အင်မော်တယ်ယဇ်ပလ္လင်၏ အထက်၊ မှိန်ပျပျ ကြယ်တာရာများကြားတွင်...
တုနှိုင်းမယှဉ်သာအောင် ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုက တင်ပျဥ်ခွေ ထိုင်နေသည်။
သူ၏ ဦးခေါင်းအနောက်ဘက်မှာတော့ အပြစ်တရား၏ နတ်ဆိုးစက်ဝန်း ရာပေါင်းများစွာက တစ်လွှာပြီးတစ်လွှာ လည်ပတ်နေ၏။
ထိုစက်ဝန်းများကြားမှာလည်း ကုဋေကုဋာမကသော သတ္တဝါများ၏ ငိုကြွေးမြည်တမ်းသံများက အခိုက်အတန့်တိုင်းမှာ ထွက်ပေါ်နေပုံရသည်။
ထိုပုံရိပ်ကြီးက တကယ်ကို နတ်ဆိုးနတ်ဘုရားတစ်ပါးလိုပင်။
၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသလို အဆုံးမရှိသော ဖိအားများကို သယ်ဆောင်လာသည်။
ကြက်သွေးရောင် သွေးယဇ်ပူဇော်ခြင်း စွမ်းအားများက ထိုပုံရိပ်ကြီးကို စကြဝဠာ ဂလက်ဆီတစ်ခုလို ဝန်းရံထားပေသည်။
"ယဇ်ဆရာသခင်"
သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့လည်း ဤအခိုက်တွင် သူတို့၏ မျက်နှာထက်မှာ မကြုံစဖူး တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာကြသည်။
သူတို့က ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင်၊ တားမြစ်နယ်မြေအသီးသီးမှ အမြင့်ဆုံး ပါရမီရှင်များ ဖြစ်သည်။
သို့သော်လည်း အခုချိန်မှာတော့ ဒဏ္ဍာရီလာ ယဇ်ဆရာသခင်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေသည်ဟု ခံစားခဲ့ရပေသည်။
မဟုတ်သေး၊ သူတို့က ပုရွက်ဆိတ်ထက်တောင် ပို၍နိမ့်ကျသည်။
ယဇ်ဆရာသခင်၏ ရှေ့မှာ သူတို့က ဖုန်မှုန့်တစ်စလေးလိုပင်။
'သူက တကယ့်ကို ယဇ်ဆရာသခင်ပဲ။ ယဇ်ဆရာသခင်တွေပဲ သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို ထိန်းချုပ်နိုင်တာ...'
ယဇ်ဆရာသခင်တစ်ပါးက အဘယ်ကြောင့် ဤနေရာမှာ ပေါ်လာတာသလဲဆိုတာ သူတို့ မသိကြသော်လည်း မျက်စိရှေ့က အမှန်တရားကိုတော့ လိမ်ညာလို့ မရပေ။
ထိုပုံရိပ်ကြီး၏ စွမ်းအားကို မပြောလျှင်ပင်၊
သူ့ခန္ဓာကိုယ်က စကြာဝဠာတစ်ခုကဲ့သို့ဖြစ်ပြီး အစွမ်းထက်သော အရှိန်အဝါဖိအားက ကွေ့ရှအပျက်အယွင်းနယ်မြေ တစ်ခုလုံးကို ဖိနှိပ်ထားနိုင်ပုံရပေသည်။
ဤကဲ့သို့ အတိုင်းအဆမရှိသော စွမ်းအားမျိုးကို ယဇ်ဆရာသခင်များသာ ပိုင်ဆိုင်နိုင်ကြသည်။
သွေးယဇ်ပူဇော်ခြင်း စွမ်းအားနှင့် ပတ်သက်လျှင်တော့ ဒါဟာ ယဇ်ဆရာသခင်တစ်ပါး၏ အမှတ်အသားလို ဖြစ်နေပြီ။
ထို့အပြင် မျက်စိလျှင်သော သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်က အင်မော်တယ်ယဇ်ပလ္လင်၏ ထိပ်မှာရှိသော ယဇ်ဆရာသခင်အမိန့်တော်ကို မြင်ကြသည်။
'တကယ်ပဲ... သူက အသစ်တက်လာတဲ့ ပဉ္စမမြောက် ယဇ်ဆရာသခင်လား'
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်၏ ရင်ထဲတွင် မုန်တိုင်းထန်နေသကဲ့သို့ပင်။
မူလက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ပုဂ္ဂိုလ်ကြီးမှာ ပဉ္စမမြောက် ယဇ်ဆရာသခင်ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။
သို့သော်လည်း သူက ပြင်းထန်သောဒဏ်ရာကြောင့် အိပ်မောကျနေခဲ့ပြီး ပဉ္စမမြောက် ယဇ်ဆရာသခင်နေရာမှာ လစ်လပ်ခဲ့ပေသည်။
ထို့ကြောင့် ဤယဇ်ဆရာသခင်က လူသစ်ဖြစ်သည်။
ထို့ပြင် သူက သူတို့၏ သက်ရှည်ခြင်းကျွန်း၊ ဧကရာဇ်ကြွေလွင့်တောင် သို့မဟုတ် သားရဲဂူမှ ယဇ်ဆရာသခင် မဟုတ်ပေ။
မြင့်မြတ်ဝိညာဥ်အပျက်အယွင်းနယ်မြေက တစ်ယောက်လည်း မဟုတ်ပါ။
အချုပ်ဆိုရလျှင်၊ ဤပုဂ္ဂိုလ်ကြီးက အသစ်တက်လာသော ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်သည်။
"ဧကရာဇ်ကြွေလွင့်တောင်က အငယ်လေး ဝမ့်ယန်က ယဇ်ဆရာသခင်ကြီးကို နှုတ်ခွန်းဆက်ပါတယ်" တွေဝေတုံ့ဆိုင်းမနေဘဲ ဝမ့်ယန်က မြေပြင်ပေါ်မှာ ပထမဆုံး ဒူးထောက်လိုက်သည်။
ယဇ်ဆရာသခင် ငါးပါးက အမြင့်မြတ်ဆုံး တည်ရှိမှုများပင်။
ဒါက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေများ၏ ဘုံသဘောတူညီချက် ဖြစ်သည်။
ယဇ်ဆရာသခင် ငါးပါးကို နတ်ဘုရား ငါးပါးကဲ့သို့ ရိုသေလေးစားရ၏။
ထိပ်တန်း ပါရမီရှင်တစ်ဦးအနေဖြင့် သူ့မှာ ကိုယ်ပိုင်မာန ရှိကြသော်လည်း ယခုအချိန်မှာတော့ ဒူးထောက်ရပေမည်။
"သားရဲဂူက အငယ်လေး တောက်ဝမ်က၊ ယဇ်ဆရာသခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ဗိုလ်ကျစိုးမိုးတတ်သော တောက်ဝမ်သည်လည်း ယခုအချိန်မှာ လိမ္မာသော ကလေးလေးတစ်ယောက်လို ရိုးရိုးသားသား ဒူးထောက်လိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်ကတော့ ခဏလောက် တုံ့ဆိုင်းနေသည်။
နောက်ဆုံးတွင်၊ သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ နံပါတ်တစ် ပါရမီရှင်ပင်။
ထို့ပြင် သက်ရှည်ခြင်းကျွန်း၏ ပါရမီရှင်လည်း ဖြစ်သည်။
ယခင်ကဆိုလျှင်၊ သက်ရှည်ခြင်းကျွန်း၏ ဧကရာဇ်အဆင့် ဘိုးဘေးများကို တွေ့ရင်လျှင် သူ ဒူးထောက်စရာ မလိုပါ။ ဦးညွှတ်ရုံသာ ဖြစ်သည်။
သက်ရှည်ခြင်းကျွန်း၏ နာမည်ရင်း ထုတ်မပြောနိုင်သော ပထမဆုံး ယဇ်ဆရာသခင်ကိုတော့ သက်ရှည်ခြင်းဧကရာဇ်သားတော်က တစ်ခါမှ မမြင်ဖူးပါ။
သို့သော်လည်း ယခုအချိန်တွင် ဝမ့်ယန်နှင့် တောက်ဝမ်တို့က ဤမျှလွယ်လွယ်ကူကူ ဒူးထောက်တာကို မြင်လိုက်ရသောအခါ...
သက်ရှည်ခြင်းဧကရာဇ်သားတော်က မည်မျှပင် စိတ်မသက်မသာ ဖြစ်နေစေကာမူ၊ လိမ္မာပါးနပ်စွာဖြင့် ဒူးထောက်လိုက်ရတော့သည်။
ယဇ်ဆရာသခင်တစ်ပါးကို ပြစ်မှားမိလျှင် အကျိုးဆက်က မှန်းဆလို့မရနိုင်ပါ။
သူတို့ သက်ရှည်ခြင်းကျွန်း၏ အကြီးအကဲများပင် သူ့ကို ကယ်နိုင်မှာ မဟုတ်ပေ။
သက်ရှည်ခြင်းကျွန်း၏ ပထမဆုံး ယဇ်ဆရာသခင် ကိုယ်တိုင် ထွက်လာရင်တော့ တစ်မျိုး ဖြစ်သည်။
သို့သော်လည်း ပထမဆုံး ယဇ်ဆရာသခင်ကဲ့သို့ ပုဂ္ဂိုလ်ကြီး၏ မျက်လုံးထဲမှာ သက်ရှည်ခြင်းဧကရာဇ်သားတော်က ဖုန်မှုန့်လေးတစ်စထက် မပိုနိုင်ပါ။
သူက သက်ရှည်ခြင်းကျွန်း၏ ပါရမီရှင် ဖြစ်နေလျှင်ပင် မပြောင်းလဲပေ။
သက်ရှည်ခြင်းဧကရာဇ်သားတော်က ပါးနပ်သူ ဖြစ်သည်။
ထိုသို့သော အကျိုးဆက်နှင့် ယှဉ်လိုက်ရင် သိက္ခာအနည်းငယ် အဆုံးရှုံးခံရတာက ဘာမှ မဟုတ်ပါ။
"သက်ရှည်ခြင်းကျွန်းက အငယ်လေး သက်ရှည်ခြင်းဧကရာဇ်သားတော်က ယဇ်ဆရာသခင်ကို နှုတ်ခွန်းဆက်ပါတယ်" သက်ရှည်ခြင်းဧကရာဇ်သားတော်လည်း မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။
သူတို့အားလုံးက သူတို့ရှေ့မှ ယဇ်ဆရာသခင်နှင့် ပတ်သက်ပြီး စိုးစဉ်းမျှ သံသယ မရှိကြပေ။
မေးခွန်းထုတ်ဖို့ဆိုလျှင် တွေးပင်မတွေးရဲကြပါ။
မေးခွန်းထုတ်စရာလည်း မရှိချေ။
ယုံနိုင်စရာမရှိအောင် စွမ်းအားကြီးသည်။
သွေးယဇ်ပူဇော်ခြင်း စွမ်းအားကိုလည်း ထိန်းချုပ်ထားနိုင်၏။
ထို့ပြင် အင်မော်တယ်ယဇ်ပလ္လင်ကို ဖွင့်လှစ်နိုင်သော ယဇ်ဆရာသခင်အမိန့်တော်လည်း ရှိနေသေးသည်။
ဤပုဂ္ဂိုလ်ကြီးက ယဇ်ဆရာသခင် မဟုတ်ဘူးဟု ပြောလာလျှင် မည်သူမျှ ယုံကြည်ကြမှာ မဟုတ်ပါ။
သို့ရာတွင်၊ ဤပုဂ္ဂိုလ်၏ အထောက်အထားက မည်သူဖြစ်သနည်း။
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်လုံး ဤအချက်ကိုတော့ သိချင်မိကြသည်။
သို့သော်လည်း သူတို့ကို သတ္တိများ အဆတစ်သောင်း ပိုပေးလျှင်ပင် မေးခွန်းထုတ်ဝံ့မည် မဟုတ်ပေ။
လူသားတစ်ယောက်က နတ်ဘုရား၏ရှေ့မှာ စိတ်ထင်သလို မေးခွန်းထုတ်ဝံ့ပါ့မလား။
"အိမ်း၊ မင်းတို့လေးတွေ ဒီနေရာကို ရောက်လာနိုင်တယ်ဆိုကတည်းက မင်းတို့ဟာ ကောင်းကင်ကိုးပါးရဲ့ အနာဂတ်တွေဆိုတာ သက်သေပြနေတာပဲ" ကြီးမားလှသော ပုံရိပ်ကြီးက ပြောလိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်လုံး၏ မျက်လုံးထဲမှာ ဝမ်းသာမှု အရိပ်အယောင်များ ပေါ်လာကြ၏။
ပဉ္စမမြောက် ယဇ်ဆရာသခင်က သူတို့ကို တော်တော်လေး အသိအမှတ်ပြုပုံရသည်။
"ယဇ်ဆရာသခင် အရှင်က ချီးမွမ်းလွန်းနေပါပြီ၊ ဒီနေရာမှာ ယဇ်ဆရာသခင် အရှင်ကို မော်ဖူးခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်က အတော်လေး ရိုကျိုးနေကြလေသည်။
ထိုပုံရိပ်ကြီးက ထပ်ပြောလိုက်သည်။
"မင်းတို့... စွမ်းအား လိုချင်ကြသလား"
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်၏ အသက်ရှူသံများ ရပ်တန့်သွားလုနီးပါးပင်။
ဒါက ဘာကို ဆိုလိုသနည်း။
ကြီးမြတ်သော ပဉ္စမမြောက် ယဇ်ဆရာသခင်က သူတို့ကို စွမ်းအားပေးသနားတော့မည်လော။
"မင်းတို့... သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို ရချင်ကြသလား"
ဝုန်း..
ဒါကိုကြားရသော သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်လုံး သွေးပေါင်ချိန်များ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။
သွေးယဇ်ပူဇော်ခြင်း စွမ်းအား...
ဒါက ယဇ်ဆရာသခင်များသာ ပိုင်ဆိုင်နိုင်သော စွမ်းအားဖြစ်သည်။
ဒါက သက်ရှိအားလုံး၏ သွေးဖြင့် ယဇ်ပူဇော်ရာမှ ရရှိလာသော စွမ်းအင်ပင်။
ယခုတော့ ပဉ္စမမြောက် ယဇ်ဆရာသခင်၏ စကားအသွားအလာအရ သူတို့ဟာ သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို ရနိုင်ပုံပေါ်သည်။
"တ... တကယ်ရမယ်ဆိုရင် လိုချင်ပါတယ်ခင်ဗျာ"
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်သား ခပ်သွက်သွက်လေး ဖြေလိုက်ကြသည်။
သွေးယဇ်ပူဇော်ခြင်း စွမ်းအားကို ရရှိနိုင်လျှင် သူတို့အတွက် မည်မျှအကျိုးကြီးမည်နည်း။
ဒါက အမှန်တကယ် မှန်းဆလို့တောင် မရနိုင်ပေ။
သွေးယဇ်ပူဇော်ခြင်း စွမ်းအားကိုသာ ရခဲ့မည်ဆိုလျှင် သူတို့က အနာဂတ်မှာ အထွတ်အထိပ်၌ ရပ်တည်နိုင်နိုင်ရန် သေချာနေပြီဟု ဆိုနိုင်သည်။
ဤရွှေခေတ်၏ အတက်အကျများကို ထိန်းချုပ်နိုင်သည့် အမြင့်မြတ်ဆုံး တည်ရှိမှုများ ဖြစ်လာကြလိမ့်မည်။
"ကောင်းပြီ...၊ ဒါပေမဲ့... မင်းတို့က ဘာပြန်ပေးနိုင်မလဲ"
"ငါ့အတွက် မင်းတို့ဆီက ဘာမှ မလိုအပ်ပါဘူး"
"ဒါပေမဲ့ လောကမှာရှိတဲ့ အရာရာတိုင်းက အသွားအပြန်ရှိတယ်ဆိုတာကိုတော့ မင်းတို့ နားလည်စေချင်တယ်"
"တစ်ခုခု ရရင် တစ်ခုခုကိုတော့ ဆုံးရှုံးရမှာပဲ"
"မဟာသုတ်သင်ရှင်းလင်းခြင်းလိုပေါ့၊ အဖိုးအခအနေနဲ့ သက်ရှိအားလုံးကို ယဇ်ပူဇော်ပြီး အင်မော်တယ်ဖြစ်မဲ့ အခွင့်အရေးနဲ့ လဲလှယ်ရတာမျိုးပေါ့"
ပဉ္စမမြောက် ယဇ်ဆရာသခင်၏ အသံက ဟိန်းထွက်နေပြီး နက်နဲသော အမှန်တရားတစ်ခုကို သယ်ဆောင်ထားပုံရသည်။
ဤအခြေအနေမျိုးမှာ မည်သူမဆို သေချာပေါက် အရူးလုပ်ခံရလိမ့်မည်။
'လက်စသတ်တော့ ယဇ်ဆရာသခင်က ငါတို့ကို ဒီလို အမှန်တရားမျိုးကို နားလည်စေချင်တာပဲ'
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးယောက်က စဉ်းစားလိုက်သည်။
သူတို့က အရူးများ မဟုတ်ပါ။
ပဉ္စမမြောက် ယဇ်ဆရာသခင်ကဲ့သို့ တည်ရှိမှုမျိုးက သူတို့ထံမှ ဘာကိုမှ အမှန်တကယ် လိုချင်မှာ မဟုတ်ဘူးဟု သူတို့ ယုံကြည်သည်။
နတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်များထံမှ တစ်ခုခုကို လိုချင်ပါ့မလား။
တောက်ဝမ်က အသံကျယ်ကျယ်ဖြင့် အခြားသူများထက်ဦးအောင် ပြောလိုက်သည်။ "ယဇ်ဆရာသခင်ကြီးခင်ဗျာ၊ ကျွန်တော်က ပြီးပြည့်စုံတဲ့ ဝါးမြိုခြင်းအင်မော်တယ်ကျမ်းကို ပေးအပ်ပါရစေ။ ဒါက ကျွန်တော်တို့ တောက်ထျဲမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး အင်မော်တယ်ကျမ်းစာပါ"
တောက်ဝမ်က ကျောက်စိမ်းပြားတစ်ခုကို တိုက်ရိုက်ထုတ်ပေးလိုက်၏။
ဝါးမြိုခြင်းအင်မော်တယ်ကျမ်းက အလွန် တန်ဖိုးကြီးသည်။ ၎င်းက တောက်ထျဲမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး မျိုးနွယ်စု၏ အမှတ်အသား အင်မော်တယ်ကျမ်းတစ်ခုပင်။
သို့သော်လည်း တောက်ဝမ်က သူတို့မျိုးနွယ်၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သည့်အတွက် သူ့မှာ ပြီးပြည့်စုံသော အင်မော်တယ်ကျမ်း ရှိနေခြင်းက သာမန်သာ ဖြစ်သည်။
"မင်း..."
တောက်ဝမ်က ဝါးမြိုခြင်းအင်မော်တယ်ကျမ်းကို ထုတ်ပေးလိုက်ကြောင်း မြင်သောအခါ သက်ရှည်ခြင်းဧကရာဇ်သားတော်နှင့် ဝမ့်ယန်တို့ မျက်နှာပျက်သွားသည်။
အကယ်၍ သူတို့ ပေးတာက တောက်ဝမ်၏ ကျမ်းစာလောက် တန်ဖိုးမရှိလျှင်...
ယဇ်ဆရာသခင်ကြီးက သူတို့ကို သွေးယဇ်ပူဇော်ခြင်း စွမ်းအား ပေးအပ်ပါဦးမလား။