်မရှိတော့ပေ။
သို့သော်လည်း ရွှယ်ကျိုးမင် ထွက်ပြေးသွားသည်နှင့် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ထွက်ပြေးချင်တယ်လား.. ဒီနေရာက မင်းတို့နှစ်ယောက်ကို မြှုပ်နှံမဲ့နေရာလို့ ငါပြောခဲ့ပြီးသားပဲ”
အခန်း(၂၅၂၀)ပြီး၏။
***