ဝမ်ဟောင်ယု နောက်ဆုံးစကားသံများက ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွား၏
ထို့နောက် ဧကရာဇ်၏ အကြည့်များသည် ပိုင်ကျီဟန်ထံသို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။
"ပိုင်ကျီဟန်... မင်းအပေါ် စွပ်စွဲထားတဲ့ ပြစ်ချက်တွေကို မင်း ဝန်ခံသလား"
ရာနှင့်ချီသော မျက်လုံးများသည် ခန်းမအလယ်တွင် တစ်ဦးတည်း ရပ်နေသော လူငယ်လေးထံ၌ စုပြုံကျရောက်နေသည်။
သို့သော် ပိုင်ကျီဟန်က တုံ့ဆိုင်းခြင်း မရှိပေ။
"ဝန်ခံရမယ်?" သူ၏ လေသံမှာ တည်ငြိမ်လွန်းလှသည်။ "သူ့မှာ ဘာသက်သေရှိလို့လဲ"
"တော်ဝင်ညီလာခံဆိုတာ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းတည်းနဲ့ အပြစ်ရှိမရှိ ဆုံးဖြတ်တတ်တာမျိုးတော့ မဟုတ်လောက်ဘူးမလား" ပိုင်ကျီဟန်က ခန်းမအတွင်းရှိ လူများကို ဝေ့ကြည့်ရင်း ဆက်ပြောလိုက်သည်။
သူ၏ မျက်လုံးများက ဧကရာဇ်နှင့် ဆုံသွား၏။
"ဒါမှမဟုတ် ကျွန်တော့်မျိုးနွယ်စုကို အပြစ်ပေးဖို့ဆိုရင် သက်သေမလိုဘဲ စွပ်စွဲချက်တစ်ခုတည်းနဲ့တင် လုံလောက်နေပြီလား"
ထိုစကား၏ ဆိုလိုရင်းသည် ရှင်းလင်းလှသည်။
အကယ်၍ သက်သေမရှိဘဲ စွပ်စွဲရုံသက်သက်ဆိုလျှင် စွပ်စွဲသူမှာ ပျာယာခတ်ပြီး အားနည်းစွာ တုံ့ပြန်ရမည်ဖြစ်၏
သို့သော်လည်း ဝမ်ဟောင်ယုသည် ပျာယာခတ်သွားခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ဒါပေါ့... စကားသက်သက်နဲ့တင် မလုံလောက်ဘူးဆိုတာ သိပါတယ်" သူက ဆိုရင်း လက်ကို မြှောက်လိုက်သည်။
သူ၏ လက်ဖဝါးပေါ်တွင် ကြည်လင်သော မှော်ရတနာတစ်ခု ပေါ်လာ၏။
၎င်းမှာ အဝိုင်းပုံသဏ္ဌာန်ရှိပြီး ဖောက်ထွင်းမြင်နိုင်ကာ အတွင်းမှ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသည်။
"မှတ်ဉာဏ်ပုံရိပ်လွှာကြေးမုံ “
စုဝေးနေသော အင်အားကြီး ပုဂ္ဂိုလ်များကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။
၎င်းမှာ ဖြစ်ပျက်ခဲ့သမျှကို အရှိအတိုင်း မှတ်တမ်းတင်နိုင်သော ရတနာဖြစ်၏
အတုအယောင်ဖန်တီးရန် အလွန်ခက်ခဲလှသည်။
ဝမ်ဟောင်ယုသည် ထိုမှန်ချပ်အတွင်းသို့ ကျင့်စဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်၏
မှန်ချပ်တွင် လင်းလက်သွားချေသည်။
ပုံရိပ်များ လွင့်ပျံထွက်ပေါ်လာသည်။
ဟင်းလင်းပြင်တွင် ပေါ်လာသော ပုံရိပ်မှာ မြစိမ်းရောင်နေမင်းဂိုဏ်း၏ တောင်တံခါးဝပင် ဖြစ်သည်။ ထို့နောက်
ပိုင်မျိုးနွယ်စုဝင်များက ထိုဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကို သတ်ဖြတ်နေသည့် မြင်ကွင်းများ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
မှတ်တမ်းမှာ မရှည်လျားပေ
သို့သော်လည်း အလွန်ပင် ရှင်းလင်းပြတ်သားပြီး ခိုင်လုံလှသည်။
ပိုင်ကျီဟန်က ထိုပုံရိပ်များကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။
သူ၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိပေ။
သူနားလည်ချေပြီ
ဝမ်ဟောင်ယုသည် သူထွက်ပြေးမသွားမီတွင် ထိုပုံရိပ်များကို မှတ်တမ်းတင်ရန် ခေတ္တစောင့်ဆိုင်းခဲ့ခြင်းဖြစ်၏
ဝမ်ဟောင်ယုသည် အမှန်တကယ်ပင် ကောင်းကောင်းပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ပုံရိပ်များ ပြီးဆုံးသွားချေပြီ
ကြေးမုံသည်လည်း မှိန်သွားချေ၏
ခန်းမအတွင်း တိတ်ဆိတ်မှုက လေးလံစွာ ဖိနှိပ်ထားဆဲပင်။
အပေါ်ယံကြည့်လျှင် ပိုင်မျိုးနွယ်စုသည် ငြင်းမရသော အပြစ်ကို ကျူးလွန်ခဲ့သည်မှာ ထင်ရှားနေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းကို ကျူးကျော်ခဲ့ချေသည်။
ဧကရာဇ်၏ အကြည့်များက ပိုင်ကျီဟန်ထံ ပြန်လည်ရောက်ရှိလာသည်။
"ဒီသက်သေတွေနဲ့ ပတ်သက်ပြီး မင်းမှာ ဘာပြောစရာရှိသေးလဲ"
ယခုတစ်ကြိမ်တွင် ဧကရာဇ်၏ လေသံမှာ ရာဇဝတ်သားတစ်ဦးကို မေးမြန်းနေသည့်အလား ပြတ်သားလှသည်။
နဂါးပလ္လင်အောက်ရှိ တစ်ဦးတည်းသော ထိုလူရိပ်အပေါ်သို့ အားလုံး၏ အကြည့်များ စုပြုံကျရောက်နေသည်။
သို့သော် ပိုင်ကျီဟန်သည်လည်း တုန်လှုပ်
ချောက်ချားသွားခြင်း မရှိပေ။
"မရှိပါဘူး”
ပိုင်ကျီဟန်က ပြတ်သားစွာ ပြောလိုက်သည်။
ရန်သူများက ပိုင်မျိုးနွယ်စု တစ်ခန်းရပ်တော့မည်ဟု တွေးကာ ဝမ်းသာနေကြ၏
ချူရှင်း ကဲ့သို့သော မဟာမိတ်များကမူ ခေါင်းခါနေကြသည်။
သက်သေခိုင်လုံနေလျှင်တောင် ချက်ချင်း ဝန်ခံလိုက်ခြင်းမှာ မုချမိုက်မဲရာ ရောက်သည်ဟု သူတို့ ယူဆနေကြသည်။
ပိုင်ကျီဟန်သည် လူငယ်လေးဖြစ်၍ အတွေ့အကြုံမရှိဟု သူတို့က ထင်မှတ်နေကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပိုင်မျိုးနွယ်စုအပေါ်တွင် ချမှတ်နိုင်သမျှ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်ကြပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူသည် ပိုင်မျိုးနွယ်စုဘက်မှ ကူညီပြီး အနည်းဆုံးတော့ ပြစ်ဒဏ်၏ ပြင်းထန်မှုကို လျော့ပါးသွားအောင် ကြိုးပမ်းပေးရမည်ဖြစ်သည်။
လီကျန်းဟုန်က ထိုအခွင့်အရေးကို ချက်ချင်း အရယူလိုက်သည်။
"အရှင်မင်းကြီး၊” သူကရှေ့တက်ကာ ဂါရဝပြုလေ၏ “ပိုင်မျိုးနွယ်စုက ဘာအကြောင်းပြချက်မှမရှိဘဲ တခြားဂိုဏ်းကို ကျူးကျော်ပြီး သတ်ဖြတ်လုယက်ခဲ့ပါတယ်။ သက်သေလည်း ခိုင်လုံသလို ပိုင်ကျီဟန်ကိုယ်တိုင်လည်း ဝန်ခံနေပြီဖြစ်လို့ သူတို့ကို အပြင်းထန်ဆုံး ပြစ်ဒဏ်ခတ်သင့်ပါတယ်”
အခြားသူများကလည်း ထောက်ခံကြသည်။
"အင်ပါယာရဲ့ စည်းစနစ်ကို ထိန်းသိမ်းရပါမယ်”
"ဒါကို လျစ်လျူရှုထားရင် ဧကရာဇ်ရဲ့ အာဏာစက်က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
"ဒီနေ့တော့ မြစိမ်းရောင်နေမင်းဂိုဏ်းပေါ့၊ နောင်ခါကျရင် ဘယ်သူဖြစ်လာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ညီလာခံခန်းမအတွင်းရှိ ဖိအားများသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
တည်ငြိမ်နေသော အပြင်ပန်းသဏ္ဌာန်များအောက်တွင် ကျင့်စဉ်စွမ်းအား အရှိန်အဝါများမှာ လှိုင်းထနေကြ၏။
သို့သော် ပိုင်ကျီဟန်ကမူ မည်သို့မျှ မတုန်လှုပ်ဘဲ အေးဆေးစွာပင် ရှိနေသည်။
ဧကရာဇ်မင်းမြတ်သည် ချက်ချင်း စကားမဆိုသေးပေ
သူ၏ အကြည့်များက ပိုင်ကျီဟန်အပေါ်တွင်သာ စွဲမြဲစွာ ရပ်တန့်နေလေသည်။
ဧကရာဇ်က လက်ကို အသာမြှောက်ေလ၏
ခန်းမကို ပြန်လည်တိတ်ဆိတ်စေလိုက်သည်။
"မင်းမှာ ဘာမှ ထပ်ပြောစရာမရှိဘူးဆိုရင်... မြစိမ်းရောင် နေမင်းဂိုဏ်းကို ကျူးကျော်ခဲ့တာကို ဝန်ခံသလား"
"ဝန်ခံပါတယ်”
ပိုင်ကျီဟန်က ရိုးရိုးသားသားပင် ဝန်ခံလိုက်ရာ ရန်သူများမှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။
ဧကရာဇ်က နှုတ်ခမ်းဟလိုက်သည်။
အမိန့်တော်ကို စတင်ကြေညာဖို့ပင်
"ပိုင်မျိုးနွယ်စုသည် ကျူးကျော်စော်ကားမှု ပြုလုပ်ခဲ့သဖြင့်”
"ခဏလေး”
ထိုစကားတစ်ခွန်းက ခန်းမတစ်ခုလုံးကို ဓားဖြင့်ပိုင်းလိုက်သကဲ့သို့ ပြတ်တောက်သွားစေသည်။
ဧကရာဇ်က မျက်မှောင်ကြုတ်ကာ အောက်မှ လူငယ်လေးကို စိုက်ကြည့်လိုက်သည်။
"မင်းက ဧကရာဇ်ရဲ့ အမိန့်တော်ထုတ်ပြန်ချက်ကို ကြားဖြတ်နှောင့်ယှက်ရဲတယ်ပေါ့” သူကပြောလေ၏ “မင်းမှာ ဘာထပ်ပြောစရာရှိလို့လဲ"
ပိုင်ကျီဟန်သည် ထိတ်လန့်ခြင်း အလျဉ်းမရှိဘဲ ဧကရာဇ်ကို တည့်တည့်ကြည့်လေ၏
"ရှိပါတယ်”
သူ၏ လေသံမှာ ဧကရာဇ်ကို သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံနေသလို ပေါ့ပေါ့ပါးပါးပင်
ဧကရာဇ်၏ မျက်နှာမှာ အေးစက်သွားသည်။
"ပြောစမ်း”
ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"အရှင်မင်းကြီးက ပိုင်မျိုးနွယ်စုမှာ အပြစ်ရှိတယ်လို့ အမိန့်တော်ထုတ်တော့မလို့ မလား"
ဧကရာဇ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်သည်။
"မှန်တယ်၊ သက်သေတွေက အထင်အရှားရှိနေသလို မင်းကိုယ်တိုင်လည်း ဝန်ခံပြီးပြီဆိုတော့ ငါ ကိုယ်တော်အနေနဲ့ ပြစ်ဒဏ်စီရင်ခြင်းကို ဆက်လုပ်ရတော့မယ်။”
"ဘာကြောင့်လဲ? ကျွန်တော်ရဲ့မျိုးနွယ်စုက ဘာလို့ အပြစ်ရှိတာလဲ?"
ပိုင်ကျီဟန်က မေးလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် ခန်းမဆောင်အတွင်းရှိ လူအများအပြား၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ယှက်သန်းသွားသည်။
"ဘာကြောင့်လဲ ဟုတ်လား?"
ဧကရာဇ်က တည်ငြိမ်သော်လည်း ဒေါသသံစွက်လျက် ထပ်ပြောသည်
"ဘာလို့လဲဆိုတော့ ပိုင်မျိုးနွယ်စုက ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ တခြားဂိုဏ်းတစ်ခုကို ကျူးကျော်ခဲ့လို့ပဲ။ သူတို့ဟာ အင်ပါယာရဲ့ ဥပဒေကို ချိုးဖောက်ခဲ့ပြီး အင်ပါယာရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေခဲ့တယ်။"
အကြောင်းပြချက်က ရိုးရှင်းသည်။ တိုက်ရိုက်ကျသည်။ ဥပဒေနှင့်အညီဖြစ်သည်။
အရာရှိများနှင့် ခေါင်းဆောင်အချို့က ခေါင်းညိတ်ထောက်ခံကြသည်။
သို့သော် ပိုင်ကျီဟန်က ခပ်ဖျော့ဖျော့သာ ပြုံးလိုက်၏
"ကျွန်တော်တို့မှာ အကြောင်းပြချက် မရှိဘူးလို့ ဘယ်သူပြောလဲ?"
တိုးညင်းစွာ မေးလိုက်သည်။
တစ်ခန်းမလုံး ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏
"ဒါဆို... မြစိမ်းရောင်နေမင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဘယ်လိုအကြောင်းပြချက်ကများ တရားမျှတမှု ရှိစေမှာလဲ?" ဟု တည်ငြိမ်စွာ မေးလိုက်သည်။
အားလုံး၏ အကြည့်များက ပိုင်ကျီဟန် ထံသို့ ကျရောက်လာသည်။
ပိုင်ကျီဟန်၏ တည်ငြိမ်အေးဆေးသော အမူအရာက တစ်ချက်ကလေးမျှ တုန်လှုပ်
ခြင်း မရှိပေ။
ဝမ်ဟောင်ယုမှာမူ အမှန်တရား ပေါ်ပေါက်လာသည်နှင့် သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦးကဲ့သို့ ရှုတ်ချခံရတော့မည်ကို သိသဖြင့် အလွန်
တုန်လှုပ်နေသည်။
သို့သော် လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ဧကရာဇ်ကိုပါ လှမ်းကြည့်လိုက်သည့်အခါ သူ၏ ယုံကြည်မှုများ ပြန်လည်အားကောင်းလာသည်။
ဤကဲ့သို့သော နောက်ခံအင်အားများ ရှိနေမှတော့ သူက ပိုင်ကျီဟန်ကို ကြောက်နေဖို့ လိုဦးမည်လော?
ပိုင်ကျီဟန်က သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်ပြီး စကားစပြောသည်။
"ဘာလို့လဲဆိုတော့... ကျွန်တော်လုပ်ချင်လို့ပဲ။"
ထိုစကားလုံးများသည် ကျယ်လောင်ခြင်းလည်း မရှိ၊ အားပါခြင်းလည်း မရှိပေ။
သို့သော် အသက်ရှူကျပ်မတတ် တိတ်ဆိတ်နေသော အင်ပါယာနန်းရင်ပြင်အတွင်း၌ ထိုစကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်
ခဏမျှ မည်သူမျှ တုံ့ပြန်ခြင်း မပြုနိုင်ကြပေ။
ဧကရာဇ်၏ မျက်နှာထားပင်လျှင် တောင့်တင်းသွားရသည်။
"...မင်း ဘာပြောလိုက်တာလဲ?"
ဧကရာဇ်က ဖြည်းညှင်းစွာ ပြန်မေးသည်။
ပိုင်ကျီဟန်၏ အကြည့်က မယိမ်းမယိုင် တည်ရှိနေဆဲဖြစ်သည်။
" ပြောတဲ့အတိုင်းပါပဲ ။ မြစိမ်းရောင်နေမင်း ဂိုဏ်းကို ကျူးကျော်ခဲ့တာက လုပ်ချင်လို့ လုပ်ခဲ့တာပါ”
တစ်ခန်းမလုံး၌ အံ့ဩတုန်လှုပ်သံများ ပျံ့လွင့်သွားသည်။
အကြီးအကဲအချို့က သူ့ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ဧကရာဇ်၏ မျက်လုံးများ ပို၍ ကျဉ်းမြောင်းသွား၏
"မင်းက အင်ပါယာရဲ့ တည်ငြိမ်မှုအတွက် အရေးပါတဲ့ အဓိကဂိုဏ်းကြီးတစ်ခုကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဒီလိုအကြောင်းပြချက်မျိုးကို ပေးနေတာလား?"
"ဟုတ်ပါတယ်”
ပိုင်ကျီဟန်က တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
"အကြီးမားဆုံး အကြောင်းပြချက်ကတော့ လုပ်ချင်လို့ပါပဲ။ အဲဒါမှမဟုတ်ရင်... ဒီလို အရေးမပါတဲ့ ဂိုဏ်းငယ်လေးတစ်ခုအတွက် ဘာလို့ အားအင်တွေ အကုန်ခံနေမှာလဲ?"
ဝိုင်းပြီး ဟစ်အော်သံများ၊
အံ့ဩတုန်လှုပ်မှုများနှင့်
ဒေါသသံများ ထွက်ပေါ်လာသည်။
သူ၏ လေသံထဲတွင် ပါဝင်နေသော မောက်မာမှုသည် ဖုံးကွယ်၍မရအောင် ထင်ရှားနေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းက...
အရေးမပါဘူးတဲ့လား?
လီကျန်းဟုန်၏ မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
"မင်းက အရမ်းမောက်မာလွန်းတယ်” သူက ဆက်၍ မအောင့်အီးနိုင်တော့ဘဲ ပေါက်ကွဲထွက်လာသည်။ "ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်မျိုးကို ဒီနန်းရင်ပြင်က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး”
ခန်းမဆောင်အတွင်းရှိ ဖိအားများက အနည်းငယ် တုန်ခါလာသည်။
ပိုင်ကျီဟန်၏ မျက်လုံးများက သူ့ထံသို့ အေးစက်စွာ ရောက်ရှိလာသည်။
"ဒါဆို လွန်ခဲ့တဲ့ နှစ်နှစ်က ခင်ဗျားတို့ရဲ့ လီမျိုးနွယ်စုက ပိုင်မျိုးနွယ်စုကို ကျူးကျော်တုန်းကရော ဘာအကြောင်းပြချက် ရှိခဲ့လို့လဲ?" ဟု ပိုင်ကျီဟန်က တိုးညင်းစွာ မေးလိုက်သည်။
လီကျန်းဟုန် ပါးစပ်ဟလိုက်သော်လည်း
ပိုင်ကျီဟန်က အခွင့်အရေး မပေးခဲ့ပေ။
"အဲဒါကရော တစ်ကိုယ်ကောင်းမဆန်ဘဲ ဖြောင့်မတ်မှန်ကန်တဲ့ အကြောင်းပြချက် တစ်ခုခုကြောင့်လို့ မျှော်လင့်ရတာပဲလား?"
နှုတ်ခမ်းအစွန်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
အရာရှိအချို့မှာမူ စိတ်မသက်မသာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထိုဖြစ်ရပ်ကို
လူတိုင်း မှတ်မိကြသည်။
"အဟမ်း” လီကျန်းဟုန်က သူ၏ကိုယ်ကိုတောင့်တောင့်မတ်မတ် ပြန်ပြင်ထိုင်လိုက်
သည်။
"မင်းက ငယ်သေးတော့ နားမလည်တာပါ။ မသေမျိုးကရာဇ်ရဲ့ အမွေအနှစ် ဆိုတာ မျိုးနွယ်စုတစ်ခုတည်းရဲ့ လက်ထဲမှာ ထားဖို့အတွက် အရမ်းအန္တရာယ်များလွန်းတယ်။ ငါတို့က အင်ပါယာရဲ့ တည်ငြိမ်မှုအတွက် လုပ်ဆောင်ခဲ့တာပဲ။"
အချို့သောအဖွဲ့အစည်းများထံမှ ထောက်ခံသည့် တိုးတိုးသံများ ထွက်ပေါ်လာသည်။
ပိုင်ကျီဟန်က နှာခေါင်းရှုံ့လိုက်၏
"တကယ့်ဟာသပဲ၊ ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ ဆင်ခြေတွေကို အိမ်မှာပဲ သိမ်းထားလိုက်ပါ။"
သူ၏လေသံမှာ ပျင်းရိခြင်း မရှိတော့ပေ။
သူ၏အကြည့်က အထက်သို့ မြင့်တက်သွား၏
ဧကရာဇ်နှင့် တိုက်ရိုက်ဆုံသွားချေသည်။
သိသိသာသာ တင်းမာမှုတစ်ခု ဖြစ်ပေါ်လာသည်။
"ကျွန်တော်ရဲ့ ပိုင်မျိုးနွယ်စု ဝိုင်းရံခံရတုန်းက... ဖြောင့်မတ်ပါတယ်ဆိုတဲ့ အင်အားစုတွေက ကျွန်တော်တို့ကို လုယက်ဖို့ ကြိုးစားတုန်းက..."
သူက ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"အဲဒီအချိန်တုန်းက အင်ပါယာရဲ့ တည်ငြိမ်မှုအတွက် စိုးရိမ်မှုတွေက ဘယ်ရောက်နေတာလဲ?"
တိတ်ဆိတ်သွားပြန်သည်။
ဧကရာဇ်၏ မျက်နှာထားသည် အနည်းငယ် တင်းမာခက်ထန်သွားသည်။
ပိုင်ကျီဟန်က အကြည့်လွှဲမသွားပေ။
"ဒါပေမဲ့ အခုကျမှ...ရုတ်တရက်ကြီး အင်ပါယာက အရမ်းဖြောင့်မတ်သွားတာလား?
ထိုစကားများကို အော်ဟစ်ပြောဆိုခြင်း မဟုတ်သော်လည်း
လေထုထဲတွင် ဓားသွားများကဲ့သို့ စူးရှစွာ ကျန်ရစ်ခဲ့သည်။
အမတ်အချို့ စိတ်မသက်မသာ ဖြစ်လာကြသည်။
ဧကရာဇ်၏ အကြည့်မှာ ပိုင်ကျီဟန်ထံတွင်သာ ရှိနေဆဲဖြစ်သည်။
"မင်း အန္တရာယ်ရှိတဲ့ နယ်မြေထဲကို ခြေလှမ်းနေပြီ" ဟု ဧကရာဇ်က တိုးညင်းစွာ ပြောလိုက်သည်။
ပိုင်ကျီဟန်၏ အမူအရာက မပြောင်းလဲပေ။
"အမှန်တရားကိုပဲ ပြောတာပါ။ အကယ်၍အရှင်မင်းမြတ်ကသာ အင်ပါယာရဲ့ တည်ငြိမ်မှုအတွက် တကယ်စိုးရိမ်တယ်ဆိုရင် လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့ကို ကျွန်တော်တို့နယ်မြေထဲကို ကျူးကျော်ခဲ့တဲ့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ပေးဖို့ ဘာလို့ မတောင်းဆိုတာလဲ?"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
နဂါးပလ္လင်အောက်မှ ကြီးမားလှသော အင်ပါယာအရှိန်အဝါ ဖိအားများ စတင်ထွက်ပေါ်လာသည်။ သို့သော် ပိုင်ကျီဟန်သည် ထိုဖိအားအောက်တွင် မယိုင်မလဲ တည့်မတ်စွာ ရပ်နေဆဲဖြစ်သည်။ နန်းရင်ပြင်သည် ရိုးရိုးစမ်းသပ်စစ်ဆေးမှုတစ်ခု မဟုတ်တော့ပေ
ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကဲ့သို့ ခံစားလာရသည်။
"ဒါဆို... ပိုင်မျိုးနွယ်စုဖြစ်နေလို့ ဘာအကြောင်းပြချက်မှ မလိုဘူးဆိုတဲ့ သဘောပါလား?"
***