နန်းတွင်း၌ ဖြစ်ပျက်ခဲ့သော သတင်းများသည် စိတ်ကူးထားသည်ထက်ပင် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။
အမှန်စင်စစ် လူအများစုမှာ ဤဖြစ်ရပ်အပြီးတွင် ပိုင်မျိုးနွယ်စု၏ ကံကြမ္မာ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
သို့သော် သူတို့ရရှိလိုက်သော သတင်းမှာ မျှော်လင့်ထားသည်နှင့် လုံးဝတခြားစီ ဖြစ်နေခဲ့သည်။
ပိုင်ကျီဟန်သည် မြစိမ်းရောင်နေမင်းဂိုဏ်းကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ထိုဂိုဏ်းသည် ကလေးသူငယ်များအပေါ် အန္တရာယ်ရှိပြီး တရားမဝင်သော စမ်းသပ်မှုများ ပြုလုပ်နေသောကြောင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြစိမ်းရောင်နေမင်းဂိုဏ်းသည် ကလေးများကို ပြန်ပေးဆွဲခြင်းနှင့် ပိုင်ကျီဟန်ကို လုပ်ကြံရန် ကြိုးပမ်းခြင်း အကြောင်း သတင်းများပါ ထွက်ပေါ်လာခဲ့သည်။
တစ်ရက်အတွင်းမှာပင်
ကောင်းကင်အင်ပါယာတစ်ခုလုံး သိရှိသွားကြတော့သည်။
အစပိုင်းတွင် မယုံကြည်နိုင်မှုများ
ထို့နောက် အံ့အားသင့်မှုများနှင့်
နောက်ဆုံးတွင် ဒေါသတကြီး ဖြစ်ကုန်ကြသည်။
"မြစိမ်းရောင်နေမင်းဂိုဏ်းက ကလေးတွေကို စမ်းသပ်မှုတွေ လုပ်ရဲတယ် ဟုတ်လား?"
"ဆယ်စုနှစ်နဲ့ချီပြီးတော့လား? ဒီလိုလုပ်ပြီးမှ သူတို့ကိုယ်သူတို့ သူတော်စင်တွေလို့ ခေါ်ရဲသေးတယ်”
"သူတို့ ငရဲမှာပဲ ပြာဖြစ်သင့်တာ။"
တစ်ချိန်က ပိုင်ကျီဟန်ကို ပြစ်တင်ရှုတ်ချခဲ့ကြသော လမ်းမထက်မှ အသံများသည် ယခုအခါ လုံးဝပြောင်းလဲသွားခဲ့သည်။
သူက မောက်မာတာ မဟုတ်ဘူးလား?
သူက ဥပဒေမဲ့တာ မဟုတ်ဘူးလား?
သူက နန်းတွင်းကို အန်တုခဲ့တာ မဟုတ်ဘူးလား?
ယခင်က လူများ ပြောခဲ့ကြသည့် စကားများဖြစ်သည်။
သို့သော်
ယခုမူ ဇာတ်လမ်းမှာ ပြောင်းပြန်ဖြစ်သွားခဲ့ချေပြီ။
"ဒါကြောင့်မို့လို့ သခင်လေးပိုင်က မြစိမ်းရောင်နေမင်းဂိုဏ်းကို တိုက်ခိုက်ခဲ့တာကိုး၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက မြင့်မြတ်တဲ့ အကြောင်းပြချက်ရှိခဲ့တာပဲ”
"သူက မဆင်မခြင် လုပ်ခဲ့တာမဟုတ်ဘူး၊ အဲဒီကလေးတွေကို ကယ်တင်ခဲ့တာ”
"နန်းတွင်းက ဘာတွေလုပ်နေတာလဲ? ဒါမျိုးတွေကို သူတို့အရင် သိသင့်တာလေ။ အခုတော့ သခင်လေးပိုင်က သူတို့အလုပ်ကို ဝင်လုပ်ပေးလိုက်ရပြီ။"
"အကယ်၍ ပိုင်ကျီဟန်သာ မရှိရင် ငါတို့တွေ အမှောင်ထဲမှာပဲ ရှိနေဦးမှာပဲ”
ပိုင်ကျီဟန်၏ နာမည်နောက်ကွယ်မှ ကဲ့ရဲ့ရှုတ်ချသံများ ပျောက်ကွယ်သွား၏
ထိုနေရာတွင်
အထင်ကြီး လေးစားမှုနှင့် ကျေးဇူးတင်မှုများ အစားထိုးဝင်ရောက်လာသည်။
"ဖြောင့်မတ်ခြင်းရဲ့ သူရဲကောင်း”
"သူက မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို သတ်ပေးရုံတင်မကဘဲ အင်ပါယာထဲက မကောင်းဆိုးဝါးတွေကိုပါ ရှင်းလင်းပေးနေတာ။ ဒါမှ စစ်မှန်တဲ့ သူရဲကောင်းပဲ”
တစ်ဖက်တွင်မူ မြစိမ်းရောင်နေမင်းဂိုဏ်းအပေါ် ကျိန်ဆဲသံများသည် မုန်တိုင်းအလား မရပ်မနား ကျရောက်လာတော့သည်။
"လူ့အရေခွံခြုံထားတဲ့ တိရစ္ဆာန်တွေ”
"သူတော်စင်ယောင်ဆောင်ထားတဲ့ မိစ္ဆာဂိုဏ်း”
"ငါတို့ သူတို့ကို လေးစားခဲ့မိတာကို တွေးကြည့်စမ်း၊ သူတို့အားလုံး အပြစ်ပေးခံရမယ်”
မြစိမ်းရောင်နေမင်းဂိုဏ်းကို ဆန့်ကျင်သောအသံများ ပေါ်ထွက်လာ၏
ထိပ်သီးဂိုဏ်းကြီး ဖြစ်နေရင်ကော ဘာဖြစ်လဲ? သူတို့ စိတ်ကြိုက် လျှောက်လုပ်လို့ရသလား?
လူတိုင်း ညီညွတ်သွားကြသည့်အခါ မြစိမ်းရောင်နေမင်းဂိုဏ်းကဲ့သို့ အင်အားကြီးသူကိုပင် မကြောက်တော့ပေ။
ပိုင်မျိုးနွယ်စုအတွက်မူ
သူတို့၏ ဂုဏ်သတင်းမှာ အထူးမြင့်မားလာပြီး လူတိုင်းက ချီးမွမ်းနေကြသည်။ ယခင်က ဆဲဆိုခဲ့သူများသည်လည်း သတင်းအမှားများကြောင့် ဖြစ်ရပါသည်ဟု တောင်းပန်ခဲ့ကြသည်။
သုံးရက်အကြာတွင်
မြို့တော်၏ ဗဟိုရင်ပြင်ကြီးသည် လူများဖြင့် ပြည့်လျှံနေသည်။
အိမ်ခေါင်မိုးများပေါ်တွင်ပင် လူများ ပြည့်နေသည်ဟု ဆိုကြသည်။
ဈေးသည်များ စောစီးစွာ ဆိုင်ပိတ်ကြ၏ အနီးနားရှိ ကျင့်ကြံသူများသည်လည်း သမိုင်းဝင်ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိရန် အပြေးအလွှား ရောက်ရှိလာကြသည်။
ရင်ပြင်၏အလယ်တွ မြင့်မားသော ကွပ်မျက်စင်ကြီး တစ်ခုရှိနေသည်။
အင်ပါယာ၏ အလံတော်များမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သံခြေကျင်းများ၏ အသံများ မြည်ဟည်းနေသည်။
ဝမ်ဟောင်ယုအား ခေါ်ဆောင်လာခဲ့သည်။
တစ်ချိန်က သန့်ရှင်းသပ်ရပ်ခဲ့သော ဝတ်စုံများမရှိတော့ဘဲ ရိုးရှင်းသော အဖြူရောင် အကျဉ်းသားဝတ်စုံနှင့် ဖြစ်နေသည်။
သူ၏ ကျင့်စဉ်အဆင့်မှာ ချိပ်ပိတ်ခံထားရသည်။
စွမ်းအားဝိညာဉ်မရှိပေ။
အရှိန်အဝါမရှိပေ။
ဂိုဏ်းချုပ်တစ်ယောက်မဟုတ်တော့ပေ။
သာမန်လူတစ်ယောက်သာ။ မဟုတ်သေး... လူတစ်ယောက်အနေဖြင့် ရသင့်သော အခွင့်အရေးများနှင့်ပင် မထိုက်တန်သည့် ညစ်ပတ်သော ရာဇဝတ်ကောင် တစ်ဦးသာဖြစ်သည်။
လူအုပ်ကြီးက သူ့ကို မြင်လိုက်သည်နှင့် ဟိန်းဟောက်ကြတော့သည်။
"ဒါ သူပဲ၊ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း၊ အဲဒီစမ်းသပ်မှုတွေကို စခဲ့တဲ့သူ”
"သတ်ပစ်၊ ကွပ်မျက်ပစ်”
ဝမ်ဟောင်ယု၏ မျက်နှာသည် ဖြူလျော်နေပြီး ကိုယ်ပေါ်တွင်လည်း ဒဏ်ရာဒဏ်ချက်များ ရှိနေသည်။
လွန်ခဲ့သော သုံးရက်မှာ သူ၏အတွက် ငြိမ်းချမ်းသော နေ့ရက်များ မဟုတ်ခဲ့ဘဲ နှိပ်စက်ညှဉ်းပန်းမှုများကို ခံခဲ့ရသည်မှာ သေချာသည်။
သို့သော် သူ၏ မျက်လုံးများထဲတွင်
နာကျည်းမှုနှင့် မုန်းတီးမှုများ တောက်လောင်နေသည်။
သူသည် လူအုပ်ထဲတွင် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ကြည့်နေသော်လည်း ကျင့်စဉ်ချိပ်ပိတ်ခံထားရသဖြင့် ထိုသူကို ရှာမတွေ့နိုင်ပေ။
ပိုင်ကျီဟန်
အကယ်၍ သူ့ကို မနှောင့်ယှက်ခဲ့လျှင်
အကယ်၍သာ သူ့ကို လုပ်ကြံဖို့ အမိန့်မပေးခဲ့လျှင်
ထိုသို့ လုပ်ခဲ့မိတောင် အခွင့်အရေးရတုန်းက သူ ထွက်ပြေးခဲ့သင့်သည်။
လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့၏ ထောက်ပံ့မှုဖြင့် ပိုင်မျိုးနွယ်စုကို ဖြိုလဲပြီး ဂိုဏ်းကို ပြန်ရနိုင်မည်ဟု သူ ဘာကြောင့်များ ယုံကြည်ခဲ့မိသနည်း
ကွပ်မျက်စင်ပေါ်တွင် အင်ပါယာ၏ ကွပ်မျက်ရေးအရာရှိသည် အမိန့်တော်စာလိပ်ကို ကိုင်ဆောင်ကာ ရပ်နေသည်။
သူ၏အသံသည် ရင်ပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။
"ဝမ်ဟောင်ယု မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း..."
"မင်းဟာ တားမြစ်ထားတဲ့ လူသားစမ်းသပ်မှုတွေကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်ခဲ့တယ်။ နန်းတွင်းကို လှည့်စားခဲ့တယ်။ အင်ပါယာရဲ့ ကိုယ်ကျင့်တရားဥပဒေတွေကို ဖောက်ဖျက်ခဲ့တယ်။"
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ... မင်းကို လူအများရှေ့မှာ ကွပ်မျက်ဖို့ စီရင်ချက်ချမှတ်လိုက်တယ်”
လူအုပ်ကြီးမှာ ဆူညံသွားကြသည်။
"သတ်ပစ်”
"တရားမျှတမှုအတွက်”
"ဒါကို သတိပေးချက်တစ်ခုအဖြစ် မှတ်ထားပါစေ”
"မင်းမှာ နောက်ဆုံးပြောချင်တဲ့ စကားရှိလား?"
ကွပ်မျက်ရေးအရာရှိက မေးလိုက်သည်။
ဝမ်ဟောင်ယုသည် ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဟဲဟဲ... ဟားဟားဟား..."
ထိုရယ်သံမှာ ပိုမိုကျယ်လောင်လာပြီး ရူးသွပ်နေသူတစ်ယောက်၏ အော်ဟစ်သံကဲ့သို့ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
သွေးဆာနေသော သူ၏မျက်လုံးများက လူအုပ်ကြီးကို ကြည့်လိုက်သည်။
ထို့နောက် သူ၏အသံသည် စူးရှစွာ ထွက်ပေါ်လာသည်။
"ပိုင်ကျီဟန်”
ထိုအမည်မှာ လူအုပ်ကြားထဲတွင် ဟိန်းထွက်သွားသည်။
"မင်းက ဖြောင့်မတ်တဲ့ လူသားယောင်ဆောင်နေရုံနဲ့ ငါနဲ့ မတူဘူးလို့ ထင်နေတာလား?”
သူ၏ နှုတ်ခမ်းများက အမုန်းတရားများဖြင့် တွန့်ကွေးသွားသည်။
"မင်းနဲ့ငါက အတူတူပဲ”
သူ၏ အသံသည် လူအုပ်ကြီးဘက်သို့ အော်ဟစ်လိုက်သဖြင့် အသံများ တုန်ယင်နေသည်။
"တစ်နေ့ကျရင် မင်းရဲ့ မျက်နှာဖုံးလည်း ကွာကျလာမှာပါ။"
"အဲဒီအချိန်ကျရင်... မင်းလည်း ငါ့လိုကံကြမ္မာမျိုးနဲ့ ကြုံရလိမ့်မယ်”
ခဏတာအကြာတွင်
တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။
ထို့နောက် လူအုပ်ကြီးသည် ဒေါသတကြီး ပေါက်ကွဲကုန်သည်။
"ပါးစပ်ပိတ်ထားစမ်း”
"မင်းက ဘယ်လိုလုပ် သခင်လေးပိုင်နဲ့ နှိုင်းရဲတာလဲ”
"မိစ္ဆာကောင်”
"မင်းလိုကောင်က သူ့နာမည်ကိုတောင် ခေါ်ဖို့ မထိုက်တန်ဘူး”
"အင်ပါယာက ငါတို့သူရဲကောင်းကို ဘယ်တော့မှ အထိခိုက်ခံမှာ မဟုတ်ဘူး”
"ဟုတ်တယ်”
"သူ့ကို မင်းနဲ့အတူ ဆွဲမချနဲ့”
လူအုပ်ကြီး၏ ကျိန်ဆဲသံများသည် ဝမ်ဟောင်ယု အသံကို ဖုံးလွှမ်းသွားသည်။
ဝမ်ဟောင်ယုက ပို၍ပင် ပြင်းထန်စွာ ရယ်မောနေဆဲဖြစ်သည်။
“ဟားဟား”
အသံက ခြောက်ကပ်ကပ်နှင့်ပင်။
"မင်းတို့ လူအတွေ..."
"ဒီအင်ပါယာက တရားမျှတတယ်လို့ ထင်နေတာလား? သူတို့က လူတိုင်းကို ကာကွယ်ပေးမယ်တဲ့လား? ဟဲဟဲ... နန်းတွင်းကတောင်-"
"တိတ်စမ်း”
ကွပ်မျက်ရေးအရာရှိက ဝမ်ဟောင်ယု၏ စကားကို အဆုံးမသတ်မီ ဖြတ်ပြောလိုက်
သည်။
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ... တရားမျှတမှုကို အခုပဲ အကောင်အထည်ဖော်မယ်။"
အရာရှိက သူ၏လက်ကို နှိမ့်ချလိုက်သည်။
"ကွပ်မျက်စေ”
ထိုအချိန်တွင် နေရောင်အောက်၌ ဝင်းလက်နေသော ဓားကြီးသည် အောက်သို့ ကျဆင်းလာခဲ့သည်။
ခဏတာမျှ
ငြိမ်သက်သွားသည်။
ဝမ်ဟောင်ယု၏ ရယ်သံများ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင်မူ
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ဖြောင်း ဖြောင်း ဖြောင်း
အားလုံး ပြီးဆုံးသွားလေပြီ။
ကျောက်တုံးကို ပိုင်းဖြတ်သကဲ့သို့ လှိမ့်ထွက်သွားချေ၏
"တရားမျှတမှု အောင်နိုင်ပြီ”
"ကောင်းကောင်းသေသွားတာပဲ”
"သူ့ဝိညာဉ် ဘယ်တော့မှ လူပြန်မဖြစ်ပါစေနဲ့”
အားပေးသံများ ဆူညံသွား၏
လူအချို့က ကွပ်မျက်စင်ဆီသို့ တံတွေးနှင့် ထွေးကြသည်။
အချို့ကမူ ဝမ်ဟောင်ယုအတွက် မဟုတ်ဘဲ၊ ထိုညှဉ်းပန်းခံခဲ့ရသော ကလေးငယ်များအတွက် ဝမ်းသာမျက်ရည် ကျကြသည်။
အချို့က လက်သီးများကို လေထဲသို့ မြှောက်ကာ အော်ဟစ်ကြသည်။
"ဒါက ဖြောင့်မတ်ခြင်းခေါင်းစဉ်အောက်မှာ မကောင်းမှုလုပ်တဲ့သူတွေရဲ့ အဆုံးသတ်ပဲ”
"ဒါကို ဂိုဏ်းတိုင်းအတွက် သတိပေးချက်အဖြစ် မှတ်ထားကြ”
ကွပ်မျက်သူသည် နောက်သို့ဆုတ်လိုက်ပြီး ဓားကို ပုခုံးပေါ်မှချကာ အစောင့်များက ကွပ်မျက်စင်ကို အမြန်ရှင်းလင်းလိုက်ကြသည်။ နီညိုရောင်အလံများက တလူလူလွင့်နေ၏
ကွပ်မျက်ရေးအရာရှိသည် လူအုပ်ကို တိတ်ဆိတ်စေရန် လက်မြှောက်ပြလိုက်၏
သူ၏အသံကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ကောင်းကင်အင်ပါယာ တစ်ခုလုံး သိပါစေ၊ တားမြစ်ထားတဲ့ ပညာရပ်တွေကို ကျင့်ကြံသူ၊ အပြစ်မဲ့သူတွေကို နှိပ်စက်သူ ဒါမှမဟုတ် ဖြောင့်မတ်ခြင်းအမည်ခံပြီး မကောင်းမှုကို ဖုံးကွယ်ထားသူ ဘယ်သူမဆို ဒီလိုကံကြမ္မာမျိုးနဲ့ ကြုံတွေ့ရမှာပါ”
"အင်ပါယာက ဒီလို ရာဇဝတ်မှုတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး”အမိန့်တော်သည် မိုးခြိမ်းသံအလားပဲ့တင်ထပ်သွား၏
ဧက္ကရာဇ်မင်းမြတ်က ပြောဆိုလေ၏
ပြည်သူများကလည်း တစ်ခဲနက် ထောက်ခံခဲ့ကြလေသည်။
***