"အဖေ... အဲဒါဆို ကျွန်တော်တို့က ဘာဖြစ်လို့ လုံထန်နဲ့ ဆက်ပြီး ပူးပေါင်းနေသေးတာလဲ"
လီကျဲခိုင်သည် သံသယများ၊ စိုးရိမ်မှုများစွာဖြင့် လီကျားချန်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်၊၊
"မင်း ဝေခွဲမရဖြစ်နေတုန်းပဲလား သူက အခုချိန်ထိ ငါတို့ လီမိသားစုဆီကနေ အခွင့်အရေးယူနေတာပါ၊ အခု သူတင်ပြတဲ့ အစီအစဉ်အသစ် အပါအဝင်ပေါ့၊ အခမဲ့ဖုန်းခေါ်ဆိုခွင့် အစီအစဉ်ဆိုတာ နီဗားနားဖုန်းတွေအတွက်ပဲ ကန့်သတ်ထားတာလေ၊ တခြားဖုန်းတံဆိပ်တွေမှာ ဒီဝန်ဆောင်မှု မရဘူး၊ ဒါကြောင့် မင်းလည်း ဒီဝန်ဆောင်မှုကို တခြားဖုန်းတွေအတွက် စတင်ဖို့ စိတ်မကူးနဲ့ဦး"
လီကျားချန်က သူ့ကို အသေအချာကြည့်ရင်း ပြုံးကာ ပြောလိုက်ပါသည်။
"တစ်ခါတလေမှာ ကိုယ့်ဆီက အခွင့်အရေးယူတတ်တဲ့သူနဲ့ ပူးပေါင်းရတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး၊၊"
"ပြီးခဲ့တဲ့တစ်ခေါက် လုံထန်လုပ်ငန်းစုက အခမဲ့ဒေတာအစီအစဉ် တင်ပြတုန်းက နီဗားနားဖုန်း ရောင်းအားနဲ့ တွဲထားပေမဲ့ ငါတို့ရဲ့ အသုံးပြုသူအရေအတွက်ကိုလည်း အများကြီး တိုးလာစေခဲ့တယ် မဟုတ်လား၊၊"
"ဒီတစ်ကြိမ်မှာတော့ ဟောင်ကောင်တင် မဟုတ်ဘူး၊ ကျိဖုပေါင်ရဲ့ တကယ့်စစ်တလင်းက တစ်ကမ္ဘာလုံး ဖြစ်လိမ့်မယ် ဒီစစ်ရထားကြီးက တရုတ်ပြည်တင်မကဘဲ တစ်ကမ္ဘာလုံးရဲ့ စစ်ရထားကြီး ဖြစ်လာမှာ၊ ငါက ဘယ်လိုလုပ်ပြီး အဲဒီပေါ် မတက်ဘဲ နေနိုင်ပါ့မလဲ"
ကျိဖုပေါင်ထဲကို တစ်ခါဝင်လိုက်သည်နှင့် ပင်ဂွင်း (Penguin)၊ ကျင်းတုန် (Jindong)၊ လုံထန်တို့နှင့် အလိုအလျောက် တစ်ဖွဲ့တည်း ဖြစ်သွားမည်ဖြစ်ပြီး နောင်တွင်လည်း လူများစွာ ထပ်မံပူးပေါင်းလာကြမည် ဖြစ်သည်၊၊ ဤမျှ လူအများကြီးနှင့် ဖွဲ့စည်းထားသော ကျိဖုပေါင်သည် သာမန်လုပ်ငန်းစုတစ်ခုထက် ပို၍ တန်ဖိုးမရှိပေဘူးလား၊ ပို၍ အစွမ်းမထက်ပေဘူးလား၊၊
ထို့အပြင် သူ လိုက်စားနေသည်မှာ ငွေကြေးမဟုတ်ဘဲ ကမ္ဘာ့အဆင့် လွှမ်းမိုးမှု ဖြစ်သည်၊၊ ၎င်းမှာ စစ်မှန်သော အွန်လိုင်းဘဏ်တစ်ခု ဖြစ်လာပါလိမ့်မည်၊၊
"အဖေ... ဒီ ကျိဖုပေါင်က အလီဘာဘာရဲ့ ငွေပေးချေမှုစနစ်လိုပဲ နောက်ဆုံးမှာ နိုင်ငံတော်အတွက်ပဲ အကျိုးအမြတ် ဖြစ်သွားမယ့်အရာ (မင်္ဂလာဆောင်ဝတ်စုံ) ဖြစ်သွားမလား"
လွှမ်းမိုးမှုနှင့် ယှဉ်လျှင် လီကျဲခိုင်က သူ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ထိုက်တန်သော ရလဒ် ပြန်ရပါ့မလားဆိုသည်ကို ပို၍ စိုးရိမ်နေပါသည်၊၊
"ဖြစ်နိုင်ခြေ နည်းပါတယ်၊၊"
လီကျားချန် ခေါင်းယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"လင်းဖန်က ကျိဖုပေါင်ကို ဟောင်ကောင်မှာ တည်ထောင်ဖို့ တင်ပြရတဲ့ အကြောင်းရင်းက ပြည်မကြီးရဲ့ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့နဲ့ ငါတို့ကို ပါဝင်ခိုင်းတာကလည်း အထက်လူကြီးတွေ ငါတို့ရဲ့ အင်အားကို ကြောက်ရွံ့သွားအောင် လုပ်ဖို့ပဲ၊၊"
"သူ့ရဲ့ အပြုအမူတွေအရ ကြည့်ရင် သူက တကယ့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ၊ ကျိဖုပေါင် တည်ရှိနေတာဟာ နီဗားနားနဲ့ ခွဲခြားလို့မရတဲ့ ဆက်ဆံရေး ရှိတယ် ကျိဖုပေါင်ဟာ နီဗားနားဖုန်းပေါ်မှာပဲ ပါဝင်လာမှာပါ"
အမှန်စင်စစ် လီကျားချန်သည် ဤအချက်နှင့် ပတ်သက်၍ လင်းဖန်၏ အတွေးအခေါ်ကို သဘောတူမိသည်၊၊ အနှစ်ချုပ်ရလျှင် လုံထန်လုပ်ငန်းစုသည် လင်းဖန်၏ အခြေခံအုတ်မြစ် ဖြစ်သည်၊၊ ကျိဖုပေါင်က မည်သို့ပင်ဖြစ်စေ ၎င်းမှာ မိုဘိုင်းဆော့ဖ်ဝဲလ်နှင့် ကွန်ရက်စီးပွားရေးသာ ဖြစ်ပါသည်၊၊
လုံထန်ကမူ ရုပ်ဝတ္ထုပစ္စည်း ထုတ်လုပ်ရေး ဖြစ်သည်၊၊ မည်သည့်နိုင်ငံမှ လုံထန်လုပ်ငန်းစုကို ငြင်းပယ်ရန် မဖြစ်နိုင်ပါ၊၊
လုံထန်လုပ်ငန်းစု ပို၍ အားကောင်းလာလေလေ လင်းဖန်၏ လွှမ်းမိုးမှုမှာလည်း ပို၍ ကြီးမားလာလေလေ ဖြစ်ပါလိမ့်မည်၊၊
"တကယ့် အစီအစဉ်ကောင်းပဲ၊ ကျိဖုပေါင်ကို သုံးပြီး နီဗားနားဖုန်းကို ကြော်ငြာတာပေါ့..."
လီကျဲခိုင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်၊၊ သူသည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ ဤလျှို့ဝှက်ချက်ကို နားမလည်ဘဲ မနေနိုင်ပါ၊၊
"မင်းက ရှေးရိုးစွဲလွန်းနေသေးတယ်၊၊ လုံထန်ဟာ သုံးနှစ်အတွင်းမှာ Apple ကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်၊၊"
ဟု လီကျားချန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်၊၊
ကမ္ဘာတစ်ဝှမ်းတွင် ဌာနခွဲကြီး လေးခုနှင့် ထုတ်လုပ်ရေးစခန်းများကို တည်ထောင်နိုင်ခဲ့သော လင်းဖန်သည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအတွက် အစောကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊၊
အနည်းဆုံးတော့ သူ့အသက်အရွယ်တုန်းက လီကျားချန်သည် ဤကဲ့သို့ မလုပ်နိုင်ခဲ့၊၊ ထိုအချိန်တွင် လီကျဲခိုင်မှာ တိတ်ဆိတ်သွားပြီး သူ့ဖခင်က လင်းဖန်အပေါ် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို စဉ်းစားနေမိသည်၊၊
"ကဲ... လုံထန်နဲ့ ပူးပေါင်းဖို့ မြန်မြန် စီစဉ်လိုက်တော့၊၊"
လီကျားချန်က သူ့ကို ကြည့်ကာ လက်ဝေ့ယမ်းပြီး ပြောလိုက်ပါသည်။
"ဟောင်ကောင် ရဲတပ်ဖွဲ့ကိုလည်း ငါ အကြောင်းကြားထားပြီးပြီ၊ နီဗားနားဟာ သူတို့ရဲ့ အထူးဝယ်ယူတဲ့ ဆက်သွယ်ရေးစက် ဖြစ်လာလိမ့်မယ်၊၊"
ဟောင်ကောင်၏ ဤဧရိယာအကန့်အသတ်အတွင်းမှာတော့ တရုတ်အချမ်းသာဆုံးပုဂ္ဂိုလ်၏ အမည်မှာ အလွန်ပင် သြဇာညောင်းလှသည်၊၊
ထို့အပြင် လီကျားချန်သည် 'ကျိဖုပေါင်' စီမံကိန်းတွင် ပါဝင်ရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် ဟောင်ကောင်တွင် နီဗားနားဖုန်း ကြော်ငြာမှုမှာ အလွန်အရေးကြီးလာသည်၊၊ နီဗားနားဖုန်းကသာ အောင်မြင်မှ ကျိဖုပေါင်ကလည်း တိုးတက်နိုင်မည် ဖြစ်သည်၊၊
အထက်လူကြီးများ၏ ဖိအားကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါသည်၊၊
မာဟွာထန် လျူယွီတုန်နှင့် လင်းဖန်တို့က လီကျားချန်ကို မိတ်ဖက်အဖြစ် ရွေးချယ်ပြီး ဟောင်ကောင်တွင် 'ကျိဖုပေါင်' စီမံကိန်းကို စတင်ရခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်သည်၊၊
သို့သော် အရေးကြီးဆုံးအချက်မှာ အကျိုးအမြတ် ခွဲဝေမှု ဖြစ်သည်၊၊ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော လီကြားချန်းသည် သူတစ်ပါး ခိုင်းစေရာ လုပ်မည့်သူ မဟုတ်ပါ၊၊
"ဟုတ်ကဲ့ပါ အဖေ"
လီကျဲခိုင်က ခေါင်းညှိမ့်ပြပြီး စာကြည့်ခန်းထဲမှ ချက်ချင်း ထွက်ခွာသွားပါသည်၊၊
သူနှင့် လုံထန်လုပ်ငန်းစုကြား ပူးပေါင်းဆောင်ရွက်မှုထက် သူ့ဖခင် လီကျားချန်နှင့် လင်းဖန်၊ မာဟွာထန်၊ လျူယွီတုန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုက ပို၍ အရေးကြီးကြောင်း သူ ကောင်းစွာ သိရှိထားသည်၊၊
စီမံကိန်းကို အတည်ပြုပြီးပြီ ဖြစ်သော်လည်း အစီအစဉ်ကို ချက်ချင်း မစတင်နိုင်သေးပါ၊၊ အကြောင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ရှယ်ယာပိုင်ဆိုင်မှု သို့မဟုတ် ကုမ္ပဏီအသစ်၏ ထိန်းချုပ်သူ မည်သူဖြစ်မည် စသည်တို့ကို အသေအချာ ထည့်သွင်းစဉ်းစားရန် လိုအပ်သောကြောင့် ဖြစ်သည်၊၊
လီကျားချန်ပင် ထိုကဲ့သို့ စီမံကိန်းမျိုးကို ချက်ချင်း လက်စသတ်နိုင်မည် မဟုတ်ပါ၊၊
အမှန်စင်စစ်တွင် လင်းဖန်က မလောပါ၊ မာဟွားထန်လည်း မလောပါ၊ လျူယွီတုန်ကတော့ ပို၍ပင် မလောပါ၊၊ လီကျားချန်းသာ လောနေခြင်း ဖြစ်သည်၊၊ သူ၏ တိကျသော အဖြေကို ရရှိမှသာ လုံထန်အဖွဲ့အစည်း သုံးဖက်စလုံးက တရားဝင် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးရန်အတွက် ဟောင်ကောင်သို့ အပြေးအလွှား လာကြမည် ဖြစ်သည်၊၊
နောက်တစ်နေ့ နံနက် ၉ နာရီတွင် ဟောင်ကောင် ယင်ခဲ့ အဖွဲ့အစည်းသည် တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်၊၊
"မင်္ဂလာပါ မီဒီယာမိတ်ဆွေများခင်ဗျာ၊ ဒီနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ပြောင်းလဲစေမယ့် ကြီးမားတဲ့ အစီအစဉ်သစ်တစ်ခုကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်၊၊"
လီကျဲခိုင်သည် စင်မြင့်ထက်တွင် ရပ်ကာ ပရိသတ်ကို ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ပြည်မကြီးဈေးကွက်ဟာ ခေတ်သစ်တစ်ခုရဲ့ အစကို ရောက်နေပါပြီ အခပေးစနစ်ကနေ အခမဲ့စနစ်ကို ကူးပြောင်းနေတာပါ၊ ဥရောပနဲ့ အမေရိကတောင် နောက်ကျကျန်ခဲ့ပါပြီ၊၊"
"ပြည်မကြီးရဲ့ အရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ ယင်ခဲ့အဖွဲ့အစည်းဟာ ဟောင်ကောင်မှာ အခမဲ့ဆက်သွယ်ရေးစနစ်ကို ပထမဆုံး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လိုက်တဲ့ ပက်ကေ့ချ်ကို ဝယ်ယူထားရုံနဲ့ ဖုန်းခေါ်တာဖြစ်ဖြစ်၊ လက်ခံတာဖြစ်ဖြစ်၊ ဒေတာသုံးတာဖြစ်ဖြစ် အားလုံး အခမဲ့ ဖြစ်မှာပါ၊၊"
"ဟုတ်ပါတယ်၊ ဒီပက်ကေ့ချ်ကို ဝယ်ထားရင် ပြည်တွင်းဖုန်းခေါ်ဆိုမှု အားလုံး အခမဲ့ဖြစ်ပြီး အချိန်ကန့်သတ်ချက်လည်း မရှိပါဘူး"
"ဝါး...!"
တစ်ခန်းလုံး ဆူညံသွားပြီး လူတိုင်း မတ်တပ်ရပ်ကုန်ကြပါသည်၊၊
ဘာလဲဟ..။ ဆက်သွယ်ရေးဝန်ဆောင်မှုက အခမဲ့တဲ့လား၊ ပက်ကေ့ချ် တစ်ခုတည်းနဲ့ အကုန်ရမယ်တဲ့လား၊၊
ပြည်မကြီးတွင် အခမဲ့စနစ်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ခေါင်းမာသော ဟောင်ကောင်လူမျိုးများသည် ဥရောပနှင့် အမေရိကကိုသာ အမြဲ စံနမူနာထားခဲ့ကြပါသည်၊၊ အကြောင်းမှာ ထိုဒေသများမှာ အဖွံ့ဖြိုးဆုံးဟု သူတို့ ယူဆသောကြောင့် ဖြစ်သည်၊၊
သို့သော် ယခုအခါ ဟောင်ကောင်သည် အမေရိကန်ကို ကျော်တက်ပြီး ပက်ကေ့ချ်အတွင်း အခမဲ့စနစ်ကို ကျင့်သုံးလိုက်ခြင်းမှာ မယုံနိုင်စရာ ကောင်းလှပါသည်။
"ဒါရိုက်တာလီ... ခင်ဗျားတို့ ကုမ္ပဏီက အခမဲ့စနစ်ကို သုံးမယ်ဆိုရင် ကုန်ကျစရိတ်ကို ဘယ်လို ပြန်ရှာမှာလဲ၊ အမြတ်ကရော ဘယ်က ရမှာလဲ"
ဟောင်ကောင် ဂဇက် (Xiangjiang Gazette) သတင်းထောက်က ပထမဆုံး တုံ့ပြန်လိုက်ပြီး မိုက်ခရိုဖုန်းကို ကမ်းကာ မေးလိုက်သည်၊၊
"ဒါကိုတော့ ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး"
လီကျဲခိုင်က ဖုံးကွယ်ထားခြင်း မပြုဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဘယ်စီးပွားရေးမှ အရှုံးခံပြီး မလုပ်ပါဘူး၊၊ ကျွန်တော်တို့ ယင်းခဲ့အဖွဲ့အစည်းက အမြတ်ကို အများကြီး လျှော့ချလိုက်တာပါ၊ ဒါပေမဲ့ အဖွဲ့အစည်း လည်ပတ်နိုင်ဖို့ကိုတော့ အာမခံနိုင်ပါတယ်၊၊"
"လက်ရှိမှာ ပြည်မကြီးက အဓိက လုပ်ငန်းကြီးတွေအားလုံး အခမဲ့ဝန်ဆောင်မှုတွေကို ကြော်ငြာနေကြပါပြီ၊ ဒါဟာ ပြည်သူတွေရဲ့ သုံးစွဲမှု ကုန်ကျစရိတ်ကို အများကြီး လျှော့ချပေးပါတယ်၊၊ အာရှမှာ အဖွံ့ဖြိုးဆုံးနေရာ ဖြစ်တဲ့ ကျွန်တော်တို့ ဟောင်ကောင်ဟာလည်း ခေတ်ရေစီးကြောင်း နောက်မှာ ကျန်မနေခဲ့သင့်ပါဘူး၊"
"ယင်ခဲ့အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ကျွန်တော် အာမခံပါတယ်၊ ကျွန်တော်တို့ ရှိနေသရွေ့ ပက်ကေ့ချ် ဝယ်ယူထားတဲ့ အသုံးပြုသူတွေဆီကနေ တစ်ပြားတစ်ချပ်မှ ပိုပြီး ကောက်ခံသွားမှာ မဟုတ်ပါဘူး၊၊"
......................................................
***