ဝေရှင်း အားရပါးရ ရယ်မောလွန်းလို့ မေးရိုး ပြုတ်ထွက်မတတ်တောင် ဖြစ်သွားပါတယ်။
၁၅ နှစ်တိုင်တိုင် သည်းခံခဲ့ရတဲ့ ဒုက္ခတွေနဲ့ အရူးတစ်ယောက်လို ကြိုးစားခဲ့ရသမျှတွေ။ အခုတော့ ကောင်းကင်ဘုံကပေးတဲ့ ဒီအခွင့်အရေးကြီးကို သူ နောက်ဆုံးမှာ ဆုပ်ကိုင်နိုင်ခဲ့ပါပြီ။
ဝေရှင်းဟာ အမြဲတမ်း သံသယရှိခဲ့တာပါ။ ချူရှင်းဟီ ရဲ့ ကျော်ကြားမှုဆိုတာ မဟာမိုးကောင်းကင်ဂိုဏ်းက တမင်တကာ နာမည်ဖောင်းပွအောင် လုပ်ထားတာလို့ သူ ထင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ ဝေရှင်းအတွက် အဲဒီအတွေးက ပိုပြီး သေချာသွားခဲ့ပါပြီ။
"ဘယ်လို ချူရှင်းဟီလဲ... တကယ့်ကို အရူးတစ်ယောက်ပါပဲ။"
"ဒီနေ့ မင်းကိုယ်တိုင် ငါလို ယွင်ရှောင်ဂိုဏ်းရဲ့ သူလျှိုကို မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းထဲ ပို့ပေးလိုက်တာပဲ။ နောင်တစ်ချိန်မှာ မဟာမိုးကောင်းကင်ဂိုဏ်း ပျက်စီးသွားရင် ငါ ဝေရှင်းရဲ့ စွမ်းဆောင်မှုကတော့ သေချာပေါက် ပါဝင်နေမှာပဲ။"
"မင်း ချူရှင်းဟီဟာ ကိုယ့်လက်နဲ့ကိုယ် မဟာမိုးကောင်းကင်ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တာပဲ။"
ဒါ့အပြင် ဝေရှင်း သိတာကတော့ ချူရှင်းဟီကိုယ်တိုင် ရာထူးတိုးပေးလိုက်တဲ့ ဒီဂုဏ်သတင်းနဲ့ဆိုရင် သူဟာ မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ အတော်လေး ဩဇာညောင်းလာတော့မှာ မဟုတ်ဘူးလား။
သူ့ရဲ့ ကျင့်ကြံမှုပါရမီက မကောင်းဘူးဆိုရင်တောင် အနည်းဆုံးတော့ နောင်တစ်ချိန်မှာ ဒေသတစ်ခုကို အုပ်ချုပ်ရတဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
အကြီးအကဲတစ်ယောက်ဆိုတာ ဂိုဏ်းရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေကြားထဲမှာ စကားပြောခွင့် ရှိလာပြီလေ။ ဝေရှင်းဟာ နောင်တစ်ချိန်မှာ ယွင်ရှောင်ဂိုဏ်းအတွက် သူ ဘယ်လိုအလုပ်အကျွေးပြုနိုင်မလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းကို ဘယ်လို အကွက်ချပြီး မြေလှန်ပစ်မလဲဆိုတာတွေကိုတောင် စတင်စဉ်းစားနေပါပြီ။
ဝေရှင်း တစ်ယောက် အပျော်ကြီး ပျော်နေတုန်းမှာပဲ ချူရှင်းဟီဟာ ဝေရှင်းကို ဂိုဏ်းအတွင်းစည်းက ဘယ်နန်းတော်ကို ပို့ရမလဲဆိုတာ မာလင်း၊ အားလန်တို့နဲ့ ဆွေးနွေးနေပါတယ်။
ဝေရှင်းရဲ့ နေရာချထားမှုနဲ့ ပတ်သက်ပြီး ချူရှင်းဟီရဲ့ စိတ်ကူးကတော့
"သူ့ကို ကြိုးကြာဝိညာဥ်နန်းတော်ဆီ ဘာလို့ မပို့ရမှာလဲ။"
"ငါတို့ ကြိုးကြာဝိညာဥ်နန်းတော်က မှော်ဆေးဝါးပညာနဲ့ တန်ခိုးရှင်လမ်းစဉ်ကို လျှောက်လှမ်းတာလေ။ ဝေရှင်းသာ အဲဒီကို ရောက်သွားရင် သူ့မှာ ဝိညာဉ်မီးလျှံ ထိန်းချုပ်နိုင်စွမ်းရှိရှိ၊ မရှိရှိ၊ အရင်ဆုံး ဆေးဖက်ဝင်အပင်တွေကို ခွဲခြားတတ်အောင် သင်ရမယ်။ ဆေးပင်တွေ ခွဲခြားတတ်ဖို့တင် အနည်းဆုံး (၁၅) နှစ်လောက် မကြာပေဘူးလား။"
"ဆေးပင်ခွဲခြားတာ ပြီးသွားရင် မှော်ဆေးဝါး ဖော်စပ်ခြင်းကို ထပ်သင်ရမယ်။ သူ့မှာ ပါရမီရှိရှိ၊ မရှိရှိ၊ လက်နက်သွန်းလုပ်တာကို နောက်ထပ် (၁၅) နှစ် ထပ်သင်ခိုင်းမယ်။"
"ဒါဆိုရင် စုစုပေါင်း နှစ် (၃၀) ရှိသွားပြီ။"
"ဘာ။ ဝေရှင်းမှာ မှော်ဆေးဝါး ဖော်စပ်တဲ့ ပါရမီ မရှိမှန်း သိသွားရင် ဘာလုပ်မလဲ ဟုတ်လား။"
"ဒါက လွယ်ပါတယ်။ လက်နက်သွန်းလုပ်တဲ့ ပါရမီ မရှိရင် တခြားနန်းတော်တွေကို သွားလို့ရတာပဲ။ မှော်ရတနာ သွန်းလောင်းရေး နန်းတော်ကို သွားမလား။ အဲဒီမှာ အိုးရန်မင် ရဲ့ နောက်ကိုလိုက်ပြီး မှော်ပန်းပဲဖိုတွေ ပေါက်ကွဲအောင်လုပ်တဲ့ ပညာကို နောက်ထပ် (၁၅) နှစ် ထပ်သင်ခိုင်းမယ်လေ။"
"လက်နက်သွန်းလုပ်တာလည်း မတော်ဘူးဆိုရင် ဝိညာဉ်စွမ်းအင် ပေါင်းစည်းသန့်စင်ခြင်းကို စဉ်းစားရမယ်။ အိုးရန်လင်း ရဲ့ နောက်ကိုလိုက်ပြီး ဝိညာဉ်စွမ်းအင် ပေါင်းစည်းသန့်စင်ခြင်းပညာကို နောက်ထပ် (၁၅) နှစ် သင်ခိုင်းမယ်။"
"အဲဒီမှာလည်း ပါရမီမရှိသေးဘူးဆိုရင်တော့။ ဘယ်နန်းတော်ကို သွားသွား ကိစ္စမရှိတော့ပါဘူး။ သူ အကြီးအကဲ ဖြစ်လာမယ်ဆိုရင်တောင် ငါ ချူရှင်းဟီက မတားပါဘူး။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို တွက်ကြည့်လိုက်ရင် ဝေရှင်းရဲ့ အသက်က ဘယ်လောက်တောင် ရှိသွားမလဲ။ သူ ပြန်ထွက်လာပြီး စီမံခန့်ခွဲမှု ပါရမီတွေကို ထုတ်ပြချင်ရင်တောင် အရင်ဆုံး ဒုက္ခပေးနိုင်မယ့် အရည်အချင်း ရှိဖို့ လိုဦးမယ်လေ..."
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စိတ်ကူးကို ကြားလိုက်ရတဲ့အခါ မာလင်းရဲ့ ခေါင်းထဲမှာ မေးခွန်းသင်္ကေတတွေ အပြည့် ဖြစ်သွားပါတော့တယ်။
"ဟို... ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ။ အစ်ကိုကြီးက ဝေရှင်းကို ရာထူးတိုးပေးနေတာ သေချာရဲ့လား။ သူ့ကို သတ်ဖို့ ကြံစည်နေတာ မဟုတ်ဘူးမလား။"
"ကြိုးကြာဝိညာဥ်နန်းတော်နဲ့ မှော်ရတနာ သွန်းလောင်းရေး နန်းတော်မှာ နှစ်ပေါင်း (၆၀) လောက် သင်ယူရမယ်ဆိုတာကြီးကတော့။ ကျွန်တော် မာလင်းတောင် ကြားရရုံနဲ့တင် ကြောက်မိပါတယ်။ အဟင့်"
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ။ ဒါကို အစ်ကိုကြီးက ရာထူးတိုးပေးတယ်လို့ ခေါ်တာလား။ ဒါက အပြစ်ပေးနေတာ မဟုတ်ဘူးလားဟင်။"
ဒါကြောင့် မာလင်းက သူ့ရဲ့ အကြံပြုချက်အဖြစ် ဝေရှင်းကို အကြီးအကဲဟီ ရဲ့ မိုးကြိုးနန်းတော်ကို ပို့ဖို့ ပြောလိုက်ပါတယ်။
"ဝေရှင်းက ကျင့်ကြံမှုတွေကို မသင်နိုင်ဘူးဆိုရင်တောင် မိုးကြိုးစစ်သည်တော်ကခုန်မှုကို သင်တာကလည်း အတတ်ပညာ တစ်ခုပဲလေ။ အဲဒီကျရင် ဝေရှင်းက ကျင့်ကြံမှုမှာ အတော်ဆုံး မဟုတ်ရင်တောင် မိုးကြိုးစစ်သည်တော် ကခုန်မှု ပညာမှာတော့ အတော်ဆုံး ဖြစ်လာနိုင်တာပဲ။"
"နောက်ကျရင် ကျွန်တော်တို့ဂိုဏ်းကို ဧည့်သည်တွေ ဘာတွေ လာတဲ့အခါ မိုးကြိုးစစ်သည်တော် ကခုန်မှု ဖျော်ဖြေဖို့ လိုလာရင် ဝေရှင်းကို စင်ပေါ်တက် ကခိုင်းလို့ ရတာပေါ့။ ဒါက သူ့အတွက်လည်း နာမည်ရစေမယ့် အလုပ်ပဲ မဟုတ်လား။"
မာလင်းရဲ့ စိတ်ကူးကို ကြားတဲ့အခါ ချူရှင်းဟီက ပြန်ပြောလိုက်ပါတယ်။
"မာလင်း... မင်းမှာ အရှက်ကော ရှိသေးရဲ့လား။"
"ငါ့ရဲ့ စိတ်ကူးက အချိန်ကြာမယ်ဆိုပေမဲ့ ဝေရှင်းကို အတတ်ပညာတွေ တကယ် သင်ပေးတာလေ။ မင်းကတော့ ရုတ်တရက်ကြီး သူ့ကို အပေါ်ပိုင်းဗလာနဲ့ မိုးကြိုးစစ်သည်တော် ကခုန်မှု ကခိုင်းဖို့ လုပ်နေတယ်။ ဒါက သူ့ကို နှိမ်လွန်းရာ မကျနေဘူးလား။"
ချူရှင်းဟီနဲ့ မာလင်းတို့ အပြင်းအထန် ငြင်းခုံနေတုန်းမှာပဲ ထုံးစံအတိုင်း စကား သိပ်မပြောတတ်တဲ့ အားလန် က ဝင်ပြောလိုက်ပါတယ်။
"သူရဲကောင်းလေး။ ဒီ ဝေရှင်းကို ကျွန်တော်တို့ရဲ့ ဟေးယွဲ့နန်းတော်ကို ပို့လိုက်ရင် ဘယ်လိုလဲ။ ဟေးယွဲ့နန်းတော်မှာ လူက သိပ်မရှိဘူးလေ။ အခု လူရိုင်းမျိုးနွယ်တွေပါ ထွက်သွားပြီဆိုတော့ လူပိုလိုနေတာ။ သူ့ကို အဲဒီကို ပို့လိုက်တာ ပိုကောင်းမယ်။ သူ့ရဲ့ ကျင့်ကြံမှုပါရမီက မကောင်းဘူးဆိုရင်တောင် မဟာသူတော်စင်ကြီးက သူ့အတွက် သင့်တော်မယ့် ကျင့်ကြံမှုအချို့ကို ပြင်ဆင်ပေးနိုင်မှာပါ။ ဒါဆိုရင် သူလည်း နောင်တစ်ချိန်မှာ အောင်မြင်မှုတွေ ရလာနိုင်တာပဲ။"
အားလန် စကားပြောတာကို ကြားပြီး ချူရှင်းဟီ အံ့အားသင့်သွားရပါတယ်။
"ရက်စက်မှုနဲ့ ပတ်သက်ရင်တော့ မင်းကို ဘယ်သူမှ မမီဘူးပဲ အားလန်ရေ..."
"ငါ ချူရှင်းဟီက အရူးတစ်ယောက်လို ဖြစ်နေတယ်ဆိုပေမဲ့ လူတွေကို စာပိုသင်ခိုင်းရုံပဲ ရှိတာ။ မင်းကတော့ ရုတ်တရက်ကြီး လူတွေကို ဟေးယွဲ့နန်းတော်ကို ပို့ဖို့ စီစဉ်နေတာပဲ။ အဲဒီနေရာက လူနေလို့ရတဲ့ နေရာလား။ အခုကြားတာတော့ သားရဲတွေတောင် အဲဒီမှာ မနေနိုင်ကြတော့ဘူးဆို..."
(ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း ဒါက မှားနေတာတော့ မဟုတ်ဘူးပဲ။ ဟေးယွဲ့နန်းတော်မှာ လူနေလို့ရ၊ မရ ဆိုတာကို ခဏထားဦး။ မဟာသူတော်စင်ကြီးက ကျင့်စဉ်တွေကို ပြုပြင်ပေးနိုင်တယ်ဆိုတာကတော့ ဟုတ်တယ်လေ။)
မဟာသူတော်စင်ကြီးသာ ပါဝင်လာမယ်ဆိုရင် ပါရမီညံ့ဖျင်းရင်တောင် သင့်တော်မယ့် ကျင့်ကြံမှုအသစ်တွေနဲ့ တိုးတက်လာဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။
မာလင်းကလည်း ခေါင်းညိတ်ပြီး အားလန်ကို ထောက်ခံလိုက်ပါတယ်။
ဟေးယွဲ့နန်းတော်က လူနေဖို့ သင့်တော်သလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မာလင်းကတော့ သူ အရင်က အဲဒီမှာ နေတုန်းက အရမ်းပျော်ခဲ့တာပဲလို့ ပြောလိုက်ပါပြီ။
"ဟေးယွဲ့နန်းတော်က ဘာဖြစ်လို့လဲ။ ဘာမှမဖြစ်ပါဘူး။"
“ဒါပေမဲ့ အဲဒီက ဂိုဏ်းတူအစ်ကိုကြီးတွေ၊ အစ်မကြီးတွေက နည်းနည်းတော့ စိတ်အားထက်သန်လွန်းကြတယ်။ တွေ့တာနဲ့တင် မင်းအတွက်ဆို ခေါင်းဖြတ်ပေးဖို့၊ သွေးမြေကျခံဖို့အထိ အသင့်ဖြစ်နေကြတာလေ။”
ဒါပေမဲ့ အဲဒါက ဟေးယွဲ့နန်းတော် က မောင်နှမတွေရဲ့ ဖော်ရွေမှုကို ပြသတာပဲ မဟုတ်ဘူးလား။
ဘာ။ မိစ္ဆာသားရဲရဲတွေအကြောင်း ပြောတာလား။ စိတ်ချပါ၊ အခု ဟေးယွဲ့နန်းတော်မှာ သားရဲတွေက လုံးဝ အန္တရာယ်မရှိတော့ပါဘူး၊ အန္တရာယ်ရှိတာက လူတွေ။ လူတွေက ပိုကြောက်စရာကောင်းနေတာပါ။
အခက်အခဲတွေကို မကျော်ဖြတ်ဘဲ ဘယ်သူက အောင်မြင်ကြီးမြတ်မှုကို ရနိုင်မှာလဲ။
ဝေရှင်း ရဲ့ ပါရမီကလည်း ညံ့ပြီးသားလေ။ အပြင်ကနေ ပံ့ပိုးပေးမှုမရှိရင် သူက ဘယ်လိုလုပ် လူတော်ဖြစ်လာမှာလဲ။
ဂိုဏ်းတူအစ်ကိုကြီး အားလန်ရဲ့ အကြံပြုချက်က တကယ်ကို ပြည့်စုံနေပါပြီလေ။
မကြာခင်မှာပဲ သူတို့ သုံးယောက်ဟာ ဝေရှင်းအတွက် ဟေးယွဲ့နန်းတော်က အသင့်တော်ဆုံးပဲဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
လူနည်းတယ်။ မောင်နှမတွေက စိတ်အားထက်သန်တယ်။ ပြီးတော့ မဟာသူတော်စင်ကြီး ကလည်း သင့်တော်မယ့် ကျင့်ကြံမှုတွေကို ပြင်ဆင်ပေးနိုင်သေးတယ်။ တခြားကျင့်ကြံမှုတွေကို ထားဦး၊ ဟေးယွဲ့နန်းတော်ရောက်လို့ အသွင်မဲ့ နှလုံးသားကျမ်းကိုသာ သင်ခွင့်ရလိုက်ရင် တိုးတက်မှုပဲ မဟုတ်ပါလား။
“ဒါကြောင့် ဝေရှင်းကို နယ်နှင်ဒဏ်... အဟမ်း... ဟေးယွဲ့နန်းတော်ကို ပို့ဖို့ ကိစ္စက ချက်ချင်းပဲ အတည်ဖြစ်စေ”
….
မာလင်း ကိုယ်တိုင် ဝေရှင်းဆီ သတင်းသွားပို့ပါတယ်။ ဒဏ္ဍာရီလာ ဖန်းဒု ၀င်္ကပါ သခင်ကြီး မာလင်းကို မြင်လိုက်ရတဲ့အခါ ဝေရှင်းဟာ အလွန်အမင်း လေးစား ကြည်ညိုသွားခဲ့ပါပြီ။ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီ က သူ့ကို ဟေးယွဲ့နန်းတော်ဆီ ပို့လိုက်ပြီဆိုတာ ကြားတဲ့အခါမှာတော့ ဝေရှင်းဟာ ပျော်လွန်းလို့ ခုန်တောင်ပေါက်မိမတတ်ပါပဲ။
သိထားရမှာက ဟေးယွဲ့ကလန်ရဲ့ သတင်းက ပျံ့နှံ့နေပြီဆိုပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်တွေအားလုံးထဲမှာ ဟေးယွဲ့နန်းတော်ဟာ လူတိုင်း သိချင်နေကြတဲ့ နေရာတစ်ခုပါ။
ဒါပေမဲ့ ဟေးယွဲ့နန်းတော်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေက အခုထိတော့ ဒဏ္ဍာရီအဆင့်မှာပဲ ရှိနေပါသေးတယ်။
ဝေရှင်းဟာ သူကိုယ်တိုင် ဟေးယွဲ့နန်းတော်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။
"ချူရှင်းဟီ... အိုး... ချူရှင်းဟီ၊ မင်းဟာ တကယ့်ကို အရူးပဲ။ ငါ ဝေရှင်းက သူလျှိုဆိုတာကို မင်း လုံးဝ မသိဘူးပဲ။ ဟုတ်တယ်မလား။ ငါသာ ဟေးယွဲ့နန်းတော်ထဲ ရောက်သွားရင် အဲဒီက အကြောင်းအရာအားလုံးကို အချိန်တိုအတွင်း အကုန်စုံစမ်းပစ်မယ်။ အဲဒီကျရင် ငါတို့ ယွင်ရှောင်ဂိုဏ်းက ဟေးယွဲ့နန်းတော်ရဲ့ လှုပ်ရှားမှုမှန်သမျှကို ချက်ချင်း သိနေတော့မှာ။"
"ဒါတင်မကဘူး၊ မဟာသူတော်စင်ကြီးက ကျင့်ကြံမှုတွေကို ပြုပြင်ပေးနိုင်တယ်ဆိုတာကလည်း လျှို့ဝှက်ချက် မဟုတ်တော့ဘူး။ အရင်က ပြုပြင်ထားတဲ့ အသွင်မဲ့ နှလုံးသားကျမ်းကိုလည်း ငါ သင်လို့ရလာမှာ။ အဲဒီကျင့်ကြံမှုကို ယွင်ရှောင်ဂိုဏ်းဆီ ပို့ပေးလိုက်ရင် ငါတို့ဂိုဏ်းရဲ့ အင်အားက တဟုန်ထိုးကို တိုးတက်လာတော့မှာ။"
"အသွင်မဲ့ နှလုံးသားကျမ်းတင် မဟုတ်ဘူး။ နောင်ကျရင် မဟာသူတော်စင်ကြီး ပြုပြင်ပေးသမျှ ကျင့်ကြံမှုတွေကို ငါ ဝေရှင်းက ဟေးယွဲ့နန်းတော်မှာ ရှိနေတော့ အရင်ဆုံး သင်ရမှာပဲ မဟုတ်လား။"
"ဒါဆိုရင် အဲဒီ ကျင့်စဉ်တွေက ငါတို့ ယွင်ရှောင်ဂိုဏ်းထဲကို တောက်လျှောက် ရောက်သွားတော့မှာပေါ့"
"မိုးနတ်မင်းက ယွင်ရှောင်ကို စောင်မလိုက်ပြီ။"
မာလင်းကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေတဲ့ ဝေရှင်းကို ကြည့်ပြီး နည်းနည်းတော့ အားနာမိသလိုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ "မုန်တိုင်းကို မဖြတ်ကျော်ဘဲ သက်တံ့ကို ဘယ်လိုမြင်နိုင်မှာလဲ။" ဆိုတဲ့ စကားရှိတယ်လေ။
(ဝေရှင်းရေ... မင်းရဲ့ ပါရမီက မကောင်းတော့ မုန်တိုင်းဒဏ်ကို ပိုပြီး ခံရမှာပေါ့။ ဟေးယွဲ့နန်းတော်မှာဆိုရင် မုန်တိုင်းဒဏ်တင် မဟုတ်ဘူး၊ နေ့တိုင်း သွေးသံရဲရဲမြင်နေရဦးမှာ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စီစဉ်မှုက တကယ်ကို ပြည့်စုံလွန်းတယ် မဟုတ်လား။)
ဒါနဲ့ပဲ မာလင်းက အလေးအနက် ထားပြီး သတိပေးလိုက်ပါသေးတယ်။
"ဝေရှင်း... ဒီနေ့ဖြစ်ရပ်တွေကြောင့်နဲ့တင် စိတ်မကြီးလိုက်နဲ့ဦး။ ဟေးယွဲ့နန်းတော်မှာ ကြိုးစားပြီး လူတော်တစ်ယောက်ဖြစ်အောင် လုပ်ပါ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးပါစေနဲ့"
ဝေရှင်းကလည်း ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ မပျက်စီးရစေဘူးလို့ အလေးအနက် ကတိပေးပါတယ်။
ဒါကြောင့် ဝေရှင်းဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ကျေးဇူးတင်ဖို့ မာလင်းနောက်ကို ချက်ချင်း လိုက်သွားပါပြီ။
“ကျွန်တော် ဝေရှင်း ဟေးယွဲ့နန်းတော်ကို ရောက်တဲ့အခါ ဂိုဏ်းတူအစ်ကိုကြီးရဲ့ မျှော်လင့်ချက်အတိုင်း အောင်မြင်မှုတွေ ရအောင် လုပ်ပါ့မယ်”
ကျေနပ်သွားတဲ့ ချူရှင်းဟီကို ကြည့်ပြီး ဝေရှင်းရဲ့ ရင်ထဲမှာတော့ ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်နေပါပြီ။
"ချူရှင်းဟီ... မင်းဟာ တကယ့်ကို အရူးပဲ။"
"မဟာမိုးကောင်းကင်ဂိုဏ်း ပျက်စီးတဲ့နေ့ကျရင် ငါ ဝေရှင်းက မင်းရှေ့မှာ ရပ်ပြီး... ဂိုဏ်းပျက်စီးရတာဟာ မင်းကိုယ်တိုင် လုပ်ခဲ့တာဆိုတာကို ပြလိုက်မယ်။"
စိတ်လှုပ်ရှားနေတဲ့ ဝေရှင်းက သူ့ရဲ့ အထုပ်အပိုးတွေကို ချက်ချင်း ပြင်လိုက်ပါပြီ။
“ကျွန်တော် အမြန်ဆုံး ထွက်ခွာသွားပါ့မယ်”
“အထုပ်အပိုး ပြင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှပြင်စရာမလိုဘူး။ ငါတို့ဂိုဏ်းမှာ အကုန်ရှိတယ်။”
ချူရှင်းဟီ ပြောလိုက်ပါတော့တယ်။
“အမြန်ဆုံးသွားဖို့ ဆိုတာကလည်း မင်းကိုယ်တိုင် ပြေးသွားစရာ မလိုပါဘူး။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကိုယ်တိုင် မင်းအတွက် တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါ တစ်ခု တည်ဆောက်ပေးပါ့မယ်။”
ဝေရှင်းရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်တွေ ဝိုင်းနေပါပြီ။ ချူရှင်းဟီကတော့ ဒါကိုကြည့်ပြီး အတော်လေး ကျေနပ်သွားပါတယ်။
"ဝေရှင်း။ တကယ်တော့ ဂိုဏ်းတူအစ်ကိုကြီးက တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါတွေ ဆောက်ရတာ စွဲလမ်းနေလို့ မဟုတ်ပါဘူး။ မင်းက လမ်းမှာ သတင်းတွေကြားပြီး မသွားချင်ဘူးလို့ ပြောမှာ စိုးလို့ပါကွာ။"
စိတ်လှုပ်ရှားမှုတွေနဲ့အတူ ဝေရှင်းဟာ ချူရှင်းဟီ တည်ဆောက်ပေးထားတဲ့ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါ ထဲကို ဝင်လိုက်ပါတယ်။
တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါရဲ့ အလင်းတန်းဟာ ကောင်းကင်ယံအထိ ထိုးတက်သွားပါပြီ။ ဝေရှင်းဟာလည်း အလင်းတန်းနဲ့အတူ ပျောက်ကွယ်သွားပါတော့တယ်။
ပျောက်ကွယ်သွားတဲ့ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါကို ကြည့်ရင်း ချူရှင်းဟီဟာ ဝေရှင်း တစ်ယောက် ဟေးယွဲ့နန်းတော်မှာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတော့တယ်။
"တကယ်လို့ မပျော်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူးလေ။ ဘဝဆိုတာ ဘယ်သူက အမြဲ ပျော်နေမှာမို့လို့လဲ။"
ဘေးနားမှာ အသင့်ရှိနေတဲ့ အားလန်က ပြောလိုက်ပါပြီ။
"ကျွန်တော်တို့ ဟေးယွဲ့နန်းတော်မှာ လူလိုနေတာ။ နောင်ကျရင်လည်း အရည်အချင်းရှိသူတွေ တွေ့ရင် ကျွန်တော်တို့ဆီပဲ ပို့ပေးပါလား"
ချူရှင်းဟီကလည်း အားလန်ရဲ့ စကားကို အပြည့်အဝ ထောက်ခံလိုက်ပါတယ်။
"ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက ဘယ်လို ထူးချွန်တဲ့ ပါရမီရှင်ကိုမှ လက်လွတ်မခံနိုင်ဘူး။ ဟေးယွဲ့နန်းတော်က ငါတို့ရဲ့ နန်းတော်တွေအားလုံးထဲမှာ အင်အားအကြီးဆုံးပဲလေ။၊ ဒါကြောင့် ထူးချွန်တဲ့ တပည့်တွေဟာ ထူးချွန်တဲ့နေရာကိုပဲ သဘာဝကျကျ သွားသင့်တာပေါ့။ နောင်ကျရင် ဘယ်လို ထူးချွန်တဲ့ တပည့်မျိုးကိုမဆို ဟေးယွဲ့နန်းတော်ဆီပဲ တိုက်ရိုက် ပို့ပေးမယ်။"
…
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တောင်ခြေဂိတ်တံခါးဝမှာတော့ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါ အလင်းတန်းတစ်ခု ကျဆင်းလာပါတယ်။
ဝေရှင်း ဟာ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါ အလင်းတန်းထဲကနေ ထွက်ပေါ်လာပြီး သူ့ရှေ့မှာရှိတဲ့ ခန့်ညားထည်ဝါလှတဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တောင်ခြေဂိတ်တံခါးကြီးကို သူရဲကောင်းဆန်စွာ ကြည့်နေပါပြီ။
“(၁၅) နှစ်တိုင်တိုင် ပုန်းအောင်းနေခဲ့ပြီး ဒီနေ့မနက်မှာတော့ ငါအောင်မြင်ကျော်ကြားလာခဲ့ပြီ။ ဒီနေ့မှာတော့ ဒါဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တောင်ခြေဂိတ်တံခါးတင် မကတော့ပဲ ငါ ဝေရှင်းအတွက် ပြိင်ဘက်ကင်း သူလျှိုလမ်းစဉ်ပေါ်ကို စတင်လျှောက်လှမ်းမယ့် တံခါးပေါက်ကြီးပဲ မဟုတ်လား”
"လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းဟာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ ယွင်ရှောင်ဂိုဏ်းက လူပေါင်းများစွာကို မဟာမိုးကောင်းကင်ဂိုဏ်းထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခိုင်းခဲ့ပေမဲ့ အားလုံးက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။"
"မဟာမိုးကောင်းကင်ဂိုဏ်းကို သူလျှိုတွေအတွက် တားမြစ်နယ်မြေ လို့တောင် ခေါ်ကြတာလေ။"
"ဒါပေမဲ့ ဒီနေ့တော့ ငါ ဝေရှင်း ရောက်လာပြီ။ ငါ ဝေရှင်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းထဲကို အောင်အောင်မြင်မြင် ထိုးဖောက်နိုင်ခဲ့ပြီ။ ဂိုဏ်းရဲ့ အနက်နဲဆုံး ဟေးယွဲ့နန်းတော်ထဲအထိတောင် ဝင်နိုင်ခဲ့ပြီလေ။"
"ဒီနေ့မှာတော့ ဝေရှင်း ဆိုတဲ့ နာမည်ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ ဝေရှင်း ဆိုတဲ့ နာမည်ဟာ သူလျှိုတိုင်းရဲ့ နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်။"
"လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းက အပြင်ကနေ တိုက်လို့မရဘူးလို့ ပြောကြတယ်။ အဲဒါက အပြင်ကနေ ကြည့်ကြလို့လေ။ အခုတော့ ငါ ဝေရှင်းက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အတွင်းထဲအထိ ရောက်နေပြီ။"
"စကားပုံတစ်ခု ရှိတယ်မဟုတ်လား။ 'မိုင်ပေါင်း ထောင်ချီရှည်တဲ့ ဆည်ကြီးတစ်ခုဟာ ခြတောင်ပို့တစ်ခုကြောင့် ပြိုကျနိုင်တယ်' တဲ့။ ငါ ဝေရှင်းဟာ အဲဒီ ခြတောင်ပို့ပဲ။"
"ငါ ဝေရှင်းဟာ ဒီနေရာမှာ တစ်ဆင့်ချင်း တက်လှမ်းသွားမယ်။ နောင်ကျရင် မဟာမိုးကောင်းကင်ဂိုဏ်းက လူတိုင်းနဲ့ ငါ ရင်ဆိုင်တိုက်ခိုက်မယ်။ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်မှန်သမျှ လျှို့ဝှက်ချက် မဟုတ်တော့စေရဘူး။ ငါ ဝေရှင်းက အဲဒီသတင်းအားလုံးကို ယွင်ရှောင်ဂိုဏ်းဆီ သေချာပေါက် ပို့ပေးမယ်။"
"ငါ့နာမည် ဝေရှင်း ဆိုတာ တစ်နေ့ကျရင် ယွင်ရှောင်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်ခန်းမထဲမှာ အမြင့်ဆုံးနေရာကို ရောက်ရမယ်ကွ။"
"နောင်တစ်ချိန်မှာ ယွင်ရှောင်ဂိုဏ်းရဲ့ တပည့်တိုင်းဟာ ငါ့နာမည် ဝေရှင်း ကို မြင်လိုက်ရတာနဲ့ ငါ ဝေရှင်းက ဂိုဏ်းအတွက် ဘာတွေ စတေးခဲ့တယ်ဆိုတာ သိကြစေရမယ်။"
"မဟာမိုးကောင်းကင်ဂိုဏ်း... ကမ္ဘာ့နံပါတ်တစ်ဂိုဏ်း ဟုတ်လား။"
"မဟာမိုးကောင်းကင်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ပထမဆုံးခြေလှမ်းက... အခု ဒီတံခါးကို ဖြတ်ကျော်လိုက်တာပဲ"
***