"ဒါဆို... ပိုင်မျိုးနွယ်စုဖြစ်နေလို့ ဘာအကြောင်းပြချက်မှ မလိုဘူးဆိုတဲ့ သဘောလား?"
ပိုင်ကျီဟန်က လှောင်ပြောင်သရော်သော လေသံဖြင့် မေးလိုက်သည်။
ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ခြင်းက ဝါးမြိုသွားသည်။
အချို့က အကြည့်လွှဲသွားကြ၏ အချို့မှာမူ ကိုယ်ဟန်များ တောင့်တင်းသွားကြသည်။
အကြောင်းမှာ ပိုင်ကျီဟန် ပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း လူတိုင်း သိနေကြသောကြောင့် ဖြစ်သည်။
လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့သည် ပိုင်မျိုးနွယ်စုအပေါ် ပို၍ကြီးမားသော ကျူးကျော်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ထိုစဉ်က မည်သည့်အကျိုးဆက်မျှ ကြီးကြီးမားမား မရှိခဲ့ပေ။
တိတ်ဆိတ်မှုက ရှည်လျားနေ၏
ထိုစဉ်
ကျောက်ဝူထျန်းက မတ်တပ်ရပ်လိုက်သည်။
သူ၏ အမူအရာက တည်ငြိမ်နေပြီး အသံမှာလည်း ခိုင်မာနေသည်။
"အတိတ်ကကိစ္စတွေက အတိတ်မှာပဲ ထားခဲ့ပါ" သူက အေးဆေးစွာ ပြောလိုက်သည်။ "အခု ငါတို့ ဆွေးနွေးနေတာက လက်ရှိကိစ္စကိုပါ။"
ကျောက်ဝူထျန်းသည် အကြောင်းအရာကို ချက်ချင်း လွှဲပြောင်းလိုက်ပြီး လူတိုင်း၏ အာရုံကို လက်ရှိပြဿနာထံသို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းလိုက်သည်။
"အခု မင်းပေးနေတဲ့ အကြောင်းပြချက်က အရမ်းကို ရယ်စရာကောင်းလွန်းတယ်။ တကယ်လို့ မြစိမ်းရောင်နေမင်း ဂိုဏ်းကို ကျူးကျော်ဖို့အတွက် မင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဆိုရင်တော့ ငါတို့အနေနဲ့ ပိုင်မျိုးနွယ်စုကို အပြစ်ပေးဖို့ပဲ ဆက်လုပ်ရတော့မယ်။"
အခြားသူများကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။
မှန်ပါသည်။ ပြီးခဲ့သည့်ကိစ္စကို ပြန်ပြောနေ၍ ဘာထူးမည်နည်း?
ထိုအချက်က ပိုင်မျိုးနွယ်စုအနေဖြင့် မြစိမ်းရောင်နေမင်း ဂိုဏ်းအား ကျူးကျော်ရန် ခိုင်လုံသော အကြောင်းပြချက် ဖြစ်မလာနိုင်ပေ။
"ဟဲဟဲ။"
ပိုင်ကျီဟန်က ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။
"ပြောလို့မပြီးသေးဘူးလေ။"
သူ၏လေသံမှာ တစ်ခုခုကို သဘောကျနေသယောင် ရှိနေသည်။
"မြစိမ်းရောင်နေမင်း ဂိုဏ်းကို ကျူးကျော်ခဲ့တဲ့ အကြီးမားဆုံး အကြောင်းပြချက်ကိုပဲ ပြောရသေးတာ။"
သူက တမင်တကာ စကားကို ရပ်လိုက်သည်။
"တခြား အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။"
ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် မဲမှောင်သွား၏
"ဒုတိယအချက်အနေနဲ့..." သူက တည်ငြိမ်စွာ ဆက်ပြောသည်။ "...သူတို့က ကျွန်တော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။"
နန်းရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
"ဘာ”
"လုပ်ကြံတာလား? မြစိမ်းရောင်နေမင်း ဂိုဏ်းကလား?"
တီးတိုးပြောဆိုသံများ ထွက်ပေါ်လာပြီး တင်းမာမှုများ ချက်ချင်း မြင့်တက်လာသည်။
ဝမ်ဟောင်ယု၏ မျက်နှာပျက်သွားရ၏
"ဒါက မဟုတ်မတရား စွပ်စွဲတာပဲ”ဟု သူက အော်ဟစ်လိုက်သည်။ "ငါတို့က မင်းကို ဘာလို့ လုပ်ကြံရမှာလဲ? မင်းနဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး”
သူက အတင်းအကျပ် လှောင်ရယ်လိုက်၏
"မြစိမ်းရောင်နေမင်း ဂိုဏ်းက မင်းလိုကောင်ကို ဘာလို့ ပစ်မှတ်ထားနေမှာလဲ?"
ဝမ်ဟောင်ယု၏ စကားကို ကြားရသောအခါ အခြားသူများလည်း ထိုအတိုင်းပင် ခံစားလိုက်ရသည်။
ပိုင်ကျီဟန် မြစိမ်းရောင်နေမင်း ဂိုဏ်းကို ကျူးကျော်ခဲ့သည့် အချိန်မှလွဲ၍ ထိုနှစ်ဖက်ကြားတွင် မည်သည့် ထိပ်တိုက်ရင်ဆိုင်မှု သို့မဟုတ် ပဋိပက္ခမျှ ရှိခဲ့ပုံမပေါ်ပေ။
ထို့ကြောင့် ပိုင်ကျီဟန်ကို လုပ်ကြံရန် ကြိုးစားသည်ဟူသော ကိစ္စမှာ ခိုင်လုံသော အကြောင်းပြချက် ဖြစ်နိုင်သော်လည်း လက်တွေ့တွင် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု ထင်ရသည်။
ပိုင်ကျီဟန်က သူ၏လုပ်ရပ်ကို ဖြောင့်မတ်အောင် လိမ်ညာနေခြင်းလော? သို့မဟုတ် ဝမ်ဟောင်ယုက တစ်ခုခုကို ဖုံးကွယ်ထားခြင်းလော?
မည်သို့ပင်ဆိုစေ အကယ်၍ ဝမ်ဟောင်ယုက သူ့ကို အရင်သတ်ရန် ကြိုးစားခဲ့ကြောင်း ပိုင်ကျီဟန် သက်သေပြနိုင်ပါက ဤနန်းရင်ပြင်၏ ဆုံးဖြတ်ချက် ရလဒ်သည် ပြောင်းလဲသွားနိုင်ပေသည်။
ပိုင်ကျီဟန်က ရယ်မောလိုက်သည်။
"ရန်ငြိုးမရှိဘူး ဟုတ်လား?"
သူသည် ဝမ်ဟောင်ယုကို သနားစဖွယ် သတ္တဝါတစ်ခုကို ကြည့်သကဲ့သို့ ကြည့်လိုက်၏
"အကြောင်းပြချက်ကတော့..." ပိုင်ကျီဟန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "...မင်းတို့ ကြောက်နေလို့ပဲ။"
ဝမ်ဟောင်ယု၏ လက်ချောင်းများ တုန်ခါသွားသည်။
"ဘာကို ကြောက်တာလဲ? မင်း ဘာတွေ လျှောက်ပြောနေတာလဲ?"
သူက အနည်းငယ် ပျာယာခတ်နေသော လေသံဖြင့် ချက်ချင်း ပြန်ပြောသည်။
"မင်းတို့ ကြောက်တာက..." ပိုင်ကျီဟန်က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ "...ငါက မင်းတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်မှာကိုပဲ။ ငါ့ကို အစွမ်းအစမရှိတဲ့ လူဖျင်းတစ်ယောက်လို့ ထင်ပြီး ငါ့ကိုသတ်ဖို့ မင်းတို့ရဲ့ ကောင်းကင်ဓားပြတွေကို လွှတ်ခဲ့တာ မလား။"
ဝမ်ဟောင်ယု၏ တည်ငြိမ်မှုများ ခဏမျှ ပြိုကွဲသွားသည်။
"လိမ်ညာနေတာ၊ မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေကို အကြောင်းပြဖို့ ကြိုးစားနေတာပဲ”
ဝမ်ဟောင်ယုက သူ့ကိုယ်သူ ချက်ချင်း ခုခံကာကွယ်ပြီး အပြစ်အားလုံးကို ပိုင်ကျီဟန် အပေါ် ပုံချကာ သူအား လူလိမ်တစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်သည်။
ကြားနေအဖွဲ့အစည်း အများစုမှာမူ မည်သူ့ကို ယုံကြည်ရမည်မှန်း မသိဖြစ်နေကြသည်။
ဝမ်ဟောင်ယုဘက်မှ လူများသည် သူ့ဘက်က ရပ်တည်နေကြသော်လည်း ပိုင်ကျီဟန်ဘက်က လူများမှာမူ သူ၏ ရှင်းပြချက်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
"ဟွန့်၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ခင်ဗျား အသိဆုံးဖြစ်မှာပါ။"
ပိုင်ကျီဟန်က စိုက်ကြည့်လျက် ပြောလိုက်ရာ ဝမ်ဟောင်ယုသည် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုတို့ကြောင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
ယခုအခါ ပိုင်ကျီဟန်၏ အသံတွင် မောက်မာမှုများ မရှိတော့ပေ။
"မြစိမ်းရောင်နေမင်း ဂိုဏ်းက” သူက စကားလုံး တစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်။ "...ကလေးသူငယ်တွေအပေါ်မှာ စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့တာပါပဲ။"
တစ်ခန်းမလုံး သေလုမတတ် တိတ်ဆိတ်သွားတော့သည်။
"သူတို့က ကလေးတွေကို ပြန်ပေးဆွဲနေခဲ့ကြတာ" ပိုင်ကျီဟန်က နန်းရင်ပြင်တစ်ခုလုံးကို ဝေ့ကြည့်ရင်း ဆက်ပြောသည်။
"တားမြစ်ထားတဲ့ ကျင့်စဉ်စမ်းသပ်မှုတွေအတွက် အဲဒီကလေးတွေကို အသုံးပြုခဲ့ကြတာပဲ။"
တုံ့ပြန်မှုများက ပေါက်ကွဲထွက်လာသည်။
"မဖြစ်နိုင်တာ”
"ဒါက မဖြစ်နိုင်တဲ့ စွပ်စွဲချက်ပဲ”
"ဒါက အရမ်းပြင်းထန်တဲ့ စွပ်စွဲချက်ပဲနော်”
အမတ်အချို့ ရုတ်တရက် မတ်တပ်ရပ်လိုက်ကြသည်။
အကယ်၍ ပိုင်ကျီဟန် ပြောသည်မှာ အမှန်ဖြစ်ပါက ၎င်းသည် ပိုင်ကျီဟန်၏ လုပ်ရပ်ကို တရားမျှတစေရုံသာမက မြစိမ်းရောင်နေမင်း ဂိုဏ်းကိုပါ သေချာစုံစမ်းစစ်ဆေးပြီး အပြင်းအထန် အပြစ်ပေးရတော့မည်
ဖြစ်သည်။
ကျောက်ဝူထျန်း၏ မျက်နှာထားပင် ပြောင်းလဲသွားသည်။
ဝမ်ဟောင်ယု၏ မျက်နှာမှာမူ သွေးမရှိသကဲ့သို့ ဖြူလျော်သွား၏
"မင်း လူလိမ်”သူက အော်ဟစ်လိုက်သည်။ "မင်းမှာ ဘာသက်သေရှိလို့လဲ? မင်းက မြစိမ်းရောင်နေမင်း ဂိုဏ်းကို ဒီလိုရာဇဝတ်မှုမျိုးနဲ့ စွပ်စွဲရဲတယ်ပေါ့လေ”
ပိုင်ကျီဟန်က အသံကို မြှင့်မပြောပေ။
"သက်သေလိုချင်တာလား?"
သူ၏ အကြည့်က ဧကရာဇ်ထံသို့ ခဏမျှ ရောက်ရှိသွားသည်။
"ကျုပ်ဆီမှာ ကယ်တင်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်။"
တစ်ခန်းမလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"မြစိမ်းရောင်နေမင်း ဂိုဏ်းမှာရှိတဲ့ ခင်ဗျားတို့ရဲ့ စမ်းသပ်ခန်းကိုလည်း တူတူသွားကြည့်ပြီး အတည်ပြုလို့ရတာပဲ။"
လူတိုင်းက ထိုနှစ်ယောက်ကို ကြည့်ပြီး မည်သူ့ကို ယုံရမည်မှန်း မသိဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။
သို့သော် ပိုင်ကျီဟန်၏ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို ကြည့်ရသည်မှာ လိမ်နေပုံမရပေ။ အကယ်၍ သူပြောသည်ကို အတည်ပြုလိုက်လျှင် အမှန်တရားက ပေါ်လာမည် မဟုတ်ပါလော
အလွယ်တကူ အတည်ပြုနိုင်မည့် အရာမျိုးကို ပိုင်ကျီဟန်က ဘာကြောင့်
လိမ်ပြောရမည်နည်း?
ယခုအခါ ဝမ်ဟောင်ယုကို သနားသလို ကြည့်နေသည့် အကြည့်များက စတင်ပြောင်းလဲလာသည်။
အကယ်၍ ပိုင်ကျီဟန် ပြောသည်မှာ အမှန်ဆိုလျှင် ဝမ်ဟောင်ယုနှင့် မြစိမ်းရောင်နေမင်း ဂိုဏ်းတို့သာ အပြစ်ပေးခံရမည်ဖြစ်သည်။
သို့သော် ဝမ်ဟောင်ယုကမူ ထိုစွပ်စွဲချက်အားလုံးကို ဆက်လက်ငြင်းဆိုနေဆဲပင်။
"ပိုင်ကျီဟန်က သူလုပ်ခဲ့တာတွေကို လူတွေ အာရုံလွဲသွားအောင် လုပ်နေတာပဲ။ စောစောက ပြောသလိုပဲ... မင်းရဲ့ စကားကလွဲရင် အခုတင်ပြနိုင်တဲ့ တခြားဘာသက်သေ ရှိသေးလို့လဲ?"
ဝမ်ဟောင်ယုက ချွေးများ စီးကျနေသော်လည်း ပြုံးလျက် မေးလိုက်သည်။
"မင်းစကားကို လူတိုင်းက အလွယ်တကူ ယုံလိမ့်မယ်လို့ မထင်နဲ့လေ။ ဒါမှမဟုတ် တစ်ယောက်ယောက် သွားစစ်ဆေးတဲ့အထိ ငါတို့အားလုံး စောင့်နေရမှာလား?"
ဝမ်ဟောင်ယုက ယုံကြည်မှုရှိရှိ မေးလိုက်ခြင်းဖြစ်သည်။
သိသာသည်မှာ သူ၏ဘက်တော်သား တစ်ဦးဦးကသာ သွားရောက်စစ်ဆေးမည်ဆိုလျှင် အမှန်တရားဖြစ်နေပါစေဦးတော့ ရိုးရိုးသားသား တင်ပြပါမည်လော?
မတင်ပြသည်မှာ သေချာသည်။
ထို့ပြင် လူတိုင်းကလည်း ထိုနေရာသို့ အတူတူ သွားရောက်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဝမ်ဟောင်ယုသည် သူ ဘေးကင်းသေးသည်ဟု ယူဆထားသည်။
ဧကရာဇ်က လူလွှတ်မည်ဆိုလျှင်ပင် အမှန်တရားကို သိသွားသည့်တိုင် သူ့ကို ကူညီလိမ့်မည်ဟု သူက ယုံကြည်နေသည်။
နန်းရင်ပြင်တစ်ခုလုံး သံသယစိတ်များဖြင့် ဆူပွက်နေသည်။
ဝမ်ဟောင်ယုက သူ၏ ယုံကြည်မှုကို အတင်းအကျပ် ဟန်ဆောင်လျက် မတ်တပ်ရပ်နေသည်။
သူသည် ပိုင်ကျီဟန်ကို "မင်း နောက်ထပ် ဘာလုပ်နိုင်ဦးမှာလဲ?" ဟု မေးနေသည့်အလား စိုက်ကြည့်နေသည်။
သို့သော် ထိုအချိန်တွင်
ပိုင်ကျီဟန်က ပြုံးလိုက်သည်။
"ခင်ဗျားက တော်တော် ယုံကြည်မှုရှိနေတာပဲ" ဟု သူက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
" သက်သေတောင်းနေတာလား? ကျုပ်ပြောတာတွေကို အတည်ပြုဖို့က အချိန်တွေ အများကြီး လိုလိမ့်မယ်။ ဒါကြောင့် သိပ်မြင်ချင်နေတဲ့ သက်သေကို အခုပဲ ပြပေးမယ်။"
ပိုင်ကျီဟန်၏ လက်ချောင်းများက သူ၏ ဝိညာဉ်လက်စွပ်ကို ထိလိုက်သည်။
"မှတ်ဉာဏ်ပုံရိပ်လွှာကြေးမုံရှိတာ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးဗျ။"
ထိုစကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
ပိုင်ကျီဟန်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထိုပစ္စည်းကို ထုတ်ယူလိုက်သည်။
တစ်ခန်းမလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဝမ်ဟောင်ယု၏ သူငယ်အိမ်များ ကျုံ့သွား၏
ထိုပစ္စည်းထဲတွင် ဘာတွေ ရှိနေနိုင်သည်ကို သူ စတင် စိတ်ကူးကြည့်မိသွားသည်။
ပိုင်ကျီဟန်က ၎င်းအတွင်းသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။
အလင်းတန်းများ ပွင့်ထွက်လာ၏
နန်းရင်ပြင်ပေါ်ရှိ လေထုက တစ်ဖန် တုန်ခါသွားပြန်သည်။
ပုံရိပ်လွှာတစ်ခု ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင်မူ
ပထမဆုံး ပုံရိပ်သည် ပိုင်ကျီဟန် ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားသည့် ပုံစံဖြစ်သည်။ ထို့နောက် မှောင်အတိ ကျသွားသည်။
မြစိမ်းရောင်နေမင်း ဂိုဏ်း၏ နက်ရှိုင်းသော မြေအောက် လျှို့ဝှက်စင်္ကြံလမ်းတစ်ခု။
ပိုင်ကျီဟန်က လျှို့ဝှက်အခန်း တံခါးများကို ရိုက်ချိုးပြီး ဝင်သွားသည့် ပုံရိပ်က ပေါ်လာသည်။
ထို့နောက်တွင်မူ
မှတ်တမ်းထဲ၌ အရာအားလုံး ပါဝင်နေသည်။
သံလှောင်အိမ်တန်းကြီးများ။
၎င်းတို့အတွင်းရှိ သေးငယ်သော အရိပ်အယောင်များ
ကလေးငယ်များ။
အချို့မှာ သတိမေ့မြောနေကြ၏
အချို့မှာမူ ကြောင်တောင်တောင် ငေးကြည့်နေကြသည်။
အချို့ကမူ အားနည်းစွာ ရုန်းကန်နေကြသည်။
နန်းရင်ပြင်တစ်ခုလုံးမှ အသက်ရှူသံများ အောင့်ထားကြရသည်။
ပုံရိပ်လွှာက ဆက်လက် ပြသနေသည်။ အခင်းအကျင်းက ထပ်မံ ပြောင်းလဲသွားပြန်သည်။
ကြမ်းပြင်ပေါ်တွင် ထွင်းထုထားသော ထူးဆန်းသည့် စက်ဝိုင်းများ
သွေးရောင်စာသားများ
လှောင်အိမ်များ၊ စမ်းသပ်မှုများ။
ထိတ်လန့်နေသော ကလေးငယ်များ။
ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် ထုတ်ယူရန် ဒီဇိုင်းထုတ်ထားသော စွမ်းအင်ခင်းကျင်းမှုများ
စမ်းသပ်မှုအကြောင်း အလုံးစုံကို ပြောပြနေသော အကြီးအကဲ၏ ဝန်ခံချက်အထိ ပုံရိပ်များက ဆက်လက်ပြသသွားသည်။
ပုံရိပ်လွှာ ပြသမှု ပြီးဆုံးသွားသည့်အခါ
မည်သူမျှ စကားမပြောနိုင်ကြတော့ပေ။
ဝမ်ဟောင်ယု၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားသည်။
"ဒါ... ဒါက လုပ်ကြံဖန်တီးထားတာပဲ” သူက အသံဗလုံးဗထွေးဖြင့် အော်ဟစ်လိုက်သည်။ "မင်း တစ်နေရာရာက ပုံတွေကို ရိုက်ကူးပြီး ငါတို့အပေါ် အပြစ်ပုံချနေတာ”
***