ရွှီဝေတစ်ယောက် ချူရှင်းဟီကို မြင်လိုက်ရတဲ့ ပထမဆုံး အချိန်ကတည်းက ရင်ထဲမှာ တကယ်ကို တုန်လှုပ်နေခဲ့တာပါ။
မြောက်ဘက်ကို စစ်ဆေးဖို့ သွားမယ်လို့ ပြောပြီးမှ ဘာသံမှမပေးဘဲ တောင်ဘက်ကို ဆင်းလာတယ်ဆိုကတည်းက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီအနေနဲ့ လျှပ်တပြက် စစ်ဆေးမှု ပြုလုပ်လာခဲ့တာပဲ မဟုတ်ပါလား။
အလွန်ထိတ်လန့်နေပေမယ့်လည်း ရွှီဝေအနေနဲ့ လုံးဝကြီးတော့ စိတ်ဓာတ်မကျသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီနေရာရဲ့ အထွေထွေမန်နေဂျာတစ်ယောက်အနေနဲ့ ဥက္ကာခဲသံတွင်းက လှည့်ကွက်တွေကို သူ မသိဘဲ နေမလား။
နေ့စဉ်နဲ့အမျှ နည်းနည်းပါးပါး လက်သိပ်ထိုးတာမျိုးကတော့... အခုချိန်မှာ လျှို့ဝှက်ချက်တောင် မဟုတ်တော့ပါဘူး။
ဒါက ဥက္ကာခဲသံတွင်းတစ်ခုတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ မဟာမိုးကောင်းကင်ဂိုဏ်း တစ်ခုတည်းလည်း မဟုတ်ပါဘူး။ ဘယ်ဂိုဏ်းကမဆို မန်နေဂျာတွေ၊ တာဝန်ခံတွေဟာ ကိုယ်ပိုင်အတွက် နည်းနည်းပါးပါးတော့ ခိုးစားတတ်ကြတာပဲ မဟုတ်လား။
အစပိုင်းမှာ ရွှီဝေက ချူရှင်းဟီကို လူတိုင်းရဲ့ဘဝတွေ ဘယ်လောက်ခက်ခဲတယ်ဆိုပြီး ညည်းပြနေတာက တကယ်တော့ အပစ်မတင်ရက်အောင် ကြိုတင်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်နေတာပါ။
တကယ်လို့ ဒီလက်သိပ်ထိုးမှုတွေကို စုံစမ်းတွေ့ရှိပြီး ဂိုဏ်းကို အစီရင်ခံရင်တောင်မှ ပြဿနာက သိပ်မကြီးနိုင်ပါဘူး။
ရွှီဝေလို အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ ရာထူးဟာ မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ သာမန်အကြီးအကဲ (Elder) တစ်ယောက်ပြီးရင် ဒုတိယအဆင့်မှာ ရှိနေတယ် ဆိုရမှာပါ။ တကယ်လို့ လက်သိပ်ထိုးမှု သက်သက်ဆိုရင်တော့ စည်းကမ်းကြီးလှပါတယ်ဆိုတဲ့ ဆရာဘိုးဘိုးတောင်မှ အလွန်ဆုံး ပြစ်ဒဏ်အနည်းငယ် ပေးရုံနဲ့တင် ပြီးသွားမှာပါ။
အောက်က တာဝန်ခံတွေဆိုရင်လည်း ဆရာဘိုးဘိုးက အပြစ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းက ရာထူးတွေကိုတော့ ဆက်ပြီး ထိန်းထားနိုင်လိမ့်မယ်လို့ ရွှီဝေ ယုံကြည်ထားပြီးသားပါ။
ဒါကြောင့် အစပိုင်းမှာတုန်းက ရွှီဝေ သိပ်ပြီး မထိတ်လန့်ခဲ့ပါဘူး။
(လက်သိပ်ထိုးမှုတာပဲလေ၊ ဘာများ အရေးကြီးလို့လဲ၊ ဟုတ်တယ်မလား။ "ကြည်လွန်းတဲ့ ရေထဲမှာ ငါးတွေမရှင်ဘူး" ဆိုတဲ့ သဘောတရားကို လူတိုင်း နားလည်ကြတာပဲ။)
ဒါပေမဲ့ အခုချိန်မှာတော့... ဂိုဏ်းဌာနချုပ်ဆီ ပို့ရမယ့် ကောင်းပေ့ဆိုတဲ့ အမြင့်ဆုံး အရည်အသွေးရှိတဲ့ ဥက္ကာခဲသံရိုင်းတွေက ဘယ်လိုနည်းနဲ့မှန်းမသိ ပစ္စည်းညံ့တွေ ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ ရွှီဝေ တစ်ယောက် တကယ်ပဲ ဆွံ့အသွားပါတော့တယ်။
တကယ်လို့ ဒါက လက်သိပ်ထိုးမှု သက်သက်ပဲဖြစ်လို့ ရှင်းဟီက သူ့ကို ဖမ်းမိပြီး ဆရာဘိုးဘိုးဆီ ပို့ရင်၊ ဆရာဘိုးဘိုးက သူ့ကို မြေးတစ်ယောက်လို အော်ဟစ်ဆူပူပြီး ဆော်ပလော်တီးရုံနဲ့တင် ကိစ္စက ပြတ်သွားမှာပါ။
ဒါပေမဲ့ အခုတော့ ပြဿနာရဲ့ အခြေအနေက ပြောင်းလဲသွားပါပြီ။
ဝိညာဉ်ကျောက်တုံးတွေကို လက်သိပ်ထိုးတာလောက်က ဖျောင်တာလောက်က အသေးအမွှားပါ။ ဒါပေမဲ့ ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ပစ္စည်းညံ့တွေနဲ့ အစားထိုးတာကတော့ သေဒဏ်ပေးလို့ရတဲ့ ရာဇဝတ်မှုကြီးပါပဲ။
မန်နေဂျာဖြစ်တဲ့ သူကိုယ်တိုင်က ပစ္စည်းညံ့တွေနဲ့ လဲလှယ်တာကို မိသွားမယ်ဆိုရင်တော့၊ ဆရာဘိုးဘိုးရဲ့ လူယုံဖြစ်နေရင်တောင်မှ ဆရာဘိုးဘိုးက သူ့ကို မကာကွယ်ရဲတော့ပါဘူး။
ဒါကြောင့် ရွှီဝေ တကယ်ကို ထိတ်လန့်သွားတာပါ။
ရွှီဝေတင် မဟုတ်ပါဘူး။ ချူရှင်းဟီတောင်မှ မျက်လုံးပြူးသွားရပါတယ်။
တကယ်လို့ ဒီနေ့မှာ တစ်ယောက်ယောက်က ဂိုဏ်းရဲ့နောက်ကွယ်မှာ ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေကို တိတ်တိတ်လေး ရောင်းစားနေတာကို တွေ့တယ်ဆိုရင်တောင်မှ၊ ချူရှင်းဟီအနေနဲ့ နည်းနည်းမှ စိတ်မဆိုးဘူးလို့ ပြောမိမှာပါ။
ဒီနေ့မှာ တစ်ယောက်ယောက်က မိစ္ဆာဂိုဏ်းရဲ့ သူလျှိုဖြစ်နေတာကို တွေ့ရင်တောင်မှ ချူရှင်းဟီ တုန်လှုပ်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဥက္ကာခဲသံရိုင်းတွေကို ပစ္စည်းညံ့တွေနဲ့ အစားထိုးတာကတော့ တကယ်ကို သည်းမခံနိုင်စရာပါပဲ။
မှော်ရတနာသွန်းလောင်းရေး နန်းတော်ကို မကြာခဏ သွားလေ့ရှိတဲ့သူတစ်ယောက်အနေနဲ့ ချူရှင်းဟီဟာ ဥက္ကာခဲသံရိုင်းဆိုတာ ဘာလဲဆိုတာကို ကောင်းကောင်း နားလည်ထားပါတယ်။
ဒီလို ပြောရအောင်။ လောကမှာရှိတဲ့ မှော်ရတနာအများစုဟာ ဥက္ကာခဲသံရိုင်းကို အခြေခံပြီးတော့ပဲ သွန်းလုပ်ရတာပါ။ ပြိုင်စံရှား နတ်ဘုရားလက်နက်တွေဆိုရင်တော့ ပိုကောင်းတဲ့ ပစ္စည်းတွေ လိုကောင်းလိုပါလိမ့်မယ်။
ဥက္ကာခဲသံရိုင်းရဲ့ အရေးပါပုံကတော့ ပြောနေစရာ မလိုတော့ပါဘူး။
အသုံးပြုတဲ့ ဥက္ကာခဲသံရိုင်းက ပိုကောင်းလေလေ၊ သွန်းလုပ်လိုက်တဲ့ မှော်ရတနာရဲ့ အစွမ်းက ပိုထက်မြက်လေလေပါပဲ။ အပြန်အလှန်အားဖြင့်၊ အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို သုံးမိရင်တော့ သွန်းလုပ်ထားတဲ့ မှော်ရတနာဟာ ကြည့်လိုက်ရင်တော့ ကောင်းသလိုလို ရှိပေမဲ့၊ ဝိညာဉ်စွမ်းအားကို အပြည့်ထုတ်သုံးလိုက်တဲ့အခါမှာတော့ လက်နက်က ကျိုးသွားနိုင်ပါတယ်။
ဂိုဏ်းကို ပေးပို့ရမယ့် အကောင်းစား ဥက္ကာခဲသံရိုင်းတွေ အားလုံးက ဂိုဏ်းသားတွေ ကိုယ်ပိုင် မှော်ရတနာတွေ သွန်းလုပ်ဖို့အတွက် ဖြစ်သလို၊ ဂိုဏ်းရဲ့ တပည့်တွေ သုံးဖို့အတွက်ပါ။
ဒီနေ့မှာ ဥက္ကာခဲသံတွင်းကလူတွေက ပစ္စည်းညံ့တွေကို အပြင်လူတွေကို ရောင်းစားနေတာကို မိတာဆိုရင်တော့ တစ်မျိုးပေါ့။
(ဒါပေမဲ့ မင်းတို့က ကိုယ့်လူအချင်းချင်းကိုတောင် လိမ်ရဲတယ်လား။)
(စဉ်းစားကြည့်ပါဦး။ ဂိုဏ်းသားတစ်ယောက်ဟာ ပစ္စည်းညံ့တွေနဲ့ လုပ်ထားတဲ့ မှော်ရတနာကို ကိုင်ပြီး အသက်လုတိုက်ပွဲဝင်နေတဲ့ အရေးကြီးတဲ့အချိန်မှာမှ လက်နက်က ရုတ်တရက် ကျိုးသွားမယ်ဆိုရင်... အဲဒါက သေမိန့်ပေးလိုက်တာနဲ့ အတူတူပဲလေ။)
ချူရှင်းဟီအနေဲ့ အခုအချိန်မှာ တကယ်ကို ဒေါသထွက်နေပါပြီ။
(ဂိုဏ်းကို ဒုက္ခပေးတဲ့ အရာမှာတော့ငါ ချူရှင်းဟီက အဆိုးဆုံးလို့ ပြောလို့ရပေမဲ့၊ ငါ့မှာ စည်းရှိတယ်။ တာဝန်ယူမှု ရှိသေးတယ်ကွ။)
(ငါ ဂိုဏ်းကို ဒုက္ခပေးတယ်ဆိုတာ ရတနာ အရင်းအမြစ်တွေကနေပဲ စတာပါ၊ ဂိုဏ်းကို အရင်းအမြစ်တွေပဲ ဆုံးရှုံးစေချင်တာ။ ငါ့ရဲ့ ညီအစ်ကိုတွေ၊ တပည့်တွေကို သေအောင်လုပ်ဖို့ဆိုတာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။)
(ဒါပေမဲ့ မင်းတို့ ဥက္ကာခဲသံတွင်းကလူတွေကတော့ ကိုယ့်လူတွေရဲ့ အသက်ကယ်လက်နက်တွေကိုတောင် လာပြီး လာဘ်စားရဲကြတယ်လား။)
ဒါဟာ ဂိုဏ်းကို သိက္ခာကျစေခြင်း၊ မကျစေခြင်း ပြဿနာ မဟုတ်တော့ပါဘူး။ ဒီလို ပစ္စည်းညံ့တွေကို အကောင်းစားတွေနဲ့ ရောနှောလိုက်တာက သေတွင်းတူးလိုက်တဲ့ လုပ်ရပ်ပါပဲ။
ဒါကြောင့် ချူရှင်းဟီရဲ့ အကြည့်ဟာ ရွှီဝေဆီကို တိုက်ရိုက် ကျရောက်သွားပါတော့တယ်။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ...။
"မန်နေဂျာရွှီ၊ တကယ်လို့ ဒီနေ့ ကျွန်တော် ချူရှင်းဟီ ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု မပေးနိုင်ဘူးဆိုရင်တော့၊ ဥက္ကာခဲသံတွင်းမှာရှိတဲ့ တာဝန်ခံအဆင့်ကနေ စပြီး အထက်လူကြီး အားလုံးကို ကျွန်တော် ကြိုးတုပ် ဖမ်းခေါ်သွားရလိမ့်မယ်။"
ဒီလောက်အထိ ယုတ်မာတဲ့ လုပ်ရပ်မျိုးကိုတော့ လျှော့ပေါ့ပေးဖို့ ချူရှင်းဟီ လုံးဝ မစဉ်းစားနိုင်ပါဘူး။
ချူရှင်းဟီရဲ့ အကြည့်ကို မြင်လိုက်ရတဲ့အခါမှာတော့ ရွှီဝေဟာ ချက်ချင်း သဘောပေါက်သွားပါတယ်။ ဒါကြောင့် ရွှီဝေဟာ အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပဲ အော်လိုက်ပါပြီ။
"လျိုကျန့်။ မင်း အခုချက်ချင်း ထွက်ခဲ့စမ်း။"
အော်သံအဆုံးမှာတော့ အဖွဲ့ရဲ့ နောက်ဆုံးမှာ ပုန်းနေခဲ့တဲ့ လူငယ်လေး တစ်ဦး မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး ရွှီဝေ့ရှေ့မှာ ဒုန်းခနဲ ဒူးထောက်ကျလာပါတော့တယ်။
"မန်နေဂျာရွှီ... မန်နေဂျာရွှီ... ကျွန်တော်... ကျွန်တော့်အပြစ်မဟုတ်ပါဘူး..." လျိုကျန့်ဟာ အခုအချိန်မှာတော့ သေမတတ် ထိတ်လန့်နေပါပြီ။
"မင်းက ဂိုဒေါင်တာဝန်ခံဖြစ်လေ။ ဒီမှာရှိတဲ့ ဥက္ကာခဲသံရိုင်းတွေရဲ့ အရွှေ့အပြောင်း ကိစ္စမှန်သမျှ မင်းရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတာလေ။ အခုတော့ မင်းအပြစ်မဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့။ ရတယ်လေ... ဒါဆို ပြောစမ်း၊ ဘယ်သူလုပ်တာလဲ။" ရွှီဝေရဲ့ သန့်စင်သောယန် အင်မော်တယ် အဆင့် အော်အရှိန်အဝါတွေဟာ ဒေါသနဲ့အတူ ဖြာထွက်လာပါပြီ။
ရွှီဝေ ဒီလိုပြောရင်း အားလုံးကို ဝေ့ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာတော့ ရွှီဝေ နည်းနည်း စိတ်သက်သာရာ ရသွားပါပြီ။ ဘာလို့လဲဆိုတော့ တခြားတာဝန်ခံတွေကို ကြည့်လိုက်တဲ့အခါ အားလုံးက သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်နေကြလို့ပါ။ သူတို့ရဲ့ မျက်လုံးတွေကတစ်ဆင့် ဒီကိစ္စမှာ သူတို့ မပါဝင်ဘူးဆိုတာကို ရွှီဝေ ခန့်မှန်းလိုက်နိုင်ပါတယ်။
"အစောင့်တွေ... လျိုကျန့်ကို ဖမ်းခေါ်သွားစမ်း။ ဒီည အဖြေတစ်ခုခု မရရအောင် လုပ်ရမယ်။" ရွှီဝေရဲ့ အမိန့်အဆုံးမှာ လူတချို့က လျိုကျန့်ကို ဖမ်းဖို့ ရှေ့တိုးလာကြပါပြီ။
"ဒုက္ခခံမနေပါနဲ့တော့။ မာလင်း... မင်းရဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်း ၀င်္ကပါကိုသုံးပြီး တကယ် ဘာဖြစ်ခဲ့လဲဆိုတာ သူ့ကို မေးလိုက်စမ်း။"
ချူရှင်းဟီ က လက်ယမ်းလိုက်တဲ့အခါ မာလင်းရဲ့ ဘေးမှာရှိတဲ့ ဝိညာဉ် အစောင့်အရှောက်ကြီးဟာ အရှေ့ထွက်လာပြီး လျိုကျန့်ကို ဖမ်းလိုက်ပါတော့တယ်။
ခဏချင်းအတွင်းမှာပဲ ဝိညာဉ်အစောင့်အရှောက်ကြီးရဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်း ၀င်္ကပါ အသက်ဝင်လာပါပြီ။ လျိုကျန့်ကို ခုခံဖို့ အခွင့်အရေး လုံးဝမပေးတော့ပါဘူး။ ဒီ၀င်္ကပါလွှမ်းမိုးမှုအောက်မှာတော့ ပစ္စည်းညံ့တွေနဲ့ အစားထိုးတဲ့ ကိစ္စတင်မကဘဲ သူငယ်ငယ်တုန်းက အိပ်ရာထဲ သေးထွက်ကျခဲ့တာကအစ ကိစ္စအကုန်လုံးကို အမှန်အတိုင်း ဖော်ထုတ်ပြောပြနေရပါပြီ။
မကြာခင်မှာပဲ ချူရှင်းဟီဟာ သူသိချင်တဲ့ အချက်အလက်အားလုံးကို ရလိုက်ပါတယ်။
ဒီလျိုကျန့်ဆိုတဲ့သူက ဥက္ကာခဲသံတွင်းရဲ့ ဂိုဒေါင်မန်နေဂျာဖြစ်လို့ ရာထူးကတော့ မသေးပါဘူး။ ဒါပေမဲ့ သူကပိုက်ဆံကို ရေသလိုသုံးရုံတင်မကဘဲ လောင်းကစားကိုလည်း အကြီးအကျယ် စွဲလမ်းနေတာပါ။
ဂိုဒေါင်ကို တာဝန်ယူထားရတော့ သူက ပုံမှန်အားဖြင့် ဥက္ကာခဲသံရိုင်းတွေကို နည်းနည်းပါးပါး လက်သိပ်ထိုးယူလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူက ဂိုဏ်းဌာနချုပ်ကို ပို့ရမယ့် အဖိုးတန်ဆုံး အဆင့်မြင့် ဥက္ကာခဲသံရိုင်းတွေကိုပါ မျက်စိကျပြီး လက်ရဲဇက်ရဲ လုပ်လိုက်တာပါ။
အစတုန်းက လျိုကျန့်ရဲ့ အစီအစဉ်အတိုင်းဆိုရင် ဒီသံရိုင်းတွေကို ဂိုဏ်းဆီ ပို့ဖို့ အလွန်ဆုံး သုံးရက်ပဲ လိုတော့တာပါ။ ဂိုဏ်းရဲ့ ဂိုဒေါင်ထဲကိုသာ ရောက်သွားရင် သူရောနှောထားတဲ့ ပစ္စည်းညံ့တွေကို ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လျိုကျန့်ခမျာ ချူရှင်းဟီက မြောက်ဘက်ကို မသွားဘဲ တောင်ဘက်ကို ဆင်းလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ပြီးတော့ သူနဲ့မှတည့်တည့် လာတိုးလိမ့်မယ်လို့လည်း အိပ်မက်တောင် မမက်ဖူးပါဘူး။
ဒီတစ်ခါမှာတော့ စိတ်ဝိညာဉ်ဝါးမျိုခြင်း ၀င်္ကပါကြောင့် လျိုကျန့်ရဲ့ ပစ္စည်းအစားထိုးတဲ့ လှည့်ကွက်တွေဟာ အကုန်ဗူးပေါ်သလို ပေါ်ကုန်ပါပြီ။
ဒီလို စိတ်ဓာတ်မမှန်တဲ့ ကောင်မျိုးကို ချူရှင်းဟီက စကားတောင် ပြောနေစရာ မလိုပါဘူး။ ရွှီဝေကပဲ ရှေ့တိုးလာပြီး ပြောလိုက်ပါတယ်။
"အစောင့်တွေ၊ လျိုကျန့်ကို ဆွဲထုတ်သွားကြ။ သူ့ကို ခုတ်ထစ်ပြီး ခွေးစာကျွေးပစ်လိုက်။"
ရွှီဝေ ပြောလိုက်တာနဲ့ သံတွင်းက တာဝန်ခံတွေက ဝိုင်းအုံလာပြီး သူ့ကို ဆွဲထုတ်ဖို့ ပြင်ကြပါပြီ။
ဒါပေမဲ့ လျိုကျန့်က ချက်ချင်းပဲ အကျယ်ကြီး အော်ပြောလိုက်ပါတယ်။
"မန်နေဂျာရွှီ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... တောင်းပန်ပါတယ် မန်နေဂျာရွှီ၊ ကျွန်တော့်ဦးလေး တာဝန်ခံ ကျန်းဖန်ရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်ကို ချမ်းသာပေးပါဦး။"
လျိုကျန့်ရဲ့ အော်သံကို ကြားလိုက်ရတဲ့အခါ ရွှီဝေ တစ်ယောက် ကြောင်အသွားခဲ့ပါတယ်။
ရွှီဝေကတော့ လျိုကျန့်ရဲ့ ဦးလေးဟာ တာဝန်ခံ ကျန်းဖန် ဖြစ်မှန်း သိထားပြီးသားပါ။ ရွှီဝေ ကိုယ်တိုင်တောင် ကျန်းဖန်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလို့ ဆိုရမှာပါ။
(ကျန်းဖန်းအတွက် ဒီလိုတူမျိုးရှိတာ တကယ်ကို ကံဆိုးတာပဲ... အခုချိန်မှာ မင်းဦးလေး နာမည်ကို ထည့်ပြောပြီး အတူသေဖို့ ပြောနေတာလား။)
(မင်းကတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။)
လျိုကျန့်ရဲ့ စကားအဆုံးမှာ ချူရှင်းဟီက အေးအေးဆေးဆေးပဲ ပြောလိုက်ပါပြီ။
"ဟား ဟား... တာဝန်ခံ ကျန်းဖန် ဟုတ်လား။ အမိန့်ထုတ်လိုက်စမ်း၊ ကျန်းဖန်ကို တာဝန်ခံ အဆင့်ကနေ စာရေးကြီးအဆင့်အထိ ရာထူးချလိုက်။"
ချူရှင်းဟီ ပြောလိုက်တာကို ကြည့်ပြီး ရွှီဝေလည်း ဘာမှမတတ်နိုင်တော့ပါဘူး။
(ကျန်းဖန်ရေ... အမျှ၊ အမျှ၊ အမျှ။ ကျန်းဖန်၊ မင်းရဲ့ဒီတူကတော့ တကယ်ပဲ လွန်သွားပြီ။)
ဒါပေမဲ့ ဘယ်သူကမှလည်း ကျန်းဖန်အတွက် ကြားဝင်မတောင်းပန်ရဲကြပါဘူး။ အခုချိန်မှာ ချူရှင်းဟီက ဂိုဏ်းချုပ်ကြီး ဂူမင်ချောင်ရဲ့ ကိုယ်စားလှယ် မဟုတ်ပါလား။ တစ်ဖက်လူက တာဝန်ခံအဆင့်ဖြစ်နေရင်တောင်မှ သူ့အနေနဲ့ကြိုက်သလို စီရင်ပိုင်ခွင့် ရှိပါတယ်။
လျိုကျန့်ကို စီရင်ပြီးတဲ့နောက်မှာတော့ ချူရှင်းဟီက ချက်ချင်းပဲ မာလင်းကို ဒီကိစ္စကို တစ်လောကလုံး သိအောင် ကြေညာခိုင်းလိုက်ပါတော့တယ်။
မာလင်းကတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ လုပ်ရပ်ကို အလွန်သဘောကျနေပါပြီ။ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ရည်ရွယ်ချက်က လျိုကျန့်ရဲ့ ကိစ္စကို သုံးပြီး ဂိုဏ်းတစ်ခုလုံးနဲ့ တစ်ကမ္ဘာလုံးကို သိအောင်လုပ်ဖို့ပါ။
"မဟာမိုးကောင်းကင်ဂိုဏ်းဟာ ဂိုဏ်းကို ထိခိုက်စေမယ့် ဘယ်လိုကိစ္စမျိုးမဆို ခွင့်လွှတ်မှာမဟုတ်ဘူး"
ဒီလို သတင်းမျိုးကို ထုတ်ပြန်လိုက်ရင် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ဝေဖန်မှု များမယ်ဆိုတာကို မာလင်း သိပေမဲ့လည်း၊ ဂိုဏ်းတူအစ်ကိုကြီး ပြောတာကို ထောက်ခံခဲ့ပါတယ်။
(ရောဂါက ပြင်းထန်နေရင် ဆေးကို ပြင်းပြင်းတိုက်ရမှာပဲ မဟုတ်လား။)
ဒီနေ့သာ ဒီလိုနည်းနဲ့ မရှင်းရင် နောင်မှာ ဒီလိုမျိုးတွေ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကတော့ တကယ်ကို မျက်စိထဲမှာ သဲတစ်ပွင့်တောင် အဝင်မခံနိုင်တဲ့သူပဲ။
"ဩော်... ဒါနဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ. လျိုကျန့်က ဒီကိစ္စတင် မဟုတ်ဘူး။ လျိုကျန့်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဥက္ကာခဲသံတွင်း တစ်ခုလုံးကလည်း လက်မသန့်ကြဘူး။ ကျွန်တော့်အထင်တော့ ဒါကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ။"
မာလင်းက စိတ်ဝိညာဉ်ဝါးမျိုခြင်း၀င်္ကပါကနေတစ်ဆင့် လျိုကျန့်ရဲ့ မှတ်ဉာဏ်ထဲမှာ တွေ့ခဲ့ရတဲ့ လျှို့ဝှက်ချက်တွေကို တိုးတိုးလေး ပြောပြလိုက်ပါတယ်။
မာလင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချူရှင်းဟီကတော့ အကြီးအကျယ် အံ့ဩသွားပါပြီ။
(ဘာ။ မမျှော်လင့်ဘဲ နောက်ထပ် ရလာတာတွေ ရှိသေးတယ်ပေါ့။)
“ဥက္ကာခဲသံတွင်း တစ်ခုလုံးက လက်မသန့်ဘူး ဟုတ်လား။ မြန်မြန်... မြန်မြန်ပြောစမ်း၊ ဘယ်နေရာတွေမှာ လက်မသန့်တာလဲဆိုတာ အသေးစိတ် ရှင်းပြစမ်း။”
ဒါပေမဲ့ မာလင်းက လျိုကျန့်ရဲ့ မှတ်ဉာဏ်ထဲမှာ ပါတဲ့ ဥက္ကာခဲသံတွင်းရဲ့ "မသန့်ရှင်းမှု" တွေကို ရှင်းပြပြီးတဲ့နောက်မှာတော့ ချူရှင်းဟီခမျာ မျက်ရည်တွေတောင် ကျလာပါတော့တယ်။
လျိုကျန့်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဥက္ကာခဲသံတွင်းက တာဝန်ခံအဆင့်ကနေ အထက်လူကြီး အားလုံးနီးပါးက လက်မသန့်ကြပါဘူး။ လူတိုင်းက ကိုယ်ကျိုးအတွက် တစ်ခုခုကို တိတ်တိတ်လေး ယူထားကြတာချည်းပါပဲ၊ ရွှီဝေတောင်မှ ချွင်းချက်မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒါတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ချူရှင်းဟီ အနေနဲ့ ဒီလိုပဲ ပြောချင်ပါတော့တယ်။
"မာလင်းရာ... မင်းကတော့ တကယ်ပဲကွာ"
"ဒါကိုများ မသန့်ရှင်းဘူးလို့ ပြောရသလား။ 'ကြည်လွန်းတဲ့ ရေထဲမှာ ငါးမရှင်ဘူး' ဆိုတဲ့ သဘောတရားကို မင်း နားမလည်ဘူးလား။"
“ဥက္ကာခဲသံတွင်းက တာဝန်ခံတွေကိုပဲ ကြည့်လိုက်ပါဦး။ သူတို့ခမျာ နေ့တိုင်း ဘယ်လောက်တောင် ပင်ပန်းအောင် အလုပ်လုပ်နေကြရသလဲ။ အိမ်တောင် မပြန်နိုင်လောက်အောင် ပင်ပန်းနေကြတာလေ။ ပြီးတော့ သူတို့တွေက ဂိုဏ်းအတွက် အကျိုးအမြတ်တွေ ဘယ်လောက်တောင် ရှာပေးခဲ့ကြသလဲ။ ဒီလို အခြေအနေမျိုးမှာ သူတို့လေးတွေ နည်းနည်းပါးပါး ယူမိတာက ဘာမှားလို့လဲ။”
“ပြီးတော့ ရွှီဝေ ကိုပဲ ကြည့်ဦး၊ မန်နေဂျာတစ်ယောက်အနေနဲ့ သူရော သူ့မိသားစုပါ ဂိုဏ်းနဲ့ ဝေးရာမှာ နေထိုင်ရတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ... ဥက္ကာခဲသံတွင်းဆိုတာ နှစ်စဉ် စစ်ဆေးအကဲဖြတ်မှုတွေမှာ ထိပ်ဆုံးအဆင့်က ရှိနေတာလေ။ အဲဒီတော့ သူက ဂိုဏ်းရဲ့ အရင်းအမြစ် တချို့တလေကို သူ့အတွက် နစ်နာကြေးအနေနဲ့ ယူလိုက်တာက ပြဿနာ ရှိလို့လား။”
“ဘာလဲ။ မင်း မာလင်း ကျတော့ ဂိုဏ်းရဲ့ ရတနာတိုက်ကို စိတ်ကြိုက်ချယ်လှယ်လို့ ရပြီး တခြားသူတွေ နည်းနည်းပါးပါး ယူတာကျတော့ မရဘူးလား။”
“မင်းလည်းမယူ၊ ငါလည်းမယူဆိုရင် ဂိုဏ်းက ဘယ်တော့လောက်မှ လုံလောက်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရမှာလဲ။”
“ဂိုဏ်းကသာ ဆုံးရှုံးမှုတွေနဲ့ မကြုံရရင် ငါ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ က ဘယ်လိုလုပ် ကမ္ဘာ့နတ်ဘုရားဖြစ်လာမှာလဲ။ ဒါကြောင့် စုံစမ်းစစ်ဆေးမယ်ဆိုရင်တောင်မှ ငါ ကမ္ဘာ့နတ်ဘုရား ဖြစ်ပြီးမှ လုပ်လို့မရဘူးလား။ အခုချိန်မှာတော့ သူတို့အားလုံးက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ကမ္ဘာ့နတ်ဘုရား ဖြစ်လာမယ့် လမ်းစဉ်အတွက် ဝိုင်းဝန်း ကူညီပေးနေကြသူတွေပဲလေ။”
(လျိုကျန့် လို လူစားမျိုးကို ဖော်ထုတ်လိုက်တာကတော့ သူ့ရဲ့ လုပ်ရပ်က ဂိုဏ်းသားတွေကို အန္တရာယ် ပေးနေလို့ပါ။ သူ့ကို အရေးယူပြီး လူသိရှင်ကြား ချပြလိုက်ရင်တော့ အပြင်လူတွေ ကြားသွားပြီး ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အနည်းနဲ့ အများ ထိခိုက်စေမှာ အမှန်ပဲ မဟုတ်လား။)
“တကယ်လို့သာ အခြေအနေကို အရှိန်မြှင့်ပြီး ဥက္ကာခဲသံတွင်း တစ်ခုလုံးက လူတွေကို အရေးယူလိုက်မယ်ဆိုရင် ဥက္ကာခဲသံတွင်းရဲ့ စီမံခန့်ခွဲမှုပိုင်းက ဘာဖြစ်သွားမလဲ။”
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ မာလင်းလည်း သက်ပြင်းချရင်း ဂိုဏ်းတူအစ်ကိုကြီး ပြောစကားတွေကို လက်ခံလိုက်ပါတယ်။ သူက ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ စဉ်းစားခဲ့မိပြီး၊ တကယ်လို့ လူတိုင်းကိုသာ အပြစ်ပေးလိုက်ရင် ဥက္ကာခဲသံတွင်းရဲ့ စီမံခန့်ခွဲမှု ယန္တရားကြီး တစ်ခုလုံး ရပ်တန့်သွားနိုင်တယ်ဆိုတာကို သတိမမူမိခဲ့ပါဘူး။
(တကယ်လို့ ဥက္ကာခဲသံတွင်းသာ ရပ်တန့်သွားရင် ဂိုဏ်းအတွက် ဘယ်လောက်တောင် ဆုံးရှုံးမှုတွေ ဖြစ်လာမလဲ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကတော့ တကယ့်ကို ပြဿနာတွေကို ဘက်စုံကနေ ထည့်သွင်းစဉ်းစားတတ်သူပါပဲ။)
မာလင်းတစ်ယောက် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စေ့စပ်သေချာမှုကို အံ့ဩလို့မဆုံး ဖြစ်နေတုန်းမှာပဲ၊ ချူရှင်းဟီဟာ ရွှီဝေနဲ့ တခြားသူတွေကို ဆင့်ခေါ်လိုက်ပါတယ်။
နောက်တစ်ခဏမှာတော့... ရွှီဝေတို့တစ်သိုက် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြတဲ့ ကြားကပဲ၊ ချူရှင်းဟီဟာ စာရင်းစာအုပ်တစ်အုပ်ကို အမှတ်မထင် ကောက်ယူလိုက်ပြီး လူတိုင်းရဲ့ နားမလည်နိုင်အောင် ဖြစ်နေတဲ့ အကြည့်တွေအောက်မှာတင် အဲဒီစာအုပ်ကို ပြာဖြစ်သွားအောင် မီးရှို့လိုက်ပါတော့တယ်။
***