ချင်လင်းရှောင်သည် ပိုင်ကျီဟန်၏ ပြောစကားကို သဘောတူညီပုံရသည်။
"ဒါနဲ့..."
ချင်လင်းရှောင်က ပိုင်ကျီဟန်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမ၏ အကြည့်များက တန့်နေ၏။
သာမန်ယဉ်ကျေးမှုထက် ပိုမိုကြာရှည်စွာ စိုက်ကြည့်နေခြင်းပင်။
ပိုင်ကျီဟန်လည်း ၎င်းကို သတိပြုမိသည်။ ချင်လင်းရှောင်သည်လည်း တစ်စုံတစ်ရာကို ဖုံးကွယ်ရန် ကြိုးစားနေခြင်း မရှိပေ။
သူ့မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
ထို့နောက် သူသည် ထိုင်ခုံတွင် နောက်သို့ ဖြည်းဖြည်းချင်း မှီလိုက်ပြီး ရင်ဘတ်ပေါ်တွင် လက်ပိုက်လိုက်ကာ "မင်းသမီး”
သူ့လေသံတွင် ရယ်သံ အနည်းငယ် ပါဝင်နေသည်။
"တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ကြာကြာ စိုက်ကြည့်နေတာက အတော်လေး ရိုင်းရာကျပါတယ်"
ယုဖေးယန် မျက်တောင်ခတ်လိုက်မိသည်။
ခဏမျှ သူမသည် သူ့ကို ငေးကြည့်နေမိ၏။
ထို့နောက် ပိုင်ကျီဟန်က စနောက်သော အပြုံးဖြင့် ထပ်လောင်းပြောလိုက်သည်
"ကျွန်တော်က ရုပ်ဖြောင့်တယ် ဆိုရင်တောင်မှ အနည်းဆုံးတော့ ထိန်းသိမ်းမှု ရှိသင့်တာပေါ့။ ကျွန်တော်က ချူကျီယန် နဲ့ စေ့စပ်ထားတယ်ဆိုတာ မင်းသမီးလည်း သိပြီးသားပဲမလား"
ထိုစကားလုံးများသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
သူတို့ပတ်ဝန်းကျင်ရှိ ဆူညံနေသော အရက်ဆိုင်ကြီးမှာ လှုပ်ရှားသက်ဝင်နေဆဲသာ
သို့သော်လည်း သူတို့စားပွဲတွင်မူ
ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်သွား၏။
ယုဖေးယန်၏ မျက်လုံးများသည် မသိမသာ တုန်ခါသွားသည်။
(ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ လူမိုက်)
သူမ တွေးလိုက်မိသည်။
သူမသည်— ချင်လင်းရှောင် ဖြစ်သည်။
သူမ၏ အလှတရားတစ်ခုတည်းနှင့်ပင် တိုင်းပြည်များကို ပြိုလဲစေနိုင်သော အမျိုးသမီး။
တစ်ကမ္ဘာလုံးရှိ မရေမတွက်နိုင်သောပါရမီရှင်များသည် တစ်သက်တွင် တစ်ခါမျှ မြင်ဖူးရန် အိပ်မက်မက်နေကြရသော အမျိုးသမီး။
ထိုလူက သူမသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ဖြင့် စိုက်ကြည့်နေသည်ဟု တကယ်ပဲ ထင်နေသည်လား? အတော်လေးကို ရယ်စရာကောင်းလှသည်။
သူမ၏ လက်ချောင်းလေးများက စားပွဲကို တစ်ချက် ခေါက်လိုက်သည်။
သူမ၏ စိတ်ထဲတွင် စိတ်တိုမှု အနည်းငယ် ပေါ်လာသော်လည်း
၎င်းမှာ လျင်မြန်စွာပင် ပျောက်ကွယ်သွား၏။
အကြောင်းမှာ
သူမသည် သူ့ကို တကယ်ပင် စိုက်ကြည့်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ပိုင်ကျီဟန် စိတ်ကူးနေသည့် အကြောင်းပြချက်ကြောင့်တော့ မဟုတ်ပေ။
ချင်လင်းရှောင်သည် သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။
သိသာထင်ရှားသော ဝိညာဉ်အာရုံဖြင့် မဟုတ်ပေ
၎င်းမှာ အလွန်ပင် ရိုင်းရာကျပေလိမ့်မည်။
ယင်းအစား သူမသည် အလွန်သိမ်မွေ့သော နည်းလမ်းကို အသုံးပြုခဲ့သည်။ ပိုင်ကျီဟန်ကဲ့သို့ လူမျိုး တစ်ခါမျှ သတိမပြုမိနိုင်သော အရာမျိုးပင်။
သို့သော် သူမ ပိုမိုလေ့လာလေ...
သူမ ပို၍ တုန်လှုပ်မိလေ ဖြစ်သည်။
သူမ၏ အကြည့်က သူ့ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။
သူ့၏ အသက်ရှူနှုန်း။
အရေပြားအောက်ရှိ ဝိညာဉ်ချီစီးဆင်းမှု။
ချင်လင်းရှောင်၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူမ မှတ်မိသော ပိုင်ကျီဟန်မှာ
ကျင့်ကြံခြင်း မပြုနိုင်သော ဒုက္ခိတတစ်ဦး ဖြစ်ပြီး ထိုအခြေအနေမှ ပြန်လည် နာလန်ထူရန်မှာ လုံးဝ မဖြစ်နိုင်ဟု သူမ ထင်မှတ်ခဲ့သည်။
သူ့၏ သွေးကြောမျှင်များသည် ပျက်စီးနေခဲ့သည်။
သူ့ခန္ဓာကိုယ်သည် အခြေခံကျင့်ကြံခြင်းအတွက်ပင် မသင့်တော်ခဲ့ပေ။
သို့သော်လည်း
ယခု သူမရှေ့တွင် ထိုင်နေသော အမျိုးသားမှာမူ
လုံးဝ ကောင်းမွန်နေသည်။
မဟုတ်သေးပေ
ကောင်းရုံတင်မကပေ
သူသည် ဗလာ သန့်စင်ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ပိုင်ကျီဟန်သည် နာလန်ထူရုံမျှသာ ဆိုလျှင် သူမ ယုံကြည်ရန် ပို၍ လွယ်ကူပေလိမ့်မည်။ သို့သော် သူ၏ ကျင့်စဉ်မှာ ယခင်ကအတိုင်း မဟုတ်တော့ပေ။
ယခုမူ သူသည် ပိုမိုတိုးတက်လာခဲ့ချေပြီ။
သူသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်တွင် ရှိသည်ဟူသော သတင်းမှာ မှားယွင်းနေခြင်း ဖြစ်စေ၊ သို့မဟုတ် သူသည် နာလန်ထပြီးနောက် အမှန်တကယ်ပင် အဆင့်တက်လှမ်းသွားခြင်း ဖြစ်စေ
ဖြစ်နိုင်ခြေ နှစ်ခုလုံးမှာ တုန်လှုပ်စရာပင်။
ချင်လင်းရှောင်၏ လက်ချောင်းများသည် စားပွဲခေါက်နေခြင်းမှ ရပ်တန့်သွားသည်။
သူမ၏ အကြည့်က အနည်းငယ် စူးရှသွား၏
(ဘယ်လိုလုပ်ပြီး?)
ထိုမေးခွန်းက သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ သူမ သိထားသလောက်မူကောင်းကင် အင်ပါယာတွင် ထိုကဲ့သို့သော အရာကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။
ပိုင်ကျီဟန်က သူမ တိတ်ဆိတ်သွားသည်ကို သတိပြုမိ၏
သူမ၏ မျက်နှာရှေ့တွင် လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်ချေသည်
"မင်းသမီး?"
ယုဖေးယန်သည် သတိပြန်ဝင်လာ၏
"...ရှင် တော်တော်လေး ပြန်ကောင်းလာတာပဲ"
သူမက တည်ငြိမ်စွာ ဆိုလိုက်သည်။
ပိုင်ကျီဟန်၏ လက်မှာ စက္ကန့်ပိုင်းမျှ တန့်သွား၏။
ထို့နောက် သူ ခပ်တိုးတိုး ရယ်လိုက်သည်။
"အဲဒီလိုပဲ ပြောရမှာပေါ့"
သို့သော် အတွင်းစိတ်တွင်မူ
သူ့အတွေးများက စူးရှသွားသည်။
သူမ သတိပြုမိသွားချေပြီ။
သေချာပေါက် သတိပြုမိမှာပင်
ရွှေအမြုတေအဆင့် အင်မော်တယ် တစ်ဦးက ဤကဲ့သို့သော အရာကို လွတ်သွားမည်ဆိုလျှင် ပို၍ပင် ထူးဆန်းပေလိမ့်မည်။
သူမသည် ထိုင်ခုံတွင် အနည်းငယ် နောက်ဆုတ်လိုက်ပြီး စားပွဲထိုး ချထားပေးခဲ့သည့် ခွက်ကို ကောက်ကိုင်လိုက်သည်။
သူမသည် အရက်ကို ဖြည်းဖြည်းချင်း တစ်ငုံ သောက်လိုက်၏။
သူမ၏ အကြည့်ကတော့ ပိုင်ကျီဟန်ထံမှ တစ်ဖန်မျှ မခွာပေ။
စိတ်ဝင်စားစရာပင်
တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
ပိုင်မျိုးနွယ်စု၏ အမွေခံသည် ဒုက္ခိတတစ်ဦး မဟုတ်တော့ပေ။
သူ့အခြေခံအုတ်မြစ်ကိုပင် ပြန်တည်ဆောက်နိုင်ချေပြီ
ဗလာ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီပင်
အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် ကျင့်စဉ်တစ်ခုကို ဖြန့်ဝေပေးထားသေး၏
သူမကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုကျင့်စဉ်မှာ အရေးမပါလှသော်လည်း ကောင်းကင်အင်ပါယာကဲ့သို့ နေရာမျိုးတွင်မူ ဤမျှ အစွမ်းထက်သည့်အရာမှာ အလွန်ရှားပါးကြောင်း သူမ သိရှိသည်။
ချင်လင်းရှောင်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်သွား၏။
၎င်းမှာ သိမ်မွေ့၏
သို့သော်လည်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် အပြုံးမျိုးပင်။
"သခင်လေးပိုင်..."
သူမ၏ အသံသည် တစ်ဖန် နူးညံ့သွားပြန်သည်။
"အခုတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်ဝင်စားလာပြီ"
သူမသည် လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ရင်း"ရှင့်ဆီမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ?" ဟု ချင်လင်းရှောင်က မေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ?"
ယုဖေးယန်က မေးခွန်းထုတ်ကာ သူမ၏ အကြည့်ကို သူ့ထံမှ မခွာဘဲ စိုက်ကြည့်နေသည်။
"ရှင် ဘယ်လိုလုပ်ပြီး နာလန်ထူလာတာလဲ? အဲဒါက လုံးဝ မဖြစ်နိုင်ဘူးလို့ အားလုံးက သတ်မှတ်ထားကြတာ မလား?"
ပိုင်ကျီဟန် ခဏမျှ တန့်သွား၏။
စက္ကန့်ပိုင်းမျှ သူ စဉ်းစားနေပုံရသည်။
အမှန်စင်စစ် သူသည် တစ်ခါမျှ ဒုက္ခိတ မဖြစ်ခဲ့ဖူးသလို သူ့ခန္ဓာကိုယ်သည်လည်း သဘာဝအတိုင်း ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသော်လည်း ၎င်းကို သူမအား ပြောပြရန် အစီအစဉ်မရှိပေ။
ခဏမျှ စဉ်းစားပြီးနောက် ပိုင်ကျီဟန်က ပုခုံးတွန့်ပြလိုက်၏
"ကံကောင်းသွားတာပါ"
ယုဖေးယန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွား၏
"ကံကောင်းတာ ဟုတ်လား?"
ပိုင်ကျီဟန်က ခေါင်းညိတ်ပြလိုက်သည်။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ကူညီခဲ့တာပါ"
ထိုစကားက ချင်လင်းရှောင်၏ အာရုံကို ချက်ချင်း ဖမ်းစားသွား၏။
"အို...?"
ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်။
"သူမက ကျွန်တော့်ကို အဆင့် (၈) ကုသရေးဆေးလုံးတွေ ပေးခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော် ပြန်ကောင်းလာတာပါ"
တုံ့ပြန်မှုမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။
"အဆင့် (၈) ဟုတ်လား?"
ယုဖေးယန်က ထပ်ဆင့် ရေရွတ်လိုက်မိသည်။
သူမ၏ အသံမှာ သိပ်မကျယ်သော်လည်း မျက်စိသူငယ်အိမ်များမှာမူ အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူမသည် အဆင့် (၈) ဆေးလုံးများ တည်ရှိမှုကို တုန်လှုပ်နေခြင်း မဟုတ်ပေ။
သူမကဲ့သို့ အဆင့်အတန်းမျိုးရှိသူသည် ထိုသို့သော ဆေးလုံးများစွာကို မြင်ဖူးပြီးသား ဖြစ်သလို ပိုင်ဆိုင်ဖူးသူလည်း ဖြစ်သည်။ သို့သော် သူမ လာခဲ့သည့် နေရာများတွင်ပင်—
အဆင့် (၈) ဆေးလုံးများမှာ အလွန်တရာ တန်ဖိုးကြီးလှသည်။
၎င်းတို့သည် လွယ်လွယ်ကူကူ ပေးကမ်းနိုင်သည့် အရာမျိုး မဟုတ်ပေ။
ထို့ထက် ပိုသည်မှာ ယခုကဲ့သို့ အလှမ်းဝေးလှသော အင်ပါယာတစ်ခုရှိ လူတစ်ဦးထံသို့ ပေးကမ်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
၎င်းမှာ အချက်တစ်ချက်တည်းကိုသာ ညွှန်ပြနေသည်။
အင်အားကြီးသူ တစ်ဦးဦးက ဤကိစ္စတွင် ကြားဖြတ် ပါဝင်ပတ်သက်နေခြင်းပင်။
သူမ၏ စိတ်သည် ချက်ချင်း သတိကပ်
သွား၏။ (ဘယ်သူလဲ? တစ်ယောက်ယောက်က ငါတို့ရဲ့ စီမံကိန်းကို လာနှောင့်ယှက်နေတာလား?)
ယုဖေးယန်က ရှေ့သို့ အနည်းငယ် တိုးကပ်လိုက်ကာ"ဘယ်သူက ရှင့်ကို ပေးတာလဲ? သူမကို ရှင် သိလား?"
"ပြီးတော့ သူမက ဘာဖြစ်လို့ ဒီလောက် တန်ဖိုးကြီးတဲ့အရာကို ရှင့်ကို ပေးရတာလဲ?"
ချင်လင်းရှောင်သည် မေးခွန်းများကို တစ်ဆက်တည်း မေးမြန်းလိုက်လေသည်။
ပိုင်ကျီဟန်က ခေါင်းခါပြလိုက်၏
"ကျွန်တော်လည်း သေချာတော့ မသိဘူး။ ဒါပေမဲ့ သူမက ဒီအင်ပါယာက လူတော့ ဟုတ်ပုံ မရဘူး"
ယုဖေးယန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ပိုင်ကျီဟန်က ဆက်ပြောလေသည်
"သူမ ကိုယ်သူမ ရှီယုလို့ ပြောတာပဲ”
ထို့နောက် သူ ထပ်လောင်းပြောလိုက်သည်
"သူမက သူမရဲ့ သူတော်စင်မိန်းကလေးစေလွှတ်ချက်အရ လာတာလို့ ပြောတယ်"
ထိုအမည်ကို သူ ပြောလိုက်သည့် အခိုက်အတန့်မှာပင်
"ရှီယု”
ယုဖေးယန်က ရုတ်တရက် အော်ဟစ်လိုက်မိသည်။
သူမ၏ အသံမှာ အတော်လေး ကျယ်လောင်သွားသဖြင့် အနီးနားရှိ ဧည့်သည်အချို့ပင် အံ့အားသင့်စွာ လှည့်ကြည့်လာကြ၏။
ပိုင်ကျီဟန် မျက်တောင်ခတ်လိုက်၏
သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်
"မင်းသမီး... သူမကို သိလို့လား?"
ယုဖေးယန် ချက်ချင်းပင် တိတ်ဆိတ်သွား၏။
ခဏတာမျှ သူမ၏ မျက်နှာအမူအရာမှာ တင်းမာသွား၏
သို့သော်လည်း သူမသည် လျင်မြန်စွာပင် ခေါင်းခါလိုက်သည်။
"ဟင့်အင်း... မသိပါဘူး”
သူမ၏ အဖြေသည် အနည်းငယ် မြန်လွန်းနေသည်။
သို့သော် ယခုလေးတင် သူမ ပြသလိုက်သည့် တုံ့ပြန်မှုမှာမူ
သိသာလွန်းလှသည်။
သူမသည် ထိုသူကို သိရှိကြောင်း သို့မဟုတ် အနည်းဆုံးတော့ ကြားဖူးနားဝရှိကြောင်း ပိုင်ကျီဟန် လွယ်လွယ်ကူကူ သိနိုင်သည်။
သို့သော် ယုဖေးယန်က သူမ၏ တည်ငြိမ်မှုကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
သူမသည် ရုတ်တရက် ထရပ်လိုက်ချေသည်။
"ကျွန်မ ရုတ်တရက် ကိစ္စတစ်ခု သတိရသွားလို့"
သူမ၏ လေသံမှာ ကပျာကယာ ဖြစ်နေ၏။
"ကျွန်မ သွားရမဲ့ ချိန်းဆိုမှုတစ်ခု ရှိနေတာ မေ့နေလို့"
ပိုင်ကျီဟန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်
"ဒီလောက် ရုတ်တရက်ကြီးလား?"
ယုဖေးယန်က အတင်းအကျပ် ပြုံးလေသည်။
"နောက်မှပဲ ဆက်ပြောကြတာပေါ့" ဟု ဆိုကာ သူမသည် ထွက်ပေါက်ဆီသို့ ချက်ချင်း လျှောက်လှမ်းသွားလေတော့သည်။
သူမ၏ လျှောက်လှမ်းပုံသည် ယခင်ကထက် သိသိသာသာ မြန်ဆန်နေ၏။
အလျင်စလို ဖြစ်နေသကဲ့သို့ပင်။
ခဏအကြာတွင် သူမသည် အရက်ဆိုင်ထဲမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ပိုင်ကျီဟန်ကတော့ ဆက်လက် ထိုင်နေဆဲပင်။
သူသည် သူ၏ ဝိညာဉ်လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ကောက်ကိုင်လိုက်၏
"ငါ အသက်ဘေးက လွတ်သွားပြီပဲ"
ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူသည် ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်လည်း အတွင်းစိတ်တွင်မူ အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ချင်လင်းရှောင်သည် သူ့ကို သတ်ရန် ဆန္ဒရှိပုံရ မပေ။
ယင်းအစား သူမသည် ရှီယု၏ အမည်ကို ကြားလိုက်ရသဖြင့် တုန်လှုပ်သွားပုံရသည်။
သူသည် လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံသောက်ရင်း ပြတင်းပေါက် အပြင်ဘက်မှ လမ်းမကို ကြည့်လိုက်သည်။
"...ရှီယုနဲ့ ချင်လင်းရှောင်" သူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
ထို့နောက် သူ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏
"သူတို့က တစ်နေရာတည်းက လာတာပဲ ဖြစ်ရမယ်— ဗဟိုသာယာဝပြောတိုက်ကြီးကပေါ့”
***