မာလင်းက လုချန်ချင်း ကို ဆက်ပြီး ကြိုးစားဖို့ ပြောနေပါတယ်။
“မင်းကိုယ်မင်း တကယ်ပဲ ထူးချွန်တယ်လို့ ထင်နေတာလား လုချန်ချင်း။”
“တကယ်တော့ မင်းဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရဲ့ မျှော်မှန်းချက်တွေနဲ့ ဝေးကွာနေပါသေးတယ်။”
“မင်း ငါ့ဆီက သင်ယူသင့်တယ်၊ ငါ မာလင်းဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်လာရတာဟာ ငါကိုယ်တိုင် အမြဲတမ်း တိုးတက်အောင် ကြိုးစားနေလို့ပဲ။”
“ဒါတောင်မှ ငါဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီနဲ့ ပိုပိုပြီး ဝေးကွာသွားသလို ခံစားနေရတာ။ မင်း လုချန်ချင်းက ဘာကို ဂုဏ်ယူနေတာလဲ။”
သူ့ကိုယ်သူ ပိုကြိုးစားပါ့မယ်လို့ သန္နိဋ္ဌာန်ချပြီး ထွက်သွားတဲ့ လုချန်ချင်းကို ကြည့်ပြီး ချူရှင်းဟီ တစ်ယောက် မာလင်းရဲ့ နာမည်ဟာ တကယ်ကို မှန်ကန်စွာ ရွေးချယ်ထားတာပဲလို့ ခံစားလိုက်ရရှာပါပြီ။
…
မင်းတို့ နတ်ဘုရားဓားမြှောင် မာလင်း ပုံပြင်ကို မကြားဖူးကြဘူးလား။
အဲဒါက မာလင်းလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ တစ်နေ့မှာ သူဟာ နတ်ဘုရားတစ်ပါးဆီကနေ ဓားမြှောင်တစ်လက်ကို မတော်တဆ ရခဲ့တယ်။ အစမှာတော့ သူက ဒီဓားမြှောင်က ဘာအတွက်လဲဆိုတာ မသိခဲ့ဘူး။ တစ်နေ့မှာတော့ သူဟာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ကျောပြင်ကို အမှတ်မထံ ဓားနဲ့ ထိုးမိလိုက်တဲ့အထိပေါ့။
ဘုရားရေ... အဲဒီဓားချက်ကပဲ သူ့ရဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာစေခဲ့တာ။ အဲဒီနောက်မှာတော့ နတ်ဘုရားဓားမြှောင် မာလင်းဟာ သူ့ရဲ့ နတ်ဘုရားဓားကို ကိုင်ပြီး ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ကျောပေါ်တက်စီးကာ မရပ်မနား ထိုးနှက်ပါတော့တယ်။ နောက်ဆုံးမှာတော့ သူဟာ မိုးကြိုးနတ်မင်းကို မတော်တဆ သွားစော်ကားမိပြီး လေးရင်ဓားရဲ့ ခရမ်းရောင် မိုးကြိုးနဲ့အတူ ပြာကျသွားခဲ့တယ်လေ။
ဒါကတော့ "နတ်ဘုရားဓားမြှောင် မာလင်း" ရဲ့ ပုံပြင်ပဲ ဖြစ်ပါတယ်။
နတ်ဘုရားဓားမြှောင် မာလင်းရဲ့ ပုံပြင်ကို ခဏဖယ်ထားပြီး ချူရှင်းဟီဟာ နောက်ထပ် ဘယ်ကိုသွားရမလဲဆိုတာ စတင်စဉ်းစားနေပါပြီ။
လုချန်ချင်းက လာပြီး သူ့ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲ (အောင်မြင်မှုသတင်းတွေပြော) သွားပေမဲ့ လုချန်ချင်းရဲ့ စကားတွေက သူ့ကို အတွေးသစ်တစ်ခုတော့ ပေးခဲ့ပါတယ်။
ဘာလို့ ဂိုဏ်းအသီးသီးက လုချန်ချင်းဆီမှာ ကြော်ငြာဖို့ ဒီလောက် ငွေအမြောက်အမြား အကုန်ခံနေကြတာလဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာကြောင့် အဖွဲ့အစည်းအားလုံးက ပိုတော်တဲ့ တပည့်တွေကို ပိုပြီး စုဆောင်းချင်နေကြလို့ပါပဲ။
တပည့်စုဆောင်းခြင်းအကြောင်း ပြောလိုက်ရင်တော့... ချူရှင်းဟီမှာ မျက်ရည်ဝဲရပါတယ်။
ဒီနှစ်အစမှာ ပထမဆုံး အကြီးအကျယ် အောင်မြင် သွားတာက တပည့်တွေကြောင့်လေ။ ဒါပေမဲ့ ချူရှင်းဟီ ခံစားရတာကတော့ ပြီးခဲ့တဲ့ တပည့်ရွေးချယ်မှုမှာ ဖြစ်ခဲ့တဲ့ ပြဿနာက သူ့အမှား မဟုတ်ဘူး ဆိုတာပါပဲ။
“စဉ်းစားကြည့်ပါဦး။ ငါ့ရဲ့ မူဝါဒက မမှားပါဘူး။”
“ငါက လူညံ့တွေချည်းပဲ စုချင်တာ ဘာမှားလို့လဲ။”
“မူယွဲ့နိုင်ငံဆိုတာက တကယ်ကို ရှားပါးတဲ့ ချွင်းချက်တစ်ခုပါ။ တကယ်တမ်းမှာတော့ လူညံ့တွေဟာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
(ဒါကြောင့် ပုံမှန်အခြေအနေအရဆိုရင် စုဆောင်းလိုက်တဲ့ တပည့်တွေအားလုံးက လူညံ့တွေချည်းပဲဆိုရင် ဂိုဏ်းဟာ သေချာပေါက် အရှုံးကြီး ရှုံးရမှာပေါ့။)
(ဒါပေမဲ့ မဟာမိုးကောင်းကင်မြို့တော်က တပည့်တွေကို ကြည့်ပါဦး။ ဘယ်လိုလူတွေလဲ။)
(နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူတို့ရဲ့ အရည်အချင်းစစ် အမှတ်တွေထုတ်ပြိုင်ကြတယ်လေ။ သူတို့ အမှတ်တွေက က ၈ မှတ်အထက်မှာချည်းပဲ။ မင်းတို့ပဲ ပြောကြည့်ပါဦး၊ အဲဒီလိုလူတွေကြားထဲကနေ လူညံ့တွေကို ငါ ဘယ်လို ရှာရမှာလဲ။)
(ဒါကြောင့် ငါ ချူရှင်းဟီက တပည့်ရွေးတာ ပြဿနာရှိလို့ မဟုတ်ဘူး၊ ငါ့ဆီကို ရွေးဖို့ ရောက်လာတဲ့ တပည့်တွေကကိုက ပြဿနာရှိနေတာ၊ ဟုတ်ပြီလား။)
အခုဆိုရင် အရပ်ရပ်က ဂိုဏ်းတွေဟာ တပည့်တွေကို အကြီးအကျယ် စုဆောင်းနေကြပြီး ဂိုဏ်းအသီးသီးကို သွားရောက်ဖြေဆိုနေတဲ့ တပည့်အရေအတွက်က ရေတွက်လို့တောင် မရပါဘူး။
ဒါပေမဲ့ ဘယ်ဂိုဏ်းမှာ လူအများဆုံးလဲဆိုရင်တော့ သေချာပေါက် မဟာမိုးကောင်းကင်ဂိုဏ်းပါပဲ။
"နှစ်တစ်ထောင် မဟာအခမ်းအနား ပွဲတော်ကြီး" မှာ ဂူမင်ချောင်က တစ်ကမ္ဘာလုံးကလူတွေရှေ့မှာ နှစ်တစ်ထောင်အတွင်း တစ်ဦးတည်းသော ကမ္ဘာ့နတ်ဘုရားအဖြစ် အဆင့်တက်ပြခဲ့တာလေ။ ဒီသတင်းက ဘယ်လောက်အထိ ဟိုးဟိုးကျော်သွားလဲဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး မဟုတ်လား။
နံပါတ် (၁) ဂိုဏ်းဖြစ်တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ အခုဆိုရင် ကျောက်တောင်ကြီးလို့ အခြေခံ ခိုင်မာနေပါပြီ။
ဒါ ကမ္ဘာ့နတ်ဘုရားလေ။ ဘယ်မိန်းကလေးကများ အချစ်ကို အိပ်မက်မမက်ဘဲ နေမလဲ။ ဘယ်လူငယ်ကများ ကမ္ဘာ့နတ်ဘုရား ဖြစ်ချင်စိတ် မရှိဘဲ နေမလဲ။
ကမ္ဘာ့နတ်ဘုရား မဖြစ်နိုင်ရင်တောင် ကမ္ဘာ့နတ်ဘုရားကို အနီးကပ် မြင်တွေ့ခွင့်ရဖို့ဆိုတာ လူပေါင်းများစွာရဲ့ အိပ်မက်ပဲလေ။
ဒါကြောင့် အခု ပထမအဆင့် တပည့်ရွေးချယ်မှုကို တာဝန်ယူထားရတဲ့သူတွေဟာ ရူးချင်နေကြပြီလို့ ကြားရပါတယ်။
အခုဆိုရင် တစ်ကမ္ဘာလုံးက ပါရမီရှင်တွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းထဲ ဝင်နိုင်ဖို့ အသည်းအသန် ကြိုးစားနေကြတာ။ ငါ ကြားတာတော့ တာဝန်ခံ ရန်တောင် ရူးသွားပြီထင်တယ်။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် ရွေးချယ်မှု အမှတ်ကို ၉ မှတ် အထိတောင် မြှင့်လိုက်သတဲ့။
အရည်အချင်းစစ်မှုမှာ ၉ မှတ် မပြည့်တဲ့သူတွေဟာ မဟာမိုးကောင်းကင်မြို့တော်မှာလုပ်မယ့် ဒုတိယအဆင့် လူရွေးပွဲကို သွားဖို့တောင် အရည်အချင်း မပြည့်မီတော့ပါဘူး။
နားထောင်ကြည့်ဦး... ဒါ လူလုပ်တဲ့ အလုပ်လား။
တာဝန်ခံရန်ရဲ့ နည်းလမ်းအတိုင်းသာဆိုရင် နောင်နှစ်မှာ ဂိုဏ်းချုပ်က ငါ့ကို တပည့်ထပ်ရွေးခိုင်းရင် ၉ မှတ်တန် တပည့်တွေကြားထဲကနေ လူညံ့တွေကို ငါ ဘယ်လိုသွားရှာရမှာလဲ။
ဒါကြောင့် အကြိမ်ကြိမ် စဉ်းစားပြီးတဲ့နောက် ချူရှင်းဟီ ခံစားလိုက်ရတာကတော့ သူ မြောက်ပိုင်းကို တစ်ခေါက်သွားပြီး လက်ရှိ တပည့်ရွေးချယ်တဲ့ နည်းလမ်းကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီဆိုတာပါပဲ။
လူညံ့တွေချည်းပဲ စုတဲ့ အမှိုက်စီးဆင်းမှုကို စတင်ဖို့ဆိုရင် အရင်ဆုံး ရွေးချယ်စရာ "လူညံ့" တွေ ရှိဖို့ လိုအပ်တာလေ။
ပြီးတော့ တာဝန်ခံရန်ရဲ့ လုပ်ရပ်အတိုင်းဆိုရင် နောင်နှစ် တပည့်ရွေးပွဲက ချက်ချင်းကြီး အောင်မြင် သွားတော့မှာ မဟုတ်ဘူးလား။
ဒါကြောင့် ငါ ဒီပြဿနာကို အမြစ်ကနေ ဆွဲနှုတ်ရမယ်။ စကားပုံတောင် ရှိတယ်မဟုတ်လား။
လူညံ့တို့ရဲ့ ပထမခြေလှမ်းဟာ ရှင်းဟီရဲ့ ရွေးချယ်မှု နည်းစနစ်ပဲတဲ့။
(ငါ ချူရှင်းဟီကတော့ ဒီတစ်ခါ အစွမ်းကုန် ကျုံးတော့မယ်။ လူညံ့တွေ အများကြီးကို ပထမအဆင့်မှာ တင်ကြိုပြီး အောင်မြင်အောင် စီစဉ်ရမယ်။ ပထမအဆင့်မှာ လူညံ့တွေ များများအောင်မှသာ ဒုတိယအဆင့်မှာ ငါတို့ လူညံ့တွေကို စိတ်ကြိုက် ရွေးလို့ရမှာလေ။)
(ဒီဘဝကတော့ တကယ်ကို သည်းမခံနိုင်စရာပဲ။ လူညံ့တချို့ကို ရွေးထုတ်ဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။)
သူဟာ မြောက်ပိုင်းကိုသွားပြီး တပည့်ရွေးချယ်ရေး အခြေအနေတွေကို စစ်ဆေးမယ့်အကြောင်း မာလင်းနဲ့ အားလန်ကို အကြောင်းကြားလိုက်ပါတယ်။
အားလန်ကတော့ ဘာမှ ဂရုမစိုက်ပါဘူး။ သူက အစကတည်းက စကားသိပ်မပြောတဲ့သူလေ။ ဒါပေမဲ့ ချူရှင်းဟီ သိသလောက်တော့ အားလန်မှာ ဖျော်ဖြေချင်စိတ် အပြည့်ရှိနေတယ် ဆိုတာပါ။
ခုနတင် လုချန်ချင်း ထွက်သွားခါနီးမှာ အားလန်က လုချန်ချင်းကို မေးလိုက်ပါသေးတယ်။
"ငါ့ကိုယ်ငါ ဓားနဲ့ သုံးချက်ထိုးပြီး သေပြတာကို မဟာမိုးကောင်းကင်ကြေးမုံပေါ်မှာ တစ်ကမ္ဘာလုံး မြင်အောင် တင်ဆက်ပေးလို့ ရမလား"
လုချန်ချင်း အပြေးမြန်လို့ တော်တော့တာပေါ့၊ မဟုတ်ရင် အားလန်က တခြား ထူးဆန်းတဲ့ အကြံတွေ ထပ်ထုတ်နေဦးမှာပါ။
မာလင်းကတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အကြံကို ကြားတာနဲ့ ချက်ချင်း ခေါင်းညိတ်ထောက်ခံပြီး ချီးကျူးစကား ဆိုပါတော့တယ်။
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ... အစ်ကိုကြီးရဲ့ အကြံက အရမ်းကောင်းတာပဲ။ ကျွန်တော် သိသလောက်ဆိုရင် တာဝန်ခံ ရန်ရဲ့ တပည့်စုဆောင်းမှုကလည်း သိပ်ပြီး မသန့်ရှင်းဘူးနော်။ တာဝန်ခံရန်က သူ့ရဲ့ ပုဂ္ဂိုလ်ရေး အဆက်အသွယ်တွေကို သုံးပြီး ဒုတိယအဆင့်ကို တက်ဖို့ အရည်အချင်းမမီတဲ့သူတွေကို ဒုတိယအဆင့်ထဲ ဝင်ခွင့်ရအောင် လုပ်ပေးလေ့ရှိတယ်။ ကျွန်တော် မာလင်းကတော့ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ အဲဒီလိုလူမျိုးတွေကို လုံးဝ ကြည့်မရဘူး။"
မာလင်းက ဒါကိုပြောလိုက်တော့ ချူရှင်းဟီ တစ်ယောက် မျက်နှာကို လက်နဲ့အုပ်ပြီး ငိုတောင် ငိုချင်သွားပါတယ်။
မာလင်း၊ မာလင်း... မင်းမှာ အရှက်ရော ရှိရဲ့လား။ မင်း မူယွဲ့နိုင်ငံကို ငါ့ဆီ ဘယ်လို ထောက်ခံခဲ့လဲဆိုတာ မေ့သွားပြီလား။
မင်းထက် ပုဂ္ဂိုလ်ရေး အဆက်အသွယ်တွေကို အလွဲသုံးစားလုပ်တာ ဘယ်သူရှိဦးမှာလဲ။
ပြီးတော့ မင်းရဲ့ အဆက်အသွယ်တွေကြားမှာ ဓားတစ်လက်တောင် ဝှက်ထားသေးတယ်။ မူယွဲ့နိုင်ငံက လူတွေကို ကြည့်ဦး။ တစ်ယောက်ပြီးတစ်ယောက် ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ ပါရမီရှင်တွေ ဖြစ်ကုန်ကြပြီ။
ဒီတော့ ဘယ်ကသတ္တိတွေနဲ့များ တခြားလူတွေက ကိုယ်ကျိုးရှာနေပါတယ်လို့ မင်းက ပြောရက်ရတာလဲ။
ရုန်မြို့မှာ အချိန်ဆွဲမနေတော့ဘဲ ချူရှင်းဟီဟာ ရွှီဝေနဲ့ တာဝန်ခံ အများအပြားရဲ့ အကြည့်အောက်မှာ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ၀င်္ကပါကို အသက်သွင်းပြီး မြောက်ပိုင်းက ရေခဲမြို့တော်ကို ထွက်ခွာလာခဲ့ပါတယ်။
ရေခဲမြို့တော် အပြင်ဘက်ကို ဆိုက်ရောက်တဲ့အခါ ချူရှင်းဟီဟာ ပထမဆုံး အလုပ်အနေနဲ့ အဆင်ပြေအောင် သူ့ရဲ့ မြေခွေးမျက်နှာဖုံး ကို ထုတ်တပ်လိုက်ပြီး ရုပ်သွင်နဲ့ အော်ရာအရှိန်အဝါကိုပါ ပြောင်းလဲလိုက်ပါပြီ။
သူတို့ သုံးယောက် မြို့ထဲကို ဝင်လာကြတယ်။ ချူရှင်းဟီ အနည်းငယ် အံ့သြသွားတာကတော့ ရေခဲမြို့တော်ဟာ အလွန်အေးစိမ့်နေပေမဲ့ မြို့ထဲမှာ သွားလာနေတဲ့ လူဦးရေက ရုန်မြို့ထက်တောင် ပိုများနေတာပါပဲ။
ဒါပေမဲ့ ခဏလောက် ကြည့်လိုက်တော့မှ ချူရှင်းဟီ သဘောပေါက်သွားပါတယ်။
အခုက နှစ်ကုန်ပိုင်း ရောက်နေပြီဆိုတော့ ကမ္ဘာပေါ်က ဂိုဏ်းအားလုံးဟာ နောင်နှစ်အတွက် တပည့်ရွေးချယ်ပွဲတွေကို စတင်နေကြပြီလေ။
ပြီးတော့ ဒီနှစ် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် တပည့်ရွေးချယ်ပွဲကို ဒီ ရေခဲမြို့တော်မှာ ကျင်းပနေတာကိုး။
ဒါကြောင့် ရေခဲမြို့တော်ဟာ ကမ္ဘာတစ်ဝှမ်းလုံးက အိပ်မက်ကိုယ်စီနဲ့ လူငယ်တွေ စုဝေးရာနေရာ ဖြစ်နေတာပါ။ သူတို့တွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပထမအဆင့် ရွေးချယ်မှုကို အောင်မြင်ပြီး မဟာမိုးကောင်းကင်မြို့တော်ကို သွားခွင့်ရဖို့ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
မာလင်းကတော့ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီလူငယ်တွေကို ကြည့်ပြီး သက်ပြင်းချမိပါတယ်။
"ဒီထဲက တချို့ကတော့ နောင်ကျရင် ငါ့ရဲ့ ညီငယ်၊ ညီမငယ်တွေ ဖြစ်လာကြမှာပေါ့"
သူတို့ သုံးယောက်ဟာ မြို့ထဲကို ဘယ်သူ့အာရုံ စိုက်မှု့ကိုမှ ဂရုမစိုက်ပဲ လမ်းလျှောက်လာကြပါပြီ။
ချူရှင်းဟီက မျက်နှာဖုံးနဲ့ ရုပ်ဖျက်ထားလို့ သူ့အထောက်အထားကို ဘယ်သူမှ မသိနိုင်ပါဘူး။ မာလင်းကို သိတဲ့လူကလည်း သိပ်မရှိသလို၊ မာလင်းရဲ့ စွမ်းအားက ဖန်းဒု၀င်္ကပါကနေ လာတာဆိုတော့ သူ့ရဲ့ တန်ခိုးကျင့်စဉ်အဆင့်ကလည်း သိပ်ပြီး မမြင့်လှသေးပါဘူး။
အားလန် ကတော့လား။ အခုအချိန်မှာ မာလင်းတောင် အားလန် ဘယ်ရောက်နေလဲဆိုတာ မသိတော့ပါဘူး။
ကိုယ်ပျောက်အတတ်နဲ့ ပတ်သက်ရင်တော့ ချူရှင်းဟီကလွဲလို့ ဒီလောကမှာ ဘယ်သူကများ ကိုယ်ပျောက်နေတဲ့ အားလန်ကို မြင်နိုင်မှာလဲ။
ဒီလူငယ်တွေကို ထားလိုက်ပါဦး။ ဘိုးဘေးအင်မော်တယ်အဆင့်အထိ တက်လှမ်းထားတဲ့ အားလန်သာ ကိုယ်ပျောက်ထားမယ်ဆိုရင် ဆရာဘိုးဘိုးတောင် သူ့ကို ရှာတွေ့ဖို့ မလွယ်ပါဘူး။ ဂိုဏ်းချုပ် ဂူမင်ချောင် တစ်ယောက်ပဲ အားလန်ရဲ့ တည်နေရာကို ခံစားမိနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ အားလန်ကို ဖမ်းဖို့ကျတော့ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ်ရက်က အားလန်ကို သူ့အဆင့် ဘယ်လောက်ရောက်ပြီလဲလို့ ချူရှင်းဟီ သေသေချာချာ မေးဖူးပါတယ်။
အားလန်ရဲ့ အဖြေကလည်း ရိုးရှင်းပြီး ပြတ်သားခဲ့ပါတယ်။
"သူရဲကောင်းလေး။ အစ်ကိုကြီး ဘယ်သူ့ကို ရှင်းထုတ်ချင်လဲသာ ပြောလိုက်ပါ။ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်အောက်က ဘယ်သူ့ကိုမဆို ကျွန်တော် သတ်ပေးနိုင်တယ်။ ဘယ်သူမှလည်း ကျွန်တော့်အရိပ်ကို မြင်ရမှာ မဟုတ်ဘူး။ အမိန့်သာ ပေးလိုက်ပါ၊ အားလန် အခုချက်ချင်း သွားသတ်ပေးပါ့မယ်။"
နားထောင်ကြည့်ပါဦး... ဒါ လူပြောရမယ့် စကားလား။
အားလန်က လုပ်ကြံသတ်ဖြတ်မှုတန်ခိုးစွမ်းရည်ကို အထူးလျှောက်လှမ်းနေတဲ့တဲ့ ဘိုးဘေးအင်မော်တယ် တစ်ယောက်ပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ၊ ဟေးယွဲ့ကလန်ရဲ့ စွမ်းရည်တွေက အမှောင်ဓာတ်ကို အခြေခံတာဆိုတော့ ဒီလိုအလုပ်မျိုးနဲ့ အသင့်တော်ဆုံးပဲ။ ချူရှင်းဟီတောင် ခဏလောက် စဉ်းစားမိသွားပါတယ်။
"ငါ... ဟို တျန် ဆိုတဲ့ လူကြီးကို အရင် သတ်ခိုင်းလိုက်ရမလား။"
ဒါပေမဲ့ နောက်ဆုံးတော့ ချူရှင်းဟီ လက်လျှော့လိုက်ပါတယ်။ ဟိုလူအိုကြီး တျန်ချင်ချွမ်ကိုတော့ နောက်မှ မာလင်းကို အကြောင်းပြချက်ရှာပြီး ကိုင်တွယ်ဖို့ပဲ ချန်ထားလိုက်တာ ပိုကောင်းပါတယ်။
တခြားလူတွေနဲ့ ပတ်သက်ရင်တော့။ ချူရှင်းဟီ ပြန်စဉ်းစားကြည့်တော့ သူ့မှာ ရန်သူဆိုတာ မရှိသလောက်ပါပဲ...။
ချူရှင်းဟီ ဒီကိစ္စအတွက် တကယ်ကို ဝမ်းနည်းသွားရပါတယ်။
(ချူရှင်းဟီ၊ ချူရှင်းဟီ... မင်း ဘယ်လောက်တောင် သနားဖို့ကောင်းလဲ ကြည့်စမ်း။ ရန်သူတောင် တစ်ယောက်မှ မရှိဘူး။
စကားပုံ ရှိတယ်မဟုတ်လား။ အောင်မြင်တဲ့လူတိုင်းဟာ သူတို့ကို အနစ်နာခံပြီး ပံ့ပိုးပေးမယ့် ဗီလိန်ပေါင်းများစွာကြားမှာ ကြီးပြင်းလာရတယ်ဆိုတာလေ။ ငါ့ရဲ့ တိုးတက်မှုနှုန်းက နှေးနေတာဟာ ငါ့ကို အနစ်နာခံပေးမယ့် ဗီလိန်တစ်ယောက်မှ မရှိလို့ပဲ ဖြစ်ရမယ်။)
ဒါက တကယ်ကို ဒေါသထွက်စရာ မကောင်းပေဘူးလား။
ဒါပေမဲ့ ချူရှင်းဟီ တစ်ယောက် သူ့အတွက် အနစ်နာခံပေးမယ့် ဗီလိန်တစ်ယောက်တောင် မရှိဘူးလို့ ညည်းတွားနေတုန်းမှာပဲ လူတစ်ယောက်ဟာ ချူရှင်းဟီရဲ့ ဘေးကနေ ပွတ်ကာသီကာ ဖြတ်လျှောက်သွားပါတယ်။
အဲဒီလို နှစ်ယောက်သား ဘေးချင်းယှဉ် ဖြတ်သွားတဲ့ အခိုက်အတန့်မှာပဲ အဲဒီလူရဲ့ လက်ထဲကနေ သတိမထားမိနိုင်လောက်အောင် သေးငယ်တဲ့ အမှတ်အသား တစ်ခုဟာ ရုတ်တရက် ထွက်လာပြီး ချူရှင်းဟီရဲ့ ကျောပြင်ပေါ်ကို တိတ်တဆိတ် ကျဆင်းသွားပါပြီ။
ဒါပေမဲ့ တစ်ဖက်လူက စတင်လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် မာလင်းဟာ ဖန်းဒုတံဆိပ်တော်ရဲ့ အကူအညီနဲ့ ချက်ချင်း သိသွားခဲ့ပါတယ်။ ချက်ချင်းပဲ ဒေါသချောင်းချောင်း ထွက်သွားပါပြီ။
“ဒီသူတောင်းစားက ဘယ်ကနေ ရောက်လာတာလဲ။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို လက်ဖျားနဲ့ လာထိရဲတယ်လား။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။။”
မာလင်းဟာ တစ်ဖက်လူကို ပြာကျအောင် တိုက်ရိုက်ချေမှုန်းပစ်ဖို့ ဖန်းဒု၀င်္ကပါကို ထုတ်သုံးတော့မယ့် အချိန်မှာပဲ၊ ထက်မြက်တဲ့ ဓားမြှောင်ကို ကိုင်ထားတဲ့ အားလန် က အဲဒီအမှတ်အသား လုပ်သွားတဲ့ကောင်နောက်ကို အနောက်ကနေ ကပ်လိုက်သွားပြီးသား ဖြစ်နေပါပြီ။
သံသယဖြစ်စရာ မလိုပါဘူး၊ သူရဲကောင်းလေးကသာ စကားတစ်ခွန်း ပြောလိုက်မယ်ဆိုရင် အားလန်ဟာ နောက်တစ်စက္ကန့်မှာတင် သူရဲကောင်းလေးအတွက် ခေါင်းဖြတ်အတတ်ကို လက်တွေ့ ပြသပေးတော့မှာပါ။
"ငြိမ်ငြိမ်နေကြစမ်း... အားလန်၊ မင်းလည်း ပြန်လာခဲ့။"
ချူရှင်းဟီက အားလန်ဘက်ကို လက်ဝှေ့ယမ်းပြလိုက်တော့မှ အားလန်ဟာ သူ့ရဲ့ ဓားမြောင်လေးကို ပြန်သိမ်းပြီး ချူရှင်းဟီရဲ့ ဘေးနားကို ပြန်ရောက်လာပါပြီ။
အခုအချိန်မှာတော့ ချူရှင်းဟီဟာ မာလင်းနဲ့ အားလန်ကို တားဆီးထားပေမဲ့ သူ့စိတ်ထဲမှာတော့ ဝမ်းသာအားရ ဖြစ်နေပါတယ်။
(မင်းတို့ သိထားရမှာက ပုံမှန်အားဖြင့်တော့ ဒီလို အမှတ်အသားလုပ်တဲ့ နည်းလမ်းဟာ အဆင့်မြင့် သူခိုးတွေ သုံးလေ့ရှိတဲ့ အတတ်ပညာတစ်ခုလေ။)
(အရင်ဆုံး မင်းအပေါ်မှာ အမှတ်အသားတစ်ခု လုပ်ထားမယ်၊ ပြီးရင် အဲဒီအမှတ်အသားကို သုံးပြီး မင်းနောက်ကို လိုက်မယ်။ မင်း မပြင်ဆင်ထားတဲ့ အချိန်ကျမှ ရုတ်တရက် တိုက်ခိုက်ပြီး မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို ခိုးယူသွားမှာပေါ့။)
ဒီတစ်ခေါက် ချူရှင်းဟီနဲ့ မာလင်းတို့ဟာ သာမန်ဝတ်စုံတွေ ဝတ်ပြီး ထွက်လာကြတာ မှန်ပေမဲ့ သူတို့ရဲ့ အဆင့်အတန်းက ဘာလဲ။ ဂိုဏ်းက သူတို့အတွက် ပြင်ဆင်ပေးထားတဲ့ သာမန်ဝတ်စုံဆိုတာကတောင် တကယ့်ကို အဖိုးတန် အဆင့်မြင့်လှတာပါ။
သူတို့ကို သူခိုးတွေက ပစ်မှတ်ထားတာဟာ လုံးဝကို သဘာ၀ ကျနေခဲ့ပါတယ်။
ဒါပေမဲ့ ချူရှင်းဟီကို တကယ် စိတ်လှုပ်ရှားစေတာကတော့ ဒီသူခိုးဟာ အချိန်ကိုက် ရောက်လာတာကြောင့်ပါပဲ။ သူ့ရဲ့ သိုလှောင်ခန်းလက်စွပ်ထဲမှာ နောက်ထပ် လက်စွပ်ပေါင်းများစွာနဲ့ ပြည့်နေတယ် မဟုတ်ပါလား။
တောင်ပိုင်းက စီးပွားရေးသမားတွေက ဘာလေးဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံးတွေကို သူ့ဆီ အကုန်ထိုးအပ်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းဆီ ပြန်သယ်သွားပေးဖို့ တောင်းဆိုထားကြတာလေ။
လမ်းတစ်လျှောက်လုံးမှာ သူ စဉ်းစားနေတာက "တကယ်လို့ ငါ ဒီဝိညာဉ်ကျောက်တုံးတွေကိုသာ ပျောက်သွားအောင် လုပ်နိုင်ရင် ဂိုဏ်းကတော့ အရှုံးကြီး ရှုံးသွားမှာပဲ" ဆိုတာပါပဲ။
ဒါပေမဲ့ ပစ္စည်းပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်ရင် သူဟာ ဖုန်းယုကျန် ကြောင့် စိတ်ဒဏ်ရာ ရထားတာပါ။ ချူရှင်းဟီဟာ သူ့လက်စွပ်ကို ပျောက်သွားအောင် လုပ်မိရင် ဖုန်းယုကျန့်က တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါကို ဖွင့်ပြီး "ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ။ ကြည့်ပါဦး၊ ဒါ အစ်ကိုကြီးရဲ့ လက်စွပ် မဟုတ်လား။" ဆိုပြီး ပြန်လာပေးမှာကို အရမ်း စိုးရိမ်နေတာပါ။
ပြီးရင် ဖုန်းယုကျန့်က အဲဒီနေရာမှာတင် နတ်ဘုရားပန်းခတ်ပညာကို ထပ်ပြီး နားလည်သဘောပေါက်သွားဦးမယ်ဆိုရင်တော့ တကယ်ကို ကြောက်စရာကြီးပဲ မဟုတ်ပါလား။
ဒါပေမဲ့ အခု ရုတ်တရက် ပေါ်လာတဲ့ ဒီသူခိုးကတော့ ချူရှင်းဟီကို စိတ်လှုပ်ရှားသွားစေပါတယ်။ ကိုယ့်ဘာသာ ပျောက်အောင် လုပ်လို့ မရဘူးလား။
ဒါဆို သူခိုး ခိုးသွားတာကတော့ ပြဿနာမရှိဘူးပေါ့။
(မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ် ဖြစ်တဲ့ ချူရှင်းဟီဟာ သူခိုးလေး တစ်ယောက်ရဲ့ ခိုးယူခြင်းကို ခံလိုက်ရတယ်တဲ့။ ဂိုဏ်းရဲ့ ဘဏ္ဍာငွေ ပျောက်ဆုံးတာ ထားလိုက်ပါဦး။ ဒီသတင်းသာ အပြင်ထွက်သွားရင် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်တောင် ကျဆင်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး။)
ဒါကြောင့် ဒီသူခိုးဟာ တကယ်ကို အလိုက်သိလွန်းလှပါတယ်။ သူ့ကို ကူညီဖို့အတွက် အဆင်သင့် ခုန်ထွက်လာတာပဲ။
"အဆွေတော်သူခိုးကြီး... စိတ်ချပါ၊ ကျွန်တော် ဒီအမှတ်အသားကို ဘယ်တော့မှ ဖယ်ရှားမှာ မဟုတ်ပါဘူး။ ပြီးတော့ အားလန်နဲ့ မာလင်းတို့ကိုလည်း မင်းရဲ့လမ်းကနေ ဖယ်ရှားပေးဖို့ ကျွန်တော် တာဝန်ယူပါတယ်။"
"လာပါ... လာခိုးကြပါ၊ ငါ ချူရှင်းဟီကတော့ ဘယ်တော့မှ ပြန်မခုခံပါဘူး။ မင်းတို့ တစ်သက်မှာ တခါ ကြုံဖူးသမျှ အလိုက်သိဆုံး သားကောင် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။"
"ငါ့ရဲ့ သိုလှောင်ခန်းလက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် များလဲဆိုတာ မင်းတို့ မသိပါဘူး။ ဒါကိုသာ ခိုးသွားနိုင်ရင် မင်းတို့ ချက်ချင်း ချမ်းသာသွားပြီး တစ်သက်လုံး အလုပ်မလုပ်ပဲ အနားယူလို့တောင် ရပြီ။"
သူက အခိုးခံရဖို့တောင် အနေအထားတွေ အကုန် ပြင်ဆင်ပြီး စောင့်နေခဲ့တယ် မဟုတ်ပါလား။
(ပြောစမ်းပါဦး... ဒီတစ်ခေါက်မှာ ငါ ဘယ်လိုလုပ်ပြီး ရှုံးနိုင်တော့မှာလဲ။)
***