သူတို့နှစ်ဦးသည် ကွင်းပြင်ကြီးထဲမှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
သူတို့နောက်ကွယ်တွင်တော့ ကွပ်မျက်မှုနှင့် ပတ်သက်သည့် အောင်ပွဲခံသံများနှင့် ဝေဖန်သံများသည် အင်ပါယာမြို့တော်၏ စည်ကားလှသော လမ်းမများထက်၌ တဖြည်းဖြည်း မှေးမှိန်ကျန်ရစ်ခဲ့လေသည်။
လမ်းမထက်တွင် ကျင့်ကြံသူများနှင့် သာမန်လူသားများ ပြည့်နှက်နေပြီး အားလုံးမှာ တူညီသော အကြောင်းအရာတစ်ခုဖြစ်သည့် ဝမ်ဟောင်ယု ပျက်သုဉ်းမှုနှင့် မြစိမ်းရောင်နေမင်းဂိုဏ်း၏ အရှက်ရဖွယ် နိဂုံးအကြောင်းကိုသာ ပြောဆိုနေကြ၏။
ယုဖေးယန်သည် ရှေ့မှနေ၍ အေးအေးလူလူ လျှောက်လှမ်းနေပြီး သူမ၏ ကိုယ်ဟန်မှာ အမြဲတမ်းအတိုင်း ကျက်သရေရှိလှသည်။
ပိုင်ကျီဟန်ကမူ သူမနောက်မှ ခြေတစ်လှမ်းအကွာတွင် လိုက်ပါလာခဲ့သည်။
အပြင်ပန်းတွင် သူသည် တည်ငြိမ်နေပုံရ၏
သို့သော်လည်း အတွင်းစိတ်တွင်မူ အမြဲမပြတ် သတိကပ်ထားဆဲပင်။
စည်ကားသော လမ်းများကြားတွင် အကြိမ်အနည်းငယ် ကွေ့ပတ်ပြီးနောက် ပိုင်ကျီဟန်က ရုတ်တရက် စကားစလိုက်သည်။
"မင်းသမီး... ဒီနားမှာပဲ တစ်နေရာရာမှာ ထိုင်ကြရင်ရော ဘယ်လိုလဲ?"
ယုဖေးယန်က သူ့ကို ခပ်ပါးပါးပြုံးရင်း လှည့်ကြည့်လို၏
"သခင်လေးပိုင်က ဘယ်နေရာကို ပိုသဘောကျလို့လဲ?"
ပိုင်ကျီဟန်က ရှေ့တည့်တည့်ရှိ ဆူညံနေသော အရက်ဆိုင်တစ်ခုကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။
အဆောက်အအုံသည် ကြီးမားပြီး အဝင်ဝကို ကျယ်ကျယ်လောင်လောင် ဖွင့်လှစ်ထား၏။ ရယ်မောသံများ၊ စကားပြောသံများနှင့် ခွက်ချင်းရိုက်သံများမှာ လမ်းမထက်အထိ လျှံထွက်နေသည်။
လူများဖြင့် ပြည့်နှက်နေ၏။
စားပွဲတိုင်းနီးပါးတွင် လူရှိနေသည်။
ဤကဲ့သို့သော နေရာမျိုးသည် သီးသန့်ဆန်မှုနှင့် လုံးဝဆန့်ကျင်ဘက်ပင်။
၎င်းသည် ပိုင်ကျီဟန် အလိုရှိသည့် နေရာမျိုးလည်း ဖြစ်သည်။
အကြောင်းမှာ ချင်လင်းရှောင်သည် ယခုကဲ့သို့ လူပုံအလယ်တွင် သူမ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
အကယ်၍သာ
သူမသည် ဤနေရာရှိ လူအားလုံးကို နှုတ်ပိတ်ချင်သည်ဆိုလျှင်
သူမ၏ လက်ချောင်းတစ်ချက် တောက်လိုက်ရုံဖြင့် အရက်ဆိုင်တစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည်ကို ပိုင်ကျီဟန် ကောင်းကောင်းသိသည်။
သို့သော် အနည်းဆုံးတော့ ဤပတ်ဝန်းကျင်က သူ့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အနည်းငယ် ပေးစွမ်းနိုင်သည်။
သူ မည်မျှပင် မာန်တက်နေပါစေ၊ သူ့ရှေ့မှ လူသည် ရွှေအမြုတေ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူမရှေ့တွင် သူ၏ လှည့်ကွက်မှန်သမျှမှာ အသုံးမဝင်ပေ။
ယုဖေးယန်သည် အရက်ဆိုင်ကို ခဏမျှ စူးစမ်းကြည့်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"လူရှုပ်တဲ့နေရာလား?"
ပိုင်ကျီဟန်က ပုခုံးကို အသာအယာ တွန့်ပြလိုက်၏
"စည်စည်ကားကားရှိတာ ကျွန်တော် သဘောကျလို့ပါ"
သူမ၏ အပြုံးသည် ပိုမိုနက်ရှိုင်းသွား၏
သို့သော်လည်း နှစ်ယောက်သား အတွင်းသို့ ဝင်လာခဲ့ကြသည်။
ယုဖေးယန် ခြေလှမ်းလိုက်သည်နှင့် ဆိုင်အတွင်းရှိ ဧည့်သည်အချို့မှာ အလိုအလျောက် ခေါင်းလှည့်ကြည့်လာကြသည်။
သူမ၏ ရှိနေမှုသည် သဘာဝအတိုင်း အာရုံစိုက်မှုကို ဆွဲဆောင်နိုင်စွမ်းရှိ၏။
မည်သည့် အငွေ့အသက်မျှ ထုတ်မပြထားသော်လည်း သူမ၏ ကျက်သရေနှင့် အလှတရားမှာ လျစ်လျူရှုရန် ခက်ခဲလွန်းလှသည်။
သို့သော်လည်း ဆိုင်အတွင်း၌ ဆူညံလွန်းသဖြင့် မည်သူမျှ ကြာရှည်စွာ စိုက်မကြည့်နိုင်ကြပေ
ခဏအကြာတွင် စကားသံများ ပြန်လည် ဆူညံသွားပြန်သည်။
ပိုင်ကျီဟန်သည် ပြတင်းပေါက်နားရှိ အားနေသော စားပွဲတစ်ခုကို အမြန်ရှာတွေ့လိုက်သည်။
စားပွဲထိုးတစ်ဦး အပြေးအလွှား ရောက်လာ၏
"ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ဘာသုံးဆောင်ချင်ပါသလဲခင်ဗျာ?"
"အကောင်းဆုံး ဝိညာဉ်လက်ဖက်ရည် တစ်အိုး ပေးပါ"
ပိုင်ကျီဟန်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
ယုဖေးယန်ကလည်း ထပ်လောင်းပြောဆိုလိုက်၏။
"အကောင်းဆုံး အရက်တစ်မျိုးလည်း ပေးပါ"
"အခုချက်ချင်း လာပါပြီဗျာ”
အစေခံက ခေါင်းညိတ်ပြီး ထွက်သွားသည်။
ခဏတာမျှ နှစ်ဦးလုံး စကားမပြောဖြစ်ကြပေ
ပြတင်းပေါက်အပြင်ဘက်တွင် လမ်းမများသည် သက်ဝင်လှုပ်ရှားနေဆဲပင်။
ထို့နောက် ယုဖေးယန်က သူမ၏ မေးစေ့ကို လက်ဖြင့် အသာအယာ ထောက်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
"အပိုစကားတွေကို ကျော်လိုက်ရအောင်"
သူမ၏ လေသံမှာ ပေါ့ပေါ့ပါးပါးပင်။
"ရှင့်ပိုင်မျိုးနွယ်စုရဲ့ အနှစ်သာရက ဘာလဲလို့ မေးရင် ဘာပြန်ဖြေမလဲ?"
ပိုင်ကျီဟန် မျက်တောင်ခတ်လိုက်မိသည်။
၎င်းမှာ သူ မျှော်လင့်ထားသည့် မေးခွန်းမျိုး မဟုတ်ပေ။
"အနှစ်သာရ ဟုတ်လား?"
ယုဖေးယန်က ခေါင်းညိတ်သည်။
အဖွဲ့အစည်းတစ်ခုကို အခြားအဖွဲ့များနှင့် ကွဲပြားစေပြီး ထိုအဖွဲ့အစည်း၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်လာစေသည့် အရာတစ်ခု အမြဲရှိတတ်စမြဲ ဖြစ်သည်။
ဂိုဏ်းတိုင်း၊ မိသားစုတိုင်းတွင်
သူတို့ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည့် အရာတစ်ခုစီ ရှိကြသည်။
ကောင်းကင်ဓားဂိုဏ်းအတွက်မူ ၎င်းမှာ သဘာဝအတိုင်း 'ဓား' ဖြစ်သည်။
မြစိမ်းရောင်နေမင်းဂိုဏ်းအတွက်မူ သူတို့၏ မီးဓာတ်ကျင့်စဉ်များ ဖြစ်သည်။
၎င်းမှာ အခြေခံကျသော အရာဖြစ်၏
သူတို့၏ ကိုယ်ပိုင်လက္ခဏာကို ပုံဖော်ပေးသည့် အရာလည်း ဖြစ်သည်။
မျိုးနွယ်စုများအတွက်မူ အများအားဖြင့် သူတို့၏ ကျင့်စဉ်များသာ ဖြစ်တတ်သည်။
တပည့်များစွာသည် မတူညီသော ဂိုဏ်းများသို့ ဝင်ရောက်ပြီး မတူညီသော သိုင်းပညာများကို သင်ယူကြသော်လည်း သူတို့၏ အနှစ်သာရမှာမူ မိသားစုကျင့်စဉ်မှာပင် မြဲမြံနေတတ်သည်။
အကယ်၍ သူတို့သည် ပိုမိုသာလွန်သော ကျင့်စဉ်တစ်ခုကို ရရှိခဲ့ပါက ပိုမိုကြီးမားသော အင်အားအတွက် မူလကျင့်စဉ်ကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်ပေလိမ့်မည်။
ဥပမာအားဖြင့် သူသည် ကောင်းကင်အမိန့်တော် တစ်သားတည်းဖြစ်ခြင်းအတတ် ကို ဖြန့်ဝေလိုက်သကဲ့သို့ပင်။
၎င်းကို သူ စတင်မိတ်ဆက်ပေးပြီးကတည်းက လူအများအပြားသည် ထိုအတတ်ကို စတင်
ကျင့်ကြံလာကြသည်။
လူအများအပြားသည် ပိုမိုကြီးမားသော အင်အားအတွက် ရာစုနှစ်ချီသော သူတို့၏ မိရိုးဖလာကျင့်စဉ်များကိုပင် စွန့်လွှတ်ခဲ့ကြသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင်
နောင်တစ်ချိန်တွင် အင်ပါယာ တစ်ခုလုံး၏ ကိုယ်ပိုင်လက္ခဏာသည် ထိုကျင့်စဉ်ပေါ်တွင်သာ အခြေခံသွားနိုင်ပေသည်။
ကောင်းကင်အမိန့်တော် တစ်သားတည်းဖြစ်ခြင်းအတတ်သည် အင်ပါယာ၏ အဓိက အမှတ်အသား ဖြစ်လာပေလိမ့်မည်။
ပိုင်ကျီဟန် ခဏမျှ စဉ်းစားနေမိသည်။
သူသည် ဤကိစ္စကို တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
အင်အားကြီးအဖွဲ့အစည်း အများစုတွင် သူတို့ကို ကိုယ်စားပြုသည့် အရာတစ်ခု ရှိစမြဲ ဖြစ်သည်။
ပြင်ပလူများ မြင်လိုက်သည်နှင့် သူတို့ကို တန်းသိစေမည့် အရာမျိုးပင်
သို့သော် ပိုင်မျိုးနွယ်စုကတော့
ခဏတာမျှ သူ ဘာမှ စဉ်းစားမရဖြစ်နေသည်။
ခဏအကြာတွင် ပိုင်ကျီဟန်က နောက်ဆုံးတွင် ဖြေကြားလိုက်သည်။
"မြစိမ်းရောင်နဂါး အသက်ရှူခြင်းနည်းစနစ် ပါ"
၎င်းမှာ ယခင်က ပိုင်မျိုးနွယ်စု၏ အဓိကအဖွဲ့ဝင်များသာ ကျင့်ကြံခွင့်ရှိသော ကျင့်စဉ်
ဖြစ်သည်။
ယခုအခါ ပြောင်းလဲသွားပြီပင်
သို့သော် ၎င်းကို ချင်လင်းရှောင်အား ပြောပြရန် မလိုအပ်ပေ။
အကယ်၍ ပိုင်ကျီဟန်ကို ပွင့်ပွင့်လင်းလင်း ဖြေခိုင်းမည်ဆိုလျှင်မူ သူသည် ရက်စက်မှုဟူသော စကားလုံးတစ်လုံးတည်းဖြင့်သာ ဖြေဆိုပေလိမ့်မည်။
သူဖြစ်စေ၊ ပိုင်မျိုးနွယ်စုဝင် တစ်ဦးဦးဖြစ်စေ မျိုးနွယ်စုတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကို ဖျက်ဆီးရာတွင် တစ်ခါမျှ တွန့်ဆုတ်နေခြင်း မရှိသည်ကပင် ထိုအချက်ကို သက်သေပြနေသည်။
ချင်လင်းရှောင်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
သူမသည် ကျေနပ်ပုံမရပေ။ ၎င်းမှာ သူမ ရှာဖွေနေသည့် အဖြေ မဟုတ်ပုံရသည်။
ယင်းအစား သူမသည် သူ့ကိုသာ စိုက်ကြည့်နေသည်။
ထူးဆန်းသော အပြုံးတစ်ခုသည် သူမ၏ နှုတ်ခမ်းထက်တွင် ဖြည်းဖြည်းချင်း ပေါ်လာ၏။
"အဲဒါ မဟုတ်ဘူး"
ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဒါဆိုရင် မင်းသမီးက ဘာလို့ ထင်လို့လဲ?"
ယုဖေးယန်က သူမ၏ ထိုင်ခုံတွင် နောက်မှီလိုက်၏
"မြစိမ်းရောင် နဂါး အသက်ရှူခြင်းနည်းစနစ်က ကိရိယာတစ်ခုလေ။ ဒါပေမဲ့ ပိုင်မျိုးနွယ်စုကို အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တဲ့ အရာတစ်ခု ရှိပါသေးတယ်။ အဲဒါကို သခင်လေးပိုင် မသိတာလား?"
သူမက စနောက်သလို မေးလိုက်သည်။ သူမ သိထားပြီးသားကို သူကပဲ ထုတ်ပြောစေချင်သည့် ပုံစံမျိုးသာ
သို့သော် ပိုင်ကျီဟန်မှာမူ တကယ်ပင် ဇဝေဇဝါ ဖြစ်နေရသည်။
ချင်လင်းရှောင် ဘာကို ဆိုလိုနေသည်ကို သူ နားမလည်ပေ။
သို့သော် သူမသည် တစ်စုံတစ်ခုကို ရှာဖွေနေကြောင်း သူ သိနိုင်သည်။ ထိုအရာသည် ပိုင်မျိုးနွယ်စုထဲတွင် ရှိနေနိုင်သည်။
(ပိုင်မျိုးနွယ်စုက နှစ်ပေါင်းထောင်ချီ ပြိုကွဲသွားတဲ့ ရှေးဟောင်းမျိုးနွယ်စုကြီး တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နေပြီး မျိုးနွယ်စုထဲမှာ တစ်ကယ့် ရတနာကြီး တစ်ခုခု ဝှက်ထားတယ်လို့တော့ မပြောနဲ့နော်)
ပိုင်ကျီဟန် တွေးလိုက်မိသည်။
သို့သော် သူ အတည်ပေါက် တွေးနေခြင်းတော့ မဟုတ်ပေ
သူ သိထားသလောက်မူ ပိုင်မျိုးနွယ်စုသည် ကောင်းကင် အင်ပါယာ၏ သမိုင်းတစ်လျှောက်လုံးတွင် တည်ရှိခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် တစ်ချိန်က ကမ္ဘာကြီးကို အုပ်စိုးခဲ့ဖူးသည့် အင်အားကြီး မျိုးနွယ်စုမှ ဆင်းသက်လာသည်ဟူသော လျှို့ဝှက်နောက်ခံ သမိုင်းကြောင်းမျိုး ရှိနိုင်စရာ မရှိပေ။
"... ကောင်းပါပြီ၊ မင်းသမီးက ဘယ်လို အဖြေမျိုးကို မျှော်လင့်နေလဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ကျွန်တော် တကယ်ပဲ အများကြီး မသိပါဘူး။ ကျွန်တော်က သမိုင်းလေ့လာရတာကို သိပ်မကြိုက်လို့ပါ"
ပိုင်ကျီဟန်က အမှန်အတိုင်း ဖြေလိုက်သည်။
အမှန်တကယ်ပင် ချင်လင်းရှောင် အလိုရှိသည့် အချက်အလက်များ ရှိကောင်းရှိနိုင်သော်လည်း သူသည် စာပေလေ့လာမှုထက် အခြားအရာများကိုသာ အာရုံစိုက်ခဲ့သဖြင့် ဘာမှ မသိရှိခြင်းပင်။
အကြောင်းရင်း တစ်ခုကတော့ သူ့မျက်စိရှေ့တွင် စနစ်မျက်နှာပြင်ကြောင့် စာကို ကောင်းကောင်း မမြင်ရခြင်း ဖြစ်သဖြင့် သူ့ကို လုံးဝ အပြစ်တင်၍တော့ မရနိုင်ပေ။
"ရှင်က အမွေခံ တစ်ယောက်ဖြစ်နေတာတောင်မှလား?"
မင်းသမီးက စနောက်သလို မေးလိုက်သည်။
သူမသည် ပိုင်ကျီဟန် အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း ရိပ်မိသွားပုံရပြီး ပိုင်ကျီဟန် မသိသော အဖြေအတွက် ထပ်မံ၍ စူးစမ်းခြင်း မပြုတော့ပေ။
"သမိုင်းကို သိရုံနဲ့ အမွေခံ ဖြစ်လာတာ မဟုတ်ပါဘူး။ အင်အားရှိမှ ဖြစ်မှာပါ”
ပိုင်ကျီဟန်က ဖြေလိုက်သည်။
ထိုစကား၏ တစ်ဝက်မှာ လိမ်ညာမှုပင်။
အမွေခံဖြစ်ရန် အင်အား လိုအပ်သည်လား?
၎င်းမှာ အဓိပ္ပာယ်မရှိပေ။
အကြောင်းမှာ သူ အင်အားနည်းနေစဉ် ကတည်းက အမွေခံအဖြစ် အမည်တပ်ခံခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် သူ့ဖခင်မှာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေသဖြင့် ထိုရာထူးသည် ပိုင်ထျန်းဟမ်၏ တစ်ဦးတည်းသော သားဖြစ်သည့် သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာခြင်းသာ ဖြစ်သည်။
သို့သော် ၎င်းမှာ လုံးဝ လိမ်ညာခြင်းလည်း မဟုတ်ပေ။
အကယ်၍ သူ ပြသခဲ့သည့် အင်အားသာ မရှိခဲ့လျှင် ယခုအချိန်တွင် သူသည် အခြားသော ပါရမီရှင်များ၏ အစားထိုးခြင်းကို ခံရပြီးသား ဖြစ်ပေလိမ့်မည်။
"အဲဒါလည်း ဟုတ်နိုင်ပါတယ်"
***