ဝေရှင်း တစ်ယောက် အလွန်ရှည်လျားတဲ့ အိမ်မက်ဆိုးကြီးတစ်ခုကို မက်နေရသလို ခံစားနေရပါတယ်။
အိမ်မက်ထဲမှာ သူဟာ ဟေးယွဲ့နန်းတော်ကို ရောက်လာတယ်။ ပြီးတော့ မိစ္ဆာသားရဲတစ်ကောင်ကြောင့် လန့်ပြီး သတိလစ်သွားတယ်။
သူ ပြန်နိုးလာတော့ ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတစ်စုကို တွေ့တယ်။ ဒါပေမဲ့ စကားအနည်းငယ် ပြောပြီးတာနဲ့ အဲဒီဂိုဏ်းတူအစ်ကိုကြီးဟာ သားရဲကြီးရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြန်တယ်။ ဒါဟာ အိမ်မက်ဆိုးမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။
နောက်ဆုံးမှာတော့ ဝေရှင်း တစ်ယောက် ပြန်နိုးလာခဲ့ပါပြီ။ ဝေရှင်း မျက်လုံးဖွင့်လိုက်တဲ့အခါ ရင်းနှီးနေတဲ့ မျက်နှာတွေကို မြင်လိုက်ရပါတယ်။ ဒီမျက်နှာတွေကို ဘာလို့ အိမ်မက်ထဲမှာ မြင်ဖူးနေသလို ဖြစ်နေရတာလဲ။
ဟိုးအနောက်မှာ ရပ်နေတဲ့ အစ်ကိုကြီးဆိုရင် ခုနတင် ခန္ဓာကိုယ် တစ်ဝက်လောက် သားရဲကြီး အကိုက်ခံလိုက်ရတဲ့သူ မဟုတ်ဘူးလား။
အဲဒီအစ်ကိုကြီးဟာ ဘာမှမဖြစ်သလို ကောင်းကောင်းမွန်မွန် ရပ်နေတာကို မြင်တော့မှ ဝေရှင်း တစ်ယောက် ဒါဟာ တကယ်ပဲ အိမ်မက်ဆိုးကြီး ဖြစ်ခဲ့တယ်ဆိုတာ သဘောပေါက်သွားပါတယ်။
ဒါပေမဲ့ ဝေရှင်းက အိမ်မက်ဆိုးကြီး နောက်ဆုံးတော့ ပြီးဆုံးသွားပြီလို့ တွေးနေတုန်းမှာပဲ အိမ်မက်ဆိုးအသစ်က ထပ်ပြီး စတင်လာပါတော့တယ်။
ဟေးယွဲ့ကလန်က ဂိုဏ်းတူအစ်ကိုကြီးတွေကတော့ တကယ့်ကို စိတ်အားထက်သန်လွန်းနေကြတာပါပဲ။။
ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းက ချက်ချင်းပဲ ထွက်လာပြီး ခုနတင် သားရဲကြီးရဲ့ ဝါးမျိုခြင်းကို ခံပြသွားတဲ့ ရှန်းလန်ကို ဆူပူကြိမ်းမောင်းပါတော့တယ်။
"မင်းက ညီငယ် ဝေရှင်းကို ဒီလောက် ပြင်းထန်တဲ့ ဖျော်ဖြေမှုမျိုးကို ဘာလို့ ချက်ချင်းကြီး ပြရတာလဲ။"
"တစ်ဆင့်ချင်းစီ သွားရမှာလေ။"
"မင်း သေတတ်နေတာ ဒီလောက်တောင် ကြာလှပြီ။ တစ်ဆင့်ချင်းစီ သွားရမယ်ဆိုတာကိုတောင် နားမလည်ဘူးလား။"
"လာ... လာ... ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းက မင်းကို ခေါင်းဖြတ်အတတ် ပြပေးမယ်..."
"ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းရဲ့ ခေါင်းဖြတ်အတတ်က ဟို ရှန်းလန်ရဲ့ ခေါင်းဖြတ်အတတ်လိုမျိုးလို့ မထင်နဲ့ဦး။ ကိုယ့်ခေါင်းကို ကိုယ်ဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် တခြားလူကိုပါ သေအောင် ထိုးသတ်နိုင်သေးတယ်ဆိုတာ သိထား။"
တန့်ကျိန်းက စကားတွေ အများကြီး ပြောမနေတော့ပါဘူး။ ချက်ချင်းပဲ ဓားတစ်လက်ကို ဆွဲထုတ်ပြီး သူ့ရဲ့ခေါင်းကို တစ်ချက်တည်းနဲ့ ဖြတ်ချလိုက်ပါတယ်။ ဟေးယွဲ့ကလန်မှာ ခေါင်းဖြတ်အတတ်နဲ့ ပတ်သက်ရင် နံပါတ်တစ်လို့ နာမည်ကြီးတဲ့ တန့်ကျိန်းဆိုတဲ့အတိုင်းပါပဲ။
ခေါင်းပြတ်သွားတဲ့ အခိုက်အတန့်မှာပဲ တန့်ကျိန်းဟာ သူ့လက်ထဲက ဓားကို တကယ်ပဲ ထပ်မံ ဝှေ့ယမ်းလိုက်ပြီး ဘေးနားမှာရှိတဲ့ ရှန်းလန်ကိုပါ ပိုင်းဖြတ်လိုက်ပါတော့တယ်။
ဟေးယွဲ့ကလန် အများအပြားကတော့ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။
တချို့ကလည်း ဝေဖန်အကြံပြုနေကြတုန်းပါ။
"ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းဆိုတာ တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ခေါင်းဖြတ်အတတ်မှာဆိုရင် ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းက ငါတို့ ဟေးယွဲ့ကလန်မှာ သေချာပေါက် နံပါတ်တစ်ပဲ။ ကိုယ့်ခေါင်းကို ကိုယ်ဖြတ်နေတုန်းမှာတောင် တခြားလူကို သေအောင် သတ်နိုင်တာဆိုလို့ ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းပဲ ရှိတာ။"
"လာပါဦး။ ညီငယ် ဝေရှင်း၊ ငါ့မှာတော့ ဂိုဏ်းတူအစ်ကိုကြီး တန့်ကျိန်းလို ခေါင်းဖြတ်အတတ် မတတ်ဘူး။ ဒါပေမဲ့ မင်းကို လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအကြောင်း ရှင်းပြပေးပါရစေ။"
"ကြည့်စမ်း... ဒါက ငါ့ရဲ့ အူတွေ... ဒါက ငါ့ရဲ့ အစာအိမ်။ ဒါက ငါ့ရဲ့ နှလုံး၊ ကြည့်ဦး၊ ကြည့်ဦး။ အခုထိ ခုန်နေတုန်းပဲ..."
"မင်း သိမှာ မဟုတ်ဘူး၊ တကယ်လို့ လူ့နှလုံးသားကို အင်အားအပြည့်နဲ့ ညှစ်လိုက်မယ်ဆိုရင် ပန်းထွက်လာတဲ့ သွေးတွေဟာ တစ်မီတာကျော်အထိ ရောက်နိုင်တယ်ဆိုတာကိုလေ။"
အဲဒီနောက်မှာတော့ ဒီဟေးယွဲ့ကလန် အစ်ကိုကြီးဟာ သူ့ရဲ့ နှလုံးသားကို အင်အားအပြည့်နဲ့ ညှစ်ပြပါတော့တယ်...
သူပြောတဲ့အတိုင်းပါပဲ၊ သွေးတွေဟာ ချက်ချင်းပဲ တစ်မီတာကျော်အထိ ပန်းထွက်သွားပြီး ဝေရှင်းရဲ့ မျက်နှာတစ်ခုလုံးကို စိုရွှဲသွားစေပါတယ်။
ဝေရှင်း တစ်ယောက် သူ့မျက်နှာပေါ်မှာ လတ်လတ်ဆတ်ဆတ် သွေးတွေ ဖုံးလွှမ်းသွားတာကို ခံစားလိုက်ရပါပြီ။
အဲဒီနောက်မှာတော့ သူ့ရဲ့ ပေါင်ကြားထဲမှာ နွေးခနဲ ဖြစ်သွားပြန်ပြီး။ ထပ်ပြီး သတိလစ်သွားပြန်ပါတော့တယ်။
…..
ဘယ်လောက်ကြာသွားလဲ မသိပေမဲ့ ဝေရှင်း တစ်ယောက် ပြန်ပြီး နိုးလာခဲ့ပါပြီ။ ဝေရှင်းက ဒါဟာ အိမ်မက်တစ်ခု၊ တဆက်တည်း ဖြစ်နေတဲ့ အိမ်မက်တစ်ခုလို့ သံသယဝင်လာမိပါတယ်။
ဒီတစ်ခါ နိုးလာတဲ့အခါမှာတော့ ဝေရှင်းက သတိထားပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါပြီ။ ဘေးနားမှာ ဟေးယွဲ့ကလန် အစ်ကိုကြီးတွေကို မတွေ့ရတော့ဘူး။
"အော်... ဒါတွေအားလုံးက အိမ်မက်ပဲ ဖြစ်ရမယ်..."
ဒါပေမဲ့ ဝေရှင်းက ဘာလို့ ဒီလောက် ထူးဆန်းတဲ့ အိမ်မက်မျိုးကို မက်နေရတာလဲလို့ စဉ်းစားနေတုန်းမှာပဲ ဝေရှင်းရဲ့ အကြည့်တွေက မြေပြင်ပေါ်ကို ကျရောက်သွားပါတယ်။
မြေပြင်ပေါ်မှာတော့ ခေါင်းမပါတဲ့ အလောင်းတွေဟာ အစီအရီ လဲကျနေတာ တွေ့လိုက်ရပါပြီ။
ဝေရှင်း အနေနဲ့ အလောင်းတွေကို မမြင်ဖူးတာ မဟုတ်ပါဘူး။ ခေါင်းမပါတဲ့ အလောင်းတွေက သူ့ကို ကြောက်လန့်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့... မြေပြင်ပေါ်မှာ ခေါင်းမပါတဲ့ အလောင်းပုံကြီးရှိနေပြီး အဲဒီအလောင်းပုံရဲ့ ဘေးမှာလည်း သွေးတွေပေနေတဲ့ လူခေါင်းတွေကို အတန်းလိုက်ကြီး ချထားတာမျိုးကိုရော ဘယ်သူမြင်ဖူးမှာလဲ။
အဲဒီလူခေါင်းတွေက ဘာမှမပြောဘဲ မင်းကို စိုက်ကြည့်ပြီး မျက်တောင်တောင် ခတ်ပြနေကြသေးတယ်။ ဒါဟာ လူ့လောကမှာ ရှိနိုင်တဲ့ အရာမျိုးလား။
ဝေရှင်း တစ်ယောက် ဒီတစ်ခါတော့ မတ်မတ်ကြီး ပြန်လဲကျသွားပါတော့တယ်။ ဝေရှင်းက ရင့်ကျက်လာလို့ ဆီးတွေကို ထိန်းနိုင်သွားတာ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ အရမ်းကြောက်လွန်းလို့ ဆီးတောင် မထွက်နိုင်တော့တာပါ။
ဝေရှင်း ပြန်လဲကျသွားတဲ့ အချိန်မှာ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိပါတော့တယ်။
"ဒါ ဘယ်လို ငရဲခန်းမျိုးလဲဟင်"
"ဒါက ဟေးယွဲ့နန်းတော်လား၊ ဒါမှမဟုတ် ငရဲပြည်လား။"
"မေမေ... သား အိမ်ပြန်ချင်ပြီ။"
ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီးတစ်စုကတော့ မြေပြင်ပေါ်က သူတို့ရဲ့ ခေါင်းတွေကို ပြန်ရှာ၊ ပြန်တပ်လိုက်ကြပြီး ကုတင်ပေါ်မှာ သတိလစ်နေတဲ့ ညီငယ် ဝေရှင်းကို ကြည့်ရင်း ပျော်ရွှင်နေကြပါတော့တယ်။
" ဂိုဏ်းတူအစ်ကိုကြီးတန့်ကျိန်း။ ကျွန်တော်တို့ ဒီလိုလုပ်နေတာ တစ်ခုခု မှားသွားနိုင်မလား။ သူက ဘာပဲဖြစ်ဖြစ် သူရဲကောင်းလေး ကိုယ်တိုင် စီစဉ်လွှတ်လိုက်တဲ့သူလေ။"
"ဟုတ်တယ်... သူရဲကောင်းလေးက ကျွန်တော်တို့ကို အပြစ်တင်မလား။"
တခြားလူတွေရဲ့ သံသယတွေကို ရင်ဆိုင်ရတဲ့အခါ တန့်ကျိန်းက လက်ခါပြပြီး ပြောလိုက်ပါတယ်။
"မင်းတို့တွေ အရမ်း တွေးပူနေကြပြီ။"
"သူရဲကောင်းလေးက ဘာလို့ သူ့ကို ဟေးယွဲ့နန်းတော်ထဲ ဝင်ဖို့ စီစဉ်ပေးခဲ့တာလဲ။ ဒါဟာ သူက သတ္တိနည်းလွန်းလို့ အပြင်မှာဆိုရင် အနှိမ်ခံရမှာစိုးလို့ သူရဲကောင်းလေးက စိတ်ပူလို့ ဖြစ်ရမယ်။"
"ဒါကြောင့် သူရဲကောင်းလေးရဲ့ ရည်ရွယ်ချက်က သူ့ကို ဟေးယွဲ့နန်းတော်ထဲ သွင်းပြီး ဟေးယွဲ့နန်းတော်က ဂိုဏ်းတူအစ်ကိုကြီး၊ အစ်မကြီးတွေက သူ့ကို အကြမ်းပတမ်း လေ့ကျင့်ပေးဖို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် ငါတို့က သူ့ကို တိုးတက်အောင် ကူညီပေးနေတာလေ။"
"ခုနတင် ညီငယ် ဝေရှင်း ကိုယ်တိုင် ပြောခဲ့တယ်လေ။ သူ့ကို သေချာ လေ့ကျင့်ပေးပါလို့။ ဒါကြောင့် ငါတို့က သူ့ကို အဆင့်မြင့်ဆုံး စံနှုန်းတွေနဲ့ လေ့ကျင့်ပေးနေတာပေါ့။"
"စကားပုံ ရှိတယ်မဟုတ်လား... 'ထက်မြက်တဲ့ ဓားဆိုတာ သွေးယူရတယ်၊ လေမုန်တိုင်းနဲ့ မိုးဒဏ်ကို မခံရဘဲနဲ့ သက်တံကို ဘယ်လိုမြင်နိုင်မလဲ' တဲ့။"
"ဒီနေ့ ငါတို့လုပ်သမျှဟာ သူ့ကို ခြောက်လှန့်ဖို့ မဟုတ်ဘူး၊ သူရဲကောင်းလေးရဲ့ ညွှန်ကြားချက်အတိုင်း သူ့ကို လေ့ကျင့်ပေးနေတာ။ ငါတို့ရဲ့ လေ့ကျင့်ပေးမှုတွေအပြီးမှာ သူ့ရဲ့ သတ္တိက သေချာပေါက် တိုးတက်လာလိမ့်မယ်။ ဒါမှလည်း သူရဲကောင်းလေးရဲ့ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး မဖြစ်မှာပေါ့။"
ဟေးယွဲ့ကလန် အများအပြားကလည်း တန့်ကျိန်းရဲ့ စကားက ယုတ္တိရှိတယ်ဆိုပြီး ခေါင်းညိတ် ထောက်ခံကြပါတယ်။
"ဒါဆိုရင်တော့ သူ နိုးလာတာနဲ့ နောက်ထပ် လေ့ကျင့်ခန်းတွေကို ဆက်လုပ်ကြတာပေါ့။ သူရဲကောင်းလေးကို စိတ်ပျက်အောင် မလုပ်သင့်ဘူးလေ"
အသက်ရှင်ရတာ ပျင်းရိနေတဲ့ ဟေးယွဲ့ကလန် တစ်စုဟာ အခုတော့ အရမ်းကို စိတ်လှုပ်ရှားနေကြပြီး ညီငယ် ဝေရှင်းကို ဘယ်လို ပိုကောင်းတဲ့ လေ့ကျင့်ခန်းတွေ ပေးရမလဲဆိုတာ တစ်ယောက်တစ်မျိုး အကြံထုတ်နေကြပါတော့တယ်။
…
ဝေရှင်း တစ်ယောက် ဘယ်လို လေ့ကျင့်ခန်းတွေ ဆက်ကြုံရဦးမလဲဆိုတာကို ချူရှင်းဟီ မသိရှာပါဘူး။ ချူရှင်းဟီ သိတာကတော့ သူဟာ တောင်ပိုင်းက စီးပွားရေးလုပ်ငန်းတွေကို လုံးဝ လိုက်မစစ်ဆေးနိုင်တော့ဘူး ဆိုတာပါပဲ။
ချူရှင်းဟီတစ်ယောက် ရုန်မြို့ကို ရောက်နေပြီဆိုတာ သိတာနဲ့ တောင်ပိုင်းတစ်ခွင်လုံးက စီးပွားရေးလုပ်ငန်း အသီးသီးက တာဝန်ခံတွေ အားလုံး ရုန်မြို့ကို ရောက်လာကြပါတယ်။
တာဝန်ခံ တစ်ယောက်ချင်းစီဟာ ဘာမှမပြောခင်မှာပဲ ပထမဆုံး အနေနဲ့ ချူရှင်းဟီကို ဒီလို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်စကား ဆိုကြပါတယ်။ အဲဒီနောက်မှာတော့ လုပ်ငန်းအသီးသီးက ငွေအလွဲသုံးစားလုပ်သူစာရင်းကို ချူရှင်းဟီဆီ တင်ပြကြပါပြီ။
ပြီးတော့ လူတိုင်းဟာ သူတို့ မယူသင့်ဘဲ ယူထားခဲ့တာတွေကို ပြန်ပေးပြီးပြီလို့လည်း ဆိုကြပါတယ်။
ပြန်မပေးနိုင်သေးတဲ့ လူနည်းစုကလည်း ကတိခံဝန်ချက်တွေ ရေးထိုးထားပြီး အမြန်ဆုံး ပြန်ဆပ်ပါ့မယ်လို့ ပြောကြပါပြီ။ အခုဆိုရင် ချူရှင်းဟီ ပေးထားတဲ့ ခံစားခွင့်တွေက နှစ်ဆတောင် ရှိနေပြီဆိုတော့ လူတိုင်းဟာ အရမ်းကို တက်ကြွနေကြတာပေါ့။
တစ်ယောက်ပြီးတစ်ယောက်လည်း အော်ဟစ် ကြွေးကြော်နေကြပါတယ်။
“ နောင်နှစ်မှာ မိသားစုအလိုက် ဝင်ငွေတွေကို နှစ်ဆ တိုးအောင် လုပ်ပေးပါ့မယ်”
(ကြားလိုက်ရရဲ့လား။ ဒါတွေက လူပြောရမယ့် စကားတွေလား။)
(မင်းတို့ တာဝန်ခံတွေက ဘာလို့ အိမ်မှာ မနေကြဘဲ ဘာမှမပြောဘဲ ရုန်မြို့ကို ပြေးလာကြတာလဲ။)
(ပြီးတော့... နောင်နှစ်မှာ ဝင်ငွေ နှစ်ဆ တိုးရမယ် ဟုတ်လား။)
(ဒါက ငါ့ကို ကျိန်ဆဲနေတာနဲ့ အတူတူပဲဆိုတာ သိကြရဲ့လား။
(ကျိန်ဆဲတယ် ဆိုရင်တောင် မင်းတို့ ကျိန်ဆဲတာလောက် ရိုင်းစိုင်းတာ မရှိတော့ဘူး။)
(ဝင်ငွေ နှစ်ဆ တိုးရမယ်ဆိုတာ ဘာသဘောလဲ။ မင်းတို့က ငါ့ကို ရန်လုပ်နေတာပဲ။)
(တခြားလူတွေ လာတာက ထားပါဦး၊ လုချန်ချင်းက ဘာလို့ လိုက်လာတာလဲ။)
(လုချန်ချင်း။ မင်းကရော အရမ်း အားနေလို့လား။)
မေးကြည့်တော့မှ လုချန်ချင်းက ပြန်ဖြေလိုက်ပါပြီ။
“ကျွန်တော် အားမနေပါဘူး။ အခုဆိုရင် မဟာမိုးကောင်းကင်ကြေးကို ထိန်းချုပ်နေရတာကြောင့် တက်ကြွလန်းဆန်းနေတာပါ။”
လုချန်ချင်းဟာ သူ့ရဲ့ အရင်က အကြံဉာဏ်အတိုင်း မဟာမိုးကောင်းကင်၏ သံစဉ်ဆိုတဲ့ အစီအစဉ်ကို ဖန်တီးခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီအစီအစဉ်က လူရွေးချယ်ပွဲအဆင့်မှာပဲ ရှိပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက စိတ်ပါဝင်စားတဲ့ ဂီတပညာရှင်တွေနဲ့ ဖျော်ဖြေရေးသမားတွေကို ရွေးချယ်နေတာပါ။ သူတို့ကို "မဟာမိုးကောင်းကင်၏ သံစဉ်" စင်မြင့်ပေါ်မှာ တင်ဆက်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးကလူတွေရှေ့မှာ ဖျော်ဖြေ ပြသခွင့်ရရှိကြပါလိမ့်မယ်။
နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး အတွင်းမှာ ဖျော်ဖြေခဲ့တဲ့ ဂီတပညာရှင်တွေနဲ့ သရုပ်ဆောင်တွေရဲ့ ကျော်ကြားမှုက အဆမတန် မြင့်တက်သွားခဲ့တယ် ဆိုရမှာပါ။
အရင်တုန်းက ဂီတပညာရှင်တစ်ယောက်ရဲ့ အရည်အသွေးကို တိုင်းတာမယ်ဆိုရင် ကဏ္ဍစုံကနေ တိုင်းတာရပါတယ်။
ဒါပေမဲ့ အခုတော့ အဲဒီ စံနှုန်းတွေ ပြောင်းလဲသွားပါပြီ။
"ဘာ။ မင်းရဲ့ ကျွမ်းကျင်မှုက မြင့်တယ် ဟုတ်လား။ ဒါဆို မင်း 'နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး' မှာ ဘာနေရာကနေ ပါဝင်ခဲ့လဲ မေးပါရစေဦး။"
"မပါဝင်ခဲ့ဘူးလား။"
"ဒါဆိုရင် မင်းက မင်းကိုယ်မင်း ကျွမ်းကျင်မှု မြင့်မားတယ်လို့ ပြောဖို့ တန်ရဲ့လား။"
ဒါကြောင့် အခုဆိုရင် ဂီတပညာရှင်တွေကို အမျိုးအစား နှစ်မျိုးပဲ ခွဲခြားထားပါတော့တယ်။
"နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး" မှာ ပါဝင်ခဲ့တဲ့သူနဲ့ မပါဝင်ခဲ့တဲ့သူ ဆိုပြီးတော့ပေါ့။
ပွဲတော်ကြီးမှာ ပါဝင်ခဲ့တဲ့ ဂီတပညာရှင်တွေကတော့ အရမ်းကို မာန်တက်နေကြပါပြီ။
"ဘာ။ ငါ့တေးဂီတက မကောင်းဘူး ဟုတ်လား။"
"အဲဒါ မင်းက နားမလည်လို့ပါ။ ငါက နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီးမှာ တီးခတ်ခဲ့တဲ့ ဂီတပညာရှင်တစ်ယောက်နော်။ မင်းက ဘာအရည်အချင်းရှိလို့ ငါ့တေးဂီတ မကောင်းဘူးလို့ ပြောရဲတာလဲ။"
ဒါကြောင့် အခုတစ်ခေါက် "မဟာမိုးကောင်းကင်၏ သံစဉ်" သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ အရပ်ရပ်က ဂီတပညာရှင်တွေနဲ့ ဖျော်ဖြေရေးသမားတွေဟာ ရူးသွပ်မတတ် ဖြစ်ကုန်ကြပြီး လူစုလူဝေးနဲ့ လုချန်ချင်း ကို လိုက်ရှာကာ စာရင်းပေးသွင်းဖို့ အသည်းအသန် ကြိုးစားကြပါတော့တယ်။
တခြားဟာတွေ မပြောနဲ့ဦး။ စာရင်းသွင်းခတစ်ခုတည်းနဲ့တင် လုချန်ချင်းတစ်ယောက် ငွေတွေကို ရေတွက်လို့မနိုင်အောင် ဖြစ်နေရပါပြီ။
ဒါ့အပြင် စာရင်းသွင်းခတွေတင်မကဘဲ ကမ္ဘာတစ်ဝှမ်းလုံးက နာမည်ကြီး ဂိုဏ်းကြီးတွေကလည်း လုချန်ချင်းကို လိုက်ရှာနေကြပါတယ်။
"နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး" အပြီးမှာတော့ တစ်ကမ္ဘာလုံးမှာ ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာခဲ့တာလေ။ ပေါများလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို အမှီပြုပြီး အရင်က ကျင့်စဉ်မကျင့်နိုင်တဲ့သူတွေတောင် တန်ခိုးရှင်လမ်း လျှောက်လှမ်းဖို့ အခွင့်အလမ်းတွေ ရလာကြသလို၊ ပါရမီရှင်တွေလည်း အဆင့်မတက်နိုင်တဲ့ ကန့်သတ်မှုကို ကျော်လွှားနိုင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဂိုဏ်းအသီးသီးဟာ တပည့်သစ်တွေ စုဆောင်းနေကြပြီး ဒီအချိန်ကို အခွင့်ကောင်းယူရင်း သူတို့ရဲ့ အင်အားကို တိုးချဲ့ဖို့ ကြိုးစားနေကြပါပြီ။
အဲဒီအခါမှာ "မဟာမိုးကောင်းကင်ကြေးမုံ" ပေါ်က ကြော်ငြာတွေဟာ မိသားစုပေါင်းစုံအတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်လာပါတယ်။ မဟာမိုးကောင်းကင် ကြေးမုံရဲ့ ကြော်ငြာခတွေက အလွန်မြင့်မားပေမဲ့ အကျိုးသက်ရောက်မှုကတော့ တကယ်ကို ကောင်းမွန်လွန်းလှတာပါ။
ဟိုကို ကြည့်ပါဦး။ ကြော်ငြာခကို ပထမဆုံးပေးခဲ့တဲ့ ဘိုးဘေးအင်မော်တယ် မြို့တော်လေ။ ဒီနှစ်မှာ ဘိုးဘေးအင်မော်တယ် မြို့တော်ရဲ့ ပထမအဆင့် လူရွေးပွဲကို လာရောက်ဖြေဆိုတဲ့ တပည့်အရေအတွက်ဟာ အရင်နှစ်တွေထက် ငါးဆလောက် တိုးလာခဲ့တယ်တဲ့။
ဂိုဏ်းတစ်ခုအတွက် အခြေခံအကျဆုံး အုတ်မြစ်က ဘာလဲ။
သံသယဖြစ်စရာမလိုပါဘူး။ အမွေအနှစ်နဲ့ တပည့်တွေပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းကိုပဲ ကြည့်လိုက်ပါဦး။ ချူရှင်းဟီ တစ်ယောက် ပေါ်လာကတည်းက မဟာမိုးကောင်းကင်ဂိုဏ်းဟာ အခုဆိုရင် မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝနေပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အဲဒီလို ရူးလောက်စရာ ချမ်းသာမှုကို ကြည့်ပြီး လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းထဲ ဝင်ချင်နေကြတာပေါ့။
ဒါကြောင့် တပည့်တွေက ပိုတော်ပြီး ပိုများမှသာ ဂိုဏ်းတစ်ခုဟာ တကယ်တမ်း ထွန်းကားနိုင်မှာပါ။ လူတိုင်းကတော့ နောက်ထပ် ချူရှင်းဟီ တစ်ယောက် ပေါ်လာဖို့အထိ မမျှော်လင့်ရဲကြပေမဲ့ ကျန်းယုလို တစ်ယောက်လောက် ရလာရင်တောင် တကယ့်ကို မင်္ဂလာ တစ်ပါးလို့ ဆိုရပါလိမ့်မယ်။
ဒီလိုနဲ့ အဖွဲ့အစည်းပေါင်းစုံဟာ လုချန်ချင်းဆီ ခြေဦးလှည့်လာကြပါပြီ။
"မဟာမိုးကောင်းကင်၏ သံစဉ်" စာရင်းသွင်းခတွေကို မထည့်ရင်တောင် ဂိုဏ်းကြီးတွေဆီကရတဲ့ ကြော်ငြာခတွေတင် မဟာမိုးကောင်းကင် ကြေးမုံရဲ့ အသုံးစရိတ်တွေကို ကာမိနေပြီ ဆိုရမှာပါ။
ဒါ့အပြင် လက်ရှိမှာတော့ ဂိုဏ်းကြီးတွေတင်မကဘဲ ဂိုဏ်းငယ်လေးတွေကပါ လုချန်ချင်းဆီ လာကပ်နေကြသလို၊ ချမ်းသာတဲ့ မိသားစုကြီးတွေကလည်း သူတို့ရဲ့ စီးပွားရေးတွေကို ကြေညာပြီး အရောင်းမြှင့်တင်ချင်နေကြပါတယ်။ လုချန်ချင်းဟာ အချိန်တိုအတွင်းမှာ ငွေတွေ အများကြီး ရလိုက်တာကြောင့် ဦးနှောက်နဲ့တောင် တွက်ချက်လို့ မနိုင်တော့ပါဘူး။
ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီ ဘာလို့ တောင်ပိုင်းကို ဒီတစ်ခါ လာတာလဲ။
လုချန်ချင်းရဲ့ အမြင်မှာတော့ ဒါဟာ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီက သူတို့ရဲ့ တောင်ပိုင်းဌာနခွဲကို ဂရုစိုက်လို့ပဲ ဖြစ်ရမယ်လို့ မြင်နေပါပြီ။ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီဟာ တောင်ပိုင်းကို လည်ပတ်သယောင် ဟန်ဆောင်ထားပေမဲ့ လက်တွေ့မှာတော့ တောင်ပိုင်းဌာနခွဲရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လာကြည့်တာပဲလို့ သူ ယူဆထားပါတယ်။
လုချန်ချင်းရဲ့ အစီရင်ခံစာကို နားထောင်ပြီးတဲ့နောက်မှာတော့ ချူရှင်းဟီရဲ့ မျက်နှာထားက တည်ကြည်လေးနက်သွားခဲ့ပါတယ်။
မာလင်းရဲ့ မျက်နှာထားကတော့ တစ်ဝက်ပဲ တည်ငြိမ်နိုင်ရှာပါတယ်။ ဒါလည်း မတတ်နိုင်ဘူးလေ။ မာလင်းဟာ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီဆီကနေ သင်ယူပြီး တည်ငြိမ်အောင် နေချင်ပေမဲ့ သူ့ရဲ့ ယုံကြည်ရဆုံး လက်အောက်ငယ်သား လုချန်ချင်းရဲ့ အစီရင်ခံစာကို နားထောင်ပြီးတဲ့အခါမှာတော့ တော်တော်လေး ကြိုးစားမှပဲ တစ်ဝက်လောက် တည်ငြိမ်အောင် ထိန်းထားနိုင်ပါတော့တယ်။
ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီရဲ့ လုံးဝ တည်ငြိမ်နေတဲ့၊ အနည်းငယ်တောင် အံ့ဩမှု မဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး မာလင်း သဘောပေါက်လိုက်ပါပြီ။ သူ့နဲ့ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီကြားက ကွာဟချက်ဟာ အခုအချိန်အထိ အရမ်းကြီးမားနေသေးတယ် ဆိုတာပါပဲ။
လုချန်ချင်း ငွေတွေ အများကြီး ရတယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ သူက အပြင်ပန်းမှာ တစ်ဝက်လောက် တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ တကယ်ကို စိတ်လှုပ်ရှားနေတာပါ။
ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီကို ကြည့်ပါဦး။ သူ့စိတ်ထဲမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတဲ့အပြင် တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို မျက်နှာထားမျိုးတောင် ဖြစ်နေသေးတယ်။
မာလင်း ခံစားမိတာကတော့ သူ့တစ်သက်မှာ ဒီလိုမျိုး ခံစားချက်အဆင့်အတန်းကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။
ငွေတွေ ဒီလောက်တောင် အများကြီး ရနေတာကို ကြားရပါလျက်နဲ့ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီက ဘယ်လိုလုပ်ပြီး မကျေမနပ် ဖြစ်နေနိုင်ရတာလဲ။ ဘာကြောင့် အရှုံးကြီး ရှုံးသွားတဲ့ပုံစံမျိုးတောင် ပေါက်နေရတာလဲ။
***