ဝေရှင်း တစ်ယောက် အိပ်မက်တွေ၊ ရည်မှန်းချက်တွေအပြည့်နဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တောင်ခြေဂိတ်တံခါးဝကို ရောက်ရှိလာပါတယ်။
ဒါပေမဲ့ တံခါးဝရောက်တာနဲ့ ဝေရှင်း တစ်ခုခုတော့ မှားနေပြီဆိုတာ သတိထားမိသွားပါပြီ။
ချူရှင်းဟီ က သူ့ကို ဟေးယွဲ့နန်းတော် တပည့်အဖြစ် လာခဲ့ဖို့ပဲ ပြောလိုက်တာပါ။ ဘာအထောက်အထား သက်သေခံကတ်ပြားမှ မပေးလိုက်ပါဘူး။
"ချူရှင်းဟီ တစ်ယောက် မေ့သွားတာများလား။"
ဒါနဲ့ ဝေရှင်းလည်း စိတ်မချ လက်မချနဲ့ တောင်ခြေက တပည့်တွေကို သူဟာ ဥက္ကာခဲသံတွင်း က ဝေရှင်းဖြစ်ကြောင်း၊ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက သူ့ကို အတွင်းစည်း တပည့်အဖြစ် မြှင့်တင်ပြီး ဟေးယွဲ့နန်းတော်ကို ပို့လိုက်တာဖြစ်ကြောင်း ပြောပြလိုက်ပါပြီ။ အဲဒီအခါ တောင်ခြေက တပည့်တွေ အားလုံးက သူ့ကို မယုံကြည်နိုင်သလို မျက်လုံးအပြူးသားနဲ့ ဝိုင်းကြည့်ကြပါတော့တယ်။
တောင်ခြေက တပည့်တွေရဲ့ အမူအရာကို မြင်တော့ ဝေရှင်း စိတ်ထဲကနေ ကြိတ်ပြီး တွေးလိုက်မိပါပြီ။
"မကောင်းတော့ဘူး..."
ဒါပေမဲ့ ဝေရှင်း စိုးရိမ်နေတုန်းမှာပဲ တောင်ခြေက တပည့်တွေထဲက တစ်ယောက် ထွက်လာပြီး။
"မင်းက ညီငယ် ဝေရှင်း ဖြစ်ရမယ်။ ဂိုဏ်းတူအစ်ကိုကြီး မာလင်း က သတင်းပို့ထားပြီးသားပါ။ ငါ မင်းကို ဟေးယွဲ့နန်းတော်ဆီ လိုက်ပို့ပေးမယ်။"
တောင်ခြေက တပည့်ရဲ့ စကားကို ကြားရတော့ ဝေရှင်း တစ်ယောက် စိတ်လှုပ်ရှားသွားရပါတယ်။ မာလင်းက ရုပ်ဆိုးချင်ဆိုးမယ်၊ သူ့ရဲ့ စိတ်ကူးကတော့ တကယ့်ကို အသေးစိတ်ကျတာပဲ။ အရာအားလုံးကို ကြိုတင်စီစဉ်ပေးထားခဲ့တာကိုး။
ဝေရှင်းက လမ်းပြပေးတဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ကျေးဇူးတင်စကားဆိုပြီး ဂိုဏ်းထဲကို လိုက်ဝင်သွားပါတယ်။ သူ ထွက်သွားတဲ့အချိန်အထိ ကျန်နေခဲ့တဲ့ တောင်ခြေက တပည့်တွေက သူ့ကို ဘာလို့ ထူးထူးဆန်းဆန်း ကြည့်နေကြသလဲဆိုတာ မသိခဲ့ရှာပါဘူး။
"ငါ ဟေးယွဲ့နန်းတော်ကို သွားရမယ်ဆိုတာ ကြားပြီး သူတို့တွေ မနာလိုဖြစ်နေကြတာလား။"
"ဟမ့်။ သေချာပေါက် အဲဒါပဲ ဖြစ်ရမယ်။"
ဘယ်ဂိုဏ်းမှာမဆို တောင်ခြေက တပည့်ဆိုတာ အဆင့်အတန်း နိမ့်ကျတဲ့သူတွေပဲလေ။ မဟာမိုးကောင်းကင်ဂိုဏ်းမှာ နန်းတော်တွေ အများကြီးရှိပေမဲ့ ဝေရှင်းရဲ့ အမြင်မှာတော့ နန်းတော်တစ်ခုချင်းစီရဲ့ အဆင့်အတန်းက ကွာခြားလိမ့်မယ်လို့ ထင်နေတာပါ။
တချို့နန်းတော်က တပည့်တွေဟာ အဆင့်အတန်းနိမ့်လို့သာ တောင်ခြေဂိတ်တံခါးစောင့်ဖို့ တာဝန်ပေးခံရတာ ဖြစ်မှာပါ။ ဒါပေမဲ့ သူသွားမယ့် ဟေးယွဲ့နန်းတော်ကတော့ လုံးဝကို ကွဲပြားပါတယ်။
ဟေးယွဲ့နန်းတော်မှာ မဟာသူတော်စင်ကြီး ရှိနေသလို၊ တပည့်အရေအတွက်ကလည်း အရမ်းကို နည်းပါတယ်။ အဲဒီကို ရောက်သွားရင် သူ့အတွက် အခွင့်အရေးတွေက အများကြီး ရလာမှာ မဟုတ်ပါလား။
"ဒါကြောင့် သူတို့ ငါ့ကို မနာလိုဖြစ်နေကြတာ သေချာတယ်။"
ဝေရှင်း ဂိုဏ်းထဲဝင်သွားတာကို ကြည့်ပြီး နန်းတော်အသီးသီးကလာတဲ့ တောင်ခြေက တပည့်တွေ စုရုံးပြီး တိုးတိုးတိုးတိုးနဲ့ ပြောနေကြပါပြီ။
"ဒီလူက ဘာကြီးမားတဲ့ အပြစ်တွေများ လုပ်ခဲ့လို့ ဟေးယွဲ့နန်းတော်ကို အပို့ခံရတာလဲ။"
"လျှောက်မပြောပါနဲ့။ ဂိုဏ်းတူအစ်ကိုကြီး မာလင်း ပြောတာတော့ သူက ဥက္ကာခဲသံတွင်းမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့လို့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက အတွင်းစည်း တပည့်ဖြစ်ဖို့ အခွင့်အရေးပေးလိုက်တာတဲ့။”
"ဟင်။ ဒါကို အခွင့်အရေးလို့ ခေါ်တာလား။"
"ဘာလို့ မဟုတ်ရမှာလဲ။ ဆိုင်အကူဘဝကနေ (၁၅) နှစ်ကြာမှ မန်နေဂျာလေး ဖြစ်လာတဲ့သူလေ။ သူ့ရဲ့ လောကဝတ်မသိတဲ့ ပုံစံကို ကြည့်ဦး။ သူ့ကို ဟေးယွဲ့နန်းတော်ထဲ ထည့်ပြီး အတွေ့အကြုံ ယူခိုင်းတယ်ဆိုတာ နောင်ကျရင် သူက အတွင်းလူ ဖြစ်သွားပြီး စီမံခန့်ခွဲသူတောင် ဖြစ်လာနိုင်တာပဲ။ ဒါက အခွင့်အရေး မဟုတ်ဘူးလား။"
"ဟုတ်သားပဲ။ အဲဒီလို တွေးကြည့်ရင်တော့ ဒါက သူ့အတွက် တကယ့်အခွင့်အရေးပဲပေါ့..."
တောင်ခြေက တပည့် အများအပြား သက်ပြင်းချလိုက်ကြပါပြီ။
"ငါတို့က အတွင်းစည်း တပည့်တွေ ဖြစ်နေလို့ တော်သေးတာပေါ့။ အပြင်လောကမှာ ပြိုင်ဆိုင်မှုတွေက ဒီလောက်တောင် ပြင်းထန်နေပြီလား။"
"မဟာမိုးကောင်းကင်ဂိုဏ်းထဲ ဝင်ဖို့အတွက် ဟေးယွဲ့နန်းတော်ကနေပဲ စတင်ရတော့မှာလား။"
ဟေးယွဲ့နန်းတော်က ဘယ်လိုနေရာမျိုးလဲ။
လွန်ခဲ့တဲ့လက ကြားတာတော့ မဟာသူတော်စင်ကြီးက ဆရာဘိုးဘိုး ဆီ သွားပြီး ဟေးယွဲ့နန်းတော်မှာ လူလိုနေတယ်လို့ ပြောခဲ့သတဲ့။ ဆရာဘိုးဘိုးကလည်း ဘာမှမပြောဘဲ နန်းတော်တွေက တပည့်တစ်စုကို ဟေးယွဲ့နန်းတော်ဆီ ချက်ချင်း ပြောင်းရွှေ့ပေးလိုက်ပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့မှာတင်... ဟေးယွဲ့နန်းတော်ကို ပြောင်းသွားတဲ့ တပည့်အားလုံးက သူတို့ကို အပြင်စည်းတပည့်အဖြစ် ရာထူးချပေးဖို့ ကိုယ်တိုင် တောင်းဆိုကြပါတော့တယ်။
တပည့်တွေခမျာ မျက်ရည်စက်လက်နဲ့ ပြောလာကြပါပြီ။
"ဆရာဘိုးဘိုးရာ။ ကျွန်တော်တို့ ဘာမှားခဲ့လို့လဲ။ ဘာလို့ ကျွန်တော်တို့ကို ဟေးယွဲ့နန်းတော်ကို ပို့ရတာလဲ။"
"တကယ်လို့ ကျွန်တော်တို့ တစ်ခုခု မှားခဲ့တယ်ဆိုရင် အပြင်စည်းတပည့်အဖြစ်ပဲ ရာထူးချလိုက်ပါ။ ဟေးယွဲ့နန်းတော်ကို ပို့ပြီး အညှဉ်းဆဲမခံပါရစေနဲ့တော့။"
နောက်ဆုံးတော့ ဆရာဘိုးဘိုးလည်း မတတ်သာတော့ဘဲ အဲဒီတပည့်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ နန်းတော်တွေဆီ ပြန်လွှတ်ပေးလိုက်ရပါတယ်။
ပြောရရင်တော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကပဲ တကယ့်ကို အကြံကောင်းသူပါ။ မဟာသူတော်စင်ကြီးမှာ လူအင်အား လိုနေပေမဲ့ အတွင်းစည်း တပည့်တင်မကဘူး၊ အပြင်စည်းတပည့်တွေတောင်မှ ဟေးယွဲ့နန်းတော်ကို သွားရမယ်ဆိုရင် ဘယ်သူမှ အပို့မခံချင်ကြတော့ပါဘူး။
ဆရာဘိုးဘိုးက လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် စဉ်းစားနေခဲ့ပါသေးတယ်။
“သံတွင်းတပည့်တွေထဲက တချို့ကို ရွေးပြီး ဂိုဏ်းတူအစ်ကိုကြီး မာလင်းရဲ့ ဖန်းဒု သရဲတစ်သောင်း ၀င်္ကပါထဲမှာ တစ်နှစ်ခွဲလောက် အပြင်းအထန် လေ့ကျင့်ပေးပြီးမှ ဟေးယွဲ့နန်းတော်ကို ပို့ရမလားလို့ပေါ့။”
ဒါပေမဲ့ ဆရာဘိုးဘိုး မစတင်ရသေးခင်မှာပဲ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက အဖြေရှာတွေ့သွားခဲ့တာပါ။
အခုလို အပြင်ကလူတွေကို ဟေးယွဲ့နန်းတော်ထဲ တိုက်ရိုက်သွတ်သွင်းလိုက်ခြင်းအားဖြင့် အရင်က စီမံခန့်ခွဲသူ ဖြစ်ဖို့ အခွင့်အရေး မရှိတဲ့သူတွေအတွက် အခွင့်အလမ်းတစ်ခု ရသွားစေပါပြီ။
ဘာလဲ။ အပြင်ကလာတဲ့လူတွေက ဟေးယွဲ့နန်းတော်ရဲ့ ဒဏ်ကို မခံနိုင်ကြဘူး ဟုတ်လား။
ဒါဆိုရင်တော့ အခွင့်အရေးကို လက်လွှတ်ရယူနိုင်စွမ်းမရှိတဲ့ သူတို့အပြစ်ပဲ။ ဒါဟာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မယ့် ကောင်းကင်ဘုံကပေးတဲ့ အခွင့်အလမ်းကြီးလေ။ ဒီလို အခွင့်အရေးမျိုးအတွက် စမ်းသပ်မှုတချို့ကို ရင်ဆိုင်ရတာ ဘာမှားလို့လဲ။
ဝေရှင်း ဟာ တောင်ခြေက တပည့်နောက်ကိုလိုက်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ဝေရှင်းဟာ သူ့ကိုယ်သူ လောကအမြင်ကျယ်တဲ့သူတစ်ယောက်လို့ ယူဆထားတာပါ။
ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့် (၃) ချိတ်တဲ့ ယွင်ရှောင်ဂိုဏ်း ဆိုတာလည်း ထိပ်တန်းဂိုဏ်းကြီး တစ်ခုပဲလေ။ ဝေရှင်းက မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ မြှုပ်နှံထားတဲ့ သူလျှိုဖြစ်နေပေမဲ့ သူ့ရဲ့ မူရင်းဇစ်မြစ်က ယွင်ရှောင်ဂိုဏ်းကပဲ မဟုတ်လား။
ဒါပေမဲ့ အခု မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အခြေအနေကို ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာတော့ ဝေရှင်းဟာ တုန်လှုပ်သွားရပါတယ်။
လေ့ကျင့်ရေးကွင်းတစ်ခုကို ဖြတ်သွားတဲ့အခါ တပည့်တစ်စုဟာ ကျင့်စဉ်ကျင့်ရင်းနဲ့ အဆင့် (၅) ဆေးလုံး တွေကို သကြားလုံးစားသလိုမျိုး ဘာမှမဖြစ်သလို တမြုံ့မြုံ့ဝါးစားနေတာကို သူ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပါပြီ။
ဝေရှင်း အနေနဲ့ အဲဒီဆေးလုံးတွေကို သိတာပေါ့။ အဲဒါတွေက အဆင့် (၅) ဝိညာဉ်ဆေးလုံးတွေဖြစ်တဲ့ ခန္ဓာဖွဲ့စည်း ဝိညာဉ်ဆေးလုံးတွေလေ။
ဒီလိုဆေးလုံးမျိုးဟာ ယွင်ရှောင်ဂိုဏ်းမှာဆိုရင် အတွင်းစည်း တပည့်တွေပဲ ရနိုင်ပါတယ်။ အဲဒီတပည့်တွေတောင်မှ ထူးခြားတဲ့ အခါသမယမျိုးမှာပဲ ရကြတာပါ။
ဒါပေမဲ့ ဒီလေ့ကျင့်ရေးကွင်းထဲကလူတွေက သာမန် အတွင်းစည်း တပည့် တွေပဲလေ။ ထူးချွန်တပည့်တွေတောင် မဟုတ်သေးဘူး။
မဟာမိုးကောင်းကင်ဂိုဏ်းက ဒီလောက်အထိတောင် ကြောက်စရာကောင်းနေပြီလား။
ဝေရှင်းလည်း လမ်းပြနေတဲ့ တောင်ခြေက တပည့်ကို မနေနိုင်ဘဲ မေးလိုက်မိတယ်။
"ဒီမှာ တစ်ခုခု ထူးခြားလို့လား။ ဘာလို့ ဒီလို အဆင့်မြင့် ဆေးလုံးတွေ ဒီလောက်စားနေကြတာလဲဟင်။"
မေးကြည့်မှပဲ သူ ပိုပြီးတော့ အံ့ဩသွားရပါတော့တယ်။
တောင်ခြေက တပည့်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်။
"ဒါက အဆင့် (၅) ဆေးလုံးပဲဟာကို။ ညီငယ် ဝေရှင်းအနေနဲ့ အထူးတဆန်း ဖြစ်မနေပါနဲ့။ နန်းတော်အားလုံးက တပည့်တွေဟာ လတိုင်းမှာ အဆင့် (၅) ဆေးလုံးတွေကို ပုံမှန် ရနေကြတာပါပဲ။ ပြောရရင် ဟေးယွဲ့နန်းတော်က အဆင့်အတန်း ပိုမြင့်တော့ မင်းရဲ့ အခြေခံထောက်ပံ့ကြေးက အဆင့် (၆) ဆေးလုံး အထိတောင် ရနိုင်တယ်လေ။"
ဒါကို ကြားလိုက်ရတဲ့အခါ ဝေရှင်း ထိတ်လန့်သွားရသလို တစ်ဖက်ကလည်း သက်ပြင်းချရင်း သူ့အတွေး မှန်ကန်ကြောင်း သဘောပေါက်သွားပါတယ်။
"ဟေးယွဲ့နန်းတော်က တကယ်ကို ထူးခြားတာပဲ။ တခြားနန်းတော်က တပည့်တွေ အဆင့် (၅) ပဲ ရချိန်မှာ ငါက ဟေးယွဲ့နန်းတော်မှာ အဆင့် (၆) ဆေးလုံးအထိတောင် ရနိုင်တယ်ဆိုတော့။ ဟေးယွဲ့နန်းတော်က ပိုပြီး အဆင့်မြင့်တယ်ဆိုတာ သက်သေပြနေတာပေါ့။"
ဝေရှင်းဟာ တောင်ခြေက တပည့်နောက်ကနေ ကြိုးကြာဝိညာဥ်နန်းတော်အထိ လိုက်သွားပါတယ်။ ထူးထူးခြားခြား ရာထူးတိုးခံရတဲ့ တပည့်တစ်ယောက်အနေနဲ့ ပုံမှန်အားဖြင့်တော့ ဂိုဏ်းချုပ် ကို သွားရောက် ဂါရဝပြုရမှာပါ။
ဒါပေမဲ့ ဂိုဏ်းချုပ်က အခုအချိန်မှာ တံခါးပိတ် တရားကျင့် ဂူအောင်းနေတာကြောင့် ဆရာဘိုးဘိုး ကို သွားရောက်တွေ့ဆုံဖို့သာ ရှိပါတော့တယ်။
နောက်ဆုံးမှာတော့ ဝေရှင်းဟာ ဒဏ္ဍာရီလာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုးနဲ့ တွေ့ဆုံခွင့်ရလိုက်ပါပြီ။
ကြားဖူးတဲ့ သတင်းတွေအရ ဆရာဘိုးဘိုးဟာ အရမ်းကို စည်းကမ်းကြီးပြီး တင်းကျပ်သူပါ။ ဒီနှစ်တွေတလျှောက် ယွင်ရှောင်ဂိုဏ်းက နည်းမျိုးစုံနဲ့ ထည့်လိုက်တဲ့ သူလျှိုမှန်သမျှကို ဆရာဘိုးဘိုးကပဲ အကုန်ဖမ်းမိခဲ့တာလေ။ ဒါကြောင့် ဝေရှင်းဟာ ဆရာဘိုးဘိုးရှေ့မှာ အနည်းငယ်တော့ ကြောက်ရွံ့နေမိပါတယ်။
"ဒါဆို ရှင်းဟီက စီစဉ်လိုက်တာပေါ့။ ကောင်းပေစွ။ ကောင်းပေစွ။ မင်းရဲ့ ပါရမီက နည်းနည်းတော့ လိုအပ်ချက်ရှိနေပေမဲ့ နောင်ကျရင်တော့ မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို မင်း ဖောက်နိုင်မှာပါ။ ဒါပေမဲ့ ဟေးယွဲ့နန်းတော်ကို သွားရမယ်ဆိုတာကတော့ နည်းနည်း မသင့်တော်သလိုပဲ။ ဝေရှင်း။ မင်း တခြားနန်းတော်ကို ရွေးချင်လား။ ငါ တခြားနေရာကို စီစဉ်ပေးလို့ရတယ်။"
ဆရာဘိုးဘိုးရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဝေရှင်းဟာ ချက်ချင်းပဲ ထိတ်လန့်သွားပြီး "ဒုန်း" ဆိုတဲ့ အသံနဲ့အတူ ဒူးထောက်လိုက်ပါတော့တယ်။
"ဆရာဘိုးဘိုး... ကျွန်တော်မျိုး ဝေရှင်းလို အပြင်လူတစ်ယောက်အတွက် အတွင်းစည်း တပည့် ဖြစ်ခွင့်ရတာတင် တကယ့်ကို ကံကောင်းလှပါပြီ။ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ကျွန်တော်နဲ့ အသင့်တော်ဆုံးက ဟေးယွဲ့နန်းတော်ပဲလို့ ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အရည်အချင်းက မပြည့်စုံသေးဘူးဆိုတာ သိပေမဲ့လည်း ဟေးယွဲ့နန်းတော်ထဲကိုပဲ ဝင်ရောက် စမ်းသပ်ကြည့်ချင်ပါတယ်။"
"မင်း သေချာရဲ့လား။ ဟေးယွဲ့နန်းတော်ထဲ တစ်ခါဝင်ပြီးရင် နောက်ထပ် ပြောင်းလဲခွင့် မရှိတော့ဘူးနော်။"
"စိတ်ချပါ ဆရာဘိုးဘိုး။ ကျွန်တော် ဝေရှင်းဟာ အသက်ရှင်ရင် ဟေးယွဲ့နန်းတော်ရဲ့ လူ၊ သေရင်လည်း ဟေးယွဲ့နန်းတော်ရဲ့ သရဲအဖြစ်ပဲ နေသွားပါ့မယ်။ ဒီတစ်သက်မှာ ဘယ်တော့မှ မပြောင်းလဲပါဘူး။"
ဝေရှင်းရဲ့ စကားကို ကြားရတော့ ဆရာဘိုးဘိုးလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပါဘူး။
"ရှင်းဟီ ရှာဖွေတွေ့ရှိခဲ့တဲ့လူဆိုတော့လည်း... သူ့ရဲ့ စိတ်ဓာတ်က အရမ်းကို ခိုင်မာလွန်းတာပဲ။"
တခြားနန်းတော်က တပည့်တွေကို ကြည့်ပါဦး။ ဟေးယွဲ့နန်းတော် သွားခိုင်းရင် သေရတော့မယ့်အတိုင်း အမူအရာတွေ ဖြစ်နေကြတာ။ ဝေရှင်းကို ကြည့်လိုက်ပါဦး။
ဆရာဘိုးဘိုး ခေါင်းညိတ်လိုက်တာကို မြင်မှ ဝေရှင်း တစ်ယောက် သက်ပြင်းချနိုင်ပါတော့တယ်။ ချူရှင်းဟီရဲ့ အရှိန်အဝါက မဟာမိုးကောင်းကင်ဂိုဏ်းမှာ တကယ့်ကို ကြီးမားတာပဲ။ မဟုတ်ရင် အခုလို အရေးကြီးတဲ့ ဟေးယွဲ့နန်းတော်ကို သွားဖို့ ဆရာဘိုးဘိုးက သဘောတူမှာ မဟုတ်ဘူး။
ဆရာဘိုးဘိုးရဲ့ လမ်းညွှန်ချက်တွေကို နားထောင်ပြီးတဲ့နောက် ဝေရှင်းဟာ ဆရာဘိုးဘိုးကို နှုတ်ဆက်ပြီး တောင်ခြေက တပည့်ဆီကနေ မဟာမိုးကောင်းကင်ဂိုဏ်း အတွင်းစည်း တပည့် ဝတ်စုံကို လက်ခံရယူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဟေးယွဲ့နန်းတော်ရဲ့ အဝင်ဝကို လှမ်းလာခဲ့ပါပြီ။
ဂိုဏ်းဝတ်စုံကို ရင်ခွင်ထဲပိုက်ထားတဲ့ ဝေရှင်းရင်ထဲမှာ ရည်မှန်းချက်တွေ ပြည့်လျှံနေခဲ့ပါတယ်။
"ညီငယ် ဝေရှင်း... ဒါက ဟေးယွဲ့နန်းတော်ပဲ။ အကြောင်းအမျိုးမျိုးကြောင့် ငါ မင်းနဲ့အတူ အထဲကို လိုက်မလာတော့ဘူး။ ညီငယ်ပဲ အထဲက တခြားဂိုဏ်းတူအစ်ကိုကြီးတွေကို ရှာပြီး မဟာသူတော်စင်ကြီးဆီမှာ ကိုယ်တိုင် သွားရောက် သတင်းပို့လိုက်ပါတော့။"
တောင်ခြေက တပည့်ဟာ ပြောပြီးတာနဲ့ နောက်ကိုတောင် လှည့်မကြည့်ဘဲ ဟေးယွဲ့နန်းတော်ကနေ ထွက်သွားပါတော့တယ်။
လမ်းပြပေးတဲ့ တပည့် ထွက်သွားတာကို ကြည့်ပြီး ဝေရှင်း တစ်ယောက် အရမ်းကို စိတ်လှုပ်ရှားနေပါပြီ။
"ဟေးယွဲ့နန်းတော်ဆိုတာ တကယ်ကို ထူးခြားတာပဲ။ သာမန်တပည့်တွေတောင် ဝင်ခွင့်မရှိဘူး။ ငါ ဝေရှင်းအနေနဲ့ ဟေးယွဲ့နန်းတော်ထဲ ဝင်ခွင့်ရတယ်ဆိုတာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အနာဂတ် အာဏာဗဟိုချက်ထဲကို ကြိုတင်ဝင်ရောက်နိုင်ခဲ့တာပဲ။"
စိတ်လှုပ်ရှားမှုတွေနဲ့အတူ ဝေရှင်းဟာ သူ့ရှေ့မှာရှိတဲ့ ဟေးယွဲ့မြို့တော်ကြီးကို ငေးကြည့်နေမိပါတယ်။
ဝေရှင်း အနေနဲ့ ဒီမြို့တော်အကြောင်း ကြားဖူးထားပြီးသားပါ။ ဒါဟာ ရှေးခေတ်ဟောင်းက ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန် မြို့တော်ကြီးလေ။ ဟေးယွဲ့မြို့တော်ရဲ့ ခမ်းနားထည်ဝါမှုတွေအကြောင်း အကြိမ်ကြိမ် ကြားဖူးထားပေမဲ့ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာတော့ ဝေရှင်းဟာ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားလို့ မရတော့ပါဘူး။
ဟေးယွဲ့မြို့တော်ထဲကို ခြေချလိုက်တဲ့ အချိန်မှာပဲ ဝေရှင်း ဟာ သူ့ကံကြမ္မာရဲ့ စက်ဝန်းဟာ စတင်လည်ပတ်နေပြီဆိုတာ သိလိုက်ပါတယ်။ ဒီအချိန်မှာ ဘယ်သူကမှ သူ့ကို ဟေးယွဲ့နန်းတော်ထဲ ဝင်ရောက်ဖို့ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။
မြို့တော်ထဲ လမ်းလျှောက်လာရင်း ဝေရှင်းဟာ ဟေးယွဲ့မြို့တော်ရဲ့ ရှေးဟောင်းအလှတရားတွေကို တသသ ငေးမောကြည့်ရှုနေမိပါပြီ။
"ဒီနေရာဟာ ငါ ဝေရှင်း အာဏာရလာမယ့် နေရာပဲ။"
သူလျှိုဘဝ၊ ဆိုင်အကူဘဝကနေ အခုလို ဟေးယွဲ့နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ဝေရှင်း အရင်က အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အရာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဝေရှင်းဟာ ဒီဟေးယွဲ့နန်းတော်ရဲ့ လျှို့ဝှက်ချက်မှန်သမျှကို မြေလှန်ဖော်ထုတ်ပစ်မယ်လို့ မိုးကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ပါတယ်။
ဝေရှင်းဟာ မြို့ထဲမှာရှိတဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေ၊ အစ်မကြီးတွေကို လိုက်ရှာဖို့ ရှေ့ကို ဆက်လျှောက်လာပါတယ်။ ဒါပေမဲ့ ဝေရှင်း တစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်တော့ပါဘူး။ ဟေးယွဲ့နန်းတော်မှာ လူက တကယ်ကို နည်းလွန်းနေတာပဲ။
ဒီလောက်အထိ ဝေးဝေးလံလံ လျှောက်လာခဲ့တာတောင် ဟေးယွဲ့နန်းတော်က လူတစ်ယောက်တစ်လေမှ မတွေ့ရသေးဘူးလား။
"ဒါပေမဲ့ လူနည်းတာက ပိုကောင်းတာပေါ့၊ လူနည်းလေ အခွင့်အရေး ပိုများလေပဲ မဟုတ်လား။"
"အခွင့်အရေးဆိုတာ ပြင်ဆင်ထားတဲ့သူတွေအတွက်ပဲ"
ဝေရှင်း တစ်ယောက် ကြွေးကြော်နေတုန်းမှာပဲ ရှေ့ကနေ အသံတစ်ခု ကြားလိုက်ရပါတယ်။ ဝေရှင်း အရမ်းကို စိတ်လှုပ်ရှားသွားပါပြီ။ (ဒါ ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတွေ ဖြစ်မှာပဲ။)
ဝေရှင်းဟာ အမြန်လျှောက်သွားပြီး ရှေ့က လမ်းချိုးကို ကွေ့လိုက်ပါတယ်။ သူ ပထမဆုံး ဆုံတွေ့ရမယ့် ဂိုဏ်းတူအစ်ကိုကြီးကို နှုတ်ဆက်ဖို့ အဆင်သင့် ပြင်ထားလိုက်ပါပြီ။
"မင်္ဂလာပါ... ကျွန်တော် ဝေ..."
ဝေရှင်း စကားတောင် မဆုံးသေးပါဘူး၊ သူ့ခေါင်းထက် နှစ်ဆမက ပိုကြီးတဲ့ ခေါင်းကြီးတစ်ခုက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိတဲ့အချိန်မှာပဲ ဝေရှင်းဟာ သူ့ရဲ့ ပေါင်ကြားထဲမှာ နွေးခနဲ ခံစားလိုက်ရပါပြီ။
ဝေရှင်းက သတ္တိနည်းလို့ မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်အနေနဲ့ ဒီလောက်ကြီးမားတဲ့ မိစ္ဆာသားရဲကြီးကို ဒီလောက် နီးနီးကပ်ကပ် မြင်ဖူးပါ့မလား။
အဲဒီအချိန်မှာ မိစ္ဆာသားရဲကြီးဟာ ဝေရှင်းကို ရက်ရက်စက်စက် စိုက်ကြည့်နေပြီး ပါးစပ်ကြီးကို အနည်းငယ် ဟလိုက်ပါတယ်။ သွေးညှီနံ့တွေပါတဲ့ အသက်ရှူသံပြင်းပြင်းတွေဟာ ဝေရှင်းရဲ့ မျက်နှာပေါ်ကို တိုက်ရိုက် ကျရောက်လာပါပြီ။
အဲဒီအခိုက်အတန့်မှာပဲ ဝေရှင်းဟာ သူ့ဘောင်းဘီထဲမှာ သေးထွက်ကျလာသလို ဝမ်းတွေပါ လျောထွက်သွားတာကို ခံစားလိုက်ရတယ်။
သူဟာ "ဒုန်း" ဆိုတဲ့ အသံနဲ့အတူ မြေပြင်ပေါ်ကို လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပါပြီ။
သတိမလွတ်ခင် နောက်ဆုံးအချိန်မှာ ဝေရှင်းဟာ အဝေးကနေ အော်ဟစ်သံတချို့ကို ကြားလိုက်ရပါတယ်။
"မြန်မြန်... မြန်မြန်လုပ်... ဟိုမှာ လူတစ်ယောက်ရှိတယ်..."
"လူရှိတော့ ဘာဖြစ်လဲ။ ကြောက်စရာလား... သားရဲကြီးကိုပဲ စားခိုင်းလိုက်လေ။ အရင်ကလည်း စားခံခဲ့တာပဲ မဟုတ်ဘူးလား"
***