ဝေရှင်း တစ်ယောက် ချက်ချင်းပဲ ကိုယ်လက်တွေ တောင့်တင်းသွားပြီး လဲကျသွားပါတော့တယ်။
"မြန်မြန်... သူ့ကို ကယ်ကြဦး... သူက ငါတို့လူ မဟုတ်ဘူး ထင်တယ်။"
"ဟာ... မြန်မြန်၊ မြန်မြန်၊ မြန်မြန်။"
အရပ်မျက်နှာအသီးသီးကနေ ဟေးယွဲ့ကလန်သား အတော်များများဟာ ပျာပျာသလဲ ပြေးထွက်လာကြပါတယ်။ မြေပြင်ပေါ်မှာ လဲနေတဲ့ ဝေရှင်းကို မြင်လိုက်ရတဲ့အခါ သူတို့တွေလည်း သေနည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ အဲဒါကတော့ လန့်သေတာ ပါပဲ။
တကယ်တော့ ဒီနေ့ သူတို့တွေ ပျင်းနေတာနဲ့ မိစ္ဆာသားရဲတစ်ကောင်ကို တမင်လွှတ်ပြီး "မင်းလိုက် ငါပြေး၊ မိရင် စားကြေး" ဆိုတဲ့ ဂိမ်းဆော့နေကြတာပါ။
ဒါပေမဲ့ ဆော့ရင်းဆော့ရင်းနဲ့ သားရဲကြီးက ဒဏ်မခံနိုင်တော့ဘဲ ပြောင်းပြန်ဖြစ်သွားပါတော့တယ်။ သားရဲကြီးက အရှေ့ကပြေးပြီး ဟေးယွဲ့ကလန်တွေက အနောက်က လိုက်ဖမ်းတဲ့ပွဲ ဖြစ်သွားတာပေါ့။ တကယ်လို့ သားရဲကြီးကို မိသွားရင် သူတို့က ဟီးဟီး လုပ်ကြမှာလေ။
ဟီးဟီး လုပ်တယ်ဆိုတာက သားရဲကြီးကို သတ်ပြီး အိုးယန်မိသားစု ကို ချက်စားဖို့ ပေးလိုက်တာပါ။ ပြီးရင် သူတို့က စားရင်းနဲ့ ဟီးဟီး လုပ်ပြီး ရယ်မောကြမှာလေ။
ဒါပေမဲ့ ပျော်ပျော်ပါးပါး လိုက်ဖမ်းနေတုန်းမှာပဲ အခုလို ပြောင်းလဲမှုတွေ ရုတ်တရက် ဖြစ်လာတာပါ။
ဟေးယွဲ့ကလန်သားတွေ တကယ်ကို လန့်သွားကြပါတယ်။ သားရဲကြီးက တခြားနန်းတော်က တပည့်ကို စားလိုက်တာမျိုး၊ ဒါမှမဟုတ် ဒဏ်ရာရအောင် လုပ်လိုက်တာမျိုး ဖြစ်သွားရင်တော့ သွားပြီလေ။
ဘာပဲဖြစ်ဖြစ် ဟေးယွဲ့နန်းတော်ထဲကို မိစ္ဆာသားရဲတွေ ထည့်ထားတာက သူရဲကောင်းလေး ချူရှင်းဟီ စီစဉ်ထားတာ မဟုတ်လား။
တကယ်လို့ သူတို့ ကစားတာ လွန်သွားလို့ သူရဲကောင်းလေးရဲ့ စီစဉ်မှုတွေသာ ပျက်စီးသွားရင် မဟာသူတော်စင်ကြီး ကတော့ ချက်ချင်း မျက်နှာပျက်ပြီး ဒေါသတွေ ပေါက်ကွဲသွားမှာပါ။
အဲဒီအချိန်ကျရင် မဟာသူတော်စင်ကြီးက သူတို့အားလုံးကို ဘယ်တော့မှ ထပ်သေခွင့်မရှိစေရ ဆိုပြီး အပြစ်ပေးတော့မှာ မဟုတ်ဘူးလား။
ဒါ့အပြင် မဟာသူတော်စင်ကြီးရဲ့ အပြစ်ပေးမှုက တစ်ပိုင်း၊ သူရဲကောင်းလေးသာ သိသွားရင်တော့ သေချာပေါက် ဒေါသထွက်မှာပါပဲ။
ဟေးယွဲ့ကလန်သား အတော်များများဟာ အသည်းအသန် ပြေးဝင်သွားကြပါတယ်။ ကံကောင်းတာက သားရဲကြီးဟာ ခုနတင် ဟေးယွဲ့ကလန်ဝင် အတော်များများကို စားထားပြီးဖြစ်လို့ အခုလောလောဆယ် သိပ်ပြီး အစားစားချင်စိတ် မရှိပုံရပါဘူး။ ဒါကြောင့် မြေပြင်ပေါ်က ဝေရှင်းကို ကြည့်နေရုံပဲရှိပြီး ထပ်ပြီး ရန်မမူတော့ပါဘူး။
ဟေးယွဲ့ကလန်တွေက သားရဲကြီးကို အမြန်ရှင်းလင်းလိုက်ပြီး မြေပေါ်မှာ လဲနေတဲ့ ဝေရှင်းကို စစ်ဆေးကြည့်တော့ အသက်အန္တရာယ် မရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
“ဒါပေမဲ့ ဒီညီငယ်ရဲ့ သတ္တိကတော့ နည်းနည်းလေး နည်းလွန်းနေသလားလို့။ ဒီလောက်လေး ခြောက်လိုက်တာကိုတင် သေးတွေ ဝမ်းတွေတောင် မထိန်းနိုင်တော့ဘူးလား။”
“သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကတော့ အများကြီး လေ့ကျင့်ဖို့ လိုဦးမှာပဲ။”
ဟေးယွဲ့ကလန်သားတွေဟာ သားရဲကြီးရဲ့ အလောင်းကိုတောင် ဂရုမစိုက်နိုင်ဘဲ ဝေရှင်းကို မြေပေါ်ကနေ အမြန်ထူမလိုက်ကြပါတယ်။ ပြီးတော့ လူတစ်စုက ဝေရှင်းကို အနားယူဖို့ အခန်းတစ်ခုထဲ သယ်သွားကြပါတော့တယ်။
…
ဝေရှင်း တစ်ယောက် ဘယ်လောက်ကြာကြာ သတိလစ်နေလဲ မသိပေမဲ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ ညနေစောင်းနေပါပြီ။
ဝေရှင်းဟာ အမှောင်လွှမ်းနေတဲ့ အခန်းကို ထိတ်လန့်တကြား ကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာ ဝေရှင်းရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုပဲ ဝင်လာပါပြီ။
"ငါ ငရဲပြည် ရောက်နေတာလား။"
မကြာခင်မှာပဲ ဝေရှင်းဟာ သူ အသက်ရှင်နေသေးတယ်ဆိုတာ သတိထားမိသွားပါတယ်။
သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး ဘာမှ ချို့ယွင်းချက်မရှိတာ သိလိုက်ရတော့မှ ဝေရှင်း ခဏတာ စိတ်အေးသွားရပါပြီ။
ဒါပေမဲ့ ဟို သားရဲကြီးအကြောင်း ပြန်စဉ်းစားမိတော့ ဝေရှင်းမှာ ကြောက်စိတ်တွေက ကျန်နေတုန်းပါပဲ။
သူက သတ္တိနည်းလို့ မဟုတ်ပါဘူး။ အဲဒီ သားရဲကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းနေတာပါ။
ဝေရှင်းရဲ့ ကျင့်ကြံမှု ပါရမီက သာမန်ပဲမို့ အခုထိ အဆင့် (၃) ပဲ ရှိပါသေးတယ်။ ပြီးတော့ ဥက္ကာခဲသံတွင်းမှာ နှစ်ပေါင်းများစွာ နေခဲ့တာဆိုတော့ တိုက်ပွဲအတွေ့အကြုံကလည်း သိပ်မရှိဘူးလေ။
အဲဒီ သားရဲကြီးက ဘယ်အဆင့်လဲဆိုတာ ဝေရှင်း မသိပေမဲ့ သူ့ကို သတ်ချင်ရင်တော့ တစ်ကိုက်တည်းနဲ့ တင် လုံလောက်တယ်ဆိုတာ သူ သိပါတယ်။
"ဒါပေမဲ့ ငါက ဟေးယွဲ့နန်းတော်မှာ မဟုတ်ဘူးလား။"
"ဘာလို့ ဟေးယွဲ့နန်းတော်ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သားရဲကြီး ရှိနေရတာလဲ။"
ဝေရှင်း တစ်ယောက် ခေါင်းထဲ မေးခွန်းတွေ အပြည့်ဖြစ်နေတုန်းမှာပဲ တံခါးပွင့်လာပါတယ်။
"အလို။ ညီငယ်... မင်း နိုးပြီလား..." အပြင်ကနေ ဟေးယွဲ့ကလန် ဂိုဏ်းတူအစ်ကိုကြီး တစ်စုဟာ အုံနဲ့ကျင်းနဲ့ ဝင်လာကြပါတယ်။
ဝေရှင်း ပျော်လား၊ မပျော်လား ဂရုမစိုက်ဘဲ အဲဒီလူစုက ဝေရှင်းကို ဆွဲကိုင်ပြီး ခြေဆုံးခေါင်းဆုံး သေချာ ထပ်စစ်ဆေးကြပြန်ပါပြီ။
ဝေရှင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ အတည်ပြုနိုင်တော့မှ အားလုံး စိတ်အေးသွားကြပါတော့တယ ်။
"ညီငယ်... ဒီနေ့ကိစ္စက မတော်တဆလေးပါ။ အဲဒီ သားရဲကြီးက မှားပြီး ထွက်လာတာ။ ငါတို့လည်း သူ့ကို သတ်ပစ်လိုက်ပြီဆိုတော့ ညီငယ် ဘာမှ စိတ်ပူစရာမလိုတော့ပါဘူး။ ကောင်းကောင်း အနားယူပြီးရင် မင်းရဲ့ နန်းတော်ဆီ ငါတို့ ပြန်ပို့ပေးပါ့မယ်။"
"ဟင်။ ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော်က ဟေးယွဲ့နန်းတော်ကပဲလေ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ကျွန်တော့်ကို ဟေးယွဲ့နန်းတော် တပည့်ဖြစ်ဖို့ စီစဉ်ပေးလိုက်တာပါ။ နောင်ကျရင် ဂိုဏ်းတူအစ်ကိုကြီးတို့ ကျွန်တော့်ကို အများကြီး ကူညီ သင်ပြပေးပါဦး။"
ဝေရှင်းက သူဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကိုယ်တိုင် လွှတ်လိုက်တဲ့သူဖြစ်ကြောင်း အမြန်ရှင်းပြလိုက်ပါတယ်။
ဒါပေမဲ့ ဝေရှင်းရဲ့ စကားအဆုံးမှာတော့ တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါပြီ။
"ဘာ။ မင်းကို သူရဲကောင်းလေးက လွှတ်လိုက်တာ ဟုတ်လား။"
"မင်း မှားနေတာ ဖြစ်မှာပါ... သူရဲကောင်းလေးက ဒီလောက် သတ္တိနည်းတဲ့လူကို ဘယ်လိုလုပ် လွှတ်မှာလဲ..."
"ဟုတ်တယ်၊ ဟုတ်တယ်... ဒီလောက် သတ္တိနည်းတဲ့လူက ဟေးယွဲ့နန်းတော်မှာ ဘယ်လိုလုပ် နေလို့ရမှာလဲ။"
"ညီငယ်... မင်းရဲ့ သတ္တိက အရမ်းနည်းလွန်းတယ်၊ ဟေးယွဲ့နန်းတော်နဲ့ မသင့်တော်ပါဘူး။ တခြားနန်းတော်တစ်ခုခုကိုပဲ ရွေးလိုက်ပါဦး..."
ဟေးယွဲ့ကလန်တွေက တစ်ယောက်တစ်ပေါက် ပြောနေကြပေမဲ့ ဒါကို ကြားလိုက်ရတဲ့ ဝေရှင်းကတော့ ဒေါသထွက်သွားပါပြီ။
"တခြားနန်းတော်ကို ရွေးပါဦး" ဆိုတာ ဘာသဘောလဲ။
(ငါ ဝေရှင်းဟာ ဟေးယွဲ့နန်းတော်ထဲ ဝင်ခွင့်ရဖို့ (၁၅) နှစ်တိုင်တိုင် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ရတာဆိုတာ မင်းတို့ သိကြရဲ့လား။ အခုမှ အနက်နဲဆုံးဖြစ်တဲ့ ဟေးယွဲ့နန်းတော်ထဲ ဝင်ခွင့်ရခါမှ မင်းတို့က ငါ့ကို နေရာပြောင်းခိုင်းနေတာလား။)
(ငါ ပြောလိုက်မယ်... ငါ တစ်လက်မတောင် မရွေ့ဘူး။)
ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတွေကို ကြည့်ရင်း ဝေရှင်းဟာ အဲဒီနေရာမှာတင် မိုးကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ပါတော့တယ်။
“ကျွန်တော့်အနေနဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ကိုယ်တိုင် စီစဉ်ပြီး လွှတ်လိုက်တာဖြစ်လို့ ဟေးယွဲ့နန်းတော်ကနေ ဘယ်တော့မှ ထွက်မသွားဘူး။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မျှော်လင့်ချက်တွေကိုလည်း ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အသက်ရှင်ရင် အမှောင်လလူ၊ သေရင် အမှောင်လသရဲပဲ။ ဒီတစ်သက်မှာ ဟေးယွဲ့နန်းတော်ကနေ ဘယ်တော့မှ မထွက်သွားဘူးဆိုတာ လုံး၀ သေချာပါတယ်။”
ဝေရှင်း စကားပြောပြီးတဲ့နောက်မှာတော့ ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတွေ အနည်းဆုံးတော့ စိတ်လှုပ်ရှားသွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
ဒါပေမဲ့ ဝေရှင်းရဲ့ စကားအဆုံးမှာတော့ ဟေးယွဲ့ကလန် အစ်ကိုကြီးတွေရဲ့ မျက်နှာပေးက တစ်မျိုး ဖြစ်သွားတာကို သူ သတိထားမိလိုက်ပါတယ်။
သူ ဟေးယွဲ့နန်းတော်ကို ဝင်မယ်လို့ စသိတုန်းက သူတို့မျက်နှာတွေမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ရှိခဲ့တာလေ။
သူ့ရဲ့ စကားတွေအပြီးမှာတော့ အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ရှိနေသေးပေမဲ့ အဲဒီအထင်အမြင်သေးမှုတွေဟာ ဘာဖြစ်လို့ စိတ်လှုပ်ရှားမှုတွေအဖြစ် ပြောင်းလဲကုန်ရတာလဲ။
မကြာခင်မှာပဲ ဝေရှင်းဟာ ဟေးယွဲ့ကလန် အစ်ကိုကြီးတွေ ဘာလို့ စိတ်လှုပ်ရှားနေရလဲဆိုတာ သိလိုက်ရပါတယ်။
သူဟာ ဟေးယွဲ့နန်းတော်ကနေ ဘယ်တော့မှ ထွက်မသွားဘူးလို့ ကြေညာပြီးတဲ့နောက်မှာတော့ ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတစ်စုဟာ ဆက်တိုက်ကို အော်ဟစ်အောင်ပွဲခံနေကြပါတော့တယ်။
"ငါတို့ ဟေးယွဲ့နန်းတော်မှာ နောက်ဆုံးတော့ ကိုယ်ပိုင်တပည့်လေး တစ်ယောက် ရပြီဟေ့။"
"ပြီးတော့ သူက အရမ်းကို သတ္တိနည်းတဲ့ ညီငယ်လေးဆိုတော့ ဒါဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ မကောင်းပေဘူးလား။"
“ငါတို့ ဟေးယွဲ့ကလန်တွေအတွက် ဒါက လွယ်ကူခဲ့လို့လား။”
“မဟာမိုးကောင်းကင်ဂိုဏ်းထဲ ဝင်လာကတည်းက ငါတို့ဟာ သေခြင်းတရားရဲ့ ပျော်ရွှင်မှုအမျိုးမျိုးကို အမြဲ ရှာဖွေခဲ့ကြတာ။ ဒါပေမဲ့ သေနည်းအမျိုးမျိုးကို စမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ အရင်ကလို မပျော်တော့ဘူးဆိုတာကို တဖြည်းဖြည်း တွေ့လာရတယ်။”
“ဟေးယွဲ့ကလန် အများအပြား စုဝေးပြီး ဘာလို့ သေရတာက အရင်လို မပျော်တော့တာလဲဆိုတာကို အမြဲ စဉ်းစားခဲ့ကြတယ်။”
“အကြောင်းပြချက်က ရိုးရိုးလေးပါပဲ။ သေခြင်းတရားဆိုတာ တကယ်တော့ တခြားလူတွေရဲ့ အသိအမှတ်ပြု ချီးကျူးမှုကို လိုအပ်တာလေ။”
“ငါတို့က ကိုယ့်ဘာသာကိုယ် သေနေရတာကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဒါဟာ အရမ်းကို ပျင်းစရာကောင်းမနေဘူးလား။”
ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ ဟေးယွဲ့ကလန်ဝင်တွေဟာ နန်းတော်ပေါင်းစုံက တပည့်တွေကို သူတို့ရဲ့ သေခြင်းတရား ဖျော်ဖြေမှုတွေကို လာရောက်ကြည့်ရှု အားပေးဖို့ ရူးရူးမူးမူး ဖိတ်ခေါ်ကြပါတော့တယ်။
အစပိုင်းမှာတော့ အဆင်ပြေပါတယ်၊ နန်းတော်အသီးသီးက တပည့်တွေလည်း ငြင်းရခက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဟေးယွဲ့ကလန် အစ်ကိုကြီးတွေက သူတို့ကို နေ့စဉ်ရက်ဆက် အများကြီး ကူညီပေးထားခဲ့တာလေ မဟုတ်ဘူးလား။
ဒါကြောင့် လူတိုင်းဟာ ဟေးယွဲ့ကလန်တွေရဲ့ ထူးဆန်းတဲ့ သေနည်းအမျိုးမျိုးကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ဒါပေမဲ့ အမလေးဗျာ... ဘယ်သာမန်လူကများ နေ့တိုင်း သေနည်းပေါင်း တစ်သောင်းလောက် ပြနေတာကို ထိုင်ကြည့်ချင်မှာလဲ။
ကြာလာတော့ နန်းတော်ပေါင်းစုံက တပည့်တွေ တကယ်ကို ဒဏ်မခံနိုင်တော့ပါဘူး။
ဟေးယွဲ့နန်းတော်ရဲ့ ဖိတ်ကြားမှုတွေကို လူတိုင်းက အကြောင်းပြချက်အမျိုးမျိုးပေးပြီး ငြင်းဆန်လာကြပါတယ်။
မတတ်သာတဲ့အဆုံး ဟေးယွဲ့နန်းတော် အစ်ကိုကြီးတွေဟာ နန်းတော်အသီးသီးကို လိုက်သွားပြီး သူတို့ရဲ့ သေခြင်းတရားတွေကို သွားရောက် ဖျော်ဖြေကြပါတော့တယ်။
ရလဒ်ကတော့ ဖျော်ဖြေပြီး ရက်ပိုင်းအတွင်းမှာတင် နန်းတော်အသီးသီးက နန်းတော်ရှင် အကြီးအကဲတွေ ထိုင်မရ ဖြစ်ကုန်ကြတာပါပဲ/ သူတို့တွေဟာ မဟာသူတော်စင်ကြီး ဆီကို အတူတူ သွားရောက်ပြီး ပြောလိုက်ကြပါပြီ။
"တောင်းပန်ပါတယ်၊ ဟေးယွဲ့ကလန်သားတွေ အနေနဲ့ တခြား သာမန်တပည့်တွေကို ခွင့်လွှတ်ပေးဖို့ ပြောပေးပါဦး..."
"ကြည့်ပါဦး၊ ဟေးယွဲ့ကလန်တွေ ဒီလိုမျိုး လိုက်ပြီး ဖျော်ဖြေနေတာကြောင့် ကျွန်တော်တို့ တပည့်တွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ သိကြရဲ့လား။"
ဒါကြောင့် မဟာသူတော်စင်ကြီးလည်း မတတ်သာတော့ဘဲ ဟေးယွဲ့ကလန်သားတွေကို တခြားနန်းတော်တွေမှာ သွားပြီး သေခြင်းတရား ဖျော်ဖြေမှုတွေ မလုပ်ဖို့ နောက်ဆုံးမှာ အမိန့်ထုတ်လိုက်ရပါတယ်။
ဒါပေမဲ့ လူတိုင်း ကျေနပ်အောင်လို့ မဟာသူတော်စင်ကြီးက ဆရာဘိုးဘိုး ဆီမှာ ဟေးယွဲ့နန်းတော်အတွက် တပည့်သစ်တစ်စု ရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရလဒ်ကတော့ အဲဒီတပည့်သစ်တွေဟာ ဟေးယွဲ့နန်းတော်မှာ တစ်ရက်ပဲ ခံပြီး စိတ်ဓာတ်တွေ လုံးဝ ပြိုလဲကုန်ကြတာပါပဲ။
ဟေးယွဲ့နန်းတော် အစ်ကိုကြီးတွေက တခြားနန်းတော်တွေမှာ သွားပြတုန်းကတော့ အထိုက်အလျောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ကြတာလေ။ ဟေးယွဲ့နန်းတော်ထဲမှာကျတော့ သူတို့တွေဟာ အစွမ်းကုန် လွှတ်ပေးလိုက်ကြပါပြီ။
“အမလေး... ဘယ်သူကများ နေ့တိုင်း သူတို့ သေနေတာကို ဒီလိုမျိုး ထိုင်ကြည့်နိုင်မှာလဲ။”
ဒါကြောင့် ဒုတိယမြောက်နေ့မှာတင် တပည့်အားလုံး ဟေးယွဲ့နန်းတော်ကနေ ထွက်သွားကြပါတော့တယ်။
ဟေးယွဲ့နန်းတော်ကလူတွေဟာ အရမ်းကို ဝမ်းနည်းသွားကြပါပြီ။ သူတို့ရဲ့ သေခြင်းတရား ဖျော်ဖြေမှုတွေကို ကြည့်မယ့်သူ မရှိတော့ရင် သူတို့ အသက်ရှင်နေရတာ ဘာမှ အဓိပ္ပာယ် မရှိတော့ဘူးလေ။
ကံကောင်းတာက သူရဲကောင်းလေးဟာ လူရိုင်းမျိုးနွယ်စုတွေကို ရုတ်တရက်ကြီး ဖိတ်ခေါ်လိုက်ပါတယ်။ လူရိုင်းမျိုးနွယ်တွေ ရောက်လာတာဟာ ဟေးယွဲ့ကလန်တွေအတွက် ပျော်ရွှင်မှုအသစ်တွေကို ယူဆောင်လာပေးခဲ့တာပေါ့။
ဟေးယွဲ့ကလန်တွေဟာ လူရိုင်းမျိုးနွယ်တွေဆီ ပြေးသွားပြီး သူတို့ရဲ့ သေနည်းတွေကို သွားရောက် ဖျော်ဖြေကြပါတယ်။
အစပိုင်းမှာတော့ လူရိုင်းမျိုးနွယ်တွေဟာ ဟေးယွဲ့နန်းတော်ရဲ့ ထူးခြားပြီး စိတ်အားထက်သန်တဲ့ ဖျော်ဖြေမှုတွေကြောင့် တကယ်ကို တုန်လှုပ်သွားခဲ့တာပါ။ ဒါပေမဲ့ တုန်လှုပ်မှုတွေအပြီးမှာတော့ လူရိုင်းမျိုးနွယ်တွေလည်း အတိုင်းမသိ ဝမ်းသာသွားကြပါတယ်။
အထူးသဖြင့် လူရိုင်းဘုရင်ကြီး ဒူးဒင်အာ ပါပဲ။
အရင်တုန်းက လူရိုင်းဘုရင်ကြီးတွေဟာ မိစ္ဆာသားရဲတွေကို မွေးမြူတဲ့အခါ လူသားယဇ်ပူဇော်မှုကို သုံးပြီး သားရဲတွေရဲ့ စိတ်ဝိညာဉ်အတွင်းက ရိုင်းစိုင်းကြမ်းတုတ်မှုကို နှိုးဆွပေးလို့ ရမလားဆိုတာကို စဉ်းစားဖူးပါတယ်။
အရင်ကတော့ သူတို့မှာ ဒီလိုအခွင့်အရေး မရှိခဲ့ဘူး၊ အခုတော့ ရသွားပြီလေ။
ဒါကြောင့် အစပိုင်း တုန်လှုပ်မှုတွေအပြီးမှာတော့ လူရိုင်းမျိုးနွယ်ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ဟေးယွဲ့နန်းတော် အစ်ကိုကြီးတွေကို ယဇ်ပူဇော်ခံပေးဖို့အတွက် တောင်းပန်လာကြပါတော့တယ်။
အစပိုင်းမှာတော့ ဟေးယွဲ့နန်းတော်ကလူတွေဟာ ဒီသတင်းကိုကြားပြီး အရမ်းကို ပျော်ရွှင်သွားကြပါပြီ။ သူတို့ဟာ လူရိုင်းမျိုးနွယ်ရဲ့ တောင်းဆိုမှုတွေကို တောက်လျှောက် ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဟေးယွဲ့ကလန်တွေဟာ လူရိုင်းမျိုးနွယ်တွေရဲ့ တောင်းဆိုချက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ရူးသွပ်ဖောက်ပြန်လာတာကို သတိထားမိလာကြပါတယ်။
"ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော်မွေးထားတဲ့ သားရဲက အသည်းပဲ စားချင်တာတဲ့။ အစ်ကိုကြီးရဲ့ အသည်းကို ထုတ်ပြီး ကျွေးလို့ရမလားဟင်။"
"ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော့် သားရဲက ဟေးယွဲ့ကလန်ဝင်တွေရဲ့ သွေးကို ဒီတိုင်းသောက်ရတာ မကြိုက်ဘူးထင်တယ်။ အရင်ဆုံး သွေးတွေကို ဖောက်ထုတ်၊ ပြီးမှ လေပူနဲ့ အခြောက်ခံပြီး ကျွေးလို့ရမလား။"
နားထောင်ကြည့်ပါဦး... ဒါတွေက သာမန်လူတွေ ပြောရမယ့် စကားတွေလား။
ဟေးယွဲ့ကလန်တွေကတောင် ပြန်ပြောရတဲ့အထိပါပဲ။
"ငါတို့လို ရူးသွပ် ဖောက်ပြန်တဲ့လူတွေတောင် မင်းတို့ရဲ့ တောင်းဆိုချက်တွေကို ကြည့်ပြီး အရမ်းကို ရူးသွပ် ဖောက်ပြန်လွန်းတယ်လို့ ထင်နေရပြီ သိလား။"
ငါတို့ ဟေးယွဲ့ကလန်တွေက မင်းတို့ကို ပျော်စေချင်လို့ သေပြနေတာလေ။ ဒါပေမဲ့ ကြာလာတော့ ဟေးယွဲ့ကလန်တွေ သိလာတာက လူရိုင်းမျိုးနွယ်တွေဟာ သူတို့ရဲ့ သေခြင်းတရားတွေကို လုံးဝ အသိအမှတ်မပြုတာပါပဲ။ သူတို့မျက်လုံးထဲမှာ သူတို့ရဲ့ သားရဲတွေကိုပဲ မြင်နေကြတာပါ။
ဒါကြောင့် ဒီလိုသေပြရတာမှာ ဘာပျော်စရာမှ မရှိတော့ပါဘူး။
ဟေးယွဲ့ကလန်တွေဟာ သေရတာလည်း အဓိပ္ပာယ်မရှိ၊ အသက်ရှင်နေရတာလည်း အဓိပ္ပာယ်မရှိတော့ဘူးလို့ ညည်းတွားနေကြတုန်းမှာပဲ ဝေရှင်း ပေါ်လာပါတော့တယ်။
ဟေးယွဲ့ကလန် အများအပြားဟာ သူရဲကောင်းလေးရဲ့ မဟာကောင်းကင်ဘုံလောက်ကြီးမားတဲ့ ကျေးဇူးတော်ကို အောက်မေ့ တမ်းတနေကြပါပြီ။
(သူရဲကောင်းလေးက ငါတို့ ဟေးယွဲ့ကလန်တွေအပေါ် တကယ်ကို သံယောဇဉ်ကြီးမားတာပဲ။)
(ငါတို့ ဟေးယွဲ့နန်းတော်မှာ ပျင်းနေမယ်ဆိုတာကို သူရဲကောင်းလေး သိနေတာပဲ။ ဟိုလူရိုင်းမျိုးနွယ်တွေက ဘာမှပျော်စရာမကောင်းဘူးဆိုတာ သိနေလို့ ဘာမှမပြောဘဲ ငါတို့ဆီကို ညီငယ် ဝေရှင်းကို ပို့ပေးလိုက်တာပဲ။)
(ကြည့်ပါဦး... ဒီညီငယ်လေးက ဘယ်လောက်တောင် နုနယ်ပြီး ဖြူစင်လိုက်သလဲ။ အရေးကြီးဆုံးက ဒီညီငယ်လေးက အရမ်းကို သတ္တိနည်းတာပဲ။)
(သားရဲတစ်ကောင်တွေ့ရုံနဲ့တင် ဝေရှင်းက သတိလစ်သွားတာလေ။ ဒီလောက် သတ္တိသေးတဲ့သူကို ငါတို့ရဲ့ သေခြင်းတရား ဖျော်ဖြေမှုတွေ ပြရမယ်ဆိုရင် အကျိုးသက်ရောက်မှုက အမြင့်ဆုံး ဖြစ်မသွားပေဘူးလား။)
(မဟုတ်ပါဘူး... ငါတို့ ဟေးယွဲ့ကလန်တွေက ညီငယ် ဝေရှင်းရဲ့ သတ္တိကို မြှင့်တင်ပေးချင်ရုံသက်သက်ပါ၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကြည့်တာ မဟုတ်ပါဘူးနော်။)
"ဂိုဏ်းတူအစ်ကိုကြီးတို့... ကျွန်တော် အခု အဆင်ပြေပါပြီ။ အစ်ကိုကြီးတို့ အချိန်တွေကို အများကြီး ဖြုန်းမိသွားပြီ။ ကျွန်တော့်ကို မဟာသူတော်စင်ကြီးဆီ လိုက်ပို့ပေးလို့ ရမလား" ဝေရှင်းဟာ သူ အခု ဘယ်လိုလူတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ လုံးဝ မသိသေးပါဘူး။ သူဟာ ရိုးသားတဲ့ မျက်နှာပေးနဲ့ သူ့ရဲ့ တောင်းဆိုချက်ကို ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဝေရှင်းရဲ့ စကားအဆုံးမှာပဲ ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းက ပြောလိုက်ပါတယ်။
"ညီငယ် ဝေရှင်း၊ မဟာသူတော်စင်ကြီးဆီ သွားဖို့ မလောပါနဲ့ဦး။ မင်းက ဒီကို ခုမှ ရောက်တာလေ၊ ဒီနေ့လည်း သားရဲတစ်ကောင်နဲ့ ဆုံခဲ့သေးတယ်။ နောင်ကျရင် သားရဲတွေနဲ့ ထပ်ဆုံခဲ့လို့ ဘယ်လို ရင်ဆိုင်ရမလဲ မသိမှာစိုးလို့ ဒီနေ့ ငါတို့ အစ်ကိုကြီးတွေက မင်းကို သားရဲတွေအကြောင်း ရှင်းပြပေးပါ့မယ်။"
ဝေရှင်းက မလောပါဘူး။ မဟာသူတော်စင်ကြီးနဲ့ တွေ့ပြီးမှ နားထောင်လည်း ရပါတယ်လို့ ပြောချင်နေပါပြီ။
ဒါပေမဲ့ ဝေရှင်း စကားမပြောရသေးခင်မှာတင် တံခါးပွင့်လာပြီး ဟေးယွဲ့ကလန် ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်ဟာ သားရဲတစ်ကောင်ကို ဆွဲပြီး စိတ်လှုပ်ရှားနေတဲ့ မျက်နှာပေးနဲ့ ပြေးဝင်လာပါတယ်။ အဲဒီနောက် ဝေရှင်း မြင်လိုက်ရတာကတော့ အဲဒီအစ်ကိုကြီးက ရယ်မောရင်း သူ့ဘေးက သားရဲကို ပုတ်ပေးလိုက်တာပါပဲ။ သားရဲကြီးကလည်း ဝေခွဲမနေဘဲ "ဂွပ်" ခနဲ တစ်ကိုက်တည်းကိုက်လိုက်ပါပြီ။ အဲဒီဂိုဏ်းတူအစ်ကိုကြီးရဲ့ ခြေထောက်နှစ်ချောင်းပဲ မြေပြင်ပေါ်မှာ ကျန်ခဲ့ပါတော့တယ်။
ဝေရှင်း တစ်ယောက် သူ့ပေါင်ကြားထဲမှာ နွေးခနဲ ပြန်ခံစားလိုက်ရပြီးနောက် ထပ်ပြီး သတိလစ်သွားရှာပါပြီ။
***