ဝေရှင်းဟာ အသက်သိပ်မကြီးသေးပါဘူး။ ဥက္ကာခဲသံတွင်းက မန်နေဂျာတွေအားလုံးထဲမှာ သူဟာ လူငယ်အုပ်စုထဲကလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဝေရှင်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့တာ နှစ်တော့အတော်လေး ကြာနေပါပြီ။
သာမန်အားဖြင့် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လုပ်ငန်းခွဲတွေက မန်နေဂျာတွေကို အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ပထမအမျိုးအစားကတော့ ဂိုဏ်းသာစ်တွေထဲကနေ အကြောင်းအမျိုးမျိုးကြောင့် တန်ခိုးရှင်လမ်းစဉ်မှာ ရှေ့ဆက်ဖို့ ခက်ခဲတော့မယ်လို့ သိလာတဲ့အခါ ဂိုဏ်းရဲ့ လုပ်ငန်းခွဲတွေဆီမှာ မန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန်ယူသူတွေပါ။
သူတို့ကိုတော့ အတွင်းစည်း မန်နေဂျာလို့ ခေါ်ကြပါတယ်။
နောက်တစ်မျိုးကတော့ တခြားနည်းလမ်းတွေနဲ့ ဂိုဏ်းရဲ့လုပ်ငန်းတွေထဲကို ဝင်ရောက်လာပြီး သာမန်စာရေးလေးဘဝကနေ အစပြုကာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် တဖြည်းဖြည်းနဲ့ မန်နေဂျာအဆင့်အထိ တက်လှမ်းလာသူတွေပါ။
နှစ်မျိုးစလုံးကို မန်နေဂျာလို့ ခေါ်ကြပေမဲ့ သူတို့ရဲ့ အဆင့်အတန်းကတော့ အတော်လေး ကွာခြားပါတယ်။
အတွင်းစည်း မန်နေဂျာတွေဆိုတာ အနည်းဆုံးတော့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေ ဖြစ်ခဲ့ကြတာပါ။ သူတို့ဟာ ဂိုဏ်းထဲကလာသူတွေ ဖြစ်တာကြောင့် ဂိုဏ်းအနေနဲ့ သူတို့ကို ပိုပြီး မျက်နှာသာပေးတာကတော့ သဘာဝပါပဲ။
တကယ်လို့ အတွင်းစည်း မန်နေဂျာတစ်ယောက်က အရမ်းကို ထူးချွန်မယ်ဆိုရင် သူဟာ ဂိုဏ်းရဲ့ စီမံခန့်ခွဲသူဆိုတဲ့ အဆင့်အတန်းအထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းမှာ စီမံခန့်ခွဲသူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ အကြီးအကဲတွေပြီးရင် ဒုတိယအမြင့်ဆုံးပါပဲ။ အတွင်းစည်း မန်နေဂျာတိုင်းရဲ့ အန္တိမပန်းတိုင်ဟာ တစ်နေ့မှာ အဲဒီ စီမံခန့်ခွဲသူအဆင့်ကို ရောက်ဖို့ဆိုရင်လည်း မမှားပါဘူး။
ဒါပေမဲ့ အတွင်းစည်း မန်နေဂျာတွေပဲ အဲဒီအဆင့်ကို ရောက်နိုင်တာပါ။ အပြင်ကနေ အလုပ်ဝင်လာသူဆိုရင်တော့ ဘယ်လောက်ပဲ တော်နေပါစေ၊ အမြင့်ဆုံး ရောက်နိုင်တဲ့ ရာထူးက အခုလို မန်နေဂျာအဆင့်ပါပဲ။ ဒီတစ်သက်မှာ စီမံခန့်ခွဲသူ မန်နေဂျာကြီး အဆင့်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
တကယ်တော့ ဒါဟာ ဂိုဏ်းသားအချင်းချင်း စောင့်ရှောက်တာတင်မကဘဲ သူလျှိုတွေ ထိုးဖောက်မဝင်နိုင်အောင် တားဆီးထားတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။
ဘာပဲဖြစ်ဖြစ် မဟာမိုးကောင်းကင်ဂိုဏ်းသား တစ်ယောက်ဖြစ်ဖို့ဆိုတာ အလွန်တင်းကျပ်တဲ့ ရွေးချယ်မှုတွေကို ဖြတ်ကျော်ရပါတယ်။ သာမန်သူလျှိုတစ်ယောက်အတွက် ဂိုဏ်းသားဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။
ဒါ့အပြင် ဂိုဏ်းသားဖြစ်လာသူတိုင်းဟာလည်း ထူးချွန်တဲ့ ပါရမီရှင်တွေ ဖြစ်ကြတာလေ။ တကယ်လို့ တစ်ဖက်ရန်သူက သူလျှိုတစ်ယောက်ကို ဂိုဏ်းထဲ သွင်းချင်တယ်ဆိုရင် အဲဒီသူလျှိုဟာလည်း အရမ်းကို တော်နေရပါဦးမယ်။ ဒီလောက်အထိ တော်တဲ့သူမျိုးကို သူလျှိုအဖြစ် သုံးနေတုန်း အဖမ်းခံလိုက်ရရင် တစ်ဖက်ရန်သူအတွက် ဆုံးရှုံးမှုက အရမ်းကြီးမနေဘူးလား။
ပြီးခဲ့တဲ့တစ်ခေါက်က မိစ္ဆာအရိပ်ဂိုဏ်းရဲ့ ဆုံးရှုံးမှုကြီးကတော့ အခုထိ မျက်ဝါးထင်ထင် မြင်နေရဆဲပါ။
ဒါပေမဲ့ အစပိုင်းမှာတုန်းက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတွေကတော့ လူသစ်ခေါ်ယူရာမှာ စည်းကမ်း သိပ်မတင်းကျပ်လှပါဘူး။ အရင်တုန်းကဆိုရင် သူလျှိုတစ်ယောက်ဟာ စီမံခန့်ခွဲသူ အဆင့်အထိတောင် ထိုးဖောက်ဝင်ရောက်သွားဖူးတဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။
စီမံခန့်ခွဲသူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ အကြီးအကဲလောက် မမြင့်ပေမဲ့ ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စရပ်အချို့မှာ ပါဝင်ခွင့် ရနေပြီလေ။ အဲဒီနေရာမှာ သူလျှိုရှိနေမယ်ဆိုရင် ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေဟာ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။
ဒီလို အရင်က ဆုံးရှုံးမှုတွေ ရှိခဲ့ဖူးလို့ပဲ အခုလို စည်းမျဉ်းတွေ ဖြစ်လာရတာပါ။
ဝေရှင်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဥက္ကာခဲသံတွင်းမှာ အပြင်လူအဖြစ် အလုပ်ဝင်လာခဲ့သူပါ။ သူဟာ အပြင်ကလာတဲ့ အမျိုးအစားထဲမှာ ပါပေမဲ့ ဝေရှင်းရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို ပြောင်မြောက်ပါတယ်။
သူ့ရဲ့ အထက်လူကြီး ရွှီဝေကလည်း လက်အောက်ငယ်သားကို နှိပ်ကွပ်တတ်တဲ့သူမျိုး မဟုတ်တာကြောင့် ဝေရှင်းဟာ သူ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုနဲ့အတူ စာရေးဘဝကနေ အဆင့်ဆင့် တက်လှမ်းလာပြီး အခုလို မန်နေဂျာအဆင့်အထိ ရောက်လာခဲ့တာပါ။
ချူရှင်းဟီက ရွှီဝေကို သီးသန့်ခေါ်ယူပြီး ဝေရှင်းအကြောင်း မေးမြန်းတဲ့အခါမှာတော့ ရွှီဝေကလည်း ဝေရှင်းကို တတွတ်တွတ် ချီးကျူးပါတော့တယ်။
"ရှင်းဟီ... တခြားသူတွေအကြောင်းဆိုရင်တော့ ငါ ပြောရမှာ ရှက်နေဦးမယ်။ ဒါပေမဲ့ ဝေရှင်းကတော့ ငါ့မျက်စိရှေ့တင် တဖြည်းဖြည်း ကြီးပြင်းလာတဲ့သူပါ။ သူ့ရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကတော့ ထိပ်တန်းအဆင့်ပဲ။"
ရွှီဝေရဲ့ စကားကို ကြားရတဲ့အခါ ချူရှင်းဟီ့ရဲ့ မျက်နှာဟာ လေးနက်တည်ကြည်သွားပါတယ်။
"ဒီလောက်အထိ တော်တဲ့ စီမံခန့်ခွဲမှု ပါရမီရှင်လေးသာ ဥက္ကာခဲသံတွင်းမှာ ဆက်ရှိနေမယ်ဆိုရင်၊ သူက သံတွင်းကြီးကို အောင်မြင်မှုတွေနဲ့အတူ တစ်ဟုန်ထိုး အောင်မြင်တိုးတက်သွားအောင် လုပ်တော့မှာပေါ့။"
(ဒါဟာ အမှောင်ထဲမှာ ပုန်းအောင်းနေပြီး ငါ့ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူပဲ။)
(ဒီလို အန္တရာယ်မျိုးကို အစကတည်းက အမြစ်ဖြတ်ထားသင့်တာ မဟုတ်ဘူးလား။)
တကယ်တော့ ဝေရှင်းလိုလူမျိုးကို ကိုင်တွယ်ဖို့ဆိုရင် ချူရှင်းဟီ့ရဲ့ အခုရှိနေတဲ့ အာဏာနဲ့ဆိုရင် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့တင် ဝေရှင်းကို ဘဝပျက်သွားအောင် လုပ်လို့ရပါတယ်။
ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ဆိုတာ လမ်းစဉ်ရှိတယ်။ မူဝါဒရှိတယ်။ စံနမူနာရှိတဲ့သူလေ။
ဝေရှင်းက နည်းနည်းလေး တော်နေတာပဲ ရှိတာပါ။ အဲဒါကြောင့်နဲ့တင် လူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်မယ်ဆိုတာကတော့ အတော်လေးကို လွန်လွန်းရာ ရောက်မနေဘူးလား။
"ဒါကြောင့် သူ့ကို အပြစ်ပေးလို့ မရဘူး၊ ဟုတ်တယ်မလား။ ဒါဆိုရင် သူ့ကို ဆုချမယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိတော့ဘူးပေါ့။"
ကြည့်ပါဦး... ဝေရှင်းက အရည်အချင်းရှိရုံတင်မကဘူး၊ မရသင့်တဲ့အရာကိုလည်း ဘယ်တော့မှ မယူဘူး။
ဒီလို လူတိုင်း လောဘတက်နေကြတဲ့ ဥက္ကာခဲသံတွင်းထဲမှာ ဝေရှင်းဟာ ညွှန်ထဲက ပဒုမ္မာကြာလို သန့်ရှင်းနေတဲ့သူပါ။
ဒီလို ထူးချွန်တဲ့သူမျိုးကို ဆုမချသင့်ဘူးလား။
"ဒါကြောင့် ငါ့ရဲ့ အမိန့်ကို မှတ်ထားကြချေ။ ထူးချွန်သူကို ဆုချရမယ်။ ဝေရှင်းရဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေအတွက် သူ့ကို မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် အဖြစ် တိုက်ရိုက် ခေါ်ယူလိုက်မယ်။ ဒါဟာ တကယ်ကို သဘော၀ကျတဲ့ ဆုလာဘ်ပဲ မဟုတ်လား။"
ရှင်းဟီရဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့အခါ ရွှီဝေတစ်ယောက် မျက်လုံးပြူးသွားခဲ့ပါပြီ။
"ဟို... ရှင်းဟီလေး... အဲဒီ ဆုက နည်းနည်း များမသွားဘူးလား။"
ဝေရှင်းက စီမံခန့်ခွဲမှုမှာတော့ တော်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုပါရမီကတော့ သိပ်မကောင်းလှဘူး။ တကယ်လို့ သူသာ အတွင်းစည်းတပည့် ဖြစ်သွားမယ်ဆိုရင် ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူးလေ။
မန်နေဂျာရွှီရဲ့ စကားကို ချူရှင်းဟီက တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်ပါပြီ။
"မန်နေဂျာရွှီ... ဇဝေဇဝါ ဖြစ်နေပြီ။"
"စီမံခန့်ခွဲမှု အရည်အချင်းကို ခဏထားလိုက်ဦး။ ဝေရှင်းရဲ့ ကျင့်ကြံမှုပါရမီက မကောင်းဘူးလို့ ပြောတာလား။"
"အဲဒါက အရင်တုန်းကလေ။ အခု ရှေးခေတ်ဟောင်းရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာပြီ။ ကျင့်ကြံမှုကျင့်ရတာက အရင်ကထက် အများကြီး ပိုလွယ်ကူလာပြီ။ တကယ်လို့ ဝေရှင်းကသာ ကျင့်ကြံမှုမှာ အောင်မြင်သွားမယ်ဆိုရင် ဘာဖြစ်မလဲ။ တကယ်လို့များပေါ့။"
"ဘာ။ ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင် နိုးထလာတာက ပါရမီအပေါ် သိပ်ပြီး သက်ရောက်မှု မရှိဘူးလို့ ပြောချင်တာလား။"
"ဘာလဲ... ငါတို့ ကြိုးကြာဝိညာဥ်နန်းတော်ကို မင်းက အထင်သေးနေတာလား။ ငါတို့ ကြိုးကြာဝိညာဥ်နန်းတော်ရဲ့ မှော်ဆေးလုံးတွေရှေ့မှာဆိုရင် ဝက်တစ်ကောင်ကိုတောင် အဆင့် (၇) ရောက်အောင် အလွယ်ကလေး တွန်းတင်ပေးလို့ရတယ်။"
"ဒါကို ဝေရှင်းက ဘာဖြစ်မှာမို့လို့လဲ။"
အံ့ဩနေတဲ့ ရွှီဝေ ကို ကြည့်ပြီး မာလင်း က ကြားဖြတ်ပြောလိုက်ပါတယ်။
"မန်နေဂျာရွှီက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ဆိုလိုရင်းကို လုံးဝ နားမလည်သေးဘူးပဲ..."
"တကယ်လို့ ဝေရှင်းမှာ ကျင့်ကြံမှုပါရမီရှိရင် ဂိုဏ်းထဲမှာ သူ တိုးတက်လာမှာပေါ့။ တကယ်လို့ သူ့မှာ ကျင့်ကြံမှုပါရမီ လုံးဝမရှိဘူးဆိုရင်တောင် သူ အတွင်းစည်းတပည့်ဘဝကနေ ပြန်ထွက်လာတဲ့အခါ အတွင်းစည်း မန်နေဂျာ'တစ်ယောက် ဖြစ်မနေဘူးလား။ အဲဒီကျရင် သူက စီမံခန့်ခွဲသူအဆင့်အထိ တက်လှမ်းဖို့ အခွင့်အရေး ရသွားပြီလေ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက သူ့ကို အခွင့်အလမ်း ပေးလိုက်တာပါ။"
မာလင်းရဲ့ စကားကို ကြားမှ ရွှီဝေ တစ်ယောက် ရုတ်တရက် သဘောပေါက်သွားပါတော့တယ်။
"ရှင်းဟီလေးရဲ့ ယုံကြည်ရဆုံး လက်ရုံးဖြစ်တာ မဆန်းပါဘူး။ ရှင်းဟီ ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို သူ တကယ် နားလည်တာပဲ။"
ချူရှင်းဟီလည်း ကြောင်သွားတာပေါ့။
"ဘာတွေလဲဟင်။ မာလင်း... မင်းဦးနှောက်က ဘယ်လိုများ အလုပ်လုပ်နေတာလဲ။"
"ဘာလို့ မင်းရဲ့ ပြဿနာကို မြင်တဲ့အမြင်က သာမန်လူတွေနဲ့ လုံးဝ ကွဲပြားနေရတာလဲ။"
"ငါ ဝေရှင်းကို အတွင်းစည်းတပည့်အဖြစ် သွင်းလိုက်တာက သူ့ရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကြောင့် ဥက္ကာခဲသံတွင်းကြီး တစ်ဟုန်ထိုး အောင်မြင်သွားမှာကို စိုးရိမ်လို့လေ။ ငါက သူ့ကို စီမံခန့်ခွဲသူ ဖြစ်စေချင်တယ်လို့ ပြောမိလို့လား။"
"ဘာလဲ။ ငါ ချူရှင်းဟီက ဒီလောက်တောင် အပေါစားဆန်နေလို့လား။ သာမန်မန်နေဂျာတစ်ယောက်က သံတွင်းကို အောင်မြင်အောင် မလုပ်နိုင်မှာစိုးလို့၊ သူ့ကို စီမံခန့်ခွဲသူအဆင့်အထိ မြှင့်တင်ပေးပြီးမှ တစ်ဟုန်ထိုး အောင်မြင်အောင် လုပ်ခိုင်းမယ်လို့ မင်းက ထင်နေတာလား။"
ဒါပေမဲ့ ဒီတစ်ခါတော့ ချူရှင်းဟီ တစ်ယောက် မတုန်လှုပ်တော့ပါဘူး။ မာလင်းရဲ့ အကြံကလည်း မဆိုးဘူးလေ။
တကယ်လို့ ဝေရှင်းသာ အတွင်းစည်းတပည့် ဖြစ်သွားမယ်ဆိုရင် သူ ပြန်ထွက်လာတဲ့အခါ အတွင်းစည်း မန်နေဂျာအဖြစ် သတ်မှတ်ခံရမှာပါ။ နောင်တစ်ချိန်မှာ သူ့စွမ်းဆောင်ရည်သာ ကောင်းမယ်ဆိုရင် စီမံခန့်ခွဲသူ ရာထူးကို မှန်းတာကလည်း အဆင်ပြေတာပဲ။
ဒါပေမဲ့ ပြဿနာက... အတွင်းစည်းတပည့် ဖြစ်သွားပြီးရင် ပြန်ထွက်လာလို့ ရ၊ မရ ဆိုတာက မာလင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူးလေ။
"အတွင်းစည်းတပည့်ဘဝကနေ ပြန်ထွက်ချင်သေးတယ် ဟုတ်လား။ စိတ်အေးအေးထားလိုက်စမ်းပါ။ မင်းမှာ ကျင့်ကြံမှုပါရမီလည်း မရှိဘူး။ မင်းက ကျင့်ကြံမှုက တိုးတက်ဖို့ ဘယ်လောက်ပဲ ဝေးနေပါစေ၊ အတွင်းစည်းတပည့်ဘဝကနေ တစ်လှမ်းတောင် ထွက်ဖို့ မစဉ်းစားနဲ့တော့။ မင်းရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့် ဘယ်လိုအခွင့်အရေးမျိုးကိုမှ ငါ လုံးဝ ခွင့်ပြုပေးမှာ မဟုတ်ဘူး။"
မကြာခင်မှာပဲ ဝေရှင်းဟာ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ပံ့ပိုးမြှင့်တင်ပေးမှုနဲ့ အတွင်းစည်းတပည့် ဖြစ်သွားပြီဆိုတဲ့ သတင်းဟာ ဥက္ကာခဲသံတွင်း တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။
"တစ်လှမ်းတည်းနဲ့ နတ်ပြည်ရောက်တယ်" ဆိုတာ ဒါမျိုးကို ပြောတာလား။
ဒီသတင်း ထွက်လာတဲ့အခါ မရေမတွက်နိုင်တဲ့ အပြင်စည်းမန်နေဂျာတွေရဲ့ မျက်လုံးတွေဟာ မနာလိုမှုကြောင့် နီမြန်းကုန်ကြပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်။ အဲဒါက လူအများအပြား အိပ်မက်မက်ရုံသာ မက်နိုင်ပြီး စိတ်တောင်မကူးရဲတဲ့ အရာလေ။
အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အတွင်းစည်းတပည့် ဖြစ်ဖို့နေနေသာသာ၊ သံတွင်းတပည့် ဖြစ်ဖို့တောင် မိသားစုကြီးတွေက ဘယ်လောက်အထိ အိပ်မက်မက်နေကြရသလဲ။
ဝေရှင်းဟာ စာရေးဘဝကနေ မန်နေဂျာအထိ အဆင့်ဆင့် တက်လှမ်းလာတာကတင် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေပါပြီ။ အခုတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျက်စိကျခြင်းကို ခံရပြီး အတွင်းစည်းတပည့် ဖြစ်သွားပြန်ပြီ။ ဒါက တကယ်ကို ခြေတစ်လှမ်းတည်းနဲ့ နတ်ပြည်တက်တာပါပဲ။
ဂိုဏ်းထဲမှာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အဆင့်အတန်းက ဘယ်လိုလဲ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက မြှင့်တင်ပေးလို့ အတွင်းစည်းတပည့် ဖြစ်ရတာက ပုံမှန်နည်းလမ်းနဲ့ ဝင်ရတာထက် အများကြီး ပိုပြီး ဂုဏ်သိက္ခာရှိတာပေါ့။
ရွှီဝေက ဝေရှင်းကို ဒီသတင်း သွားပြောတဲ့အခါ ဝေရှင်းဟာ တစ်မိနစ်လောက် ကျောက်ရုပ်လို မလှုပ်မယှက် ရပ်နေပြီးမှ မျက်နှာမှာ အတိုင်းအဆမရှိ ပျော်ရွှင်တဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာခဲ့ပါတယ်။
ဝေရှင်းဟာ ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ကျေးဇူးတင်တဲ့အနေနဲ့ ဦးခိုက်ကန်တော့လိုက်ပါပြီ။
ရွှီဝေက အလွန်အမင်း ပျော်နေတဲ့ ဝေရှင်းကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ဝေရှင်း... ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျှော်လင့်ချက်တွေကို မင်း စိတ်မပျက်စေနဲ့နော်။ မင်းရဲ့ ကျင့်ကြံမှုပါရမီက သိပ်မထူးချွန်ဘူးဆိုရင်တောင် အခု အတွင်းစည်းတပည့် ဖြစ်ရတာက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့် ကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးပဲ။ နောင်ကျရင် မင်းသာ လုံလောက်အောင် ကြိုးစားမယ်ဆိုရင် ကျင့်ကြံမှုမှာ သိပ်မတော်ရင်တောင် စီမံခန့်ခွဲသူ ဖြစ်လာဖို့ အခွင့်အရေး ရှိသေးတယ်။"
ဝေရှင်းက မျက်ရည်တွေ ဝိုင်းရင်းနဲ့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြသလို မန်နေဂျာရွှီကိုလည်း ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။
မန်နေဂျာရွှီကို ရိုရိုသေသေ လိုက်ပို့ပြီးတဲ့နောက်မှာတော့ ဝေရှင်းဟာ တံခါးပိတ်ပြီး အခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေပါပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဝေရှင်းရဲ့ မျက်နှာအထက်က ပျော်ရွှင်မှုတွေဟာ ပုံစံပြောင်းသွားပါတော့တယ်။
ပျော်ရွှင်မှုတွေထဲမှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခု ရောယှက်လာပါပြီ။
(၁၅ နှစ်။ ငါဝေရှင်း ဥက္ကာခဲသံတွင်းမှာ ရှိနေခဲ့တာ (၁၅) နှစ် တိတိ ရှိနေပြီ။)
စာရေးဘဝကနေ ဥက္ကာခဲသံတွင်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့တဲ့ ဝေရှင်းရဲ့ ထူးချွန်မှုကိုတော့ ပြောနေစရာ မလိုပါဘူး။ ဒါပေမဲ့ ဝေရှင်းကိုယ်တိုင်ပဲ သိတာကတော့ သူ့မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။
သူဟာ ယွင်ရှောင်ဂိုဏ်းက လူတစ်ယောက်ပါ။
လွန်ခဲ့တဲ့ (၁၅) နှစ်က ဝေရှင်းဟာ ယွင်ရှောင်ဂိုဏ်း ဆရာဘိုးဘိုး လင်စု ရဲ့ အမိန့်နဲ့ ဥက္ကာခဲသံတွင်းထဲကို သူလျှိုအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ ဒီ (၁၅) နှစ်အတွင်းမှာ ဝေရှင်းဟာ သတိကြီးစွာနဲ့ ပုန်းအောင်းနေခဲ့ပြီး သူ့ရဲ့ ထူးချွန်တဲ့ စီမံခန့်ခွဲမှု အရည်အချင်းနဲ့ စာရေးဘဝကနေ မန်နေဂျာအဆင့်အထိ တက်လှမ်းလာခဲ့တာပါ။
ဒီနှစ်တွေတလျှောက် ဝေရှင်းဟာ ဥက္ကာခဲသံတွင်းရဲ့ သတင်းအမျိုးမျိုးကို ယွင်ရှောင်ဂိုဏ်းဆီ မရပ်မနား ပို့ဆောင်ပေးနေခဲ့ပါတယ်။
နှမြောစရာကောင်းတာက ဝေရှင်းက အပြင်လူ ဖြစ်နေတာပါပဲ။ မန်နေဂျာအဆင့်ကို ရောက်နေပေမဲ့ သူက အပြင်စည်းမန်နေဂျာလေ။ ရွှီဝေက အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးတိုင်း အတွင်းစည်း မန်နေဂျာတွေကိုပဲ ခေါ်တာပါ။ ဒါကြောင့် ဝေရှင်းမှာ တကယ့် အတွင်းကျကျ အချက်အလက်တွေကို ရယူဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ သူပို့လိုက်တဲ့ သတင်းတွေကလည်း သိပ်ပြီး တန်ဖိုး မရှိခဲ့ပါဘူး။
ဝေရှင်း သိတာကတော့ သူ ဘယ်လောက်ပဲ တော်နေပါစေ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းထဲကို ဘယ်တော့မှ အမှန်တကယ် ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် ဝေရှင်းက အခွင့်အရေးတစ်ခုကို စောင့်နေခဲ့တာပါ။
"တခြားသူတွေက အကျင့်ပျက်နေကြတယ်။ ငါကတော့ သန့်ရှင်းတယ်။ တခြားသူတွေက ပျင်းကြတယ်။ ငါကတော့ ကြိုးစားတယ်။”
ဝေရှင်းဟာ သူ့ရဲ့ အကောင်းဆုံးဘက်ခြမ်းတွေကို အတင်းပြသနေခဲ့တာက တကယ်တော့ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့တာပါ။
ဂူမင်ချောင်ဟာ နှစ်စဉ် နေရာအနှံ့ကို လှည့်လည်စစ်ဆေးတတ်ပြီး ပြီးခဲ့တဲ့တစ်ခေါက် ဥက္ကာခဲသံတွင်းကို လာတုန်းက ဝေရှင်းရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒါက ချီးကျူးရုံသက်သက်ပဲလေ။
ဝေရှင်း က ဒါတင်မလုံလောက်သေးဘူးဆိုတာ သိနေပါတယ်။ အခုထက်ပိုပြီး ပြည့်စုံအောင် လုပ်ပြနိုင်မှသာ ဂူမင်ချောင် ရဲ့ အာရုံစိုက်မှုကို ရရှိမှာပါ။
ဂူမင်ချောင်ကိုယ်တိုင် သူ့ကို ရာထူးတိုးပေးမှသာ ပိုမြင့်တဲ့နေရာမှာ ရပ်တည်နိုင်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ပိုရနိုင်ပါမယ်။ ယွင်ရှောင်ဂိုဏ်းဆီကိုလည်း အဖိုးတန် သတင်းတွေ ပိုပို့ပေးနိုင်မှာပါ။
ဒီနေ့မှာတော့ ဝေရှင်းဟာ ဂူမင်ချောင်ကို မတွေ့ခဲ့ရပေမဲ့ ချူရှင်းဟီ ကိုတော့ ဆုံတွေ့ခဲ့ရပါတယ်။
တကယ်တော့ အစပိုင်းမှာ ဝေရှင်းဟာ အတော်လေး စိုးရိမ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ချူရှင်းဟီရဲ့ ကျော်ကြားမှုကို အရှေ့မှာ အကြီးအကျယ် တွေ့နေခဲ့တာကိုး။
"ထိန်းမနိုင်သိမ်းမရ ချူရှင်းဟီ..."
"အပြစ်အနာအဆာကင်းတဲ့ မဟာဗျူဟာရှင်ကြီး ချူရှင်းဟီ..."
"နတ်ဆိုးနဲ့မခြား ထက်မြက်တဲ့ ဉာဏ်ကြီးရှင် ချူရှင်းဟီ..."
လူမှာ အမည်၊ သစ်ပင်မှာ အရိပ် ဆိုသလိုပါပဲ။ ဝေရှင်းဟာ ချူရှင်းဟီ့ကို တကယ်ပဲ စိုးရိမ်ခဲ့ပါတယ်။
"ချူရှင်းဟီက ငါ့ဆီက သဲလွန်စတစ်ခုခုကိုများ ရှာတွေ့သွားမလား။" ပေါ့။
ဒါပေမဲ့ အခုတော့ ချူရှင်းဟီကိုယ်တိုင် သူ့ကို အတွင်းစည်းတပည့်အဖြစ် တခါတည်း အဆင့်မြှင့်တင်ပေးလိုက်ပြီဆိုတာ ကြားလိုက်ရတဲ့အခါ ဝေရှင်း အားရပါးရ ရယ်မောလိုက်ပါတော့တယ်။
"ဒီ ချူရှင်းဟီဆိုတာ ဘာများလဲ... ဒီလောက်ပါပဲလား..."
"ပြိုင်ဘက်ကင်း မဟာဗျူဟာရှင်ဆိုတာ ဒါလား။ နတ်ဆိုးဉာဏ်ရှင်ဆိုတာ ဒါပဲလား။"
"ဒါပဲလားဟ။"
"မင်း ချူရှင်းဟီကိုယ်တိုင် ငါလိုသူလျှိုတစ်ယောက်ကို အတွင်းစည်းတပည့်အဖြစ် မြှင့်တင်ပေးလိုက်တယ်ပေါ့။ မင်းဟာ တကယ့်ကို အရူးအစစ်ပဲ။"
"ငါ ဝေရှင်းဟာ ဒီနေ့ရောက်လာဖို့အတွက် ၁၅ နှစ်တိုင်တိုင် ဒုက္ခတွေကို သည်းခံပြီး စောင့်နေခဲ့တာ။ မင်း ချူရှင်းဟီကိုယ်တိုင် ငါ့ကို ဒီအခွင့်အရေး ပေးလိုက်တာပဲ။"
"ဒါဆိုရင်တော့ ငါ ဝေရှင်းက ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့..."
"ငါ ဝေရှင်းဟာ အတွင်းစည်းတပည့်ဘဝကနေ စတင်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းကို တစ်ဆင့်ချင်းစီ မြေလှန်ရောင်းစားပစ်မယ်ကွ။"
"နောင်တစ်ချိန်မှာ မဟာမိုးကောင်းကင်ဂိုဏ်း ပျက်စီးသွားတဲ့အခါ ငါ ဝေရှင်းလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တစိတ်တပိုင်း ဂုဏ်ယူနေမိမှာပဲ"
"ငါရှိနေသရွေ့တော့ ဒီကမ္ဘာပေါ်မှာ နံပါတ် (၁) ဂိုဏ်းဆိုတာ သေချာပေါက် ပျက်သုဉ်းသွားရလိမ့်မယ်။"
ဝေရှင်း ကြွေးကြော်လိုက်ပါတော့တယ်။
***