စစ်စခန်းအတွင်းရှိ လေ့ကျင့်ရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် လူအုပ်ကြီး တစ်စုရုံးရုံး ဖြစ်နေကြသည်။ ယခင်က ယွီဟွားဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ခဲ့ကြသည့် ဆင့်ကဲပြောင်းလဲသူအားလုံးမှာ စိုးရိမ်ပူပန်သော မျက်နှာထားများဖြင့် လေ့ကျင့်ရေးခန်းမတံခါးကိုသာ စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် ဆုတ်ခွာရတော့မည်ဟူသော သတင်းကြောင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ ဂိုဏ်းခေါင်းဆောင်ထံမှ အခြေအနေမှန်ကို မေးမြန်းသိရှိနိုင်ရန်အတွက် တစ်ယောက်တစ်ပေါက် ငြင်းခုံဆွေးနွေးနေကြသည်။
မလိုအပ်သော ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန်အတွက် ဆုတ်ခွာရေးသတင်းကို အခြေစိုက်စခန်းအသီးသီးရှိ အဆင့်မြင့်အရာရှိကြီးများအကြား၌သာ ကန့်သတ်ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်လင်းအနေဖြင့် သူမ၏ အဖွဲ့ဝင်များကို ကြိုတင်အကြောင်းကြားထားခြင်း မရှိသဖြင့် သူတို့မှာ မည်သည့်အရာကိုမျှ မသိရှိဘဲ ကြိုတင်ပြင်ဆင်မှုလည်း ကင်းမဲ့နေခဲ့ကြခြင်းပင်။
"ဟူး... ငါတို့တွေ ယွီဟွား အခြေစိုက်စခန်းကို ရောက်တာ မကြာသေးဘူး။ အခုတစ်ခါ ထပ်ပြီး ဆုတ်ခွာရပြန်ပြီလား"
"ဟုတ်ပဗျာ... ကျွန်တော်ဆိုရင် ဒီမှာပဲ အိမ်ထောင်ရက်သားကျပြီး အခြေချဖို့ စဉ်းစားနေတာ။ အခုမှ စိတ်ကူးရှိကာရှိသေး ဒီလိုတွေ ဖြစ်လာမယ်လို့ ထင်မထားဘူး။ ဘာတွေဖြစ်နေမှန်းလည်း မသိပါဘူးဗျာ။ အခြေစိုက်စခန်း တစ်ခုလုံးတောင် ဆုတ်ခွာရမယ်ဆိုတော့"
"ငါတို့ရဲ့ ခေါင်းဆောင်က အဆင့်မြင့်အရာရှိတစ်ယောက်ဆိုတော့ သူကတော့ အခြေအနေကို သေချာပေါက် သိမှာပါ။ ဒါပေမဲ့ သူက အခု လေ့ကျင့်နေတုန်းဆိုတော့ ဘယ်အချိန်မှ ထွက်လာမလဲ မသိဘူး ရင်လေးစရာပဲ..."
လူအုပ်ကြီးအတွင်း၌ ထိုသို့ ဝေဖန်ဆွေးနွေးနေကြစဉ်မှာပင် လေ့ကျင့်ရေးခန်းမတံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
"နင်တို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ"
လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ကျောက်လင်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမသည် အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့သည်မှာ မကြာသေးသဖြင့် ဤအတောအတွင်း အဆင့် ၅ ၏ စွမ်းအားများကို ကျင့်သားရစေရန်နှင့် ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေရန်အတွက် အာရုံစိုက်၍ လေ့ကျင့်နေခဲ့ခြင်းပင်။
"ခေါင်းဆောင်ကြီး"
"ဂိုဏ်းခေါင်းဆောင်"
ကျောက်လင်းထွက်လာသည်ကို မြင်လိုက်ရသောအခါ လူစုကြီးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး သူမကို ဝိုင်းဝန်းနှုတ်ဆက်ကြသည်။
"အင်း... နင်တို့အားလုံး ဘာဖြစ်နေကြတာလဲ။ ငါ့ရဲ့ လေ့ကျင့်ရေးခန်းမတံခါးဝမှာ ဘာလို့ စုရုံးနေကြတာလဲ"
ကျောက်လင်းက ခေါင်းညိတ်ပြရင်း ထပ်မံမေးလိုက်သည်။
"ခေါင်းဆောင်ကြီး... အထက်ကနေ ရုတ်တရက် ကြေညာချက်တစ်ခု ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ဆုတ်ခွာရမယ်လို့ ပြောနေကြတယ်။ ကျွန်တော်တို့ဘက်က ဘာမှလည်း ကြိုတင်ပြင်ဆင်ထားတာ မရှိသေးဘူး တကယ်က ဘာတွေဖြစ်နေတာလဲခင်ဗျာ"
ထိုသို့ မေးမြန်းလိုက်သူမှာ ကျောက်လင်း၏ လက်အောက်ရှိ ဆင့်ကဲပြောင်းလဲသူများထဲမှ အဆင့် ၄ သို့ လတ်တလော တက်လှမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသော စွမ်းအားရှင်ပင်။
"ကြေညာချက် ထွက်လာပြီလား။ ဒီကိစ္စက အစောပိုင်းတုန်းက ခေါင်းဆောင်ကြီးကိုယ်တိုင် ကျွန်မတို့လို အဆင့်မြင့်အရာရှိတွေကို လျှို့ဝှက်ထားဖို့ ညွှန်ကြားထားလို့ နင်တို့ကို မပြောပြခဲ့တာပါ။ အခုတော့ ကြေညာချက်လည်း ထွက်လာပြီဆိုတော့ ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး။
အခြေစိုက်စခန်းအနေနဲ့ ဆုတ်ခွာဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဇွန်ဘီဘုရင်ကြောင့်ပါပဲ။ အဲဒီဇွန်ဘီဘုရင်ရဲ့ အင်အားက အခုဆိုရင် အခြေစိုက်စခန်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနေပြီ။ အခြေစိုက်စခန်း တစ်ခုလုံး အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေလို့ ငါတို့တွေ ဆုတ်ခွါရမှာ"
ကျောက်လင်းသည် ခေတ္တမျှ စကားရပ်လိုက်ပြီး မှင်တက်နေသော လူအုပ်ကြီးကို ကြည့်ကာ ဆက်ပြောသည်။
"ဒါကြောင့်မို့လို့ အခြေစိုက်စခန်းအသီးသီးက အဆင့်မြင့်အရာရှိတွေ အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်မှာ ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ။
ဒါ့အပြင် ဒီဆုံးဖြတ်ချက်က အတည်ဖြစ်သွားပြီဆိုတော့ ပြောင်းလဲလို့ မရနိုင်တော့ဘူး။ ဘာမှ ညည်းညူမနေကြနဲ့တော့။ ပြန်ပြီးတော့ လိုအပ်တာတွေ သေချာထုပ်ပိုးပြင်ဆင်ကြ။ ရှေ့လျှောက် ကြုံတွေ့ရမယ့် ဆုတ်ခွာရေး လုပ်ငန်းစဉ်တွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကြိုတင်ပြင်ဆင်ထားကြပါ"
အခြေအနေမှန်ကို သိရှိသွားကြပြီး ပြောင်းလဲ၍မရနိုင်တော့မှန်း နားလည်သွားသောအခါ လူတိုင်းမှာ ဘာမှမတတ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ နောက်ဆုံးတွင်မူ သူတို့၏ ဂိုဏ်းခေါင်းဆောင်၏ အမိန့်ကို ခေါင်းညိတ်နာခံကာ လူစုခွဲသွားကြတော့သည်။
လူစုခွဲသွားပြီးနောက် ကျောက်လင်း၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ကြေညာချက် ထွက်လာပြီဆိုကတည်းက ဆုတ်ခွာရမည့်အချိန်မှာ နီးကပ်နေပြီဖြစ်ကြောင်း ထင်ရှားနေသည်။
ရှေ့လျှောက်တွင် သူမအနေဖြင့် ပင်မတပ်ဖွဲ့များနှင့်အတူ ကျင်းပြည်နယ်မှ သေချာပေါက် ထွက်ခွာရတော့မည်ဖြစ်ရာ လုချွမ်းနှင့် ချီချီလေးတို့ကို နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံနိုင်ရန်မှာ ခက်ခဲသွားပေတော့မည်။
"သူတို့ဆီကို နောက်ဆုံးတစ်ခေါက်လောက် သွားကြည့်လိုက်ဦးမယ်... နှုတ်ဆက်တဲ့အနေနဲ့ပေါ့"
လီမြစ် အခြေစိုက်စခန်း၏ ဗီလာအပြင်ဘက်တွင်
ဒုန်း... ဒုန်း... ဒုန်း...
ရုတ်တရက်ဆိုသလို ကောင်းကင်ယံထက်ဝယ် နားကွဲမတတ်သော ဓားချက်သံကြီး ဟိန်းထွက်လာပြီး စူးရှတောက်ပသော သွေးနီရောင် ဓားအရှိန်အဝါတစ်ခုက ဝေဟင်ကို ဖြတ်သန်းသွားခဲ့သည်။ ထိုဓားချက်သည် လေထဲတွင် ပျံသန်းနေသော မီးလုံးဆယ်လုံးကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ထက်ပိုင်းစီ ပိုင်းဖြတ်လိုက်တော့သည်။
ချက်ချင်းပင် မီးလုံးများသည် နှစ်ခြမ်းကွဲသွားကာ လေထဲတွင် တရစပ် ပေါက်ကွဲသွားပြီး မြည်ဟည်းသံများနှင့်အတူ မီးတောက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လေလှိုင်းများမှာ ဘေးပတ်ပတ်လည်ရှိ သစ်ပင်စိမ်းများကိုပင် တဝုန်းဝုန်းနှင့် လှုပ်ခါသွားစေခဲ့သည်။
မီးတောက် ၁ နှင့် မီးတောက် ၂ တို့ကို ရင်ဆိုင်နေသော လုချွမ်းသည် ထိုအရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး ကိုယ်ပေါ်တွင် မှိန်ဖျော့သော စိမ်းပြာရောင် အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။
လုချွမ်းသည် ကိုယ်ယောင်ဖျောက်လိုက်သကဲ့သို့ပင် ရုတ်တရက် ပျောက်ကွယ်သွားပြီး စိမ်းပြာရောင် အလင်းတောင်ပံတစ်စုံမှာ နောက်ဘက်သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ သူသည် ပေါက်ကွဲမှုဒဏ်ကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး မီတာရာပေါင်းများစွာ အကွာတွင် အနာအဆာမရှိဘဲ ပြန်လည်ရပ်တန့်နိုင်ခဲ့သည်။
"ဖေဖေက တကယ်ကို တော်တာပဲ"
အဝေးမှ စောင့်ကြည့်နေသော ကျိရုရွှယ်မှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကာ လက်ခုပ်တီး၍ အားပေးနေတော့သည်။
"ဟူး..."
သမီးဖြစ်သူ၏ အသံကို ကြားသောအခါ လုချွမ်းသည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ချီချီလေးကို ပြုံးပြလိုက်သည်။
သူသည် ချီချီလေး မကြာသေးမီက သင်ကြားပေးထားသော သိုင်းပညာတစ်ခုဖြစ်သည့် စိမ်းပြာရောင်ရွှေတံဆိပ်ဂဠုန် တောင်ပံဖြန့်ကျက်ခြင်းအတတ်ကို လေ့ကျင့်နေခြင်းပင်။
ဤအတတ်မှာ အဆင့်မြင့် ကိုယ်ဖော့ပညာတစ်ခုဖြစ်ပြီး ကျင့်ကြံသူကို ကောင်းကင်ယံ၌ ပျံသန်းနေသော ဂဠုန်ငှက်ကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားလာနိုင်စေသည်။
အခြားတစ်ဖက်တွင်မူ လေထဲ၌ ကခုန်နေကြသော မီးတောက် ၁ နှင့် မီးတောက် ၂ တို့သည်လည်း လုချွမ်း၏ စေခိုင်းမှုအောက်တွင် သူတို့၏ မီးတောက်အခြေအနေကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။
ထိုအချိန်တွင် လုချွမ်းသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ချီချီလေး၏ အနီးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
ထိုနေ့က ကောင်းကင်မှ ကျဆင်းလာခဲ့သော သွေးဆိုးဓားသိုင်းအကြောင်းကို ရုတ်တရက် သတိရသွားမိသဖြင့် သူက စက္ကူပေါ်တွင် ရေးသား၍ မေးလိုက်သည်။
"ချီချီလေး... အဲဒီ သွေးဆိုးဓားသိုင်းဆိုတာ တကယ်တော့ သမီးက ဖေဖေ့ကို ပေးခဲ့တာ မဟုတ်လား"
ယခင်က ဤသိုင်းကျမ်းမှာ ကောင်းကင်မှ မည်သို့ကျလာသည်ကို သူ အလွန်ပင် ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကျမ်း ပေါ်လာပုံမှာ အလွန်ပင် ထူးဆန်းနေသောကြောင့်ပင်။
"ဟုတ်တယ် ဖေဖေ ချီချီလေးက ဖေဖေ သိုင်းကျမ်းတွေမရှိဘဲ ခက်ခဲနေတာကို တွေ့လို့ပါ။ အဲဒီအချိန်မှာ မှတ်ဉာဏ်အချို့လည်း ပြန်ရလာတာနဲ့ ဖေဖေ့ကို ကူညီချင်လို့ အဲဒီလို လုပ်လိုက်တာပါ"
ကျိရုရွှယ်သည် ထိုစကားကို ကြားသောအခါ ရှက်ကိုးရှက်ကန်း ဖြစ်ဟန်ဆောင်ကာ ခေါင်းလေးငုံ့၍ ပြောလိုက်သည်။
"ငါတို့ရဲ့ ချီချီလေးက တကယ်ကို အလိုက်သိတတ်တာပဲ"
ကျိရုရွှယ်၏ စကားကြောင့် လုချွမ်းမှာ စိတ်လှုပ်ရှားကြည်နူးသွားရပြီး သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။
ထို့နောက် လုချွမ်းသည် ချီချီလေး၏ လမ်းညွှန်ပြသမှုဖြင့် စိမ်းပြာရောင်ရွှေတံဆိပ်ဂဠုန် တောင်ပံဖြန့်ကျက်ခြင်းအတတ်ကို ဆက်လက်လေ့ကျင့်ခဲ့ပြီး သူ၏ အရှိန်အဟုန်ကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။
မကြာမီမှာပင် သူတို့အား နှုတ်ဆက်ရန် ရောက်ရှိလာသော ကျောက်လင်းသည် မြို့တံတိုင်းအပြင်ဘက်သို့ ဆိုက်ရောက်လာခဲ့သည်။
တံတိုင်းပေါ်တွင် ကင်းလှည့်နေသော ဇွန်ဘီရုပ်သေးတပ်ဖွဲ့များက ကျောက်လင်းကို ချက်ချင်း မြင်တွေ့သွားကြပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို လုချွမ်းထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြသည်။
ဇွန်ဘီရုပ်သေး၏ မျက်စိမှတစ်ဆင့် ကျောက်လင်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လုချွမ်းသည် အံ့အားသင့်သွားပြီး ချီချီလေးကို ခေါ်ဆောင်ကာ မြို့ပြင်သို့ ချက်ချင်း ထွက်ခွာခဲ့သည်။
"မမ ကျောက်လင်း... ဘာဖြစ်လို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲဟင်"
ကျိရုရွှယ်က ကျောက်လင်းကို မြင်လျှင်မြင်ချင်း အံ့သြတကြီး မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ လုချွမ်း သိရှိလိုသော အချက်လည်း ဖြစ်သည်။ ကျောက်လင်း၏ နောက်ဆုံးအကြိမ် လာရောက်မှုမှာ ရက်အနည်းငယ်မျှသာ ရှိသေးသောကြောင့်ပင်။ အကယ်၍ ကျောက်လင်းသည် ဤကဲ့သို့ မကြာခဏ လာရောက်နေထိုင်ပြီး လူသားအခြေစိုက်စခန်းဘက်မှ တစ်စုံတစ်ရာ ရိပ်မိသွားပါက ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်။
"ချီချီလေး... လုချွမ်း တကယ်တော့ အခုတစ်ခေါက် ငါလာတာက နင်တို့နှစ်ယောက်ကို နှုတ်ဆက်ဖို့ သီးသန့်လာတာပါ။ အရင်က အစီအစဉ်တွေ ပျက်ပြားသွားတာရယ် ပြီးတော့ ကြောက်စရာကောင်းတဲ့ ဇွန်ဘီဘုရင်ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်တာရယ်ကြောင့် ကျင်းပြည်နယအတွင်းမှာရှိတဲ့ အခြေစိုက်စခန်းတွေအားလုံးက ဒီအန္တရာယ်ရှိတဲ့ နယ်မြေကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒါကြောင့် ရှေ့လျှောက်မှာ ငါလည်း ယွီဟွား အခြေစိုက်စခန်းနဲ့အတူ လိုက်ပါသွားရတော့မှာပါ"
ကျောက်လင်းသည် ပြုံးလျက် လျှောက်လှမ်းလာရင်း အကြောင်းစုံကို ရှင်းလင်းပြောကြားခဲ့သည်။ ဤကဲ့သို့ ခွဲခွာသွားပြီးနောက် ချီချီလေးနှင့် လုချွမ်းတို့ကို မည်သည့်အချိန်မှ ပြန်လည်တွေ့ဆုံရမည်ကို မသိနိုင်တော့ပေ။ ထိုသို့ တွေးတောမိသည့်အခါ ကျောက်လင်း၏ မျက်ဝန်းများတွင် တွန့်ဆုတ်နှမြောတသမှု အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
"မမ ကျောက်လင်း... တကယ်ပဲ ထွက်သွားတော့မှာလားဟင်"
ကျိရုရွှယ်က အခြေစိုက်စခန်းများ၏ လှုပ်ရှားမှုမှာ ထူးဆန်းနေသည်ဟု ယူဆရင်း စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ရှေ့လျှောက်မှာ ကျင်းပြည်နယ်တစ်ခုလုံးက ငါ့ရဲ့ နယ်မြေဖြစ်လာတော့မှာပေါ့"
ထိုသတင်းကို ကြားရသောအခါ လုချွမ်းသည် များစွာ ဝမ်းမြောက်မိသွားသည်။ လူသားအခြေစိုက်စခန်းများက အဟန့်အတား မပြုနိုင်တော့သဖြင့် သူသည် သူ၏ အရှိန်အဝါကို ပြင်ပသို့ တိုးချဲ့ရန်နှင့် ရရှိနိုင်သော အရင်းအမြစ်အားလုံးကို အသုံးပြု၍ သူ၏ အင်အားကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။
***