ကွပ်မျက်စင်နှင့် မလှမ်းမကမ်းတွင်
လူပင်လယ်ဝေနေသော ကွင်းပြင်ကြီး၏ လူအုပ်ကြားထဲ၌
ပိုင်ကျီဟန်သည် တိတ်ဆိတ်စွာ ရပ်နေ၏။
ယနေ့တွင် သူသည် သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးအုပ်ထားသဖြင့် မည်သူ၏ အာရုံကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိပေ။
သူ၏ ကျင့်ကြံသူအငွေ့အသက်ကိုလည်း လုံးဝထိန်းချုပ်ထား၏
သာမန်မျက်စိဖြင့် ကြည့်လျှင် သမိုင်းဝင်ဖြစ်ရပ်ကို လာရောက်ကြည့်ရှုသည့် သာမန်လူသားတစ်ဦးနှင့်သာ တူနေလေသည်။
"မင်းနဲ့ ငါက အတူတူပဲ”
ဝမ်ဟောင်ယုက အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ယှက်သန်းသွား၏။
(ဖြစ်နိုင်တာပဲ)
သူ မငြင်းဆိုခဲ့ပေ။ အမှန်စင်စစ် တရားမျှတမှုဆိုသည်မှာ အင်အားကြီးသူများက သူတို့၏ လုပ်ရပ်များကို အကြောင်းပြချက်ပေးရန် တပ်ဆင်ထားသည့် မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်မဟုတ်ပါလော
သို့သော် ဝမ်ဟောင်ယု တစ်ခုတော့ မှားသွားသည်။
ပိုင်ကျီဟန်၏ မျက်နှာဖုံးသည် အမြဲတမ်း ပွင့်လင်းမြင်သာနေခဲ့ပြီးသားဖြစ်သည်။ သူသည် တစ်စုံတစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်နေရန် မလိုအပ်ပေ။
ကွပ်မျက်သူက ဝမ်ဟောင်ယု၏ ခေါင်းကို ဖြတ်ချလိုက်သည်ကို သူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင်တော့ ဟိန်းဟောက်သံများ လှိုင်းတံပိုးသဖွယ် ဆက်လက် ထွက်ပေါ်နေဆဲသာ
"တရားမျှတမှုကို ဖော်ဆောင်နိုင်ပြီ”
"အဲဒီမိစ္ဆာက နောက်ဆုံးတော့ သူ့အပြစ်တွေအတွက် ပေးဆပ်သွားရပြီ”
"ထိုက်တန်တယ်”
သို့သော် ပိုင်ကျီဟန်၏ အကြည့်ကတော့ ဝမ်ဟောင်ယု၏ အလောင်းကို ဖယ်ရှားသွားသည့် ကွပ်မျက်စင်ထက်၌သာ မြဲမြံနေဆဲပင်။
သူ့မျက်နှာအမူအရာက တည်ငြိမ်လွန်းလှသည်။
အောင်ပွဲခံခြင်းလည်း မရှိသလို မျက်မှောင်ကြုတ်ခြင်းလည်း မရှိပေ
ကျေနပ်အားရမှုလည်း မရှိပေ
သနားဂရုဏာလည်း မရှိပေ။
သူ့အတွက်တော့
ဝမ်ဟောင်ယု၏ သေခြင်းတရားသည် အလေးထားစရာ အနှစ်သာရ အလွန်နည်းပါးလှသည်။
ထိုလူသည် မရေမတွက်နိုင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မကျူးလွန်ခဲ့သည်ဖြစ်စေ ပိုင်ကျီဟန်အတွက် ဘာမှမထူးခြားပေ
အကြောင်းမူကား ဝမ်ဟောင်ယု ယခုကဲ့သို့ ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရခြင်း၏ အစစ်အမှန် အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသောကြောင့် ဖြစ်သည်။
ဝမ်ဟောင်ယုသည် သူ့ကို လာရောက်ပတ်သက် မိခဲ့ခြင်းကြောင့်သာ။
ထိုစည်းကို ကျော်နင်းမိပြီးသည်နှင့်
အဆုံးသတ်ရလဒ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အောင်ပွဲခံသံများ ပဲ့တင်ထပ်နေစဉ် ပိုင်ကျီဟန်၏ မျက်လွှာများ အနည်းငယ် ကျဆင်းသွားသည်။
အကယ်၍သာ ပြောင်းလဲနိုင်သော အချက်တစ်ချက်သာ မရှိခဲ့လျှင်
ယနေ့ အဖြစ်အပျက်များစွာသည် ယခုထက် များစွာ ကွဲပြားသွားပေလိမ့်မည်။
ဤကွပ်မျက်ပွဲသည် အင်ပါယာ၏ ခမ်းနားသော တရားမျှတမှု ပြကွက်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ
ထိုထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ၏ အကြည့်တို့သည် မြို့တော်ထက်တွင် မြင့်မားစွာ တည်ရှိနေသော အင်ပါယာ နန်းတော်၏ ဝေးကွာသော အရိပ်အာဝါသဆီသို့ ဦးတည်သွားသည်။
နေကာရောင်အောက်တွင် ရွှေရောင်အမိုးများက တဖိတ်ဖိတ် တောက်ပနေ၏။
အင်ပါယာ၏ အာဏာစက် အခြေစိုက်ရာ အရပ်။
ကောင်းကင် အင်ပါယာတစ်ခုလုံးကို အုပ်စိုးရာ အာဏာဗဟိုချက်။
ကျင့်ကြံသူ အများစုအတွက်မူ
ထိုနန်းတော်သည် မထိပါးဝံ့သော အင်အားစုတစ်ခု ဖြစ်သည်။
ပိုင်ကျီဟန် အတွက်မူ?
၎င်းမှာ ကျော်ဖြတ်ရမည့် အဟန့်အတားတစ်ခုမျှသာ။
သူ၏ နှုတ်ခမ်းထောင့်တွင် သိသိသာသာ မရှိလှသော အပြုံးတစ်ခု ပေါ်လွင်လာ၏။
အမှန်အတိုင်း ပြောရလျှင် အင်ပါယာနန်းတွင်းသည် ပိုင်မျိုးနွယ်စုကို နှိပ်ကွပ်ရန် ကြိုးပမ်းစဉ်က... သူတို့သည် လီ-ကျောက် မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းခဲ့ကြသည်။
ထိုစဉ်ကတည်းက ပိုင်ကျီဟန်သည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားထားပြီးသားဖြစ်သည်။
အကယ်၍ ဧကရာဇ်ကသာ သူ့ကို ရန်သူအဖြစ် သတ်မှတ်ရန် ဇွတ်အတင်း ဆုံးဖြတ်ခဲ့လျှင်—သူသည် ဧကရာဇ်ကို ရာထူးမှ ဖယ်ရှားပစ်ရုံသာ ရှိသည်။
အကယ်၍ အင်ပါယာ တော်ဝင်မိသားစုက ခုခံခဲ့လျှင်
သူသည် သူတို့ကိုပါ အမြစ်ပြတ် ချေမှုန်းပစ်မည်။
ထိုသို့ လုပ်ဆောင်ရာတွင် လီမျိုးနွယ်စု သို့မဟုတ် ကျောက်မျိုးနွယ်စုတို့က ကြားဖြတ်နှောင့်ယှက်ရန် ရွေးချယ်ခဲ့ပါက
သူတို့အားလုံးသည် အတူတကွ ပျက်သုဉ်းသွားကြပေလိမ့်မည်။
သို့သော်လည်း
ပိုင်ကျီဟန်သည် ထိန်းချုပ်မှုကိုသာ ရွေးချယ်ခဲ့သည်။
တော်ဝင်မိသားစုကို ကြောက်ရွံ့၍ မဟုတ်ပေ
သူ့တွင် အင်အားမရှိ၍လည်း မဟုတ်ပေ။
အချက်အလက် တစ်ခုတည်းသောကြောင့်သာ ဖြစ်သည်။
ချင်လင်းရှောင်
ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ
မဟုတ်လျှင် ပိုင်ကျီဟန်သည် ဤကိစ္စများကို ဂရုစိုက်နေမည် မဟုတ်ပေ။ ပိုင်မျိုးနွယ်စုကို ဖြိုလဲရန် ကြိုးပမ်းသူ မည်သူ့ကိုမဆို သူ အစားထိုး လဲလှယ်ပစ်လိုက်မည်သာ ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာမှာ ကံကြမ္မာက အခြားစီမံကိန်းတစ်ခု ရှိနေခဲ့ခြင်းပင်။
ချင်လင်းရှောင်သည် ယုဖေးယန် အဖြစ် ဟန်ဆောင်နေသရွေ့ သူသည် စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
ချင်လင်းရှောင်နှင့် ရန်ဘက်ဖြစ်ရန် သို့မဟုတ် သူမနှင့် ထိပ်တိုက်တွေ့နိုင်မည့် ကိစ္စမျိုးကို လုပ်ဆောင်ရန်မှာ ပညာရှိရာမကျပေ။
အနည်းဆုံးတော့ သူမ ဤနေရာသို့ လာရသည့် အကြောင်းရင်း ကိစ္စရပ်များ ပြီးဆုံးသည်အထိ သို့မဟုတ် ပိုင်မျိုးနွယ်စုသည် သူမကို ယှဉ်ပြိုင်နိုင်လောက်အောင် အင်အားတောင့်တင်း လာသည်အထိ သူ စောင့်ဆိုင်းရမည် ဖြစ်သည်။
ထိုအတွေးသည် ပိုင်ကျီဟန်၏ စိတ်ထဲမှ ကွယ်ပျောက်သွားချိန်မှာပင်
သူ့ဘေးနားမှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာ၏။
"သခင်လေးပိုင်”
ထိုအသံသည် နူးညံ့ပြီး ကျက်သရေရှိလှကာ ငြင်းဆို၍မရအောင်ပင် ယဉ်ကျေးသိမ်မွေ့လွန်းလှသည်။
မျက်နှာဖုံးအောက်ရှိ ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူမ အနားသို့ ချဉ်းကပ်လာသည်ကို သူ လုံးဝ မရိပ်မိခဲ့ပေ။
အရိပ်အယောင်မျှပင် မရှိပေ
ချီစွမ်းအင် လှုပ်ခတ်မှု အနည်းငယ်မျှပင် မခံစားရချေ
သို့သော် သူမသည် ယခုအခါ သူ့ထံမှ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီဖြစ်သည်။
သူသည် သူ၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လေသည်။
ယုဖေးယန်သည် ထိုနေရာတွင် ရပ်နေ၏။
လူပင်လယ်ဝေနေသော ကွင်းပြင်ကြီးထဲတွင်ပင် သူမ၏ ပုံရိပ်မှာ သိသိသာသာ ထင်ရှားပေါ်လွင်နေသည်။
သူမ၏ ကိုယ်ဟန်အနေအထားသည် ကျက်သရေရှိလှပြီး ဝတ်စုံမှာလည်း စင်ကြယ်သန့်ရှင်းနေကာ ကွင်းပြင်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည့် မငြိမ်သက်မှုများကြားတွင်ပင် သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်လွန်းလှသည်။
သူမကို မြင်လိုက်ရသူတိုင်းသည် သူမ၏ ဆွဲဆောင်မှုအောက်တွင် မိန်းမောသွားကြပြီး သူမ လျှောက်လှမ်းရန် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြပုံရသည်။
ပိုင်ကျီဟန် အကြည့်များမှာ အနည်းငယ် စူးရှသွား၏။
သူမသည် သူ့ထံသို့ ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထင်ရှားနေသဖြင့် သူ သတိထားရန် လိုအပ်ပေသည်။
ထို့နောက် ယုဖေးယန်က ခပ်ပါးပါး ပြုံးလိုက်သည်။
"သာမန်ပရိသတ်တွေကြားထဲမှာ သခင်လေးပိုင်ကို တွေ့ရလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး"
သူမ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ အရောင်ဟပ်နေ၏။
" ကိုယ်တိုင် စတင်ခဲ့တဲ့ မုန်တိုင်းရဲ့ အဆုံးသတ်ကို လာကြည့်တာလား?"
ပိုင်ကျီဟန်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းသမီးက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ"
သူ့လေသံက တည်ငြိမ်ပြီး အေးစက်စက်နိုင်လှသည်။
"ကျွန်တော်က တခြားလူတွေလိုပဲ အင်ပါယာရဲ့ တရားမျှတမှုကို လာရောက်မျက်မြင်ပြုတာပါ"
ယုဖေးယန်က သူမ၏ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"ဟုတ်လို့လား?"
သူမ၏ အကြည့်သည် သူ့ထံတွင် လိုအပ်သည်ထက် ပို၍ ကြာမြင့်စွာ တန့်နေခဲ့သည်။
ထို့နောက် သူမ ထပ်မံပြောဆိုပြန်သည်။
"တကယ်တော့ ကျွန်မက သခင်လေးပိုင်နဲ့ စကားပြောချင်လို့ပါ"
ပိုင်ကျီဟန်၏ အပြုံးက ပြောင်းလဲမသွားပေ
သူ့စိတ်ထဲတွင်မူ အလွန်အမင်း သတိထားနေမိပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် သူ အရှောင်ချင်ဆုံးလူစာရင်းကို ပြုလုပ်မည်ဆိုလျှင်
ချင်လင်းရှောင်သည် ထိပ်ဆုံးတွင် ရှိနေပေလိမ့်မည်။
သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်၏
"ဒီနေ့တော့ အဆင်မပြေလောက်ဘူး ထင်ပါတယ်"
သူက လူစုခွဲနေသော လူအုပ်ကြီးကို လက်ဟန်ဖြင့် ညွှန်ပြ၏
"ကျွန်တော့်မှာ မြစိမ်းရောင်နေမင်း ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ပြီးတော့ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲတွေကို ရှင်းဖို့ ရှိပါသေးတယ်။ နောက်တစ်ခေါက်မှပဲ ဖြစ်ဖြစ်လေ"
၎င်းမှာ ခိုင်လုံသော ဆင်ခြေတစ်ခုပင်။
သို့သော် ယုဖေးယန်က သူ့ကို လွယ်လွယ်ကူကူ ငြင်းပယ်ခွင့် ပေးမည်မဟုတ်ပေ။
"နောက်တစ်ခေါက်?"
သူမက သူ့အနားသို့ ခြေတစ်လှမ်း တိုးကပ်လိုက်သည်။
အခြားသူများကို သတိမမူမိစေလောက်သော အကွာအဝေးဖြစ်သော်လည်း
ပိုင်ကျီဟန်ကမူ သူမ၏ မျက်ဝန်းထဲမှ ရယ်ချင်နေမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီဖြစ်သည်။
"သခင်လေးပိုင်က ကျွန်မကို ရှောင်နေပုံရတယ်နော်"
ပိုင်ကျီဟန်က ခပ်တိုးတိုး ရယ်မောလိုက်၏
"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
ပိုင်ကျီဟန်သည် နည်းလမ်းမျိုးစုံဖြင့် ရှောင်ထွက်ရန် ကြိုးပမ်းနေမိသည်။ အမှန်စင်စစ် သူသည် သူမကို တတ်နိုင်သမျှ ဝေးဝေးရှောင်ရန် လိုအပ်သည်။
မဟုတ်ပါက သူ မည်သို့ သေဆုံးသွားသည်ကိုပင် မည်သူမျှ သိရှိကြလိမ့်မည် မဟုတ်ပေ။
"ကျွန်မ အမြင်မှာတော့ အဲဒီလိုပဲ ထင်ရတယ်။ ကျွန်မကို စက္ကန့်အနည်းငယ်လောက်ပဲ အချိန်ပေးပါ၊ မဟုတ်ရင် ရှင် ငြင်းမယ်ဆိုရင် ကျွန်မက ပိုင်မျိုးနွယ်စုဆီအထိ လိုက်လာမိလိမ့်မယ်"
ယုဖေးယန်က ဆိုသည်။
(ကျေးဇူးပြုပြီး မလာပါနဲ့)
ပိုင်ကျီဟန် စိတ်ထဲမှ အော်ဟစ်နေမိသည်။
သူမတွင် မည်သို့သော ရည်ရွယ်ချက်များ ရှိနေသည်ကို မည်သူမျှ မသိနိုင်သော်လည်း သူမသည် ပိုင်မျိုးနွယ်စု၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရန် ကြိုးစားနေသည်မှာတော့ သေချာလှသည်။
ပြီးခဲ့သည့်အကြိမ်က လက်ထပ်ရေးကိစ္စ၊ ယခုတစ်ခါတွင်မူ သူ့ကို တွေ့ဆုံရန် အကြောင်းပြချက်ကို အသုံးပြုနေပြန်ပြီလား?
ပိုင်ကျီဟန်၏ မျက်မှောင်များ အနည်းငယ် တွန့်သွား၏။
ယုဖေးယန်က သူ့အနားသို့ ပိုမိုတိုးကပ်လာ၏
"စိတ်အေးအေးထားပါ သခင်လေးပိုင်"
"ကျွန်မက စကားခဏလောက်ပဲ ပြောချင်တာပါ"
သူမ၏ မျက်လုံးများက ဝင်းလက်တောက်ပနေ၏
"ဒါမှမဟုတ် ရှင် ကြောက်နေတာလား?"
ပိုင်ကျီဟန်သည် သူမကို ခဏမျှ စိုက်ကြည့်နေမိသည်။
ထို့နောက် သူ ခပ်တိုးတိုး သက်ပြင်းချလိုက်၏။
ငြင်းပယ်ရန်မှာ ရွေးချယ်စရာ မဟုတ်တော့ပုံရသည်။ အကယ်၍ သူသာ ဆက်လက် ငြင်းဆန်နေမည်ဆိုလျှင် သူမ ဘာဆက်လုပ်
မည်ကို မည်သူ သိနိုင်မည်နည်း။
သူမသည် သူမ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းနှင့် စွမ်းအားများကို ဖုံးကွယ်ထားဆဲ ဖြစ်သော်လည်း လိုအပ်လာပါက သူမသည် အတင်းအကျပ် အင်အားသုံး၍ သူ့အား ခေါ်ဆောင်သွားနိုင်သူ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမ အလိုရှိပါက ထိုသို့လုပ်ဆောင်ရန်မှာ အလွန်လွယ်ကူလှပေသည်။
"မင်းသမီးက လူတွေကို တကယ့်ကို အကျပ်ရိုက်အောင် လုပ်တတ်တာပဲ"
ယုဖေးယန်၏ အပြုံးက ပိုမိုကျယ်ပြန့်သွား၏
"ကျွန်မကတော့ အဲဒါကို ဇွဲကောင်းတယ်လို့ ခေါ်ချင်တယ်"
သူမက သူမ၏ လက်နှစ်ဖက်ကို နောက်ပစ်
လိုက်၏
"အဲဒီတော့ ဘယ်လိုလဲ?"
ပိုင်ကျီဟန်သည် ခဏမျှ တိတ်ဆိတ်သွား၏။
ထပ်မံငြင်းဆိုခြင်းသည် အခြေအနေကို ပို၍ ဆိုးရွားစေရုံသာ ရှိမည်။
ထို့အပြင် ချင်လင်းရှောင်ကို မလိုအပ်ဘဲ ရန်စမိခြင်းမှာ သူ အလိုချင်ဆုံး အရာမဟုတ်ပေ။
နောက်ဆုံးတွင်
သူ ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ”
ယုဖေးယန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့"
သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော စိတ်ဝင်စားမှုများဖြင့် တောက်ပနေ၏
"ရှင့်ရဲ့ အချိန်တွေကို အများကြီး မယူပါဘူး”
ထို့နောက် သူမသည် နောက်လှည့်ကြည့်ခြင်းပင် မရှိဘဲ ကွင်းပြင်ထဲမှ ထွက်ခွာသွားလေတော့သည်။
သူမသည် အဖြေကိုသိပြီးသားနှယ်
ပိုင်ကျီဟန်သည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ခဏမျှ ကြည့်နေ၏
"...ဒုက္ခပေးတဲ့ မိန်းမ" ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
သူ နောက်က လိုက်သွားခဲ့ရလေသည်။
***