ကောင်းကင်အင်ပါယာ၏ တော်ဝင်ညီလာခံခန်းမကြီးသည် ယခုကဲ့သို့ အခမ်းအနားမျိုး မမြင်တွေ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ရွှေရောင်နဂါးရုပ်လုံးများ ထွင်းထုထားသည့် တိုင်လုံးကြီးများသည် မြင့်မားလှသော မျက်နှာကြက်ဆီသို့ ထိုးတက်နေကြသည်။ ရာဇပလ္လင်နောက်ခံတွင်မူ ကြက်သွေးရောင် ပိုးထည်ကုလားကာအကြီးကြီးများကို ချိတ်ဆွဲထား၏။
လေထုကိုယ်နှိုက်ကပင် လေးလံထိုင်းမှိုင်းနေပြီး ဖိနှိပ်ထားသော ကျင့်စဉ်စွမ်းအား အရှိန်အဝါများနှင့် ရန်လိုမှုများက ခန်းမအတွင်း ပြည့်နှက်နေသည်။ ယနေ့သည် သာမန်ညီလာခံတစ်ခု မဟုတ်ပေ။
ယနေ့သည် ပိုင်မျိုးနွယ်စုအတွက် စီရင်ချက်ချမည့်နေ့ ဖြစ်သည်။
အင်ပါယာအတွင်းရှိ သြဇာအာဏာအကြီးမားဆုံး ပုဂ္ဂိုလ်များသည် တစ်ဦးပြီးတစ်ဦး နေရာယူလာကြသည်။
ရှေ့ဆုံးနားတွင် လီမျိုးနွယ်စုခေါင်းဆောင် လီကျန်းဟုန်ရှိပြီး သူ၏ ဝတ်ရုံပေါ်တွင် ငွေရောင် ချီလင်း ပုံစံများကို ပန်းထိုးထား၏။
သူ၏ မျက်နှာသည် တင်းမာနေပြီး မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူနှင့် မလှမ်းမကမ်းတွင် ကျောက်မျိုးနွယ်စုခေါင်းဆောင် ကျောက်ဝူထျန်း ရှိနေပြီး လက်နှစ်ဖက်ကို အင်္ကျီရှည်များအတွင်း ပိုက်ထားကာ တည်ငြိမ်သော်လည်း အေးစက်သော အကြည့်ဖြင့် ရပ်နေသည်။
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ရှလည်း ရောက်ရှိနေသည်။ သူတို့ ရောက်ရှိနေခြင်းမှာ ရှင်းလင်းလှသည်။
သူတို့သည် လာရောက်ကြည့်ရှုရုံသက်သက် မဟုတ်ကြပေ
ပိုင်မျိုးနွယ်စုကို အထိနာနာဖြင့် အပြစ်ပေးခံရစေရန် သေချာပေါက် လုပ်ဆောင်ဖို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပိုင်မျိုးနွယ်စု၏ ရန်သူများသာမက သူတို့ဘက်တော်သားများဖြစ်သည့် ချူမျိုးနွယ်စုခေါင်းဆောင် ချူရှင်း လည်း ရှိနေသည်။
ယနေ့တွင် တော်ဝင်မိသားစုသည် ပိုင်မျိုးနွယ်စုနှင့် သူတို့၏ မဟာမိတ်များကို ဥပဒေအထက်တွင် မည်သူမျှ မရှိကြောင်း နားလည်စေရန် ဆုံးဖြတ်ထားပုံရသည်။
ဖြစ်နိုင်သည်မှာ ပိုင်မျိုးနွယ်စုသည် မည်သို့သော မျိုးနွယ်စုဖြစ်ကြောင်း အတိအလင်း ပြသခြင်းဖြင့် သူတို့၏ မဟာမိတ်အဖွဲ့ကို ဖြိုခွဲရန်လည်း ရည်ရွယ်ပေလိမ့်မည်။
ခန်းမ၏ အမြင့်ဆုံးနေရာရှိ နဂါးပလ္လင်ပေါ်တွင် ကောင်းကင်အင်ပါယာ၏ ဧကရာဇ်မင်းမြတ် စံပယ်နေသည်။
သူ၏ မျက်နှာထက်တွင်
စိတ်အနှောင့်အယှက်ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေ၏။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကို လူတိုင်း သိကြသည်။
ပါဝင်ပတ်သက်သူတစ်စုမှာ ယခုထက်ထိ ပေါ်မလာသေးပေ။
စီရင်ချက်ချခံရမည့် ပိုင်မျိုးနွယ်စုပင် ဖြစ်သည်။
ခန်းမအတွင်း တိုးတိုးတိတ်တိတ် ဝေဖန်သံများ ထွက်ပေါ်လာသည်။
လီကျန်းဟုန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ပိုင်ထျန်းဟမ် ဘာတွေလုပ်နေတာလဲ။ ငါတို့ကို ဒီမှာ ထာဝရ စောင့်ခိုင်းထားဖို့ ကြံနေတာလား"
ကျောက်ဝူထျန်းက ရာဇပလ္လင်ဘက်သို့ တစ်ချက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ဆိုသည်။
"ဧကရာဇ်မင်းမြတ်ကိုတောင် စောင့်ခိုင်းထားတယ်ဆိုတော့... ပိုင်မျိုးနွယ်စုက သူတို့ကိုယ်သူတို့ အင်ပါယာထက် မြင့်မြတ်တယ်လို့ ထင်နေကြတာလား"
သူက ထိုသို့ပြောဆိုနေသော်လည်း စိတ်ထဲတွင်မူ ပြုံးနေမိသည်။
ပိုင်မျိုးနွယ်စုက ယခုကဲ့သို့ ပြုမူလေလေ တော်ဝင်မိသားစုနှင့် သူတို့ကြား ဆက်ဆံရေး ပိုမိုဝေးကွာလေလေဖြစ်ပြီး ၎င်းမှာ သူတို့အတွက် အကောင်းဆုံးပင် မဟုတ်ပါလော
အများစုကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။
အမှန်စင်စစ်
အချိန်ကား ကျန်ပါသေးသည်။
တရားဝင် ညီလာခံ စတင်ရန် တစ်မိနစ်သာ လိုတော့သည်။
သို့သော် ဧကရာဇ်မင်းမြတ်၏ ဆင့်ခေါ်မှုကို ခံရလျှင် နောက်ဆုံးစက္ကန့်မှ ရောက်လာခြင်းထက် စောစောစီးစီး ရောက်ရှိလာသင့်သည် မဟုတ်ပါလော
အထူးသဖြင့် စွပ်စွဲချက်များ ရင်ဆိုင်နေရချိန်မျိုးတွင် ပို၍ပင် သတိထားသင့်သည်။
နန်းတွင်းအရာရှိတစ်ဦး ရှေ့သို့တက်လာပြီး အခမ်းအနားသုံး လှံတံဖြင့် ကြမ်းပြင်ကို အချက်ပေး ခေါက်လိုက်သည်။
ထိုအသံက ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွား၏။
"ညီလာခံစတင်ဖို့ တစ်မိနစ်ပဲ လိုပါတော့တယ်"
ဝေဖန်သံများက ပိုမိုကျယ်လောင်လာသည်။
"ရိုင်းစိုင်းလိုက်တာ"
"မောက်မာလှချည်လား"
"သူတို့ ရောက်မလာရင် ဒါဟာ ပုန်ကန်မှုပဲ"
"ဧကရာဇ်ရဲ့ ဆင့်ခေါ်မှုကို ငြင်းဆိုတာဟာ အာဏာဖီဆန်တာပဲ"
လေထုက ပို၍ အေးစက်တင်းမာလာသည်။
စက္ကန့် ၃၀ သာ လိုတော့သည်။
၂၉ စက္ကန့်
၂၈ စက္ကန့်
လီကျန်းဟုန်သည် လက်ပိုက်လျက် စောင့်ကြည့်နေသည်။
"ပိုင်ထျန်းဟမ် တစ်ယောက် တကယ်ပဲ မလာရဲတာလားဆိုတာ ကြည့်ကြသေးတာပေါ့။"
စက္ကန့် ၂၀ သာ လိုတော့သည်။
တင်းမာမှုများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သူတို့ အပြစ်ရှိတာကို ဝန်ခံလိုက်တာ ဖြစ်မှာပါ။"
"ဒါမှမဟုတ် ဧကရာဇ်မင်းမြတ်ကို ရင်ဆိုင်ရမှာ ကြောက်နေတာလည်း ဖြစ်နိုင်တယ်။"
၁၅ စက္ကန့်...
၁၀ စက္ကန့်...
အချို့သူများ၏ နှုတ်ခမ်းအစုံမှာ လှောင်ပြုံးများဖြင့် ကွေးညွတ်နေကြချေပြီ။
လီကျန်းဟုန်၏ အကြည့်များကလည်း ပိုမိုစူးရှလာသည်။
"အကယ်၍ သူတို့သာ ရောက်မလာခဲ့ရင်”
၄... ၃... ၂
ဘုန်း
ထိုအသံသည် ကျယ်လောင်လှသည်တော့ မဟုတ်ပေ။
သို့သော် တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမကြီးအတွင်း၌မူ ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ပင်။
ကြီးမားလှသော ညီလာခံခန်းမ တံခါးကြီးများ ပွင့်ဟသွားသည်။
လူအားလုံး၏ ခေါင်းများသည် တစ်ပြိုင်နက်တည်း လှည့်သွားကြ၏။
ပြင်ပမှ ရွှေရောင်နေခြည်များက ခန်းမအတွင်းသို့ ခဏတာ ဖြတ်သန်းဝင်ရောက်လာပြီးနောက် လူရိပ်တစ်ခုက တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာသည်။
ပိုင်ကျီဟန်
သူသည် ရှေ့သို့ အေးအေးလူလူ လျှောက်လှမ်းလာသည်။
ပြောင်လက်နေသော ကြမ်းပြင်ပေါ်တွင် သူ၏ ခြေလှမ်းတိုင်းက မှန်မှန်ကန်ကန်ပင် ပဲ့တင်ထပ်နေ၏။
သူ့နောက်တွင် ခြံရံလာသည့် အစောင့်အရှောက်များ မပါရှိပေ။
အကြီးအကဲများလည်း မလိုက်ပါလာပေ။
ပိုင်ထျန်းဟမ်လည်း မရှိပေ။
သူသည် တစ်ဦးတည်း ရောက်ရှိလာခြင်း ဖြစ်သည်။
စုဝေးနေသော အင်အားကြီး ပုဂ္ဂိုလ်များကြားတွင် အံ့သြတုန်လှုပ်မှုများ လှိုင်းလုံးသဖွယ် ရိုက်ခတ်သွားသည်။
လီကျန်းဟုန်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွား၏။
"ပိုင်ထျန်းဟမ် ဘယ်မှာလဲ”
သူက မာန်မဲကာ မေးလိုက်သည်။
ပိုင်ကျီဟန်သည် သူ့ဘက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ထိုမေးခွန်းကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူသည် လီကျန်းဟုန်ကို ပြန်လည်ဖြေကြားရန် တာဝန်မရှိသည့်အလားပင်။
"မင်း”
လီကျန်းဟုန်သည် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။ ပိုင်မျိုးနွယ်စု၏ မျိုးဆက်သစ် လူငယ်လေးတစ်ယောက်ကပင် သူ့ကို အထင်အမြင်သေးစွာ လျစ်လျူရှုဝံ့နေသည် မဟုတ်ပါလော
ပိုင်ကျီဟန်သည် ညီလာခံခန်းမ၏ ဗဟိုသို့ လျှောက်သွားသည်။
သူ၏ မျက်လုံးများက ဧကရာဇ်မင်းမြတ်နှင့် တည့်တည့်ဆုံသွား၏။
ခန်းမအတွင်းရှိ လူတိုင်း ထိုအရာကို ခံစားလိုက်ရသည်
သူ့ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသော သိမ်မွေ့သော်လည်း ဖိနှိပ်မှုပြင်းထန်သည့် အရှိန်အဝါ။
သူတို့ရှေ့တွင် ရပ်နေသည်မှာ လူငယ်လေးတစ်ဦးသာ ဖြစ်သော်လည်း သူထုတ်လွှတ်နေသော ဖိအားသည် ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ပင်။
လီကျန်းဟုန် မျက်နှာက ပို၍ မည်းမှောင်သွားသည်။
"ပိုင်မျိုးနွယ်စုက ဒီလို ငှက်ပေါက်လေးတစ်ကောင်ကိုပဲ လွှတ်လိုက်ရဲတယ်ပေါ့။ ပိုင်မျိုးနွယ်စုက တော်ဝင်ညီလာခံကို အလေးမထားဘူးထင်တယ်"
သူက အေးစက်စွာ ဆိုလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ပိုင်ကျီဟန်က သူ့ကို ခဏမျှ ကြည့်လိုက်သည်။
သူ၏ အကြည့်များသည် အေးစက်တည်ငြိမ်နေ၏။
"ဒီလို ကိစ္စသေးသေးလေးတွေအတွက် မျိုးနွယ်စုခေါင်းဆောင်က ဘာလို့ ကိုယ်တိုင်လာနေမှာလဲ။ ကျွန်တော် တစ်ယောက်တည်းနဲ့တင် လုံလောက်နေပြီ”
ရိုးရှင်းလှသော ထိုအဖြေကြောင့် ခန်းမတစ်ခုလုံး တစ်ဖန် လှုပ်ခတ်သွားပြန်လေသည်။
မောက်မာလိုက်တာ
၎င်းသည် ငြင်းပယ်လို့မရေသာ မောက်မာရိုင်းစိုင်းမှုပင်
ပိုင်ထျန်းဟမ်ကို ကိုယ်တိုင်လာရောက်ရန် ဆင့်ခေါ်ထားသည့် ဧကရာဇ်မင်းမြတ်ကိုပါ ဗြောင်ကျကျ အရေးမစိုက်တာပင်
ပိုင်ကျီဟန် ရောက်လာတာနဲ့တင် လုံလောက်ပြီလား။
ဂိုဏ်းပေါင်းစုံနှင့် မျိုးနွယ်စုအားလုံးသည် သူတို့၏ ခေါင်းဆောင်များကိုယ်တိုင် စေလွှတ်ထားကြပြီး ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် ဤကိစ္စကို ဦးစီးနေခြင်း ဖြစ်သည်။
သို့သော်လည်း ဥပဒေချိုးဖောက်ကြောင်း စွပ်စွဲခံထားရသူကမူ သူတို့၏ ခေါင်းဆောင်ကိုပင် စေလွှတ်ခြင်း မရှိခဲ့ပေ။
၎င်းမှာ ပိုင်မျိုးနွယ်စုသည် ဧကရာဇ်မင်းမြတ်အပါအဝင် ရောက်ရှိနေသူအားလုံးကို အထင်အမြင်သေးနေသည်ဟု အဓိပ္ပာယ်ရပေသည်။
"တော်ဝင်ညီလာခံကို အခုပဲ စတင်လိုက်ပြီ”
ပိုင်မျိုးနွယ်စု၏ မောက်မာမှုအပေါ် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း နန်းတွင်းအရာရှိက အမိန့်အတိုင်း ကြေညာလိုက်သည်။
ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။
အားလုံး၏ အကြည့်များက နဂါးပလ္လင်ဆီသို့ ရောက်ရှိသွားကြသည်။
ဧကရာဇ်၏ အကြည့်က ပိုင်ကျီဟန်အပေါ်တွင် ရပ်တန့်နေ၏။
"ပိုင်မျိုးနွယ်စုခေါင်းဆောင် ဘယ်မှာလဲ"
ဧကရာဇ်က တည်ငြိမ်လေးနက်စွာ မေးလိုက်သည်။
"ကျွန်တော့်ဖခင်က ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့ မျိုးနွယ်စုထဲမှာပဲ ရှိနေပါတယ်"
ခန်းမအတွင်း တီးတိုးလှုပ်ခတ်သံများ ပျံ့လွင့်သွားသည်။
ထိုစကား၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ဧကရာဇ်နှင့် တွေ့ဆုံရမည့် ဤညီလာခံသည် ပိုင်ထျန်းဟမ် လုပ်ဆောင်နေသည့် အခြားကိစ္စများလောက် အရေးမကြီးဟု ဆိုလိုလိုက်ခြင်းပင်။
ဧကရာဇ်မင်းမြတ် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
ပိုင်ကျီဟန်သည် ထိုအချက်ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိပုံမရပေ။ သူ၏ စကားလုံးများတွင် ရာဇပလ္လင်ကို အလေးမထားသည့် အရိပ်အယောင်များ အထင်းသား ပါဝင်
နေသည်။
မဟုတ်သေးပေ
သူက တမင်သက်သက်ကို ထိုသို့ ဆိုလိုနေခြင်း ဖြစ်သည်။
ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူ ပြန်လည်ပြောဆိုလိုက်သော အသံမှာ တည်ငြိမ်နေသော်လည်း ထိုအသံနောက်ကွယ်ရှိ ဖိအားများမှာ ပိုမိုပြင်းထန်လာသည်။
"မင်းက ပိုင်မျိုးနွယ်စုကို ကိုယ်စားပြုပြီး ဒီနေ့ရဲ့ စီရင်ချက်ရလဒ်ကို လက်ခံနိုင်မှာလား"
မေးခွန်းက ရိုးရှင်း၏
သို့သော်လည်း လူတိုင်းက ထိုမေးခွန်း၏ အလေးအနက်ကို နားလည်ကြသည်။
အကယ်၍ ပိုင်ကျီဟန်က 'ဟုတ်ကဲ့' ဟု ဖြေကြားလိုက်ပါက ယနေ့ချမှတ်မည့် မည်သည့်စီရင်ချက်မဆို—အပြစ်ပေးခြင်း၊ လျော်ကြေးပေးစေခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း—အားလုံးကို ပိုင်မျိုးနွယ်စုတစ်ခုလုံးက လိုက်နာရမည်ဖြစ်သည်။ ရာနှင့်ချီသော အကြည့်များက သူ့အပေါ်တွင် စုပြုံကျရောက်နေသည်။
ပိုင်ကျီဟန်က နဂါးပလ္လင်ရှေ့တွင် ခပ်မတ်မတ် ရပ်နေ၏
"ရလဒ်ကသာ တရားမျှတပြီး ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမယ်ဆိုရင်... ကျွန်တော်မျိုး ဘာလို့ လက်မခံနိုင်ရမှာပါလဲ အရှင်မင်းကြီး” အေးအေးဆေးဆေး ပြန်လည်ဖြေကြားလိုက်သည်။
ခန်းမတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်
ရ၏။
သူ၏ စကားက သိမ်မွေ့၏
သို့သော်လည်း လုံလောက်သော သတိပေးချက် ပါဝင်နေသည်။
ကျောက်ဝူထျန်း၏ မျက်လုံးများက ဖျတ်ကနဲ လက်သွား၏။
တရားမျှတပြီး ခိုင်လုံသော အကြောင်းပြချက်ရှိမည်ဆိုပါက
ထိုစကား၏ အဓိပ္ပာယ်သည် လေထုထဲတွင် လေးလံစွာ ပျံ့လွင့်နေသည်။
အကယ်၍ ရလဒ်က မျှတပါက ပိုင်မျိုးနွယ်စုက လက်ခံမည်။
သို့သော် မျှတမှုမရှိလျှင်ကော—?
ဘယ်လိုဖြစ်လာမည်နည်း။
ထို့အပြင် သူက တော်ဝင်ညီလာခံသည် အမြဲတမ်း တရားမျှတမှု မရှိနိုင်ကြောင်းကိုပါ သွယ်ဝိုက်၍ ဆိုလိုလိုက်ခြင်း ဖြစ်သည်။
ဧကရာဇ်၏ မျက်နှာသည်လည်း သိသိသာသာ မည်းမှောင်သွားလေတော့သည်။
၎င်းသည် ဗြောင်ကျကျ ပုန်ကန်ခြင်းမျိုး မဟုတ်ချေ
သို့သော်လည်း တိကျပြတ်သားသော စည်းခြားမှုတစ်ခု ဖြစ်သည်မှာ သေချာလှသည်။
ပိုင်ကျီဟန်သည် ဤနေရာသို့ အသနားခံရန် လာခဲ့ခြင်း မဟုတ်ပေ။ ခဏမျှ ဧကရာဇ်မင်းမြတ်သည် နှုတ်ဆိတ်နေမိသည်။
ပိုင်ကျီဟန်အနေဖြင့် ဧကရာဇ်ထံမှ မည်သည့်အရာကိုမျှ လက်ခံရန် ရည်ရွယ်ချက်မရှိသည်မှာ သိသာလှသည်။
ပိုင်ရှင်းယွဲ့သည်မ သေမျိုးဧက္ကရာဇ်၏ အမွေအနှစ်ကို သိမ်းပိုက်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှ ပိုင်မျိုးနွယ်စုကို ကျူးကျော်တိုက်ခိုက်စဉ်က
တော်ဝင်မိသားစုသည် မည်သို့မျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။
သူတို့သည် ထိုလုပ်ရပ်ကို ပြစ်တင်ရှုံ့ချခြင်းလည်း မပြုခဲ့ပေ
ထိုသို့ပြုမူရခြင်း အကြောင်းရင်းကို မေးမြန်းရန် ညီလာခံဆင့်ခေါ်ခြင်းလည်း မရှိခဲ့ပေ။
အမှန်စင်စစ် သူတို့ကိုယ်တိုင်ပင် ထိုအမွေအနှစ်ကို ပါဝင်ရယူလိုသည့် အရိပ်အယောင်များ ပြသခဲ့ကြသည်။
အကြောင်းမှာ မသေမျိုးဧက္ကရာဇ်၏ အမွေအနှစ်ဆိုသည်မှာ သာမန်ကိစ္စ မဟုတ်သောကြောင့်ပင်။
ကျင့်စဉ်လောကတွင် အင်အားကြီးမားမှုကသာ ကိုယ်ကျင့်တရားကို ဆုံးဖြတ်ခြင်း ဖြစ်သည်။
ပိုင်ရှင်းယွဲ့ကို စီးဆင်းနေသောလမင်းဂိုဏ်းက ခေါ်ဆောင်သွားခဲ့သောကြောင့်သာ ထိုစဉ်က အင်ပါယာသည် မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုအချိန်တွင် တော်ဝင်မိသားစုသည် လီ-ကျောက် မဟာမိတ်အဖွဲ့နှင့် လက်တွဲထားပြီဖြစ်ရာ ပိုင်မျိုးနွယ်စုမှ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြစ်ပေးရန် ကြိုးပမ်းမည်ကို သူ ကြိုတင်သိရှိထားပြီးဖြစ်သည်။
ထို့ကြောင့် ပိုင်ကျီဟန်သည် ယခုအချိန်တွင် တရားမျှတမှုကို မျှော်လင့်မနေတော့ပေ။
သူ ရောက်လာရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။
သူတို့အနေဖြင့် မည်သို့သော အကြောင်းပြချက်မျိုးကို ဖန်တီးကြမည်နည်း ဆိုသည်ကို ကြည့်ရန်ပင်။
ထိုအပေါ်တွင် လိုက်လျောညီထွေ တုံ့ပြန်ရန်သာ ဖြစ်သည်။ဧကရာဇ်က သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ရင်း
"မင်းက ပိုင်မျိုးနွယ်စုကို ကိုယ်စားပြုတယ်လို့ ဆိုမှတော့... ဒီညီလာခံကို ဆက်လက်စတင်စေ " ဟု မိန့်ကြားလိုက်သည်။
နန်းတွင်းအရာရှိက အခမ်းအနားသုံး လှံတံဖြင့် အချက်ပေး ခေါက်လိုက်ပြန်သည်။
"မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှေ့သို့ ထွက်လာစေ”
ဧရာမ တံခါးကြီးများ တစ်ဖန် ပွင့်ဟလာပြန်သည်။ ပြောင်လက်နေသော ကျောက်ကြမ်းပြင်ပေါ်တွင် ခြေသံများ ပဲ့တင်ထပ်သွား၏။
ဝမ်ဟောက်ယု ဝင်လာသည်။
သူသည် ဂိုဏ်း၏ တရားဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။ သူ၏ မျက်လုံးများက ပိုင်ကျီဟန်ထံသို့ ဖျတ်ကနဲ ရောက်ရှိသွား၏။
ခဏတာမျှ
သူ့မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာပြီးမှ ပြန်လည်ပျောက်ကွယ်သွားသည်။
ထို့နောက်တွင်မူ မခံမရပ်နိုင်ဖြစ်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
သူက ရှေ့သို့တက်ကာ ရာဇပလ္လင်ဆီသို့ အလေးအမြတ် ဦးညွှတ်လိုက်၏။
"နှိမ့်ချလှတဲ့ ဒီဂိုဏ်းချုပ်က ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"
"ထပါ" ဟု ဧကရာဇ်က ဆိုသည်။
ဝမ်ဟောင်ယုသည် မတ်မတ်ရပ်လိုက်ပြီး သူ၏ အသံကို ခန်းမတစ်ခုလုံး ကြားနိုင်စေရန် ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"အရှင်မင်းကြီးနဲ့ ဂုဏ်သရေရှိ ခေါင်းဆောင်အပေါင်းတို့... ကျွန်တော်တို့ရဲ့ မြစိမ်းရောင်နေမင်းဂိုဏ်းက အင်ပါယာအပေါ် မျိုးဆက်အလိုက် သစ္စာရှိစွာ အမှုထမ်းခဲ့ပါတယ်။ ကျွန်တော်တို့က အင်ပါယာရဲ့ ဥပဒေတွေကို လိုက်နာပြီး ဂိုဏ်းရဲ့ ကျင့်ဝတ်တွေကိုလည်း စောင့်ထိန်းခဲ့ကြပါတယ်"
သူက စကားကို ခေတ္တရပ်လိုက်သည်။
ထို့နောက် သူ၏ လေသံမှာ ပိုမိုပြင်းထန်
လာ၏။
"ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်ရက်က ခိုင်လုံတဲ့ အကြောင်းပြချက်မှ မရှိဘဲ ပိုင်မျိုးနွယ်စုဟာ ကျွန်တော်တို့ဂိုဏ်းကို ကျူးကျော်
တိုက်ခိုက်ခဲ့ပါတယ်"
ညီလာခံအတွင်း တီးတိုးဝေဖန်သံများ ပျံ့နှံ့သွားသည်။
"သူတို့က ကျွန်တော်တို့ရဲ့ တောင်တံခါးတွေကို ချိုးဖျက်ပြီး အကြီးအကဲတွေကို သတ်ဖြတ်၊ ကာကွယ်ရေး စီရင်ထုံးတွေကို ဖျက်ဆီးပြီး အဖိုးတန် ကျင့်စဉ်အရင်းအမြစ် မြောက်မြားစွာကိုလည်း လုယက်သွားကြပါတယ်"
သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်၏
"ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြသလို တပည့်ပေါင်းများစွာလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။"
ထို့နောက် သူက ပိုင်ကျီဟန်ဘက်သို့ အလုံးစုံ လှည့်ကြည့်လိုက်သည်။
"ပြီးတော့ အဲဒီ ကျူးကျော်မှုကို ဦးဆောင်ခဲ့သူကတော့... သူပဲ ဖြစ်ပါတယ်"
အကြည့်အားလုံးသည် ပိုင်ကျီဟန်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားသည်။
ဝမ်ဟောင်ယု အသံမှာ အနည်းငယ် တုန်ယင်နေသော်လည်း ၎င်းမှာ ဒေါသကြောင့်လား သို့မဟုတ် အခြားအရာကြောင့်လား ဆိုသည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ပေ။
"ကျွန်တော်တို့မှာ ပဋိပက္ခဖြစ်ဖို့ ဘယ်လို ရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူက ဘာအကြောင်းပြချက်မှ မရှိဘဲ တိုက်ခိုက်ခဲ့တာပါ။"
ထို့နောက် သူက ဧကရာဇ်ရှေ့တွင် ထပ်မံ ဦးညွှတ်လိုက်သည်။
"ယနေ့မှာတော့ ဒီတော်ဝင်ညီလာခံကနေ ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ အသနားခံပါတယ်"
***